ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်ဖြူများစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

   ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူ သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်အတွင်း ကြက်သွန်ဖြူ စိုက်ဧက (၁၂၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရသိရှိပါသည်။  ယခုအခါ ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မတ်လအတွင်း စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ပေါင်လောင်၊ ပြည်တော်သာ၊ အရှေ့သာဂရ၊ ရဲဘော်လေးရွာ များ ဖြစ်ပါသည်။ စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူကို အတက်ကလေးများ နွှာပြီး  စိုက်ပျိုးရ ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ဗမာမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ ကြက်သွန်ဖြူ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း သိန်း (၂၅)ကျော်ခန့်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၈၀၀-၁၀၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ကြက်သွန်ဖြူ စျေးနှုန်းအနေဖြင့် (၁)ပိဿာ လျှင်(၇၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၃၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိ ကြက်သွန်ဖြူ ပေါက်ဈေး အနေဖြင့်  (၁)ပိဿာလျှင်(၈၀၀၀-၁၀၀၀၀)ကျပ်၊  ရောင်းဝယ်လျက်ရှိကြောင်း၊  ကြက်သွန်ဖြူ ပေါ်ချိန်တွင် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ကြက်သွန်ဖြူ ထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင် မည်ဖြစ်ကြောင်း ကြက်သွန်ဖြူ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်နီများစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

   ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန် သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ မြစ်သားမြို့နယ်အတွင်း ဆောင်းကြက်သွန်နီ စိုက်ဧက (၇၅၀၀)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရ သိရှိပါသည် ။  ယခုအခါ ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီကာလအတွင်း ရိတ်သိမ်းတော့မည် ဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများ ဖြစ်ပါသည်။စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန် အသင့်ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း သိန်း (၃၀)ကျော်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၃၀၀၀)ပိဿာ ကျော်ထွက် ရှိခဲ့ ကြောင်း၊ ယခင်နှစ် ဆောင်းကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုး အမြတ်အနေဖြင့် ထွက်ပေါ်ချိန်တွင် (၁) ပိဿာလျှင်(၂၈၀၀)ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၅၀)သိန်းကျော် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိ ကြက်သွန်နီ(မိုး) အကြီး (၁)ပိဿာလျှင်(၃၀၀၀)ကျပ် ၊ အလတ် (၁)ပိဿာလျှင်(၂၅၀၀)ကျပ် ၊ အသေး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊  ဆောင်းကြက်သွန်နီ ပေါ်ချိန်တွင် ရောင်းဝယ်မှု အနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း ၊ ကြက်သွန်နီထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဆောင်းကြက်သွန်နီ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင် ထားရှိသူများ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၈ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင် ထားရှိရာ လုပ်ငန်း များတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ် ဆောင်ရွက် လျက်ရှိပြီး စာရင်း ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှုအခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ဒီဇင်ဘာလ (၃၁) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၉၉၁၉၀၂တင်း၊  ဆန်အနေဖြင့် ၄၅၂၇အိတ်၊  ကုန်သည် စပါးတင်း ၁၁၆၁၆၅၊ ဆန်အနေဖြင့်၊ ၁၁၈၁၃အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် တင်း ၆၄၁၆၁၀၊ ဆန်အနေဖြင့် ၆၉၂၁၀၆အိတ်၊ ဆန်ဆိုင်များမှ ၇၃၆၅အိတ်၊  စုစုပေါင်း စပါးတင်း ၁၇၄၉၆၇၇၊ ဆန် ၇၁၅၈၁၁ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်း နှင့် မြို့နယ် နယ်မြေ လုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း  သိရသည်။

DOCA(ဧရာဝတီ)

