ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပူစီနံဈေးနှုန်းနှင့်အသုံးဝင်ပုံ”

             ကျွန်တော်တို့ မြန်မာလူမျိုးများသည် ပူစီနံအပင်ကို အမျိုးမျိုးအသုံးပြုကြကြောင်း၊များသောအားဖြင့် ဒံပေါက်၊ စမူဆာစတာတွေနဲ့ တွဲစားလေ့ရှိပါကြောင်း၊ အချို့သည် ဟင်းခတ်အမွှေးအကြိုင် အနေနဲ့ ဟင်းချက်တဲ့အခါ အသုပ်သုပ်တဲ့အခါတွေမှာလည်း ထည့်သုံးလေ့ရှိပါကြောင်း၊ ပူစီနံပင် သည် အသုံးဝင်တဲ့နေရာများသလို သူရဲ့ကျန်းမာရေးကောင်းကျိုးတွေလည်း များစွာရှိပါကြောင်း ၊ ဓါတ်မတည့်တာနဲ့ ရောင်ရမ်းတာတွေကို သက်သာစေခြင်း ၊ ပန်းနာရင်ကျပ်ရောဂါ ၊ သွေးတိုးရောဂါ၊ အအေးမိ ၊ ချွဲကျပ်ချောင်းဆိုး ၊ လည်ချောင်းနာတွေကို သက်သာပျောက်ကင်းစေကြောင်း သိရှိရပါသည်။ ပူစီနံပင်နှင့်အရွက်ရဲ့ အနံ့သည် စိတ်ပင်ပန်းကျပ်တည်းနေတာကို‌ ပြေလျော့စေပြီး စိတ်ကြည်လင်လန်းဆန်းစေအောင် အထောက်အကူပြုပါကြောင်း‌ ၊ ပူစီနံတစ်စည်း လျင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ တုံလုံကျေးရွာမှ ပူစီနံစိုက်ပျိုးသူတစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

DOCA (မန္တလေး)

ညောင်တုန်းငှက်ပျောကြော် လုပ်ငန်း

   ညောင်တုန်းမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားမုန့်လုပ်ငန်း နွယ်နွယ်လွင် ငှက်ပျောကြော်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လေ့လာခဲ့ကြသည်။ ၎င်းလုပ်ငန်းသည် ညောင်တုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် တွင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

    မုန့်လုပ်ငန်းကို ၁၉၉၀ခုနှစ်မှ စတင်လုပ်ကိုင်ဆောင် ရွက်လာကြောင်း သိရပြီး တစ်လလျှင် ၂၅ရက် ထုတ်လုပ်ကြော်ရကြောင်း ပိုင်ရှင် ဦးထွန်းကိုမှ ရှင်းပြသည်။ ကုန်ကြမ်း ငှက်ပျောသီးကို ညောင်တုန်းမြို့နယ်အတွင်းမှ ရရှိသလို တောင်ငူမြို့မှ လည်း ရရှိကြောင်း ရှင်းပြသည်။ ငှက်ပျောသီးများကို အလုပ်သမားများဖြင့် အခွံခွာ၊ ငှက်ပျော သီးကို ရေပေါ်တိုက်၍ ဆီအိုးဖြင့် ကျော်ရကြောင်း၊ တစ်အိုးလျှင် ၁၅မိနစ်ခန့်ကြော်ရပြီး ဆီစစ်၍ ငှက်ပျော်ကြော်ကို အအေးခံရကြောင်း၊ ကြော်ပြီးသား ငှက်ပျောကြော်များကို ၆ခွဲ၊ ၁ခွဲ ဗူးဖြင့် အချို၊ အမှည့် ဗူးထုတ်ပိုးပါသည်။ တစ်နေ့လျှင် အချို၊အမှည့်  ဗူးပေါင်း ၈၀၀-၁၀၀၀ခန့် ထုတ်လုပ်ကြောင်း သိရသည်။ အထုတ်အနေဖြင့် ၈၀၀ထုတ်ခန့်ထွက်ရှိသည် ဟု သိရသည်။ ဘူးကြီး အချို ၁ဗူးလျှင် ၃၀၀၀ကျပ်၊ အမှည့် ၁ဗူးလျှင် ၂၅၀၀ကျပ်၊ အထုတ်အသေး အချို ၁ထုတ် ၁၅၀၀ကျပ်၊ အမှည့် ၁ထုတ်လျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့မဈေး၌ မာလကာသီးဈေးနှုန်းများ မြင့်တက်နေသော်လည်း ရောင်းအားသွက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ မာလကာသီးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်ဘက်မှ  မှာယူရောင်းချကြကြောင်း သိရသည်။

            ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် မာလကာသီးဈေးနှုန်းများမှာ အသီး၏ အရည် အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၆၅၀၀) အလတ်ဈေး ကျပ်(၅၅၀၀) အနိမ့်ဈေး ကျပ်(၄၅၀၀) ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် မြင့်တက်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရောင်းရသလောက် လုံလောက်စွာ မှာယူ၍မရခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဈေးနှုန်းမြင့် တက်သော်လည်း ရောင်းအားသွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

           ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံဒေသတို့မှ ကြက်သွန်နီ (၇၂၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၂၈၈၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၀၀၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၂၀၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၃၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၇၀၀၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၇၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

        ယခုတစ်ပတ်တွင်  ဆိပ်ဖြူ(ရှယ်) မှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်တက်ပြီး၊ လတ်ချော၊ လတ်သန့်နှင့် လတ်ကြီးမှာ ယခင်အပတ်တိုင်းဈေးတူနေပါသည်။ မြင်းခြံ ကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်ကျလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၁.၁၂.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

          ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ  ၁၁.၁၂.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၃၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၈၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၂၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၈၃၀၀ ကျပ်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၈၅၀၀၀ ကျပ်ရှိရာမှ ၂၈၀၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၆၇၀၀၀၀ ကျပ်ရှိရာမှ ၆၆၀၀၀၀ ကျပ်၊  ပဲပုတ် ၂၀၂၅ ခုနှစ် အတွက် တန်ချိန် (၁၆၅၀၀) ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် (၁၇၀၀၀) ရှိမည်ဟုခန့်မှန်းကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ရာသီပေါ် သရက်သီးကင်း(အငယ်)များစျေးကောင်းရရှိ

      မြိတ်ခရိုင်တွင် ဒေသထွက်ကုန်များအဖြစ် အုန်းပင်၊ ဓနိပင်၊ သီဟိုဠ်များစသည်များစိုက်ပျိုး ထွက်ရှိသည့်အပြင် ရာသီပေါ်အသီးအနှံများလည်း တစ်နိုင်တစ်ပိုင်ဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေ စိုက်ပျိုး ကြလျက်ရှိသည်။ ရာသီပေါ်အသီးအနှံများမှ ဒီဇင်ဘာလတွင် ထွက်ရှိသော သရက်သီးကင်းသည် ဒေသတွင် စျေးကောင်းရရှိလျက်ရှိကြောင်းသိရှိရပါသည်။ စျေးများနှင့် သရက်သီးစိုက်ပျိုးသူများထံမှ ဝယ် ယူရရှိနိုင်ပြီး လတ်လတ်ဆတ်ဆတ်သရက်သီးကင်း(အငယ်)များကို တို့စရာအဖြစ် စားသုံးကြ သည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ‌စျေးကောင်းရရှိခြင်းဖြစ်သလို ဒေသရိုးရာအစားစာဖြစ်သော ကြောင့် လူကြိုက်များကြောင်းသိရှိရပါသည်။

      သရက်သီးကင်းများကို သရက်ပင်မှ အရွယ်အစားမှာ ၁လက်မခွဲ ခန့်ရှိသည့်အချိန်တွင် ခူးယူကြပြီး ပြန်လည်ရောင်းချလျက်ရှိပါသည်။ သရက်သီးပင်မှ ခူး၍ ရရှိသော သရက်သီးငယ်များသည် ကြွေကျသော အသီးထက်ကြာရှည်ခံပြီး  လက်ရှိတွင် မြိတ်မြို့၌ သရက်သီးကင်း(အငယ်)များသည် (၁၀)ကျပ်သားလျှင် ၄၀၀၀ကျပ်ခန့်နှင့်  သရက်သီးကင်း (အငယ်) ၁လုံးလျှင် ၁၀၀၀ကျပ်ခန့် စျေးရရှိ ကြောင်း သိရှိရပါသည်။ လက်ရှိ ဒီဇင်ဘာလတွင် သရက်သီး အလုံးကြီးတစ်လုံး ၁၅၀၀မှ ၃၀၀၀ခန့်ရရှိ ရာမှ အသီးကင်းတစ်လုံး ၁၀၀၀ကျပ်ခန့်ရရှိသည့်အတွက် ဒေသစိုက်ပျိုးသူများအတွက် ဝင်ငွေကောင်း ရရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အသစ်ထွက်ရှိလာပြီဖြစ်သော ကွမ်းသီးနှင့် ဈေးနှုန်းအခြေအနေ

