ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်တောင်ပိုင်း စတော်ဘယ်ရီသီးဈေးကွက်လှုပ်ရှားမှုတက်ကြွလာ

 

    ၂၀၂၆ခုနှစ်ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ ပင်းတယ၊ ရွာငံနှင့် အင်းလေးဒေသများတွင် စတော်ဘယ်ရီသီး စိုက်ပျိုးထွက်ရှိမှုကောင်းမွန်လာကြောင်း ဒေသခံတောင် သူများထံမှသိရသည်။ယခုနှစ်တွင်ရာသီဥတုအခြေအနေသင့်တော်မှုကြောင့် သီးနှံအထွက်နှုန်းတိုး တက်လာပြီးအရည်အသွေးကောင်းမွန်သည့် စတော်ဘယ်ရီသီးများကို ဈေးကွက်တွင်မြင်တွေ့ လာရသည်။ထိုသို့သီးနှံအထွက်ကောင်းမွန်လာခြင်းကြောင့် လယ်သမားများ၏ဝင်ငွေမှာ ယခင်နှစ် များထက်တိုးတက်လာကြောင်းလည်းသိရသည်။

          ဈေးကွက်အနေဖြင့်လည်း ဒေသအတွင်းသာမက မန္တလေး နှင့် ရန်ကုန်မြို့များသို့ သယ်ယူ ရောင်းချမှုများတိုးတက်လာပြီး ခရီးသွားများအကြား စတော်ဘယ်ရီသီး၊ လတ်ဆတ်သီးနှံနှင့် စတော် ဘယ်ရီအခြေခံထုတ်ကုန်များကို စိတ်ဝင်စားမှုမြင့်တက်လာသည်ကို သိရှိရသည်။အချို့ဒေသများတွင် စတော်ဘယ်ရီခူးခြင်းအတွေ့ကြုံကို ခရီးသွားလုပ်ငန်းနှင့် ပေါင်းစပ်ဆောင်ရွက်လာကြသဖြင့် ဒေသ စီးပွားရေးကိုပါ အထာက်အကူ ဖြစ်စေသည်ကိုလည်းသိရှိရသည်။

          အနာဂတ်မှာ စတော်ဘယ်ရီသီးစိုက်ပျိုးရေးကို နည်းပညာအသစ်များနဲ့ထပ်မံတိုးချဲ့လာနိုင် ပါက ရှမ်းပြည်နယ်တောင်ပိုင်း၏ စတော်ဘယ်ရီသီးလုပ်ငန်းသည် ဆက်လက်ဖွံဖြိုးလာမည်ကို မျှော်လင့်ရပါသည်။

DOCA(ရှမ်း)

“ရုံးပတီသီးစျေးနှုန်းများ တည်ငြိမ်လျက်ရှိ”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ရုံးပတီသီးကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာ ကြပြီး ယခုအချိန်တွင် တောင်သူများသည် ရုံးပတီသီးကို စီးပွားဖြစ်စိုက်ပျိုး လာကြပါသည်။ ရုံးပတီသီး ကိုရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ခြေကိုက်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ရုံးပတီသီးကို သံချပ်ကုန်း၊ အုတ်ဖို နှင့် ရွာပုလဲကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး ၊ ပင်လတ်မျိုး နှင့် ပင်မြင့်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၈၀၀၀/-)ကျပ်ပေးရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၆၃၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပြီး တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ပေးရကြောင်း၊ သက်တမ်းအနေဖြင့်(၂)လအထိ ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်အပတ်ထက် စျေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက်ဈေးနှုန်းအတက်အကျရှိကြောင်း၊ အကျိုး အမြတ်အနေဖြင့်(၇၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ စိုက်ခင်းသို့လာရောက် ဝယ်ယူသော ကုန်စိမ်း ပွဲစားများအား ရောင်းချသည့်အပြင် မြို့မဈေးနှင့် အေးမြကြည်လင်ဈေးများသို့လည်း တင်ပို့ ရောင်းချကြကြောင်း၊ ရုံးပတီသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ချင်း(ဂျင်း) ဈေးနှုန်းဈေးကွက်”

