ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၌ဖြစ်ပေါ်နေသော မြန်မာ့ရိုးရာရက်ကန်းထည် ဈေးနှုန်း၊ဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်း များကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြကြောင်း၊ ရက်ကန်းစင်မှ ထွက်ရှိလာသော အထည်များကို ကန့်ဘလူမြို့ပေါ်ရှိဒိုင်များသို့ ရောင်းချကြောင်း၊ ၎င်းတို့မှတဆင့် မန္တလေးမြို့နှင့် အခြားဒေသများသို့ ရောင်းချကြောင်း သိရသည်။

   မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းသည် ရှေးယခင်ကတည်းက လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ ကြသည့် လက်မှုအတတ်ပညာဖြစ်ပြီး ရက်ကန်းထည်များမှာ ဒီဇိုင်ဆန်းသစ်လှပသောကြောင့် မြန်မာ အမျိုးသမီးများ ကြိုက်နှစ်သက်စွာ ဝတ်ဆင်သုံးစွဲလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ ပတ်အတွင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသည့် မြစ်ကြီးနားထွက် ကချင်ရိုးရာလုံချည်(၁) ထည်လျှင် (၃၃၀၀၀)ကျပ်၊ ကချင်လုံချည်ဝမ်းဆက် တစ်စုံစာလျှင် (၆၅၀၀၀မှ ၁၅၀၀၀၀)ကျပ်၊ ကန့်ဘလူဒေသထွက် လုံချည်(၁)ထည်လျှင်(၅၅၀၀၀)ကျပ်၊ ကချင်ပုဆိုး(၁)ထည်လျှင်(၄၅၀၀၀) ကျပ်နှင့် ကချင်ပရီမီယံပိုးထည်(၁)ထည်လျှင် (၂၀၀၀၀၀မှ ၂၃၀၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ချည်အမျိုးအစားနှင့် ရက်လုပ်ရသည့် အလွှားအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းများကွာခြားမှု ရှိကြောင်း မြန်မာ့ရိုးရာရက်ကန်းထည် ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင်အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် အခြားတိုင်းဒေသကြီးမှ ထွက်ရှိသော ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘို မြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီးဈေး နှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင် (၆၀၀)ကျပ်၊  အသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ခရမ်းသီး(၁) ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် ခဝဲသီး(၁)ပိဿာလျှင် (၃၀၀၀)ကျပ် နှင့်(၁)တောင့်လျှင် (၅၀၀မှ ၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ယခုနိုဝင် ဘာလပထမပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ဂေါ်ရခါးသီးဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီးများကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်ထံမှ သိရှိရသည်။   

DOCA(စစ်ကိုင်း)