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ဒေသထွက်ကုန်များအနေဖြင့် ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်၊ ဆီအုန်းများ စိုက်ပျိုးထွက်ရှိပြီး ‌ရန်ကုန်နှင့် အခြားပြည်နယ်များသို့တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသထွက်ကုန်များဖြင့် တောင်သူများအကျိုးအမြတ်ရရှိလျက်ရှိပြီး ဒေသထွက်ကုန်ကွမ်းသီး သည် လည်း နိုင်ငံတော်ဝင်ငွေရရှိလျက်ရှိသည်။ ကွမ်းသီးကို ပြည်တွင်းသာမက ပြည်ပတွင်ပါ တင်ပို့ရောင်း ချကြသလို ဒေသတွင်း ကွမ်းလုပ်ငန်းများတွင်လည်းအသုံးများလျက်ရှိပေသည်။ ဒေသထွက် ကွမ်းသီး များကို ရန်ကုန်မှတဆင့် ကော့သောင်မြို့ကိုဖြတ်၍ ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိပြီး ယခင်က အိန္ဒိယနိုင်ငံသို့ပါတင်ပို့ကြကြောင်းသိရှိရပါသည်။

    ယခုအချိန် နိုဝင်ဘာလအကုန် ဒီဇင်ဘာလများတွင် ကွမ်းသီးအသစ်ထွက်ရှိလာပြီဖြစ်သော ကြောင့် ကွမ်းသီးအသစ်‌စျေးနှုန်းများကျဆင်းလာပြီး ကွမ်းသီးအဟောင်းများ လက်ကျန်ကုန်ဆုံး တော့မည်ဖြစ်၍ ကွမ်းသီးအဟောင်းများစျေးကောင်းရရှိကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။ မြိတ်ခရိုင်တွင် တနင်္သာရီမြို့၊ ပပြင်၊ အလယ်ချောင်း၊ ဒေါ၊ ကျောက်ဖြူ၊ မရမ်းပင်ချောင်း၊ သမုတ်၊ ပင်းအို၊ လော့လော့၊ နန်းတော်ရာ၊ တုန်း‌ဗျော၊ မဇော၊ မရင်း စသောဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး မြိတ်မြို့ရှိ ကုန်သည်များသို့ ပြန်လည်ရောင်းချ လျက်ရှိသည်။ ကွမ်းသီးကို အလုံး(အခြောက်)၊ ခွဲခြမ်း(အခြောက်)၊ အနုဟူ၍ ရောင်းချကြပါသည်။ ယခုဒီဇင်ဘာလ၌ မြိတ်မြို့တွင် ကွမ်းသီးအလုံးအသစ်စျေးနှုန်းမှာ တစ်ပိဿာ ၁၅၀၀၀ကျပ်ခန့်စျေး ပေါက်နေပြီး အဟောင်းစျေးနှုန်းမှာ တစ်ပိဿာ ၂၀၀၀၀ကျပ်ရှိကြောင်း၊ မြိတ်မြို့ရှိ ကွမ်းသီးခွဲခြမ်း အဟောင်းများ လက်ကျန် မရှိတော့ကြောင်း လက်ရှိပေါက်စျေးအရ ခွဲခြမ်းတစ်ပိဿာစျေးနှုန်းမှာ ၁၂၀၀၀ကျပ် ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ဆေးဖက်ဝင်ကမ်းဇော်ဆီနှင့် စျေးနှုန်းစျေးကွက်

