ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်ဒေသထွက် ဆေးဖက်ဝင်ကမ်းဇော်ဆီနှင့် စျေးနှုန်းစျေးကွက်

    ကမ်းဇော်ပင်ကို မြန်မာနိုင်ငံတောင်ဘက်ရှိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွန်းစု မြို့နယ်၊ တနင်္သာရီမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်တို့ရဲ့ သစ်တောများ၏ မြေနိမ့်ချိုင့်ဝှမ်းအတွင်း ရွှံ့နွံပေါ ပြီး ရေရရှိသော စွတ်စိုသည့်ဒေသများမှာ အလေ့ကျပေါက်ရောက်တဲ့ နှစ်ရှည်ပင်တစ်မျိုးဖြစ်ပါတယ်။ ကမ်းဇော်ပင်ဟာ ရာသီဥတုဒဏ်ကိုခံနိုင်ပြီး အရိပ်ရအပင်လည်းဖြစ်ပါတယ်။ ဆေးဝါးများ၊ စက်မှုကုန် ကြမ်းများ၊ လူသုံးကုန်ပစ္စည်းများအဖြစ်လည်း ကမ်းဇော်ပင်ရဲ့ အစေ့နှင့် ကမ်းဇော်ဆီမှ ထုတ်လုပ်ရရှိ သဖြင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ပြီး ဝင်ငွေများရရှိနိုင်ကြောင်း လေ့လာသိရှိရပါတယ်။ 

       ကမ်းဇော်ပင်သည် နှစ်ရှည်သီးနှံဖြစ်၍ အပင်၏သက်တမ်းမှာ (၁ဝ)နှစ်အရွယ်တွင် အသီးများ စတင်သီးပွင့်ပြီး မိုးများသည့်ဒေသဖြစ်သည့်အတွက် (၃)နှစ်မှတစ်ကြိမ်သာ အသီးသီးလေ့ရှိပါသည်။ ကမ်းဇော်ပင်သည် တပို့တွဲ-တပေါင်းလများတွင် အပွင့်ပွင့်ပြီး၊ တပေါင်း-တန်ခူးလတွင် အစိမ်းရောင် ရှိသော အသီးများသီးကာ ကဆုန်-နယုန်လ၌ အသီးများကြွေချိန်တွင် အစေ့များကို ကောက်ယူရ ပါတယ်။ ကမ်းဇော်စေ့၏ အရောင်မှာ အညိုရင့်ရောင်ရှိပြီး အစေ့၏ ပုံစံမှာ ပြောင်ချော၍ မာကျော သည့်ပုံစံရှိပါတယ်။ ၎င်းအစေ့ကို အခြောက်ခံပြီးကြိတ်ပါက ဆေးဖက်ဝင်သော ကမ်းဇော်ဆီကို ရရှိမှာဖြစ်ပါတယ်။ ကမ်းဇော်ပင်တစ်ပင်၏ အသီးထွက်ရှိမှုမှာ တင်း(၂ဝ) မှ (၃ဝ)ခန့်ထွက်ရှိပြီး ပြည်ချင်အားဖြင့် (၃ဝဝ)နီးပါး ခန့်ထွက်ရှိပါတယ်။ ဒေသထွက်ကမ်းဇော်ဆီကို အရည်အသွေးမြင့် ထုတ်ပိုးရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် အခြားပြည်နယ်များသို့တင်ပို့ရောင်းချကြကြောင်း သိရှိရပါ သည်။ မြိတ်မြို့တွင်ဖြစ်ပေါ်နေသောစျေးနှုန်းအရ ကမ်းဇော်ဆီ အကြည် ၅ကျပ်သား တစ်ဗူးလျှင် ၄၂၀၀၀ကျပ်၊ ၁၅ကျပ်သားတစ်ဗူးလျှင် ၁၂၀၀၀၀ကျပ်နှင့် ၄၅ ကျပ်သားတစ်ဗူးလျှင် ၃၆၀၀၀၀ကျပ် ရှိပြီး ကမ်းဇော်ဆီ အနစ်ပါ ၅ကျပ်သား တစ်ဗူးလျှင် ၃၆၀၀၀ကျပ်၊ ၂၀ကျပ်သားတစ်ဗူးလျှင် ၁၄၀၀၀၀ကျပ်နှင့် ၄၀ ကျပ်သားတစ်ဗူးလျှင် ၂၈၀၀၀၀ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စီးပွားရေးတွက်ချေကိုက်သောနဂါးမောက်သီးနှင့် ‌ဒေသတွင်းစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ကန်းရိုးတန်ဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များပေါများသည့်အပြင် ဒေသထွက်ကုန်များဖြင့် စီးပွားရေးပြုလုပ်ကြသည့်ဒေသလည်းဖြစ်သည်။ ဒေသတွင်းစိုက်ပျိုးလျက်ရှိသော သီးနှံ၊ ထွက်ကုန်များမှ နဂါးမောက်သီးကိုလည်းတစ်နိုင် တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ပြည်တွင်းစျေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ နဂါးမောက်သီး သည်မေလမှအောက်တိုဘာလအထိအသီးထွက်ရှိနိုင်သောကြောင့် စီးပွားရေးတွက်ချေကိုက်သော သီးနှံတစ်ခုလည်းဖြစ်သည်။ ၄၀°မှ ၁၀°ကြား စိုက်ပျိုးနိုင်မှုအကောင်းဆုံးဖြစ်ပြီး ၎င်းအပူချိန်ထက် ပို/လျော့ဖြစ်ပေါ်လာပါက အပင်ပုတ်ရောဂါဖြစ်ပေါ်နိုင်သောကြောင့် ပြုစုထိန်းသိန်းခြင်းပြုလုပ်ရမည် ဖြစ်သည်။ မြိတ်ခရိုင်ရှိ ကျေးရွာနှင့် မြို့ပေါ်တွင်ပါစိုက်ပျိုးနိုင်ပြီး အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။

    တနင်္သာရီတိုင်းတွင် နဂါးမောက်သီးကို ‌တောင်ပေါ်ဒေသများနှင့် မောတောင်ဒေသများတွင် အများဆုံး ထွက်ရှိပြီး ဒေသတွင်းမြို့ပေါ်ရှိ သစ်သီးအရောင်းဆိုင်များနှင့် စျေးများတွင် ရောင်းချကြသည်။ ဒေသတွင်း စိုက်ပျိုးမှုရှိသော်လည်း ရန်ကုန်မြို့နှင့် အခြားမြို့မှလည်း ဝယ်ယူရောင်းချလျက် ရှိပါသည်။ ဒေသထွက်နဂါးမောက်သီးတွင် အဖြူနှင့်အနီရောင်ဟူ၍နှစ်မျိုးရှိပြီး အနီရောင်အသီးမှာ စျေးကွက်တွင် စျေးပိုရရှိကြောင်း၊ အရသာမှာပို၍ချိုကြောင်းသိရှိရပါသည်။ အရွယ်အစားပေါ်မူတည် ၍လည်းစျေးနှုန်းကွဲပြားကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင် ရောင်းချနေသောနဂါးမောက်သီး စျေးနှုန်းအရ အဖြူရောင်အသီးအကြီးတစ်လုံးလျှင် ၄၅၀၀ ကျပ်ခန့်စျေးနှုန်းရရှိပြီး ပုံမှန်တစ်လုံးလျှင် ၃၀၀၀ကျပ်ခန့်ရှိကြောင်း အနီရောင် အသီးအကြီးတစ်လုံးလျှင် ၅၀၀၀ကျပ်ခန့်ရှိပြီး ပုံမှန်တစ်လုံးလျှင် ၃၅၀၀ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအား စာရင်းကောက်ယူ၍  ဒီဇင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အခွန်ကောက်စာရေး ဦးသန့်ဇင်ဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန် ရောင်းချဆိုင်များဖြစ်သည့် ဒေါ်အိအိချော ကုန်စုံဆိုင်၊ ဒေါ်မိုးစန္ဒာကုန်စုံဆိုင်၊ ဒေါ်မာမာစိုး ကုန်စုံဆိုင်တို့မှ စားအုန်းဆီ တစ်ပိဿာလျှင် (၆၆၆၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၀၀၀မှ၂၀၀၀) ကျပ်ထိ၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၉၀၀၀မှ ၁၀၀၀၀)ကျပ်၊ ငရုပ်တောင့်ရှည် တစ် ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ သကြား တစ်ပိဿာ လျှင် (၅၅၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၀၀၀မှ ၇၅၀၀) ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

       ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် စားအုန်းဆီနှင့် အာလူးဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိပြီး  အခြားသောစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပြီး လုပ်ငန်းရှင်များသို့ မေးမြန်းရာ ရန်ကုန်ဝယ်ယူတင်သွင်းရသည့် ဈေးနှုန်း ကျဆင်း၍ အနည်းငယ်ကျဆင်းရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

