Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရန်ကင်းမြို့နယ်ရှိ စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       (၁၉.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၂း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ရန်ကင်းမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ သတ်မှတ်ထားသည့်ရည်ညွှန်း ဈေးနှုန်းများအတိုင်းရောင်းချနေမှုရှိ/ မရှိကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ရန်ကင်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ ခွဲတမ်းရရှိသည့်ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီလက်လီ/ လက်ကား ကိုယ်စားလှယ်များအနေဖြင့် ခွဲတမ်းရရှိထားသော စားအုန်းဆီများကိုသတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင်ရောင်းချနေမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ခုနှစ် ၊ မတ်လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

                စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ပေါ်တွင်ကပ်နှိပ်မည့်ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့်စပ် လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက် စစ်ဆေးခြင်းနှင့်လုပ်ငန်းရှင်များအား အသိပညာပေး ခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ မတ်လတွင် ဆီစက်လုပ်ငန်းရှင်၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ သောက်ရေသန့်လုပ်ငန်း၊ လ္ဘက်စိုက်ပျိုးရောင်းချသည့် လုပ်ငန်း၊ ပန်းကန်ဆေးဆပ်ပြာရည်လုပ်ငန်း၊ နှစ်ပြန်ကြော်လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊  ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ပေါင်မုန့်/ ကိတ်မုန့်လုပ်ငန်းရှင်၊  တို့ဟူးခြောက်လုပ်ငန်း၊  အီလက်ထရောနစ်လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ပင်လယ်စာဖြန့်ချိရေးလုပ်ငန်းနှင့် ကုန်စုံဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများနှင့် ပြည်ပမှကုန်စည်တင်သွင်း ဖြန့်ဖြူးသည့်လုပ်ငန်းများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ်(Pre Market Surveillance ) စစ်ဆေးဆောင်ရွက်ရ မည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား အမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရေးအတွက် လအလိုက် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

                    ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်း များအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၅)ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း (၅) ခုစစ်‌ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့်လုပ်ငန်း (၄)ခုသည် ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရ၍ ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိကြောင်းသိရှိရပြီး အောင်ကမ္ဘာ အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်  ထောပတ်ကိတ်၊ ငှက်ပျောကိတ်၊ သုံးထပ် ကိတ် ထုတ်လုပ်သည့်လုပ်ငန်းရှင်တို့အား စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပတ်သက်၍ အသိပညာ‌ပေးဆွေးနွေးခဲ့ပြီး အောင်ကမ္ဘာအမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းအား  ဧပြီလတွင် ဒုတိယအကြိမ် မပျက်မကွက်သွားရောက်စစ်ဆေးမည်ဖြစ်ပါသည်။

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့် စားသုံးသူများဝယ်ယူအသုံးပြု သည့် ကုန်စည်များ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးများ အပြည့်အဝရရှိနိုင် စေရေး၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးရေး၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို စားသုံးသူများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏ လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

                 စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

               ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

                      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၆ခုနှစ်၊ မတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၂၈) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ်အစား အစာအမျိုးမျိုး၊ စားသုံးဆီ အမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်း အမျိုးမျိုး၊ သွားတိုက်ဆေးအမျိုး မျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့် ပတ်သက်သည့်သတင်းအချက်အလက်များပြည့်စုံစွာရရှိ နိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင် ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာန များမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်း ကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက် နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။

 DOCA(စစ်ကိုင်း)

 

 စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ခုနှစ် ၊ မတ်လအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

                စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၆ ခုနှစ်၊ မတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တက်လမ်း၊ ရွှေခိုင်၊ ရွှေကလေး အမှတ်တံဆိပ်လုပ်ငန်းမှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာ ဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

စားအုန်းဆီလက်လီရောင်းချနေမှုအား  သထုံမြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေး

          ၂၉..၂၀၂ ရက် တနင်္ဂနွေနေ့ နံနက် (၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ် ဒေါ်မင်းမင်းနိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချစေရေးဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးသတ်မှတ်ထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချစေရေး၊ အဆိုပါ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း သယ်ယူပို့ဆောင်စရိတ် (၂%)၊ စားသုံးသူပြည်သူများထံသို့ အမြတ်(၂%)တို့ဖြင့် ရောင်းချပေးခြင်း၊ မှန်(၆)မှန်ဖြင့် ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ဈေးနှုန်း (၇၂၀၁) ကျပ်ဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