    ကမ်းဇော်ပင်ကို မြန်မာနိုင်ငံတောင်ဘက်ရှိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွန်းစု မြို့နယ်၊ တနင်္သာရီမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်တို့ရဲ့ သစ်တောများ၏ မြေနိမ့်ချိုင့်ဝှမ်းအတွင်း ရွှံ့နွံပေါ ပြီး ရေရရှိသော စွတ်စိုသည့်ဒေသများမှာ အလေ့ကျပေါက်ရောက်တဲ့ နှစ်ရှည်ပင်တစ်မျိုးဖြစ်ပါတယ်။ ကမ်းဇော်ပင်ဟာ ရာသီဥတုဒဏ်ကိုခံနိုင်ပြီး အရိပ်ရအပင်လည်းဖြစ်ပါတယ်။ ဆေးဝါးများ၊ စက်မှုကုန် ကြမ်းများ၊ လူသုံးကုန်ပစ္စည်းများအဖြစ်လည်း ကမ်းဇော်ပင်ရဲ့ အစေ့နှင့် ကမ်းဇော်ဆီမှ ထုတ်လုပ်ရရှိ သဖြင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ပြီး ဝင်ငွေများရရှိနိုင်ကြောင်း လေ့လာသိရှိရပါတယ်။ 

       ကမ်းဇော်ပင်သည် နှစ်ရှည်သီးနှံဖြစ်၍ အပင်၏သက်တမ်းမှာ (၁ဝ)နှစ်အရွယ်တွင် အသီးများ စတင်သီးပွင့်ပြီး မိုးများသည့်ဒေသဖြစ်သည့်အတွက် (၃)နှစ်မှတစ်ကြိမ်သာ အသီးသီးလေ့ရှိပါသည်။ ကမ်းဇော်ပင်သည် တပို့တွဲ-တပေါင်းလများတွင် အပွင့်ပွင့်ပြီး၊ တပေါင်း-တန်ခူးလတွင် အစိမ်းရောင် ရှိသော အသီးများသီးကာ ကဆုန်-နယုန်လ၌ အသီးများကြွေချိန်တွင် အစေ့များကို ကောက်ယူရ ပါတယ်။ ကမ်းဇော်စေ့၏ အရောင်မှာ အညိုရင့်ရောင်ရှိပြီး အစေ့၏ ပုံစံမှာ ပြောင်ချော၍ မာကျော သည့်ပုံစံရှိပါတယ်။ ၎င်းအစေ့ကို အခြောက်ခံပြီးကြိတ်ပါက ဆေးဖက်ဝင်သော ကမ်းဇော်ဆီကို ရရှိမှာဖြစ်ပါတယ်။ ကမ်းဇော်ပင်တစ်ပင်၏ အသီးထွက်ရှိမှုမှာ တင်း(၂ဝ) မှ (၃ဝ)ခန့်ထွက်ရှိပြီး ပြည်ချင်အားဖြင့် (၃ဝဝ)နီးပါး ခန့်ထွက်ရှိပါတယ်။ ဒေသထွက်ကမ်းဇော်ဆီကို အရည်အသွေးမြင့် ထုတ်ပိုးရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် အခြားပြည်နယ်များသို့တင်ပို့ရောင်းချကြကြောင်း သိရှိရပါ သည်။ မြိတ်မြို့တွင်ဖြစ်ပေါ်နေသောစျေးနှုန်းအရ ကမ်းဇော်ဆီ အကြည် ၅ကျပ်သား တစ်ဗူးလျှင် ၄၂၀၀၀ကျပ်၊ ၁၅ကျပ်သားတစ်ဗူးလျှင် ၁၂၀၀၀၀ကျပ်နှင့် ၄၅ ကျပ်သားတစ်ဗူးလျှင် ၃၆၀၀၀၀ကျပ် ရှိပြီး ကမ်းဇော်ဆီ အနစ်ပါ ၅ကျပ်သား တစ်ဗူးလျှင် ၃၆၀၀၀ကျပ်၊ ၂၀ကျပ်သားတစ်ဗူးလျှင် ၁၄၀၀၀၀ကျပ်နှင့် ၄၀ ကျပ်သားတစ်ဗူးလျှင် ၂၈၀၀၀၀ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စီးပွားရေးတွက်ချေကိုက်သောနဂါးမောက်သီးနှင့် ‌ဒေသတွင်းစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ကန်းရိုးတန်ဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များပေါများသည့်အပြင် ဒေသထွက်ကုန်များဖြင့် စီးပွားရေးပြုလုပ်ကြသည့်ဒေသလည်းဖြစ်သည်။ ဒေသတွင်းစိုက်ပျိုးလျက်ရှိသော သီးနှံ၊ ထွက်ကုန်များမှ နဂါးမောက်သီးကိုလည်းတစ်နိုင် တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ပြည်တွင်းစျေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ နဂါးမောက်သီး သည်မေလမှအောက်တိုဘာလအထိအသီးထွက်ရှိနိုင်သောကြောင့် စီးပွားရေးတွက်ချေကိုက်သော သီးနှံတစ်ခုလည်းဖြစ်သည်။ ၄၀°မှ ၁၀°ကြား စိုက်ပျိုးနိုင်မှုအကောင်းဆုံးဖြစ်ပြီး ၎င်းအပူချိန်ထက် ပို/လျော့ဖြစ်ပေါ်လာပါက အပင်ပုတ်ရောဂါဖြစ်ပေါ်နိုင်သောကြောင့် ပြုစုထိန်းသိန်းခြင်းပြုလုပ်ရမည် ဖြစ်သည်။ မြိတ်ခရိုင်ရှိ ကျေးရွာနှင့် မြို့ပေါ်တွင်ပါစိုက်ပျိုးနိုင်ပြီး အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။