ပေါ်ဦးပေါ်ဖျား ပြည်ဒေသထွက်ဆီးသီးများ

    ယခုလို နိုဝင်ဘာလဒုတိယပတ် ဆောင်းရာသီအခါ သမယတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့် ပြည် ဒေသထွက် ဆီးသီးများ မြို့ပေါ်ဈေးများသို့ စတင်ဝင်ရောက်လာပါသည်။ ယခုကာလတွင် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ညောင်ပင်သာရွာ၊ ရွှေဘုံသာရွာ၊ မန်ကျည်းစုရွာ၊ ဆင်တဲကျေးရွာများမှ ဝင်ရောက် မှုရှိနေပြီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်သော နတ်တော်၊ ပြာသိုလများမှသာ ပြည်မြို့အနီး တစ်ဝိုက် မှော်ဇာရွာ၊ ဇီးအုပ်ရွာ၊ နတ်တလင်းကျေးရွာများမှ လှိုင်လှိုင်ဝင်ရောက်ကြောင်းလည်း သိရသည်။ ဝင်ရောက်မှုရှိသော ဆီးသီးများမှာ ချိုချဉ်အရသာရှိပြီး ဆောင်းရာသီဓါတ်စာအဖြစ် စားသုံးကြပြီး စားသုံးသူတိုက်ရိုက် ဝယ်ယူစားသုံးကြသလို အချဉ်ပေါင်းသည်များမှ လက်ကား ဝယ်ယူပြီး ရောင်းချကြကြောင်းလည်း သိရှိ ရပါသည်။ ဆီးသီးကိုအစိမ်းစားလေ့ရှိပြီး ငံပြာရည်၊ ငရုတ် သီးမှုန့်၊ ဆားတို့နှင့်တို့စား၊ သုပ်စားကြသည့် အလေ့လည်းရှိပါသည်။ ဆီးသီးအမှည့်ကို အခြောက် လှန်းကာ ထန်းလျက်ဖြင့် ယိုထိုး၍လည်း စားသုံးကြ ပါသည်။ ဆီးယိုပြုလုပ်ရောင်းချသူများမှ ဆီးသီးလှိုင်လှိုင်ပေါ်ချိန်မှသာ ဝယ်ယူသိုလှောင်ကြကြောင်း လည်း သိရပါသည်။ ဆီးသီးတွင် ဗီတာမင် C, K, A ၊ အမျှင်ဓါတ်နှင့် ပိုတက်စီယမ်ဓါတ်တို့ ပါဝင်သည့် အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကော အအေးမိ၊နှာစေး၊ချောင်းဆိုးခြင်းများကို မဖြစ်စေဘဲ စိတ်နှလုံး တည်ငြိမ်ကာ စိတ်ဖိစီးမှု ဖြေလျော့ပေးနိုင်ပြီး အာရုံကြောများကို ငြိမ်းအေးစေ၍ သဘာဝ အတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။ သည်းခြေအားနည်းသည့် စိတ်ဝေဒနာရှင်များအား ဆီးသီး နှင့် ဆီးယိုတို့ကို ဓါတ်စာအဖြစ်စားသုံးနိုင်ပြီး အမျှင်ဓါတ်ပါဝင်ခြင်းကြောင့် အူကို သန့်စင်စေပြီး အစာခြေ စနစ်ကောင်းမွန်ကာ ဝမ်းမှန်စေပါသည်။ ဗီတာမင် C ကြွယ်ဝ၍ မကောင်းသော LDL ကိုလက်စထရော များကို ဖယ်ရှားပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးကာ အသားအရေကြည်လင် တောက်ပစေပါသည်။ ဆီးသီးသည် ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိသော်လည်း အလွန်အကျွံ စားသုံးပါက ဆီးကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ဆီးသီးနှင့်စားတော်ပဲ တွဲစားမိပါက ဝမ်းလျှော စေနိုင်ကြောင်းလည်း သိရှိရပါသည်။ ပြည်မြို့ပေါ် ဈေးများတွင် ဆီးသီးနို့ဆီတစ်ဘူးလျှင် ကျပ် ၄၀၀ - ၅၀၀ ခန့်ဖြင့်ရောင်းချကြပြီး တစ်ပြည်လျှင် ကျပ် ၃၀၀၀ - ၄၀၀၀ ခန့်ဖြင့် လက်ကားရောင်းချကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရနေသည့် ပြည်မြို့ရဲ့ မုန်လာဥဖြူဈေးကွက်

   ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် နိုဝင်ဘာလ ဒုတိယပတ်တွင်လည်း မုန်လာဥဖြူများမှာ အရောင်းအဝယ်ဖြစ်ပြီး ဈေးကောင်းလည်းရရှိကြောင်း သိရှိရပါသည်။ မုန်လာဥဖြူကို တို့စရာအပြင် သုတ်စား၊ အချဉ်ထည့်၊ နေလှန်းအခြောက်ခံ၊ ကြိုက်နှစ်သက်ရာ အသားနှင့်ရော၍ ချတ်ပြုတ်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း၊ ဟင်းချိုအဖြစ်လည်း သောက်သုံးကြပါသည်။ မုန်လာဥဖြူသည် အကြောတတ်တတ် သူများအတွက် ဆေးဖက်ဝင်သော အစားအစာတစ်ခုလည်းဖြစ်ပါသည်။ မုန်လာဥဖြူသက်ငယ်မျိုးကို စိုက်ပျိုးပါက စိုက်သက်တမ်း (၃၅) ရက်မှ (၄၀) ရက်သားဝန်းကျင်တွင် နှုတ်ယူနိုင်ပြီး၊ မုန်လာဥဖြူ သက်ကြီးမျိုးကို စိုက်ပျိုးပါက စိုက်သက်တမ်း (၅၅) ရက်သားတွင် နှုတ်ယူရောင်းချနိုင်ကြောင်း သိရှိ ရပါသည်။ မုန်လာဥဖြူကို ဆောင်းတွင်းတွင်သာ ရာသီသီးနှံအဖြစ် စိုက်ပျိုးကြသော်လည်း ရာသီချိန် မဟုတ်သော်လည်း ဝယ်ယူစားသုံးကြသဖြင့် ဟင်းသီးဟင်းရွက်များထဲမှ ရက်တိုသီးနှံ ဖြစ်သောကြောင့် ဝင်ငွေလည်းအရမြန်ပြီး စားဝတ်နေရေးအတွက် အထောက်အကူပြုတဲ့ သီးနှံတစ်ခု ဖြစ်သည့်အတွက် ရာသီချိန်မဟုတ်ဘဲ ရေလောင်း၍ စိုက်ပျိုးလာကြပါသည်။ မုန်လာဥဖြူသည် မြေဆီမြေနှစ်အသင့်အတင့်ရှိသော မြေနှင့်ရေသွင်းရေထုတ် ကောင်းမွန်သော မြေ၊ နေရောင်ခြည် ရရှိမည့် နေရာမျိုးနှင့် ထယ်ရေး ညက်သော မြေအမျိုးအစားကို ကြိုက်နှစ်သက်သော အပင်အမျိုး အစားဖြစ်ပါသည်။ မုန်လာဥဖြူကို မိုး အရမ်းများရင် စိုက်ပျိုးလို့မရပါဘူး။ မုန်လာဥဖြူကို မှော်ဇာ၊ ပုတီးကုန်း၊ အင်းမ၊ သဲကုန်း၊ ဝက်ပုတ်၊ ဆင်မြီးဆွဲကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုထွက်ရှိသော မုန်လာဥဖြူများမှာ မှော်ဇာ၊ ပုတီးကုန်း၊ အင်းမ၊ ရွှေတောင်မြို့နယ်ဘက်မှ ထွက်ရှိသောသီးနှံဖြစ်ပြီး ၎င်းကို ပြည်မြို့ မြို့မဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချနေပြီ ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ မုန်လာဥဖြူအကြီး (၅) လုံးတစ်တွဲလျှင် ကျပ် (၁၂၀၀)နှင့် မုန်လာဥဖြူအလတ် (၅)လုံးတစ်တွဲလျှင် ကျပ် (၈၀၀)၊ မုန်လာဥဖြူအသေး(၅)လုံးတစ်တွဲလျှင် ကျပ် (၅၀၀) ထိရှိ၍ ဈေးကောင်းရပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသအတွင်း စားသုံးပိုလျှံမှသာ ရန်ကုန် တညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပသို့ ထိုးဖောက်မည့် ငှက်ပျော

ငှက်ပျောပင်သည် မြေအမျိုးမျိုးအပေါ်တွင်စိုက်ပျိုးနိုင်ပြီး သဲဆန်သောမြေ၊ မြေချဉ်ငံနှင့် ထုံးပေါက်မြေများတွင် မစိုက်ပျိုးသင့်ပဲ အစိုဓါတ်ရှိပြီး မြေဆီ၊ မြေနှစ်နှင့် ရေသွင်း၊ ရေထုတ် ကောင်းမွန်သော မြေနေရာများတွင် စိုက်ပျိုးသင့်ပါသည်။ ငှက်ပျောစိုက်ခင်းသည် နှစ်ပေါင်းများစွာ ထားရှိပြီး အသီးခူးဆွတ်ရိတ်သိမ်းနိုင်သော အပင်မျိုးဖြစ်ပါသည်။ ငှက်ပျောပင်ကို တစ်ဧကလျှင် အပင် (၁၇၉၉)ပင် စိုက်ပျိုးနိုင်ကြောင်းသိရသည်။ ငှက်ပျောပင်ကို အအေးလွန်ကဲသည့် ဆောင်းရာသီနှင့် မိုးများစွာရွာသည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