သရက်မြို့၌ ကွမ်းရွက်ဈေးနှုန်းမြင့်တက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ကွမ်းရွက် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ကွမ်းရွက်တစ်ပိဿာလျှင် အရည်အသွေး အလိုက် ကျပ်(၁၂၀၀၀ မှ ၁၃၀၀၀)ရှိခဲ့ပြီး ယခုဒီဇင်ဘာလ (ပထမပတ်)နှင့် (ဒုတိယပတ်)တွင် ကွမ်းရွက် တစ် ပိဿာလျှင် ကျပ်(၁၅၀၀၀မှ၁၇၀၀၀)ထိ ဈေးကွက်ဖြစ်နေကြောင်း သိရသည်။ ဈေးနှုန်းမြင့်တက်လာရ ခြင်းမှာ အခြားဒေသမှထွက်ရှိသော ကွမ်းရွက်များထက် သရက်မြို့နယ်ရှိ ကွမ်းရွက်များမှာ အရည် အသွေးကောင်းမွန်သည့်အပြင် ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် ဖြစ်ပြီး ကွမ်းဈေးတက်လာသော်လည်း ဝယ်ယူစားသုံးမှုသည် လျော့မသွားဘဲ ယခင်ကအတိုင်း ပင်စားသုံးလျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ဈေးနှုန်းကျဆင်းလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ကို နတ်တလင်းမြို့၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်()ပိဿာလျှင် ကျပ်(၃၂၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်()ပိဿာလျှင် ကျပ် (၃၆၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၄၀၀၀) ဈေးနှုန်းကျဆင်း ကြောင်း သိရသည်။ မင်းဘူးမြို့မဈေး၌ ငါးပိ၊ ငါးခြောက်များကို ရန်ကုန်မြို့၊ ဖျာပုံမြို့နှင့် နတ်တလင်း မြို့တို့မှ တိုက်ရိုက်မှာယူရောင်းချသည့်အတွက် ယခုအချိန်တွင် ဈေးအတွင်းသို့ ဝင်ရောက်မှုများလာ သဖြင့်  ဈေးနှုန်းမှာ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ ထန်းပင်မြစ်ဈေးနှုန်းမြင့်တက်လျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌  ထန်းပင်မြစ်ကို မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်း၊ ရေမြက်၊ ပွင့်ဖြူမြို့နှင့် စကုမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ထန်းပင်မြစ်အချောင်း (၂၀) ပါ ()စည်းလျှင် ကျပ် (၄၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ(တတိယပတ်)တွင် ထန်းပင်မြစ်အချောင်း (၂၀) ပါ() စည်းလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ လှိုင်လှိုင်ထွက်ရှိသော် လည်း ရာသီစာဖြစ်သည့်အတွက် ဈေးကွက်တွင် ဝယ်လိုအားမြင့်ပြီး အရောင်းအဝယ်မှာလည်း သွက် နေသောကြောင့် ဈေးနှုန်းမှာမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ အာလူးကို ကုန်စိမ်းသီးနှံ ဈေးကွက်တွင် ကျောက်ပန်းတောင်းမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်း‌မြို့တို့မှထွက်ရှိသော အာလူးများဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၅၅၀၀-၆၀၀၀-၆၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင် နိုဝင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၆၅၀၀-၇၀၀၀-၇၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ  ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အာလူး (၁)ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းအာလူး