Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးနှင့် သောက်ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမင်းလွင်(ဦးစီးအရာရှိ)၊  ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ပူးပေါင်းပါဝင်သော အဖွဲ့တို့သည် ၄-၉-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးမြို့ပေါ်ရှိ Super Market နှင့် စတိုးဆိုင်များအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ဦးစားပေးကုန်စည်အဖြစ်သတ်မှတ် ထားသော ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးနှင့်သောက်ဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။   

DOCA(မန္တလေး)  

Thursday Talk နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Thursday Talk အသိပညာပေးဟောပြောပွဲ နှင့် ကုန်အညွှန်းအမှတ်  အသားဖော်ပြခြင်းသင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ အရာထမ်း (၃) ဦး၊ အမှုထမ်း (၁၇) ဦး တက်ရောက်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်အေး (ဒုတိယဦးစီးမှူး) နှင့် ဒေါ်ထူးအိန္ဒြာဗိုလ် (ဒုတိယဦးစီးမှူး) တို့က “စားသုံးသူကာကွယ်ရေးဉပဒေ အကြောင်းသိကောင်းစရာ” နှင့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြော ခဲ့ကြပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူတွေရဲ့ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဉပါဒ်အန္တရာယ် ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်မသင့် သိရှိသင့်သည့်  ကုန်အညွှန်းအမှတ်အသားပါ အချက်         အလက်များ၊ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ပါက ကျခံရမည့် ဉပဒေပုဒ်မများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

 

 

စန္ဒာဝေ(တောင်ကြီး)

 

 

“ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်”

          ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန နှင့် စဉ့်ကိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အောက်တိုဘာလ(၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့၊  ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ Online ရောင်းဝယ်မှုဆိုင်ရာအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန ၊ စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားရာတွင်  Online Sale စနစ်ဖြင့်ရောင်းချခြင်း ဆိုသည်မှာ လူမှုကွန်ယက် ဆိုရှယ်မီဒီယာများဖြစ်သော Facebook Viber Tiktok စသည်တို့မှ လူသုံးကုန်ပစ္စည်းများဖြစ်သော အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်လုပ်ငန်းများကို အင်တာနက် စနစ်ဖြင့်ရောင်းချလုပ်ကိုင်ခြင်းကိုဆိုလိုကြောင်း၊ ထိုသို့ရောင်းချရာတွင် စားသုံးသူများလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် သက်ဆိုင်ရာဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် Online စနစ်ဖြင့်   မှတ်ပုံတင်လက်မှတ်လျှောက်ထားရောင်းချရမည်ဖြစ်ကြောင်း ၊  မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ ၊ ရောင်းချမည့် လုပ်ငန်းနေရာကို တင်ပြနိုင်ရမည်ဖြစ်ကြောင်း၊အဆိုပါ မှတ်ပုံတင်လက်မှတ်ရှိထားပါက စားသုံးသူ၏ တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုပိုင်ခွင့်ရှိပြီး ကုန်စည်(သို့)ဝန်ဆောင်မှုကိုရောင်းချရာတွင် သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီပေးချေမှုကိုလက်ခံရယူပိုင်ခွင့်ရှိခြင်း၊ တရားဝင် လွတ်လပ်စွာ အရောင်းအဝယ်ပြုနိုင်ခြင်းစသည့်အားသာချက်များရှိကြောင်းစသည်ဖြင့် အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

 

 

“ Online Sale လျှောက်ထားမှုအပေါ်မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်”

         နိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည်မှအစပြုကာ ကုမ္ပဏီ လုပ်ငန်းများအထိပါ အွန်လိုင်းမှ အဝတ်အထည်၊အစားအသောက်၊ဆေးဝါး၊အလှကုန်၊အိမ်ခြံမြေများ ပါမကျန် အရောင်းအဝယ်လုပ်ကိုင်လျက်ရှိရာ  ပြင်ဦးလွင်မြို့နယ်အတွင်းမှာလည်း ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစပြီး မှတ်ပုံတင်လျှောက်ထားသည့် အွန်လိုင်းဖြင့်ရောင်းဝယ်သည့် လုပ်ငန်း များအား မြေပြင်စစ်ဆေးပြီးမှ လျှောက်ထားမှုအပေါ်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ရာ အောက်တိုဘာ လ(၂၁)ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်၊ရေငယ်ကျေးရွာရှိ Algelos Little Shop လူသုံးကုန်ပစ္စည်း အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် Online မှ တစ်ဆင့်လျှောက်ထား သည့်စာရွက်စာတမ်းများဖြစ်သော ပိုင်ရှင်၏ဓာတ်ပုံ ၊ ဖုန်းနံပါတ် ၊ လိပ်စာ ၊ ရပ်ကွက်ထောက်ခံစာ ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းစသည့် Online ဖြင့် မှတ်ပုံတင်သည့်အကြောင်းအရာများအား အသေးစိတ် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက် ဖြစ်သော ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် အာဏာတည်ပြီး ဖြစ်ပါသည်။ စားသုံးသူကာကွယ် ရေးဥပဒေ ပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ အခက်အခဲ မရှိလိုက်နာဆောင်ရွက်နိုင်ရန် ကုန်စည်အမျိုးအစားအလိုက်အုပ်စု(၈)ခုခွဲ၍ အသေးစိတ်ညွှန်ကြား ချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ ၃ရက်နေ့တွင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ပေးခဲ့ပြီးလည်း ဖြစ်ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်စေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်၊ စားသုံသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ သုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်လာသောနစ်နာဆုံးရှုံးမှုများကာကွယ်ပေးရန်၊ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံးအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဘဏ္ဍာရေးနှစ်အလိုက် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌထံတင်ပြ၍ ခွင့်ပြုချက်ရယူပြီး ဦးစားပေးကုန်စည်များ သတ်မှတ်လျက် သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်းကာ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလတွင် အသင့်သောက်အချိုရည် အမျိုးမျိုး၊မေလတွင် စားသုံးဆီအမျိုး မျိုး၊ ဇွန်လတွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်မုန့်အမျိုးမျိုး၊ ဇူလိုင်လတွင် အရန်သင့်အစားအစာ အမျိုးမျိုး၊ ဩဂုတ်လတွင် သောက်ရေသန့်အမျိုးမျိုး၊ စက်တင် ဘာလတွင် ဆရာဝန်ညွှန်ကြားချက် မလို အိမ်သုံးဆေးဝါးသောက်ဆေးမျိုးမျိုး၊ အောက်တိုဘာလတွင် တိုင်းရင်းဆေးအမျိုးမျိုး၊ နိုဝင်ဘာလ တွင် ကလေးနှင့်လူကြီးဖြည့်စွက်စာ အမျိုးမျိုး၊ ဒီဇင်ဘာလ တွင် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်းအမျိုးမျိုး၊ ဇန်နဝါရီလတွင် သွားတိုက်ဆေးအမျိုးမျိုး၊ ဖေဖော်ဝါရီလတွင် အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးနှင့် မတ်လတွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား သက်ဆိုင် ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်ပစ္စည်း များအား ဥပဒေများနှင့် အညီ ဖြစ်စေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက် ရှိပါတယ်။

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများနှင့်ကုန်စည်အမျိုးအစားအားလုံး ရာခိုင်နှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရန်အတွက် အစီအစဉ်အသစ်တစ်ရပ် တိုးမြှင့်ဆောင်ရွက် သည့်အနေဖြင့် ကုန်အညွှန်းအမှတ်အသား စစ်ဆေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ယခင်က ဈေးကွက်ရောက်ပြီး ကုန်စည်များကို စစ်ဆေးဆောင်ရွက်သည့်စနစ် (Post Market Surveillance) ဖြင့် အဓိကထား စစ်ဆေးခဲ့ပြီး ယခုအခါ ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီ စစ်ဆေးသည့်စနစ် (Pre-Market Surveillance) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းအား ကုန်စည် ထုတ်လုပ်သည့်လုပ်ငန်း များ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းစာရင်းများပြုစု၍ လအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လျာထားချက်များသတ်မှတ်ကာ လုပ်ငန်း စီမံချက်ရေးဆွဲ၍ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌထံတင်ပြခွင့်ပြုချက်ရယူပြီး စစ်ဆေးဆောင်ရွက် ခြင်းများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မန္တလေးမြို့ပေါ်ရှိ ပြည်ကြီးတံခွန်မြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်သည့်"Fudo"ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းနှင့်"GAR GAR"ငါးမုန့်ကြော်လုပ်ငန်းများသို့ ဈေးကွက် မရောက်မီစစ်ဆေးခြင်း(Pre Market Survillance)ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ(၁၀)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ ဦးစီးအရာရှိဒေါ်ဇင်မာဦးနှင့်ဒု-ဦးစီးမှူးဒေါ်ခင်သူဇာတို့သည် အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ KYဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်နှင့် ဆေးသိုလှောင်သို့ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးဝါးပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ တို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးအရောင်း ဆိုင်နှင့်ဆေးသိုလှောင်ရုံတွင်ဆေးဝါးများပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။ ထို့နောက် ဆိုင်တာဝန်ခံအား ဆေးဝါးများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေး ယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိလိုက်နာ ဆောင်ရွက်ရန်လိုအပ် ကြောင်းအသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေ များအား အသိပညာပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားသောကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေးခြင်း