“ကျောက်ဆည်မြို့နယ်၏ ပဲစဉ်းငုံများအောင်မြင်ဖြစ်ထွန်းမှုနှင့်စျေးနှုန်းအခြေအနေ”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်တွင်(၁၇၀၀)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလနှင့်မတ်လများတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း၊ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲစဉ်းငုံအပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အကျိုးအမြတ် အနေဖြင့်(၇၈၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ကျောက်ဆည်မြို့နယ်၌ ပဲစဉ်းငုံများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း  မြင်းခြံ၊ တောင်သာဘက်မှ ပဲစဉ်းငုံများ ဝင်ရောက်လျက်ရှိကြောင်း ၊ စျေးနှုန်းအနေဖြင့် (၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲရုံများမှသိရှိရပါသည်။ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် တောင်သူများမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချလျက်ရှိကြောင်း ၊ ပွဲရုံများမှတစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်ဈေးနှုန်း ကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း ၊ ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကုလားပဲစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)ကို ၂၀၂၅-၂၀၂၆ဘဏ္ဍနှစ်တွင် ကျောက်ဆည်ခရိုင်တွင် (၃၁၈၈၉)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၁၅၂၄၁)ဧက စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။၊ ယာမြေများ၌ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မိုးရေအစိုဓါတ်ဖြင့် စိုက်ပျိုးကြသလို အချို့ တောင်သူများမှာ မိုးရေအစိုဓါတ် အပြင် ရေစက်များဖြင့် ရေတင်၍လည်းစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ တောင်သူများသည် ကုလားပဲမျိုးကို မိမိအိမ်တွင် မျိုးချန်ပြီး စိုက်ပျိုးကြသလို အချို့ တောင်သူများမှာ ပွဲရုံများမှ တဆင့်ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ယခုနှစ် စိုက်ပျိုးချိန်တွင် မျိုးစျေးနှုန်းအနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် ၊ ကုလားပဲ(V2)တစ်တင်းလျှင် (၈၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် ကုလားပဲအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၉-၁၀)တင်းခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေ ဖြင့် (၆၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ကုလားပဲအပင်များ  အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်စွာ ဖြစ်ထွန်းနေကြောင်း၊  ကုလားပဲများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်းအနေဖြင့် ကုလားပဲ (ရိုးရိုး)တစ်တင်းလျှင်(၆၇၀၀၀/-)ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုလားပဲစိုက် တောင်သူများသည် ကုလားပဲကို စိုက်ပျိုးရာတွင် အရွက်ကိုခူး၍ရောင်းချရသလို ကုလားပဲပေါ်ချိန်တွင်လည်း အထွက်နှုန်းနှင့်စျေးနှုန်း များကောင်းမွန် ပါကအကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်၏ငရုတ်ဆောင်းစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ခရိုင် အတွင်း ငရုတ်ဆောင်းစိုက်ဧက(၃၂၉၅)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင် (၈၉၂)ဧက စိုက်ပျိုးထားရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည် ။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့်(၆၉၂) မျိုးများဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးကို ပိုမိုစိုက်ပျိုးကြကြောင်း၊ငရုတ်ဆောင်းကိုနိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင်စတင်စိုက်ပျိုးခဲ့ကြောင်း ၊ ငရုတ်ဆောင်း (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအာစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တွင် (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက် ပိဿာ(၄၀၀-၄၅၀)ခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးအညှာပါ အခြောက်(၁)ပိဿာလျှင်( ၁၁၀၀၀)ကျပ်၊ ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင် (၁၃၀၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၂၉)သိန်းကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခု အချိန်တွင် ငရုတ်ပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ယခုအချိန်တွင်ဆောင်းငရုတ်များထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်း အနေဖြင့် ငရုတ်သီး အညှာပါအခြောက် (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ် ၊ ငရုတ်သီး အညှာခြွေ(၁)ပိဿာလျှင်(၁၈၀၀၀)ကျပ်တို့ဖြင့်ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ငရုတ်သီး များထွက်ပေါ်ချိန်တွင်  ငရုတ်စိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြကြောင်း ၊ ၄င်းမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည် ။  

DOCA(မန္တလေး)