          မြန်မာ့ဓလေ့အစဉ်အလာအရ ငှက်ပျောသည် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်သည်။ ငှက်ပျောသည် မြန်မာတို့၏ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့ ယဉ်ကျေးမှုဆက်စပ်လျက်ရှိသည်။ ငှက်ပျောသီးသည် လူမျိုးဘာသာမရွေး စားသုံးသော အသီးတစ်မျိုးဖြစ်သည်။ ငှက်ပျောသီးသည် မြန်မာနိုင်ငံတွင် နေရာတော်တော်များများတွင် ပါဝင်သည်။ ငှက်ပျောသီးသည် အလှူပွဲ၊ မင်္ဂလာပွဲ၊ ဗုဒ္ဓပူဇနိယပွဲများ၊ နတ်ပွဲများနှင့် နတ်ပူဇော်ပွဲများတွင် မပါမဖြစ်ပါဝင်သည်။ ထို့ကြောင့် ငှက်ပျောပင်ကို “မြန်မာအမျိုးသားရေး ပဒေသာပင်”ဟု တင်စားခေါ်ဝေါ်ကြသည်။

          မြန်မာနိုင်ငံတွင် ထင်ရှားသော ငှက်ပျောမျိုးများရှိသည်။ ဖီးကြမ်းငှက်ပျော၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ်၊ သီးမွှေးငှက်ပျော၊ ရွှေနီငှက်ပျော၊ ငှက်ပျောချဉ်၊ သုံးလုံး တစ်ပိဿာ၊ နံ့သာဖု ဟူ၍ ငှက်ပျောမျိုးများရှိကြသည်။ မြန်မာနိုင်ငံတွင် ငှက်ပျောကို အလေးချိန်နှင့် မပြောပဲ အခိုင် (သို့) အဖီး အလိုက်သာ ရောင်းဝယ်ကြသည်။ တစ်ဧကတွင် အခိုင်ရေ (၆၇၀)ခန့်ထွက်ရှိနိုင်ကြောင်းသိရသည်။ ငှက်ပျောရောင်းဝယ်သူများက ငှက်ပျောကို ခြံပြတ်ဝယ်ယူကြကြောင်း သိရသည်။ ငှက်ပျော ရောင်းချသူများက ငှက်ပျောဖီးအရွယ်အစားအလိုက် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြောင်းသိရ သည်။

          မြန်မာနိုင်ငံတွင် ငှက်ပျောသီး ထုတ်ကုန်တစ်ခုမှာ ငှက်ပျောကြော်လုပ်ငန်းဖြစ်သည်။ ငှက်ပျောကြော်လုပ်ငန်းသည် မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသော လုပ်ငန်းတစ်ခုဖြစ်သည်။ ငှက်ပျောကြော်ပြုလုပ်ရန် ငှက်ပျောသီးကို လိုသလောက်ရှာထားရသည်။ ပြီးလျင် အစိမ်း၊ အမှည့်ခွဲထားရသည်။ ငှက်ပျောသီး အစိမ်း/အမှည့်များကို ဓါးဖြင့် ခပ်ပါးပါးလှီးကာ ကြော်ရကြောင်းသိရသည်။ ငှက်ပျောကြော်ကို ထင်း/မီးသွေးအပြင် ဖွဲမီးဖြင့်ကြော်လျှင် ပိုကောင်း ကြောင်းသိရသည်။ ငှက်ပျောကြော်ကို စနစ်တကျထုတ်ပိုးပြီး မြန်မာနိုင်ငံတွင်သာမက နိုင်ငံရပ်ခြား ထိပါ တင်ပို့ရောင်းချနိုင်ကြောင်းသိရသည်။