ထွက်ရှိမှုမရှိသေးဘဲ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ မှာယူရောင်းချရပြီး ဈေးအတွင်း ဝင်ရောက်မှု များလာသောကြောင့် အာလူးဈေးနှုန်းမှာ အနည်းငယ်ကျလာခြင်းဖြစ်ကြောင်း  သိရှိရ သည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ နံနံပင်ဈေးနှုန်းကျဆင်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ ရေတွင်းကုန်း၊ ရေမြတ်၊ ရွာသာစသည့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ(ဒုတိယပတ်)တွင် နံနံပင်(၁၀)ကျပ်သားလျှင် ကျပ်(၄၀၀)ဖြင့် ရောင်းချ လျက်ရှိပြီး (ပထမပတ်)တွင် နံနံပင်(၁၀)ကျပ်သားလျှင် ကျပ်(၅၀၀)ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။ မင်းဘူးမြို့နယ်အတွင်းရှိ သောင်ပြင်စိုက်ခင်းများမှ စတင်ထွက်ရှိလာသည့်အတွက် ဈေးနှုန်း လျော့ကျလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးဈေးနှုန်းအနည်းငယ်မြင့်တက်

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးကို မင်းဘူးမြို့နယ်အတွင်းရှိ ကျောက်တံခါးရွာ၊ စကု၊ ပွင့်ဖြူစသည့် ဒေသများအပြင် မကွေးနှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းသီး()ပိဿာလျှင် ကျပ်(၄၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်နိုဝင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းသီး()ပိဿာလျှင် ကျပ် (၃၀၀၀)ဖြင့် ရောင်းချ ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၈၀၀)ခန့် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ ခရမ်းသီးများ လှိုင်လှိုင်ထွက်ရှိချိန်မဟုတ်ဘဲ အခြားဒေသမှ မှာယူရောင်းချရသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဘူးသီးဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်သွက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ ကုန်စိမ်းသီးနှံ ဈေးကွက်သို့ မြို့ပတ်ဝန်းကျင်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်နှင့် ဧရာဝတီမြစ်အရှေ့ ဘက်ကမ်းရှိ မြေနုကျွန်းရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် ဘူးသီးသီးနှံသည် နိုဝင်ဘာလ (ပထမပတ်)မှ စတင်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်ဘူးသီး(၁)လုံးလျှင် (အလုံး အကြီး၊ အသေး) အရွယ်အစားအလိုက် ကျပ်(၃၀၀၀-၄၀၀၀)ဖြင့်ရောင်းချလျက်ရှိပြီး ယခင်ပေါ်စအချိန် နိုဝင်ဘာလ (ပထမပတ်)တွင် ဘူးသီး ကျပ်(၂၀၀၀-၂၅၀၀) ဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု တစ်ပတ်တွင် ကျပ်(၁၀၀၀-၁၅၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ဘူးသီး စိုက်ပျိုးသည့် ကျေးရွာများရှိ ဘူးသီးစိုက်ခင်းများတွင် အထွက်နှုန်းများ လျော့နည်းလာသည့် အတွက် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်လာသော်လည်း မင်းလှမြို့ပေါ်ရှိ အကြော်ဆိုင် များမှ ဝယ်ယူမှုများသည့်အတွက် အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း