“ခရမ်းသီးစိုက်ပျိုးဝင်ငွေတိုး”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူကြီးများသည် ပဲ၊ ပြောင်း၊ နှမ်း၊ စပါး၊ ကြက်သွန်၊ ဝါသီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါ သည်။ ထိုသီးနှံများအပြင် စားဖိုဆောင်သီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ခရမ်းသီးပင်များကိုလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းပင်ကို ကျောက်ဆည်မြို့နယ် ကျောင်းကုန်း ကျေးရွာတွင် အများဆုံး စိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် စိန်းညိုလုံးကြီးမျိုး၊ ၇၈၉မျိုး နှင့်(၅၅၅)မျိုး များကိုစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ခ  ရမ်းပင်စိုက်ပျိုးမည်ဆိုပါကပထမဦးဆုံး ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး (၂)လ၊ (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊ တစ်ဧက တစ်ပတ်အထွက်နှုန်းမှာ ပိဿာ (၁၅၀)မှ (၂၀၀)အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ သက်တမ်းအနေဖြင့် (၅)လအထိ ခရမ်းသီးများ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၁၀၀၀၀၀၀/-) ကျပ် ခန့်ရှိပြီး စတင်ခူး ဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ ခရမ်းသီးထွက်ရှိမှု စုစုပေါင်း(၁၅၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီးတစ်ပိဿာလျှင် ဖောက်သည်ဈေးအနေဖြင့် (၁၅၀၀/-)ကျပ်ရှိပြီး ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း၊ လက်လီ‌ဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့် ယခုလက်ရှိခရမ်းသီးဈေးနှုန်းများ ကောင်းမွန်သောကြောင့် (၁၂၅၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း ၊ တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် ခရမ်းသီး သီးနှံကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း ရေသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“နေကြာ(ဆောင်း)စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက် သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည် ။ ကျောက်ဆည်ခရိုင်အတွင်းတွင် နေကြာဆောင်း စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၅၁၆၆)ဧက ၊ စဉ့်ကိုင် မြို့နယ်တွင်(၂၅၄၆)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၈၈၈)ဧက ၊ စုစုပေါင်း(၉၆၀၀)ဧက စိုက်ပျိုးထား ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄-၅)ပြည် စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးသောမျိုးများမှာ ဆင်းရွှေကြာမျိုး-၁ ၊ ဆင်းရွှေကြာမျိုး-၂ မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးနည်းမှာ ဘောင်ကြောင်းပေးစနစ်နှင့် ပတ်ကြဲစိုက်ပျိုးစနစ် ဟူ၍ (၂)မျိုး စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင်(၄၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် နေကြာထွက်ပေါ်ချိန်တွင် အထွက်နှုန်း အနေဖြင့်(၂၀-၂၅)တင်းခန့် ထွက်ရှိကြောင်း၊ နေကြာစျေးနှုန်း အနေဖြင့်တစ်တင်းလျှင်(၅၅၀၀၀/-) ကျပ်‌စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၊ စိုက်ပျိုးစရိတ်နှုတ်ပြီး အကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိပေါက်စျေးအနေဖြင့် နေကြာတစ်တင်းလျှင် (၆၄၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ နေကြာထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ၊ နေကြာ ထွက်ပေါ်ချိန်တွင် တောင်သူများမှာ မြို့ပေါ်ပွဲရုံများသို့ ကိုယ်တိုင်ရောင်းချကြကြောင်း၊ ပွဲရုံများမှ တဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ စိုက်ပျိုးစရိတ်သက်သာပြီး မိသားစု စားသုံးဆီဖူလုံရုံသာမက စီးပွားဖြစ်ဝင်ငွေတိုးသောကြောင့် နေကြာသီးနှံသည်လည်း တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း နေကြာစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“မြေပဲ(ဆောင်း)စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ် ၊ ကြက်သွန် သီးနှံများအပြင် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊နှမ်း၊မြေပဲတို့ကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော မြေပဲသီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာ ကြရာ ကျောက်ဆည်ခရိုင်အတွင်းတွင် မြေပဲဆောင်း စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် တွင် ကျောက်ဆည်မြို့နယ်တွင်(၂၁၇)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၃၃)ဧက ၊ မြစ်သားမြို့နယ်တွင် (၇၅၀)ဧက ၊ စုစုပေါင်း(၁၀၀၀)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ဆောင်းမြေပဲ စိုက်ပျိုးရာတွင် စိုက်ကြောင်းဆွဲ အစေ့/အတောင့် ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးမြေပဲစိုက်ပျိုးမှု မျိုးအနေဖြင့် ပင်ပြန့်မျိုးပွားများကိုသာ အများဆုံး စိုက်ပျိုး ကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမှု မျိုးအတောင့်(၄)တင်း စိုက်ပျိုးရပြီး မြေပဲအဆံ(၂၄)ပြည်ခန့် စိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၅၅၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၃၅-၄၀)တင်းခန့် ထွက်ရှိခဲ့ပြီး ယခင်နှစ် မြေပဲဈေးနှုန်းအနေဖြင့် မြေပဲတောင့်တစ်တင်းလျှင် (၃၄၀၀၀/-)ကျပ် ၊ မြေပဲဆံ(၁)ပိဿာလျှင် (၇၅၀၀/-)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၆၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး  အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် နှုတ်ပြီးပါက(၈၁၀၀၀၀/-)ကျပ် ဝန်းကျင်အကျိုးအမြတ်ရရှိ ကြောင်း၊ ယခုလက်ရှိ ပေါက်ဈေးအနေဖြင့်  မြေပဲတောင့်တစ်တင်းလျှင် (၃၆၀၀၀/-)ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင်(၇၅၀၀/-)ကျပ် ၊ မြေပဲဆီတစ်ပိဿာလျှင်(၁၄၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း ၊ မြေပဲရောင်းဝယ်မှုအနေဖြင့် ဒေသတွင်းဆီစက်များမှလည်ဝယ်ယူမှုများရှိလို ပွဲရုံများ သို့လည်းတိုက်ရိုက်ရောင်းချကြောင်း ၄င်းမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ၊ မြေပဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် စားသုံးဆီဖူလုံစေသိအပြင်  အကျိုး အမြတ်များသော  မြေပဲသီးနှံများကို တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ဆောင်းနှမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၄၆၀၇)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၅၆)ဧက ၊ မြစ်သားမြို့နယ်တွင် (၄၈၀၀)ဧက ၊ စုစုပေါင်း(၉၇၆၃)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ဆောင်းနှမ်း(၁)ဧက စိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃)ပြည် စိုက်ပျိုးရကြောင်း (၁)ပြည်လျှင်(၈၀၀၀/-) ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ ဆောင်းနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို နှင့် နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း ၊  ယခုအချိန်တွင် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၉၃၀၀၀/-) ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်(၉၂၀၀၀/-)ကျပ် ၊ နှမ်းနက်တစ်တင်းလျှင်(၉၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်း အဝယ်ဖြစ်နေကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း