          မြန်မာနိုင်ငံတွင် ငှက်ပျောပင်နှင့်ပတ်သက်ပြီး ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချလျှက်ရှိရာ ပြည်ခရိုင်၊ ပခုက္ကူခရိုင်၊ ဟင်္သာတခရိုင်တို့တွင် ငှက်ပျောကြော်ကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြ သည်။ငှက်ပျောပင်မှ အမျှင်ထုတ်ယူပြီး အဝတ်အထည်များပြုလုပ်နိုင်ကြောင်း သိရသည်။ ငှက်ပျောဖတ်ဖြင့် ခေါင်းအုံး၊ ပုဝါ၊ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်အစရှိသည့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်နိုင်ကြောင်း အမှိုက်ထဲက ရွှေဟုပင် တင်စားခေါ်ကြသည်။ မြန်မာလူမျိုးများ သည် ငှက်ပျောသီးကို အခြေခံ၍ မြန်မာမုန့်များပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းကြသည်များလည်းရှိသည်။ ငှက်ပျောသီးဖြင့်ပြုလုပ်သော မုန့်များမှာ ငှက်ပျောသီးမုန့်၊ ငှက်ပျောသီးရွှေချီ၊ ငှက်ပျောအုန်းနို့ပေါင်း၊ ငှက်ပျောကြော်၊ ငှက်ပျောကော်ပြန့်ကြော်၊ ငှက်ပျောပေါင်း၊ ငှက်ပျောဆနွင်းမကင်းများစသည့် ငှက်ပျောသီးဖြင့် ပြုလုပ်သော မုန့်များရှိသည်။ ငှက်ပျောသီးကို အခြေခံ၍ ပြလုပ်သော မိသားစုစီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။ အခြား စားသောက်လို့ရသော ငှက်ပျောဖျော်ရည်လည်းရှိသည်။ ကမ္ဘာ့ဈေးကွက်တွင် ငှက်ပျောသီး ခြောက်မုန့်၊ စည်သွပ်ငှက်ပျောသီးထုတ်ကုန်များကို အမေရိကန်နိုင်ငံတွင် အပူချိန်နည်းနည်းဖြင့် အခြောက်ခံ၍ ပြုလုပ်ရောင်းချကြောင်းသိရသည်။ အမေရိကန်နိုင်ငံတွင် ငှက်ပျောသီးကို အနှစ်ထုတ် များအပြင် ဘီယာချက်ခြင်း၊ ဝိုင်အရက်ပြုလုပ်ခြင်း၊ ငှက်ပျောသီးထုတ်လုပ်ခြင်းတို့ရှိကြောင်း သိရသည်။

          အချို့ဒေသများတွင် ငှက်ပျောပင်မှ ထွက်ရှိသော ငှက်ပျောဖူး၊ ငှက်ပျောအူနှင့် ငှက်ပျောပွင့် များကိုချက်ပြုတ်စားသောက်ကြသည်။ မြန်မာလူမျိုးတို့ အနှစ်ခြိုက်ဆုံး အစားအစာဖြစ်သည့် မုန့်ဟင်းခါးတွင် ငှက်ပျောအူကို ပဲဟင်းရည်ထဲတွင်ထည့်၍ ချက်ပြုတ်စားသောက်ကြသည်။ ရခိုင် မုန့်တီဟုခေါ်သော ရခိုင်ဒေသချက် အာပူ၊ လျှာပူ ဟင်းရည်ထဲတွင် ငှက်ပျောအူကို ထည့်၍ ချက်ကြ သည်။ ငှက်ပျောပင်၏ အရွက်များသည်လည်း အလွန်အသုံးဝင်ပါသည်။ ငှက်ပျောရွက်များကို မုန့်ဖက်ထုတ်ပြုလုပ်ရောင်းချရာတွင် အသုံးပြုသလို၊ အရွက်ကို အမျှင်များပြုလုပ်၍ ဖျာနှင့် ဖျင်ကြမ်းယက်လုပ်ကြောင်းလည်း သိရသည်။ အသီးညံ့ဖျင်းသော မျိုးမကောင်းသည့် ငှက်ပျောပင် တို့ကို ငှက်ပျောလျှော်အဖြစ်ယူပြီး စက္ကူများပြုလုပ်နိုင်ကြောင်းလည်း သိရသည်။ငှက်ပျောသီးသည် ဈေးကွက်ရှိပြီး ဈေးကောင်းသော အသီးတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ငှက်ပျောပင် ထွက်ကုန်များကို အရှိန်အဟုန်ဖြင့် စီးပွားရေးလုပ်ငန်းအနေနှင့် အောင်မြင်ဖြစ်ထွန်းအောင် ပြည်တွင်း သာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ဖို့လိုအပ်ပါသည်။

          ယခုအခါ နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး MSMEs လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်လာနိုင်အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ငှက်ပျောစိုက်ပျိုးထုတ်လုပ်မှုဆိုသည်ထက် စွန့်ပစ်ပစ္စည်းမှ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဈေးနှုန်းဈေးကွက်အနေဖြင့် လက်မှုပညာများမှာ ဈေးနှုန်းဈေးကွက် ရရှိအောင် ကြိုးစားဆောင်ရွက်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင် ငှက်ပျောပင်များ နေရာအနှံ့ ပေါက်ရောက်သောကြောင့် အရွက်မှ အပင်၊ နောက်ဆုံးစွန့်ပစ်ပစ္စည်းအထိ အသုံးဝင်သဖြင့် တောင်သူများ စိုက်ပျိုးသင့်သလို ငှက်ပျောထုတ်လုပ်မှုဖြင့် ပြည်သူကို အကျိုးပြုပြီး နိုင်ငံအတွက်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပြည်ပပို့ကုန် အမယ်တစ်မျိုး ဖြစ်သောကြောင့် ငှက်ပျော စိုက်ကြ ပါစို့လို့ တိုက်တွန်းရေးသားလိုက်ရတယ်။