    တနင်္သာရီတိုင်းတွင် နဂါးမောက်သီးကို ‌တောင်ပေါ်ဒေသများနှင့် မောတောင်ဒေသများတွင် အများဆုံး ထွက်ရှိပြီး ဒေသတွင်းမြို့ပေါ်ရှိ သစ်သီးအရောင်းဆိုင်များနှင့် စျေးများတွင် ရောင်းချကြသည်။ ဒေသတွင်း စိုက်ပျိုးမှုရှိသော်လည်း ရန်ကုန်မြို့နှင့် အခြားမြို့မှလည်း ဝယ်ယူရောင်းချလျက် ရှိပါသည်။ ဒေသထွက်နဂါးမောက်သီးတွင် အဖြူနှင့်အနီရောင်ဟူ၍နှစ်မျိုးရှိပြီး အနီရောင်အသီးမှာ စျေးကွက်တွင် စျေးပိုရရှိကြောင်း၊ အရသာမှာပို၍ချိုကြောင်းသိရှိရပါသည်။ အရွယ်အစားပေါ်မူတည် ၍လည်းစျေးနှုန်းကွဲပြားကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင် ရောင်းချနေသောနဂါးမောက်သီး စျေးနှုန်းအရ အဖြူရောင်အသီးအကြီးတစ်လုံးလျှင် ၄၅၀၀ ကျပ်ခန့်စျေးနှုန်းရရှိပြီး ပုံမှန်တစ်လုံးလျှင် ၃၀၀၀ကျပ်ခန့်ရှိကြောင်း အနီရောင် အသီးအကြီးတစ်လုံးလျှင် ၅၀၀၀ကျပ်ခန့်ရှိပြီး ပုံမှန်တစ်လုံးလျှင် ၃၅၀၀ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအား စာရင်းကောက်ယူ၍  ဒီဇင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အခွန်ကောက်စာရေး ဦးသန့်ဇင်ဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန် ရောင်းချဆိုင်များဖြစ်သည့် ဒေါ်အိအိချော ကုန်စုံဆိုင်၊ ဒေါ်မိုးစန္ဒာကုန်စုံဆိုင်၊ ဒေါ်မာမာစိုး ကုန်စုံဆိုင်တို့မှ စားအုန်းဆီ တစ်ပိဿာလျှင် (၆၆၆၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၀၀၀မှ၂၀၀၀) ကျပ်ထိ၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၉၀၀၀မှ ၁၀၀၀၀)ကျပ်၊ ငရုပ်တောင့်ရှည် တစ် ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ သကြား တစ်ပိဿာ လျှင် (၅၅၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၀၀၀မှ ၇၅၀၀) ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

       ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် စားအုန်းဆီနှင့် အာလူးဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိပြီး  အခြားသောစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပြီး လုပ်ငန်းရှင်များသို့ မေးမြန်းရာ ရန်ကုန်ဝယ်ယူတင်သွင်းရသည့် ဈေးနှုန်း ကျဆင်း၍ အနည်းငယ်ကျဆင်းရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း