စိုက်ပျိုးရေးသုံးယူရီးယားဓာတ်မြေဩဇာဆိုင်အား ကွင်းဆင်းစစ်ဆေး

         ၂၆.၃.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့တို့ ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာရှိ “မသဲသဲ” စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာအမျိုးမျိုးအရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေဩဇာအမျိုးမျိုးတို့၏ အရည်အသွေးနှင့် ဈေးနှုန်းတို့အား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့စစ်ဆေးရာတွင် အာမိုအမှတ်တံဆိပ် ၁၅ ပတ်လည် 50Kg တစ်အိတ်လျှင် (၁၃၅၀၀၀) ကျပ်၊ သံကွင်းတီစူပါ 50Kg တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ ကော့မတ် G-21 (50Kg) တစ်အိတ်လျှင် (၁၅၂၀၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချနေပြီး ထိုဈေးနှုန်းမှာ သယ်ဆောင်စရိတ်နှင့်အမြတ်အစွန်း အနည်းငယ်သာယူ၍ ရောင်းချနေသဖြင့် ဈေးနှုန်း သင့်တင့်မှုရှိပြီး ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ အဆင်ပြေကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လင်းမျိုးသာ (လက်ထောက် ညွှန်ကြားရေးမှူး)သည် မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ် ပါက ငရုတ်ခြောက်ရှည်ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မကြီးမှ အဝင်နည်းသောကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။မန်ကျည်းမှည့်နှင့် ခရမ်းချဉ်သီး ဈေးနှုန်း မှာ အနည်းငယ်ကျဆင်းခဲ့ပြီး ယင်းသို့ ဈေးနှုန်းကျဆင်းရခြင်းမှာရာသီပေါ်ထွက်ချိန်ဖြစ်ပြီးအသီး လှိုင်လှိုင်ပေါ်သောကြောင့်ဖြစ်ပါသည်။ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

         ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

       (၂၄.၃.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးသိန်းကိုနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့ပူးပေါင်းပါဝင်လျက် စက်မှုဇုန်(၄)၊ ရွှေပြည်သာမြို့နယ် နဂါးပျံလက်ဖက်ခြောက်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၂၂/၂၃)၊ မြဝတီမင်းကြီးလမ်း၊ စက်မှုဇုန်(၄)၊ ရွှေပြည်သာမြို့နယ်ရှိ နဂါးပျံလက်ဖက်ခြောက်စက်ရုံသို့ ရောက်ရှိခဲ့ရာ နဂါးပျံလက်ဖက်ခြောက်၊ နှပ်ကော်ဖီ၊ လက်ဖက်ရည်တို့ကို (၃)မျိုးထုတ်လုပ်ပြီး တာဝန်ခံမှ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများသည် အရည်အသွေးပြည့်မီမှုကို အဓိကအလေးထားပါကြောင်း၊ သုံးစွဲသူများ ဘေးအန္တရာယ်မရှိအောင်လဲ အမြဲဂရုစိုက်ပါကြောင်း၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း ပြုလုပ်ထားပါကြောင်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားပါကြောင်း၊ မိမိတို့ဌာနမှလည်း ထောက်ခံချက်မရှိသော သက်တမ်းလွန်နေသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

နဂါးပျံလက်ဖက်ခြောက်စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်း

          (၂၃.၃.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အမှတ်(၂၂/၂၃)၊ မြဝတီမင်းကြီးလမ်း၊ ဇုန်(၄)ရွှေပြည်သာမြို့နယ်ရှိ နဂါးပျံလက်ဖက်ခြောက်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေ၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

        မန်နေဂျာဦးမြင့်ကျော်က နဂါးပျံအမှတ်တံဆိပ်ဖြင့် နဂါးပျံလက်ဖက်ခြောက်၊ နှပ်ကော်ဖီထုပ်၊ လက်ဖက်ရည်ထုပ်များ အသီးသီးထုတ်လုပ်လျက်ရှိပြီး နဂါးပျံလက်ဖက်ခြောက်(၁)ရက်လျှင် (၁)တန် ခန့်ထုတ်လုပ်ကာ မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဝန်ထမ်း အင်အားမှာ ကျား(၁၀)ဦး၊ မ(၂၀)ဦးဖြင့် စုစုပေါင်း(၃၀)ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများလည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