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာ၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၁၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်း၌ မှတ်ပုံတင် လက်မှတ် လျှောက်လာထားသော ပင်လုံမြို့ရှိ NGWE PINLON MINIMG CO;LTD အား ကုမ္ပဏီတည် ထောင်ထားမှုနှင့်ပတ်သက်၍ အမှန်တကယ်လုပ်ငန်းတည်ရှိမှု ရှိ/မရှိ အား သတ်မှတ်ပုံစံအတိုင်း စနစ်တကျ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ညောင်ရွှေမြို့ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်မှ စားအုန်းဆီ ရောင်းချနေမှုအားကွင်းဆင်းစစ်ဆေး

        ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊  ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှ ဒုတိယဦးစီး မှူးနှင့်ဝန်ထမ်းများသည်(၂၁-၁၀၂၀၂၅)ရက်နေ့တွင် ကလောမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်း ဆိုင်(၂)ဆိုင်နှင့် (၂၂-၁၀၂၀၂၅)ရက်နေ့တွင် ညောင်ရွှေမြို့ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်(၄) ဆိုင်တို့မှ စားအုန်းဆီရောင်းနေမှုအခြေနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အ သွေးပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိန်ဆွဲရောင်းချမှုရှိ/မရှိတို့အား ကွင်းဆင်းစစ် ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးဖြစ်သည့် စားအုံးဆီ တစ်ပီဿာလျှင် (၇၄၉၁)ကျပ်နှုန်းဖြင့်ရောင်း ချကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ ၂၆ ကြိမ်မြောက်မဟာဘုံကထိန်ပွဲ အခမ်းအနားကျင်းပ

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေနှင့် ဇနီး၊ ဒုတိယဝန်ကြီးဦးမင်းမင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးဦးကျော်ရွှေထွန်းနှင့် ဇနီးအားအမှူးထား၍ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် ဇနီးအားအမှူးပြုသောစားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ ၂၆ ကြိမ်မြောက်မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် သီးခြားအလှူရှင်များစုပေါင်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆရာဒကာကျောင်းတိုက်ဖြစ်တော်မူသော သုဝဏ္ဏမြို့ရှိ စစ်ကိုင်းစာသင်တိုက်တွင် အောက်တိုဘာလ ၂၈ ရက်‌နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ကျော်လွင်နှင့် တကွအရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဘဒ္ဓန္တသောဘဏ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ထို့နောက် ဆရာတော် ဘဒ္ဓန္တ သောဘဏအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်မေတ္တာတရားများ နာယူခဲ့ကြပြီး ဧည့်သည်တော်များနှင့် ဝန်ထမ်းမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ လှူဒါန်းသောကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းမှုအစုစုတို့ကို အခမ်းအနားမှူးက လျှောက်ထားတင်ပြခဲ့ပြီး ဆရာတော်ဘဒ္ဓန္တသောဘဏထံမှ အနုမောဒနာကထာနှင့် ရေစက်ချတရားများနာယူခဲ့ကြပါသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို၍ မင်္ဂလာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကာ အခမ်းအနားအောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                               

စားသုံးသူကာကွယ်ရေး အသိပညာပေး

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ စတိုး, ကုန်စုံဆိုင်နှင့် Mini Mart လုပ်ငန်းရှင်များအား စားသုံးကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကို သိရှိစေရန် (၈.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်ဦးစီးမှူးရုံး၌ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးမှ စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့အပြင် ဒုတိယပြည်နယ်ဦးစီးမှူးသည် စတိုး၊ ကုန်စုံဆိုင်နှင့် Mini Mart လုပ်ငန်းရှင်များအား အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ပါရှိရမည့် ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၁၄၊ ပုဒ်မခွဲ(ခ)နှင့် (ဆ) တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထပ်ပို၍ဖြစ်စေ တွဲလျက်ရေးသားဖော်ပြရမည်ဖြစ်ပါ ကြောင်း၊ စားသုံးသူတို့၏ အခွင့်အရေးအား အထူးအလေးထားလိုက်နာရန် လိုအပ်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ရှမ်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