ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သရက်မြို့၌ ကွမ်းရွက်ဈေးနှုန်းမြင့်တက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ကွမ်းရွက် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ကွမ်းရွက်တစ်ပိဿာလျှင် အရည်အသွေး အလိုက် ကျပ်(၁၂၀၀၀ မှ ၁၃၀၀၀)ရှိခဲ့ပြီး ယခုဒီဇင်ဘာလ (ပထမပတ်)နှင့် (ဒုတိယပတ်)တွင် ကွမ်းရွက် တစ် ပိဿာလျှင် ကျပ်(၁၅၀၀၀မှ၁၇၀၀၀)ထိ ဈေးကွက်ဖြစ်နေကြောင်း သိရသည်။ ဈေးနှုန်းမြင့်တက်လာရ ခြင်းမှာ အခြားဒေသမှထွက်ရှိသော ကွမ်းရွက်များထက် သရက်မြို့နယ်ရှိ ကွမ်းရွက်များမှာ အရည် အသွေးကောင်းမွန်သည့်အပြင် ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် ဖြစ်ပြီး ကွမ်းဈေးတက်လာသော်လည်း ဝယ်ယူစားသုံးမှုသည် လျော့မသွားဘဲ ယခင်ကအတိုင်း ပင်စားသုံးလျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ဈေးနှုန်းကျဆင်းလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ကို နတ်တလင်းမြို့၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်()ပိဿာလျှင် ကျပ်(၃၂၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်()ပိဿာလျှင် ကျပ် (၃၆၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၄၀၀၀) ဈေးနှုန်းကျဆင်း ကြောင်း သိရသည်။ မင်းဘူးမြို့မဈေး၌ ငါးပိ၊ ငါးခြောက်များကို ရန်ကုန်မြို့၊ ဖျာပုံမြို့နှင့် နတ်တလင်း မြို့တို့မှ တိုက်ရိုက်မှာယူရောင်းချသည့်အတွက် ယခုအချိန်တွင် ဈေးအတွင်းသို့ ဝင်ရောက်မှုများလာ သဖြင့်  ဈေးနှုန်းမှာ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ ထန်းပင်မြစ်ဈေးနှုန်းမြင့်တက်လျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌  ထန်းပင်မြစ်ကို မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်း၊ ရေမြက်၊ ပွင့်ဖြူမြို့နှင့် စကုမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ထန်းပင်မြစ်အချောင်း (၂၀) ပါ ()စည်းလျှင် ကျပ် (၄၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ(တတိယပတ်)တွင် ထန်းပင်မြစ်အချောင်း (၂၀) ပါ() စည်းလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ လှိုင်လှိုင်ထွက်ရှိသော် လည်း ရာသီစာဖြစ်သည့်အတွက် ဈေးကွက်တွင် ဝယ်လိုအားမြင့်ပြီး အရောင်းအဝယ်မှာလည်း သွက် နေသောကြောင့် ဈေးနှုန်းမှာမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ အာလူးကို ကုန်စိမ်းသီးနှံ ဈေးကွက်တွင် ကျောက်ပန်းတောင်းမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်း‌မြို့တို့မှထွက်ရှိသော အာလူးများဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၅၅၀၀-၆၀၀၀-၆၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင် နိုဝင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၆၅၀၀-၇၀၀၀-၇၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ  ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အာလူး (၁)ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းအာလူး ထွက်ရှိမှုမရှိသေးဘဲ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ မှာယူရောင်းချရပြီး ဈေးအတွင်း ဝင်ရောက်မှု များလာသောကြောင့် အာလူးဈေးနှုန်းမှာ အနည်းငယ်ကျလာခြင်းဖြစ်ကြောင်း  သိရှိရ သည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ နံနံပင်ဈေးနှုန်းကျဆင်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ ရေတွင်းကုန်း၊ ရေမြတ်၊ ရွာသာစသည့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ(ဒုတိယပတ်)တွင် နံနံပင်(၁၀)ကျပ်သားလျှင် ကျပ်(၄၀၀)ဖြင့် ရောင်းချ လျက်ရှိပြီး (ပထမပတ်)တွင် နံနံပင်(၁၀)ကျပ်သားလျှင် ကျပ်(၅၀၀)ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။ မင်းဘူးမြို့နယ်အတွင်းရှိ သောင်ပြင်စိုက်ခင်းများမှ စတင်ထွက်ရှိလာသည့်အတွက် ဈေးနှုန်း လျော့ကျလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးဈေးနှုန်းအနည်းငယ်မြင့်တက်