DOCA(ပဲခူး)

 

ပြည်မြို့တွင် ရောင်းချနေသော တည်သီးဈေးနှုန်း

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ မြို့မဈေးကြီးနှင့် အခြားဈေးများတွင် အသီးမျိုးစုံ ရောင်းချနေသည့်အပြင် တည်သီးများလည်း ရောင်းချနေကြောင်း သိရသည်။ တည်သီးများကို ရန်ကုန်သီရိမင်္ဂလာဈေးနှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။

       တည်သီးသည် ဗီတာမင် C ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးကြောင်း သိရသည်။ အအေးမိဖျားနာ၊ တုပ်ကွေး စတာတွေကာကွယ်ဖို့ အဆုတ်ပိုးဝင်တာကို ခုခံတိုက်ထုတ် သောကြောင့် တည်သီးကို စားပေးသင့်ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယပတ်တွင် တည်သီးဈေးနှုန်းမှာ တည်သီးအကြီး (၁)လုံးလျှင် (၃၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပြည်မြို့ တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥ ဈေးနှုန်း

 ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကိုးသောင်းဈေးအတွင်းတွင် ဘဲဥများ အများအပြား ရောင်းချ နေကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထပတ်တွင် ပြည်မြို့မဈေးကြီးတွင် အရောင်းအဝယ်ဖြစ်သည့် ကြက်ဥဈေးနှုန်းများမှာ အသေး (၃၅၀)ကျပ်၊ အလတ် (၄၅၀)ကျပ်၊ အကြီး (၅၅၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဘဲဥဈေးနှုန်းများမှာ (၆၀၀ - ၇၀၀) ကျပ်အထိ ရောင်းချ လျက်ရှိကြောင်း ကြက်ဥနှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင် အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ရခါးသီးဈေးနှုန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့မဈေးကြီးတွင် စားသုံးသူပြည်သူများနှင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသထွက်အသီးအနှံများအပြင် ဂေါ်ရခါးသီးများကို ရှမ်းပြည်၊ အောင်ပန်းနှင့် ပြင်ဦးလွင်ဒေသမှ မှာယူရောင်းချကြောင်းသိရသည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထပတ်တွင် ပြည်မြို့မဈေးကြီးတွင် အရောင်းအဝယ် ဖြစ်သည့် ဂေါ်ရခါးသီးဈေးနှုန်းများမှာ အလုံးကြီး (၁)လုံးလျှင် (၈၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဈေးအပြင်တန်းရှိ သစ်သီးဈေးကွက်

    ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးရှိ နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော  သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁ လုံးလျှင်  (၄၅၀၀/၅၀၀၀/ ၇၀၀၀/) ကျပ်၊ သင်္ဘောသီး မှည့် ၁လုံးလျှင် (၁၅၀၀/၃၅၀၀/)ကျပ်၊ နာနတ်သီး (၁)လုံး (၂၀၀၀/၃၀၀၀/)ကျပ်၊ နင်္ဂါးမောက်သီး (၁)လုံး (၁၅၀၀/၂၀၀၀/ )ကျပ်၊ဖရဲသီး ၁ လုံး (၅၀၀၀/)ကျပ်၊ လိမ္မော်သီး ၁ လုံး ၂၀၀၀/ကျပ်၊ပန်းသီး ၁ လုံး (၃၀၀၀/) ကျပ်မှ ၇၀၀၀/ကျပ် မာလကာသီး ၁လုံးလျှင် ၁၀၀၀/ ၁၅၀၀/ကျပ်၊  ဩဇာသီးတစ်လုံးလျှင် ၁၀၀၀/၁၅၀၀ ကျပ်၊  သပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀/ ၄၀၀၀/)ကျပ်၊ ဈေးများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိငါးဈေးကွက်

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာ လျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ) လျှင် ၃၀၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ်သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချ နေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း