    အေးမြကြည်လင်ဈေးနှင့်မြို့မဈေးတို့တွင် ရှမ်းပြည်နယ်၊ကလော၊အောင်ပန်း၊ရွာငံတို့ဘက်မှ ဂျင်းသစ်များဝင်ရောက် ရောင်းဝယ်လျက်ရှိကြောင်း၊ ဂျင်းတက် (အဟောင်း) တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ဂျင်းတက်(အသစ်)တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ဂျင်းပေါက်(အနု) တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ဂျင်းပေါက်(အကြမ်း) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ချင်း(ဂျင်း)သည် ပူစပ်တဲ့အရသာရှိကြောင်း၊ အဆုတ်၊ အစာအိမ်၊ သရက်ရွက်တို့အတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်ကြောင်း၊ ချင်း(ဂျင်း)ကိုပြုတ်၍သောက်သုံးခြင်းဖြင့် ချွေးထွက်စေ ပြီး ခန္ဓာကိုယ်အနွေးဓာတ် ရစေနိုင်ကြောင်း၊ အအေးမိလို့ ချွဲသလိပ်ကျပ်နေရင် သလိပ်ကို ပျော်စေကြောင်း၊ အဆိပ် အတောက်တွေကိုပြယ်စေပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း အသုံးပြုနိုင်ကြောင်း၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးကြောင့်ဖြစ်သည့် ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ နှာပိတ်၊ နှာရည်ယိုခြင်း ဖြစ်သူတွေ အတွက် ချင်းစိမ်း၊ ချင်းခြောက်ကို ဝါးစား၊ ပြုတ်သောက်ရုံနဲ့ သက်သာစေနိုင်ကြောင်း၊ ဂျင်းကပူရုံ၊စပ်ရုံ၊ဟင်း၏အနံ့ရသာကို ပြည့်စုံရုံတင် မဟုတ်ဘဲ၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ သကြားဓာတ်၊သံဓာတ်စသည်ဖြင့်အာဟာရ ဓာတ်တွေေလည်း ကြွယ်ဝ ကြောင်း၊ ဂျင်းစားသုံးခြင်းဖြင့် အစာကြေခြင်း၊ မအီအသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းစသည့် ရောဂါများသက်သာစေနိုင်ခြင်း စသည့် အကျိုးကျေးဇူး များရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဖရဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော ဖရဲသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ဖရဲစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင် စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၀)ရက်တွင် စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဖရဲမျိုးစေ့တစ်ထုတ်လျှင်(၃၀၀၀၀ -၃၅၀၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုးထုပ် (၁၀)ထုပ် စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ ပလပ်စတစ်လိပ်ဖိုးများအပါအဝင် စုစုပေါင်း (၄၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၂၅)ရက်၊ (၃၀) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ကျောက်စိမ်း ဖရဲ၊ ဒုံးကျည်ဖရဲနှင့် 855 ဖရဲမျိုးများ စိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၆၀၀၀)ခန့် ထွက်ရှိကြောင်း၊ ခရိုင်အတွင်း လက်ရှိစိုက်ပျိုးမှု အနည်းငယ်သာရှိပြီး ထွက်ရှိ သောရွာမှာ ရှင်ငယ်ပြေးရွာဖြစ်ကြောင်း၊ ယခုလက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော ဖရဲသီး များမှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများ၊  ဝမ်းတွင်းမြို့နယ်၊ ဆည်ရွာမှ ထွက်ရှိသော ဖရဲများ ဖြစ်ပြီး ကျောက်စိမ်းဖရဲသီး တစ်လုံးလျှင် အလုံးသေး (၂၃၀၀/-)ကျပ်၊ အလုံးကြီး (၃၅၀၀/-) ကျပ်၊ 855 ဖရဲတစ်လုံးလျှင် အလုံးကြီး(၄၀၀၀/-) ၊ အလုံးသေး (၃၀၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲအရောက် လာရောက် ဝယ်ယူသူများ လည်း ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ရှမ်းနံနံဈေးနှုန်းများအနည်းငယ်မြင့်တက်”

