Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျေးရွာများရှိ ပြည်သူ(၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

                     ထိုဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူးမှ ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး ဉပဒေ အကြောင်းအရာမှ အခန်း(၉)ပုဒ်မ(၁၉)စားသုံးသူအခွင့်အရေး(၈)ချက်မှစားသုံးသူများအတွက်ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် (သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ ပစ္စုပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့် ရရှိစေခြင်း စသည့် အချက် (၈)ချက်အကြောင်းကို ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူ များကိုလည်း MyRoမှတ်ပုံတင်ရန်အတွက် ကျေးရွာရှိ ဆန်အိတ်(၅၀၀)သို့မဟုတ် စပါးတင်း (၂၅၀၀)နှင့် အထက် သိုလှောင်ထားသည့် သိုလှောင်ရုံများအား မှတ်ပုံတင်သက်တမ်းတိုးရန်နှင့် ရ၊ထုတ်၊ကျန် စာရင်းအား Onlineစနစ်ဖြင့်စာရင်းတင်ကြရန် ညွှန်ကြားချက်များအား ပြောကြား၍ အသိပညာပေးဟောပြောခဲ့ ပါသည်။

DOCA(ဧရာဝတီ)

 ကုန်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်  ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော ဟင်းသီး ဟင်းရွက်ဘူးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ အတူပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ နေ့လည်(၁၄ : ၀၀) နာရီတွင်  ကုန်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင်  ကုန်ခြောက်ဆိုင်များတွင် ရောင်းချနေသော  စားသုံးဆီဘူးဆီ များနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်သားဆိုင်ရာ ဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်စည်၏ အမှတ်အသား၊အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းစည်းမှု၊ ထုတ်လုပ်မှုရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်း အမျိုးအမည် နှင့် ပါဝင်မှုအချိုးအစား စသည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဓာတ်မြေဩဇာအရောင်းဆိုင်များ စစ်ဆေးတွေ့ရှိချက် အနေဖြင့် ဓာတ်မြေဩဇာဆိုင်များမှ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးနှုန်းမြှင့်တင်ရောင်းချရန် ဈေးနှုန်းကြီးမြှင့်စေ ရန်ရည်ရွယ်၍ ဈေးကစားခြင်း၊ သိုလှောင်ခြင်းများ မရှိစေဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချလျှက်ရှိပါသည်။ ယခုကာလဓါတ်မြေဩဇာသုံးစွဲမှု နည်းပါးသည့်ကာလဖြစ်သည့်အတွက် ဓာတ်မြေ ဩဇာအရောင်းဆိုင်များတွင် မြေပြင်လက် ကျန်နည်းပါး လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ကလေးအဟာရ ဖြည့်စွပ်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၁၈-၉-၂၀၂၆ နေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက် ကုန်စုံဆိုင်ကြီးများနှင့် ဆေးဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ ဈေးကွက်အတွင်းနှင့် ကုန်စုံဆိုင်ကြီး များတွင် ရောင်းချနေသည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြ ထားခြင်း ရှိ/ မရှိ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ များ ဆောင်ရွက်ခဲ့ကြ သည်။  ဓနုဖြူမြို့နယ်အတွင်းရောင်းချနေသော ကလေးအဟာရဖြည့်စွပ်စာ အမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက် များပါဝင်သော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက် ဖော်ပြခြင်းတို့ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရသည်။ ဆိုင်တာ ဝန်ံခံများကို ကလေးအဟာရဖြည့်စွပ်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန်ကို လမ်းညွှန်မှာကြား အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

             ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦး စီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော နေရာများသို့ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ် စားအုန်းဆီကုန်သည်များအသင်းမှ ခွဲဝေကြီးကြပ်မှုဖြင့် လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အရောင်းကိုယ်စားလှယ်များအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ဈေးနှုန်းအဆမတန်ရောင်းချခြင်းမရှိစေရေး၊ သတ်မှတ်ထားသော ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊ စားသုံးဆီကုန်သည်များအသင်းမှ ဖြန့်ဝေထားသည့် စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ စားအုန်းဆီအပြည့်အဝရရှိစေရေးတို့အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲကျင်းပ ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး ဈေးတာဝန်ခံရုံးတွင် စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်း/ အပြင်ရှိ စီးပွားရေး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကော့မှူးမြို့နယ် တာဝန်ခံ ဦးတင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စီးပွားရေးလုပ်ငန်းရှင်ဆို သောအဓိပ္ပါယ်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုသည်ဟု ဖွင့်ဆိုထားသော အချက်များထဲက မိမိတို့နှင့်သက်ဆိုင်သော လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်စေမည့် ကုန်ပစ္စည်းများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အညီ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်၌ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ Gold Star မုန့်လုပ်ငန်းပိုင်ရှင်အား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရ သည်။

      ထိုသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန ဒလမြို့နယ် တာဝန်ခံမှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရ မှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အတည် ပြု ပြဌာန်းနိုင်းခဲ့ပြီး ၎င်းဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ဌာ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များနှင့် လုပ်ငန်းအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးမျိုးတို့တွင် မဖြစ်မနေထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းကျင့်ဝတ်၊ စည်းကမ်းချက်များနှင့်အညီ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်အတွင်းရှိ စားအုန်းဆီကိုယ်စားလှယ်များ၏ စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချမှု အခြေအနေများအပေါ်မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြို့မ(၄)ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ အိမ်ထောင်စုများ၏ စားအုန်းဆီခွဲတမ်းရရှိမှုအခြေအနေ၊ ဖြန့်ဖြူးရမည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် သတ်မှတ်ခွဲ့တမ်းများအတိုင်း ဖြန့်ဖြူးနေမှုအခြေအနေနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ စားအုန်းဆီအရောင်းတာဝန်ခံများအနေဖြင့် မိမိတို့၏ ကျေးရွာအုပ်စုအတွင်းရှိ စားသုံးသူ ပြည်သူများထံသို့ သတ်မှတ်ခွဲတမ်းအပြည့်အဝ လက်လီပြန်လည်ဖြန့်ဖြူးရောင်းချနေမှုစာရင်းများအား မှတ်တမ်းစာအုပ်များ စနစ်တကျပြုစုထားရှိရန်နှင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှ ရှောင်တခင်ကွင်းဆင်းစစ်ဆေးသည့်အခါ တိကျစွာဖြင့် ရှင်းလင်းပြသနိုင်ရေးနှင့် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အမှတ်ဆံဆိပ်ပါ ဗူးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  ပန်းတနော်မြို့နယ် တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၁၈.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန် တွင် ပန်းတနော်မြို့၊ ကမ်းနားလမ်း၊ စည်ပင်သာယာဈေးရှိ ဆီနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်ရှိ  စားသုံးဆီအမှတ်တံဆိပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

               ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်ရောက်ပြီး ကုန်စည်များအပြင်ဈေး  ကွက် မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး လစဉ် ဈေးကွက် ရောက် အမှတ်တံဆိပ်ပါဘူးဆီများကို ဈေးနှုန်းနှင့် ဈေးကွက် ကုန်အညွှန်းအမှတ်အသား တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့်ပတ်သက်၍ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)ပါ အကြောင်းအရာများနှင့် တိုက်ဆိုင်စစ်ဆေးရာ၊ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာပြီး ရောင်းချ သူလုပ်ငန်းရှင်တို့အနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းသိရှိလိုပါက Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

သာကေတမြို့နယ်၊ စံပြ ဥယာဉ်ဈေးအတွင်းရှိ အိုင်အိုဒင်းဆားရောင်းချမှုနှင့် ပတ်သက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

        ၁၉.၉.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊  သတ္တုတွင်းဦးစီးဌာန၊  ဆားလုပ်ငန်းရုံးမှ ဒေါ်ဗေဒါထွန်း(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေး အရာရှိ) နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်၊ စံပြဥယျာဉ်ဈေးအတွင်းရှိ အိုင်အိုဒင်းဆားလက်လီ/လက်ကားရောင်းချနေသော အရောင်းဆိုင်များသို့ အိုင်အိုဒင်းဆားများတွင် သတ်မှတ်အိုင်အိုဒင်းစံချိန်စံညွှန်းပြည့်မီမှုရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)က စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  ထုတ်လုပ်မှုအဆင့်တိုင်းစနစ်တကျရှိစေရန်၊ ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင် အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိခြင်း ရှိ/ မရှိကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