Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၅.၁၀.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်သည် မော်လမြိုင်မြို့နယ်၊ ဇေယျာမြိုင်ရပ်ကွက်၊ ငုရွှေဝါ လမ်းရှိ “Family T-shirt production & Distribution T-shirt” မျိုးစုံလက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက္ခမီမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

 

          ၄.၁၀.၂၀၂၆ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်၊ ကျိုက်က္ခမီမြို့ အတွင်းရှိ ပဒံငံလေးရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ အငယ်တန်းစာရေး ဒေါ်ဇင်မာသင်းမှ အဆိုပါ ရပ်ကွက်များတွင် ရောင်းချနေသော စားအုန်းဆီလက်လီကိုယ်စားလှယ်အား မိမိတို့ရရှိသော ခွဲတမ်းများကို စားသုံးသူပြည်သူ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေး စေလိုကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးစေလိုကြောင်း ပြောကြားခဲ့ပြီး မသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း များရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာ/ ရပ်ကွက်များကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သံဖြူဇရပ်မြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၂.၁၀.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ရုံးမှ အငယ်တန်းစာရေး ဒေါ်ဇင်မာသင်းသည် သံဖြူဇရပ်မြို့နယ်ရှိ “Lady Dream Fashion Shop” အဝတ်အထည် ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် စားသုံးသူကော်မတီ(၃/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၆) ကို (၂၉.၉.၂၀၂၆) ရက်နေ့ ညနေ (၁၅:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရပါသည်။

         ပထမဦီးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဦးအောင်ဇော်ဉီးက ဒီနေ့ကျင်းပတဲ့ စားသုံးသူရေးရာ ကော်မတီအစည်းအဝေးကတော့ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ်အတွက် ကျင်းပပြုလုပ်တာဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းများ   ချပြရှင်းလင်းတဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စားသုံးသူများနှင့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာမှုများကို ညှိနှိုင်းဖြေရှင်းပေးခြင်း လုပ်ငန်းများအား ဌာနအစီအစဉ်ဖြင့်ဖြစ်စေ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် စားသုံးသူပြည်သူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုနှင့် ဘေးအန္တရာယ်ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေကို အခြေခိုင်မာစွာနဲ့ထိရောက်အောင် ရလဒ်ကောင်းတွေ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို အနှစ်သာရရှိရှိ ဖော်ထုတ်ဆွေးနွေးပေးကြဖို့နဲ့ စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေကို စိတ်ပါလက်ပါနဲ့ အချိန်ပေးပြီး မိမိတို့ရဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး  ဦးမင်းမင်းက ယခင်အစည်းအဝေး(၂/၂၀၂၆) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စားသုံးသူရေးရာကော်မတီသို့တင်ပြသည့်အမှာစာများအား ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦးက ဖတ်ကြားရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ကော်မတီဥက္ကဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဂန့်ဂေါမြို့နယ်၊ ပြည့်ဝကျေးရွာရှိအခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည် စားသုံးသူအခွင့်အရေးနှင့် တာဝန်များသိရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူတတ်စေရန် ရည်ရွယ်၍(၆.၁၀.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့နယ် ပြည့်ဝကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမ(၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၅၅)ဦး၊ စုစုပေါင်း (၁၆၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

     ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဂန့်ဂေါမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ၊ တိုင်ကြားခြင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူရေးရာကိစ္စများနှင့် အသိပညာဗဟုသုတများမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)ဖွင့်လှစ်ထားရှိပြီး မည်သည့် ဖုန်းဆင်းကဒ်ဖြင့်မဆို ခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းသဖြင့်  အပြန်အလှန် ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ငွေသဲဖြူ” ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် (၆.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ငွေသဲဖြူ” ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ရာ စာရေးဝန်ထမ်း(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

  အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏သမိုင်းကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊  ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်၊ ပြစ်မှု/ ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းအသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် Talk Show ကျင်းပပြုလုပ်ခြင်း

              စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများကို မိမိတို့စားသုံးသူရေးရာဌာန၏ ဗဟုသုတရေးရာများ သိရှိနားလည် တိုးတက်မှုများရရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျှက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ( ၂၁.၉.၂၀၂၆ ) ရက်နေ့ တွင် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်(ဦးစီးမှူး)နှင့် ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (ဒုကြီးကြပ်ရေးမှူး)တို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်  အစားအသောက်ဝယ်ယူရာ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် ညွှန်ကြားချက်များနှင့်အညီ ရွှေးချယ်ဝယ်ယူစားသုံးကြရန်၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် သက်တမ်းလွန်ဆေးဝါးများ၊ အစားအစာများအား ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဆီစားသုံးမှုလျော့ချရေးနှင့် ဆီအလွန်အကျွံ စားသုံးခြင်းကြောင့် ဖြစ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအကြောင်းကို Talk Show အစီအစဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း  သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်အတွင်း ဖြစ်ပေါ်နေသောအခြေအနေ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၁)ဦးသည် မြေပြင်စစ်ဆေးရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားချက်အရ “ပဲဆီနှင့် နှမ်းဆီဈေးကွက်တွင် အရောအနှောဆီများ လိမ်လည်ရောင်းချမှု မြင့်တက်လာ”ဟူသည့် သတင်းဖော်ပြချက်အပေါ်  ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်(၆)ဆိုင်သို့ ကွင်းဆင်းစိစစ်ခဲ့ရာတွင် လက်ရှိဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စားသုံးဆီဆိုင်များအနေဖြင့် ပဲဆီသန့်၊ နှမ်းဆီသန့်၊ နှမ်းဖြူဆီနှင့် ပဲပိစပ်ဆီများသာ အများဆုံးရောင်းချလျက်ရှိပြီး အရောအနှောဆီများ ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရကြောင်း သိရှိရပါသည်။

         ဈေးကွက်အတွင်း  ရောင်းချနေသော တစ်ပိဿာဈေးနှုန်းများအနေဖြင့် ဒေသတွင်းဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်သည့် ပဲဆီသန့် (၂၃၀၀ဝိ/-)၊ ရွှေတောင်ပဲဆီ(၂၂၀၀ဝိ/-)၊ နှမ်းဆီ(၂၀၀၀ဝိ/- မှ၂၁၀၀ဝိ/-)၊နှမ်းဖြူဆီ (၂၁၀၀ဝိ/-)နှင့် ပဲပိစပ်ဆီ(၂၁၀၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ စက်တင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၅)(အ.လ.က)ကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း၊ ဦးစားပေးကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့မဈေးရှိ ကုန်စုံဆိုင်များအားလည်းကောင်း၊ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား အမှတ်(၃)ရပ်ကွက်ရှိ “ရှိုင်း”မုန့်မျိုးစုံလုပ်ငန်းအားလည်းကောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း(၄)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ (အ.ထ.က)ကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ ကုန်ပစ္စည်းအတုအပများနှင့် သက်တမ်းလွန်စားသောက်ကုန်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/ ၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် ပဲဆီနှင့်နှမ်းဆီဈေးကွက်တွင် အရောအနှောဆီများ လိမ်လည်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      (၂၅.၉.၂၀၂၆) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ ဝန်ထမ်း ( ၂ ) ဦးနှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ကလေးမြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ဆီဆိုင်များတွင် ပဲဆီနှင့် နှမ်းဆီများကို ဈေးကွက်အတွင်း  ရောနှော၍ လိမ်လည်ရောင်းချမှုများ ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်းဆီဈေးကွက်အတွင်း မြေပဲဆီနှင့် နှမ်းဆီစားသုံးမှု မြင့်တက်လာသည့်အပေါ် အခွင့်ကောင်းယူပြီး နာမည်ရရှိပြီးသော အမှတ်တံဆိပ်အချို့အနေဖြင့် ဆီအရောအနှောများပြုလုပ်ရောင်းချနေသည့်အပေါ်တွင် စားသုံးသူပြည်သူများအနေဖြင့် မြေပဲဆီနှင့် နှမ်းဆီစစ်စစ်ထက် ရှောနှောဆီများကြောင့် ဆီချေးနံ့နံခြင်း၊ အနံ့မမွှေးခြင်းများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အတွက် ကလေးမြို့ပေါ်ရှိ၊ အောင်မြေမာန်ရပ်ကွက်၊ အောင်ဇေယျ ရပ်ကွက်နှင့် သဇင်ရပ်ကွက်အတွင်းရှိ စားသုံးဆီရောင်းဆိုင်များတွင် ရောနှောဆီများ ရောင်းချမှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသုံးဆီများရောင်းချရာတွင် မိမိရောင်းချသည့် အမှတ်တံဆိပ်ပေါ်တွင် ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားများတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြထားရမည်ဖြစ်ပြီး အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ကို မြန်မာဘာသာဖြင့် ဖော်ပြပါရှိရသည့် စားသုံးဆီများကိုသာ ရောင်းချရန် ပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