   မြန်မာနိုင်ငံတွင် ဆေးဖက်ဝင်အပင်မျိုးစုံ၊သီးနှံမျိုးစုံအား နေရာဒေသအနှံ့အပြားတွင် စိုက်ပျိုး ကြပါသည်။၄င်းသီးနှံများစုံများထဲတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုသည့် ရှမ်းနံနံပင်သည် လည်းတစ်မျိုးအပါအဝင်ဖြစ်ပါသည်။ အချို့အရပ်ဒေသများတွင် ရှမ်းနံနံပင်အား အစိမ်းစားကြသလို ကြက်ချဉ်စပ်ဟင်းရည်၊ ပုဇွန်ချဉ်စပ်ဟင်းရည်၊ ငါးချဉ်စပ်ဟင်းရည် အချဉ်ရည်ဟင်းများတွင်လည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်၍စားသုံးကြပါသည်။ ရှမ်းနံနံပင်အား ကုန်စိမ်ရောင်းချသည့် ဆိုင်များတွင် အလွယ်တကူဝယ်ယူ၍ရရှိနိုင်ပါသည်။ ရှမ်းနံနံအရွက်များအား ဟင်းခတ်အမွှေးအကြိုင် အဖြစ် ထည့်သွင်းအသုံးပြုနိုင်ပြီး ကျန်ရှိသည့်အမြစ်များ အားအိုးဖြင့်သော်လည်း‌ကောင်း၊ ဘောင်များ ပြုလုပ်၍သော်လည်းကောင်း အလွယ်တကူစိုက်ပျိုးနိုင်ပါ သည်။ ကျန်းမာရေးအကျိုး ကျေးဇူး အနေဖြင့် ရှမ်းနံနံကိုပုံမှန်စားသုံးခြင်းဖြင့် ဝမ်းမှန်စေခြင်း၊အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ ကိုလည်းဖြေရှင်းပေးနိုင်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါများ၊ နားကိုက်ဝေဒနာများ၊ အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာများနှင့် ပင့်ကူအကိုက်ခံရပါက ရှမ်းနံနံရွက်ကို ကြိတ်ခြေ၍အုံပေးခြင်းဖြင့် သက်သာစေနိုင်ပါကြောင်း၊ ဗိုက်အောင့်၊ ဗိုက်နာ ရောဂါများဖြစ်ပါက ရှမ်းနံနံရွက်ကို ရေနွေးကြမ်း တွင်ထည့်၍ သောက်သုံးပေးပါက ပျောက်ကင်းနိုင်ပါကြောင်း ကျန်းမာရေး ဗဟုသုတအနေဖြင့်သိရှိ ရပါသည်။ ရှမ်းနံနံစျေးနှုန်းအနေဖြင့် ၅ ပင် တစ်စည်းလျှင် (၅၀၀/-) စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)

“ခရမ်းချဉ်သီးဈေးနှုန်းများကျဆင်းလျက်ရှိ”

     ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင်နွေ၊ မိုး ၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် သီးပင်၊ စားပင်များအား စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီး သီးနှံကို လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိပါသည်။ ယခုအချိန်တွင် ရှမ်းပြည်နယ်၊အောင်ပန်း၊ အင်းလေးမှ ထွက်ရှိ သော ခရမ်းချဉ်သီးများ ကျောက်ဆည်ခရိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိသလို ၊ မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများလည်း ထွက်ပေါ်နေပြီဖြစ်ပါသည် ။ ခရမ်းချဉ်သီး‌ စျေးနှုန်းအနေဖြင့် ဇန်နဝါရီလတွင် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ် ၊ ခရမ်းချဉ်သီး(ရှမ်း) (၁)ပိဿာလျှင် (၄၅၀၀-၅၀၀၀)ကျပ် ရှိခဲ့ရာမှ ဖေဖော်ဝါရီလ ပထမပတ်တွင် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၄၀၀၀-၄၅၀၀) ကျပ် ၊ ခရမ်းချဉ်သီး‌(ရှမ်း) (၁)ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်း ဝယ်လျက်ရှိပြီး ယခင်လနှင့်ယခုအပတ်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီးစျေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

