Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်လာစေဖို့ ကွင်းဆင်းအသိပညာပေးကြပါစို့

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊  ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒေသ တွင်း ထုတ်လုပ်လျက်ရှိသော မြေပဲဆုံဆီလုပ်ငန်းရှင်()ဦးထံသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

       စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် မြေပဲတွင် အာဖလာတောက်ဆင် မှိုဆိပ် ပါနိုင်၍ အထူး သတိပြုစေလိုကြောင်း၊ အစား အသောက်၏ အခြေခံအချက်မှာ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်ကြမ်းပစ္စည်းများကိုသာ သတိပြုသုံးစွဲစေလိုကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်း ရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊မိမိတို့ စစ်ဆေးရေးအရာရှိများမှ လည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များအား စားသုံးသူ ကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်အောင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေး နွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ Talk Show ဟောပြောပွဲကျင်းပ

             စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၂၄.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ သိရှိစေရန်အတွက် Talk Show ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အမိန့်ကြော်ငြာ စာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း အွန်လိုင်းမှ ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ဆိုင်ရာအမိန့်ကို အမိန်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့်လည်းကောင်း ထုတ်ပြန်ထားရှိကြောင်း၊ မှတ်ပုံတင်ရာတွင် www.ecomreg.gov.mm ၌ ဝင်ရောက်မှတ်ပုံတင်၍ရရှိကြောင်း၊ မှတ်ပုံတင်သက်တမ်းမှာ (၂)နှစ်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင် ရရှိတော့မည့်သူများအား မှတ်ပုံတင်လက်မှတ်ထုတ်မပေးခင် ဦးစွာမြေပြင်ကွင်းဆင်းစစ်ဆေးရကြောင်း၊ လုပ်ငန်းရှင်မှ မှတ်ပုံတင်ထားစဉ်က ကုန်စည်(သို့)ဝန်ဆောင်မှုများ မှန်ကန်မှုရှိ/ မရှိအစရှိသည့် အချက်(၁၈)ချက်အား ကွင်းဆင်းစစ်ဆေးပြီး ပြည့်စုံမှန်ကန်မှုရှိလျှင် မှတ်ပုံတင်လက်မှတ်ရရှိမည်ဖြစ်ကြောင်း ရှင်းလင်း၍ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စီစဉ်တင်ဆက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်းဘူးခရိုင်တာဝန်ခံရုံး၌ Onlineမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူးခရိုင်တာဝန်ခံရုံး၌ ဒေါ်ဌေးဌေးဝင်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန် တွင် မင်းဘူးမြို့၊ အမှတ်()ရပ်ကွက်ရှိ သမီးလေး Online Shop အလှကုန်လုပ်ငန်းရှင်အား OnlineSale မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ သိရှိလိုက်နာရမည့် အချက်အလက်များနှင့် တာဝန် များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ဆွေးနွေးရာတွင် သမီးလေး Online Shop အလှကုန် လုပ်ငန်းရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ကုန်သွယ်ရေးဦးစီးဌာန၌ Onlineမှတ်ပုံတင်ခြင်းဆောင်ရွက်ရန်နှင့် Onlineမှတ်ပုံတင်လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့် ပူးတွဲတင်ပြ ရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူမှ လိုက်နာရမည့် တာဝန်များ၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ Online ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅အရ အရေးယူဆောင်ရွက်ခံရမည့် အချက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

          (၂၄.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဈေးများတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဈေးများအတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ကုန်စုံဆိုင် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှု၊ ပြစ်ဒဏ်များကို အသေးစိတ်ဆွေးနွေးခဲ့ကာ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်နှင့်လှိုင်သာယာမြို့နယ်ရှိ Modern Mart များတွင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၂၄.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ Modern Mart များတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထိုင်းနိုင်ငံမှတင်သွင်းသည့်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ ကုန်ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး  ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ Modern Mart များမှ တာဝန်ရှိသူများအား စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော City Mart များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများကောက်ယူပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တောင်တွင်းကြီးမြို့၊ မြို့မဈေး၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံး သူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်ရှိ မြို့မစျေးအတွင်း စားသောက်ကုန်ရောင်းချသည့် ကုန်စုံ ဆိုင်(၈)ဆိုင်တို့အား မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စျေးကွက် အတွင်း ရောင်းချနေသော ဂျယ်လီ၊ ရွှေဝဝကိတ်မုန့်၊ ဟော့ဒေါ့ချောင်း၊ စပျစ်ယို အနီ၊ စပျစ်ယိုအပြာ၊ V- Code၊ ရွှေကြာ အကြော်စုံ၊ ရွှေဟင်္သာ ဆန်ခေါက်ဆွဲ၊ ကလေးတံဆိပ် ပဲငံပြာရည်၊ ဆင်ဖြူ ကြာညို့၊ သရဖူ အရောင်တင်မှုန့်၊ အကယ်ဒမီငရုပ်သီးမှုန့်နှင့် နနွင်းမှုန့်၊ ဦးနိုင်ကြီး အရောင်တင်မှုန့်၊ စုစုပေါင်း ကုန်ပစ္စည်း (၁၄)မျိုးအား နမူနာကောက်ယူ၍ အများပြည်သူများ စားသုံးရန် သင့်/မသင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ စစ်ဆေးဆောင်ရွက်ခဲ့ပြီး သက်တမ်းလွန် ဂျယ်လီ(၁၀)ထုပ်အား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်းခဲ့ကြောင်းသိရပါသည်။

          ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ စျေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)တွင် ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် ပုဒ်မ (၄၁)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများအား စားသုံးသူ များ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေး နွေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းမှုအပေါ် ရောင်းချဖြန့်ဖြူးသူတို့မှလည်း သိရှိနားလည်ပါကြောင်း ဝန်ခံကတိပြုခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ဝန်ဆောင်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွင် စားသုံးသူများ နစ်နာ ဆုံးရှုံးမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးအတွက် ရည်ရွယ်၍ (၁၆.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဦးလှအောင်ရွှေနှင့်အတူ အောင်ဇေယျ သယ်ယူပို့ ဆောင်ရေးယာဉ်လိုင်းအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် ခရီးသည်များအား လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနိုင်ရေး ခရီးသည် ပို့ဆောင်ရေးအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှုအခြေအနေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ် လိုင်းများအား ကြီးကြပ်စစ်ဆေးခဲ့ပြီး အများသုံးသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များတွင် ယာဉ် မတော်တဆ ကိစ္စရပ်များ လျှော့ချနိုင်စေရန် သတ်မှတ်လူဦးရေထက် ပိုမိုသယ်ဆောင်ခြင်းမပြုရေး၊ ယာဉ်မောင်းများ ယာဉ်မောင်းစဉ် အရက်သေစာသောက်စားထားခြင်းမရှိစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး အသိပညာပေးခြင်းများနှင့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ချောက်မြို့နယ်တွင် သယ်ယူပို့ဆောင်‌ရေးယာဉ်လိုင်းပေါင်း (၂၀)ရှိပြီး မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊ နေပြည်တော်အပြင် ချောက်မြို့မှ မြို့ကြီးများစွာသို့ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

အင်္ဂပူမြို့နယ် သက္ကယ်ပြင်(သံ)အုပ်စုရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်ပြည်သူများ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ခွဲနိုင်ရေးဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ် သက္ကယ်ပြင်(သံ)အုပ်စုရှိ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ဆီလုပ်ငန်းရှင်များနှင့် ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျ ဖြန့်ခွဲနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                        ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ကျေးရွာ/ ရပ်ကွက်အတွင်းရောင်းချရာတွင် အုပ်ချုပ်ရေးမှူးများ၊ ကုန်စုံဆိုင်ပိုင်ရှင်များ၊ ဆီလုပ်ငန်းရှင်များ အနေဖြင့် ကျေးရွာ/ ရပ်ကွက်များကိုဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ ပြည်သူလူထု လက်ထဲသို့အရောက်ပေးပို့နိုင်ရေး၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ်မှတ်ရည် ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ အိမ်ထောင်စုစာရင်းကိုင်ဆောင်ထားသည့်အိမ်ထောင်စုတိုင်းကိုရောင်းချပေးရန်၊ဆီအရောင်းစာအုပ်များနှင့်စျေးနှုန်းမှန်ကန်စွာရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှု အခြေအနေများအား ပြည်သူများနှင့်တွေ့ဆုံ၍ဆီရရှိမှုများ စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၅၅) နှင့် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ(၈၃) ပေပါတို့ကို  ယာဥ်မောင်း ဦးဇော်ဇော်၊ ယာဉ်အမှတ် 9K-9082/ Hino မော်တော်ယာဥ် ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၃၈) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ (၉း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၆၅)ပေပါနှင့် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ(၂၉) ပေပါတို့ကို  ယာဥ်မောင်း ဦးကျော်လွင်၊ ယာဉ်အမှတ် 7F-3017/ Nissan မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ် ခရိုင်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၉၄) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