“အာလူးစျေးနှုန်းများကျဆင်းလျက်ရှိ”

    ကျောက်ဆည်မြို့ရှိ ‌အေးမြကြည်လင်စျေး နှင့် မြို့မဈေးများသို့ အာလူးသီးများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်နယ် အောင်ပန်း ၊ ပင်းတယ နှင့် ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ အာလူးသီး သီးနှံကို စားသုံးသူပြည်သူများက အလွန်ကြိုက်နှစ်သက်သောကြောင့် ဝယ်လိုအားရှိကြောင်း၊ အာလူးစျေးနှုန်းအနေဖြင့် ဇန်နဝါရီလတွင် လက်လီ(၁)ပိဿာလျှင် အကြီး(၆၅၀၀/-)ကျပ်၊ အလတ် (၅၅၀၀/-) ကျပ် ၊ အသေး(၄၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ပထမပတ်တွင် လက်လီ(၁)ပိဿာလျှင်အကြီး(၅၀၀၀/-)ကျပ်၊အလတ်(၄၅၀၀/-)ကျပ်၊ အသေး(၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ‌ရောင်းဝယ်လျက်ရှိပြီး ယခင်လနှင့်ယခုအပတ်နှိုင်းယှဉ်ပါက စျေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း အာလူးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ဆူးပုတ်စိုက်ပျိုးမှုနှင့်စျေးနှုန်းအခြေအနေ”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်ထားဝယ်ကျေးရွာတွင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေသည့် ဆူးပုတ်ပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြ သည်ကိုသိရှိရပါသည်။ ဆူးပုတ်ပင်ကိုအပင်(၃၀၀)ခန့်စိုက်ပျိုးထားရှိရာ စိုက်ပျိုးပြီး (၆) လအကြာတွင်ခူးဆွတ်ရောင်းချကြောင်း ဆူးပုတ်ရွက်ကို(၂)ရက်တစ်ကြိမ် ခူးဆွတ်ရပြီး အစည်း ရေ(၂၀၀)ကျော် ခန့်ထွက်ရှိကြောင်း၊ ရာသီဥတုပေါ်မူတည်ပြီး ရေသွင်းခြင်းနှင့် ဆေးဖျန်းပေး ရကြောင်းသိရှိရပါသည်။ ဆူးပုတ်ရွက်(အကြီး) (၁)ပိဿာလျှင် လက်ကားဈေး(၁၇၀၀၀)ကျပ် ၊ လက်လီ(၂၅)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် ဆူးပုတ်ရွက်(အသေး) (၁)ပိဿာလျင် လက်ကားဈေး (၂၇၀၀၀) ကျပ် ၊ လက်လီ (၂၅) ကျပ်သားလျင် (၇၅၀၀)ကျပ် နှုန်းဖြင့်ဈေးများတွင် ဖောက်သည်သွင်းရောင်းချသလို ကိုယ်တိုင်လည်း ရောင်းချကြကြောင်း၊ ဆူးပုတ်ရွက်ကို အကုန်မညှပ်ဘဲ ဈေးကောင်း သည့်အချိန်မှဖမ်းညှပ်သလို ပုံမှန်ဝင်ငွေရသော်လည်း ထိန်းညှပ်ရတာလည်းရှိကြောင်းနှင့် အချို့ကျေး ရွာများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြောင်း ဆူးပုတ်ရွက်စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိစျေးများအတွင်းရောင်းချလျှက်ရှိသောမုန်ညှင်းစျေးနှုန်း”

    ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်မြို့ပေါ်ရှိ ဈေးများသို့ အောင်ပန်း၊ကလော၊ရွာငံ၊ ပြင်ဦးလွင်မြို့များမှ မုန်ညှင်းများ နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည် ။ မုန်ညှင်းကို ရှမ်းပြည်နယ် ၊ အောင်ပန်းဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး မုန်ညှင်းစိမ်းကို အတို့အမြုပ်အဖြစ် လည်းစားသုံးကြသလို အချဉ်သိပ်၍ရောင်းချခြင်း၊သိပ်ထားသော အချဉ်များကို စွန်တန်ခြောက်အဖြစ် ထုတ်ပိုးရောင်းချခြင်းများကိုလည်း စီးပွားဖြစ်ရောင်းချလျက်ရှိပါသည် ။ မုန်ညှင်းစိမ်းမှာ လူသား အကျိုးပြုဓါတ်များစွာရရှိပြီး မျက်စိကျန်းမာရေး၊ကိုယ်ခံအားစနစ်၊အရိုးများကျန်းမာစေပြီးနာတာရှည် ရောဂါများကိုကာကွယ်ပေးကြောင်း ၊ ကျန်းမာရေး ဗဟုသုတဆောင်းပါးများမှ သိရှိရပါသည် ။ ယခုအချိန်တွင် ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေး နှင့် မြို့မစျေးတို့တွင်  မုန်ညှင်းစျေးနှုန်း အနေဖြင့် မုန်ညှင်းဖြူ(၁)ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ် ၊မုန်ညှင်းစိမ်း(၁)ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း၊ကုန်စိမ်းရောင်းချသည့်စျေးသည်တစ်ဦး ထံမှသိရှိရပါသည်။

DOCA(မန္တလေး)

“ကင်ပွန်းချဉ်ပင်စိုက်ပျိုးခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ”

     ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ပဲမျိုးစုံနှင့်နှမ်း၊နေကြာ စသည့် ဆီထွက်သီးနှံများအပြင် မိသားစု အပိုဝင်ငွေရရှိရေးအတွက် ကျေးလက်တောရွာများ၌ သဘာဝအလျှောက်ပေါက်ရောက်သည့် စားသုံးပင်ဖြစ်သလို ခြံစည်းရိုးများတွင်စိုက်ပျိုးသည့် ဆူးခြုံပင်တစ်မျိုးဖြစ်သော ကင်ပွန်းချဉ် ပင်ကိုလည်း စိုက်ပျိုးလာကြပါသည် ။ ကင်ပွန်းချဉ်ပင်စိုက်ပျိုးရာတွင် အစေ့မှမျိုးယူ၍စိုက်ပျိုး ရကြောင်းသိရှိရပါသည် ။ ကင်ပွန်းချဉ်ရွက်သည် အစာအိမ်ရောဂါ နှင့် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေကြောင်း ၊ ဆံသားပျက်စီးမှုကို သဘာဝအတိုင်းပြန်လည်ကုသပေးနိုင်ခြင်း၊ ကင်ပွန်းချဉ်ရွက်ကို ခေါင်းလျော်ရည်နှင့်ရေချိုးဆပ်ပြာများပြုလုပ်ရာတွင်လည်းအသုံးပြုနိုင်ပါ ကြောင်း၊အရေပြားရောဂါများကုသရာတွင်လည်းအသုံးပြုနိုင်ပါကြောင်း ကျန်းမာရေးဗဟုသုတ များအရသိရှိရပါသည် ။ ကျောက်ဆည်မြို့ ၊ အေးမြကြည်လင်စျေးတွင် ကင်ပွန်းချဉ်ရွက်(၂၅) ကျပ်သားလျှင်(၅၀၀၀/-)ကျပ်၊(၁)ပိဿာလျှင်(၁၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက် ရှိကြောင်းသိရှိရပါသည်။ ကင်ပွန်ချဉ်ရွက်ကိုကြော်စားခြင်း ၊ ဟင်းချိုချက်၍သောက်သုံးခြင်း ၊ အချဉ်ရည်ဟင်းပြုလုပ်၍လည်း ချက်ပြုတ်စားသုံးကြသောကြောင့် မိသားစု အပိုဝင်ငွေရရှိရေး အတွက်စိုက်ပျိုးထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း