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးကို မင်းဘူးမြို့နယ်အတွင်းရှိ ကျောက်တံခါးရွာ၊ စကု၊ ပွင့်ဖြူစသည့် ဒေသများအပြင် မကွေးနှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းသီး()ပိဿာလျှင် ကျပ်(၄၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်နိုဝင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းသီး()ပိဿာလျှင် ကျပ် (၃၀၀၀)ဖြင့် ရောင်းချ ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၈၀၀)ခန့် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ ခရမ်းသီးများ လှိုင်လှိုင်ထွက်ရှိချိန်မဟုတ်ဘဲ အခြားဒေသမှ မှာယူရောင်းချရသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဘူးသီးဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်သွက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ ကုန်စိမ်းသီးနှံ ဈေးကွက်သို့ မြို့ပတ်ဝန်းကျင်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်နှင့် ဧရာဝတီမြစ်အရှေ့ ဘက်ကမ်းရှိ မြေနုကျွန်းရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် ဘူးသီးသီးနှံသည် နိုဝင်ဘာလ (ပထမပတ်)မှ စတင်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်ဘူးသီး(၁)လုံးလျှင် (အလုံး အကြီး၊ အသေး) အရွယ်အစားအလိုက် ကျပ်(၃၀၀၀-၄၀၀၀)ဖြင့်ရောင်းချလျက်ရှိပြီး ယခင်ပေါ်စအချိန် နိုဝင်ဘာလ (ပထမပတ်)တွင် ဘူးသီး ကျပ်(၂၀၀၀-၂၅၀၀) ဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု တစ်ပတ်တွင် ကျပ်(၁၀၀၀-၁၅၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ဘူးသီး စိုက်ပျိုးသည့် ကျေးရွာများရှိ ဘူးသီးစိုက်ခင်းများတွင် အထွက်နှုန်းများ လျော့နည်းလာသည့် အတွက် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်လာသော်လည်း မင်းလှမြို့ပေါ်ရှိ အကြော်ဆိုင် များမှ ဝယ်ယူမှုများသည့်အတွက် အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ဆင်ဖြူကျွန်းဒေသ၏ ပန်းဂေါ်ဖီစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့ စလင်းချောင်းအနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင် စသည့်ကျေးရွာ များမှတောင်သူများသည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင်  စားသုံးသူများပြား၍ ဈေးကွက်အခိုင် အမာရှိသော စားဖိုဆောင်သုံး ရာသီစာကာလတိုသီးနှံဖြစ်သည့် ပန်းဂေါ်ဖီမှာ ဈေးကောင်းရ၍ တောင်သူများ ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

            ပန်းဂေါ်ဖီသည် မုန်လာအုပ်စုတွင်ပါဝင်သော အပင်များဖြစ်၍ မြေဆီဩဇာကြွယ်ဝသော မြေအမျိုးအစားကို ကြိုက်နှစ်သက်ကြောင်း၊ အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ်ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ပူ၍ခြောက်သွေ့သော ရာသီဥတုတွင် ပန်းမပွင့်သည့် အတွက် အေးပြီးအစိုဓာတ်ရသောနေရာတွင် စိုက်ပျိုးသင့်ကြောင်း၊ ခြောက်သွေ့လွန်းသော ရာသီ          ဥတုတွင် အပွင့်ဖြစ်ထွန်းရန်ခက်ခဲကြောင်း၊ မြေပြန့်ဒေသများတွင် စက်တင်ဘာနှင့် အောက်တိုဘာ  လများတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် ဧပြီ၊ မေ၊ စက်တင်ဘာနှင့်အောက်တိုဘာ လများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင် (၁.၅-၂)ပေအကွာ၊ တစ်တန်းနှင့်တစ်တန်း(၂-၂.၅)ပေခန့်အကွာ စိုက်ပျိုးရ ကြောင်း၊ သို့မှသာလေဝင်လေထွက်ကောင်း၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်း ကြောင်း၊ တစ်ပတ်လျှင်(၂)ကြိမ်ခန့် ရေသွင်းပေးရကြောင်း၊ အပင်သက်တမ်း(၃)လခန့်အကြာတွင် ပန်းပွင့်များစတင်ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်မှ (၃-၄)လကြာအထိ ခူးဆွတ်ရောင်းချရ ကြောင်း၊ အဝေးသို့တင်ပို့ရောင်းချပါက အပင်ကိုအရွက်များ(၃-၄)ရွက်ခန့် ချန်၍ခုတ်ရကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရှိရသည်။ ဆင်ဖြူကျွန်းဒေသထွက် ပန်းဂေါ်ဖီပွင့်များကို ပွင့်ဖြူ၊ စလင်း၊ စကု၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်) တွင် ပန်းဂေါ်ဖီပွင့်အရွယ်အစားပေါ်မူတည်၍ တစ်ပွင့်လျှင် ကျပ်(၁၅၀၀)မှ ကျပ်(၂၀၀၀)အထိ ဈေး ကောင်းရရှိကြောင်းသိရှိရသည်။ ရာသီပေါ်သီးနှံဖြစ်၍ စားသုံးသူဈေးကွက်၌လည်း အရောင်းသွက် လျက်ရှိသောကြောင့် ဆင်ဖြူကျွန်းဒေသရှိ  ပန်းဂေါ်ဖီစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပြည်မြို့ရဲ့ ဈေးကောင်းရနေတဲ့သံပုရာသီးဈေးကွက်

      ပြည်တွင်း၌ စားသုံးမှုများသော အသီးအနှံများတွင် သံပုရာသီးလည်း တစ်မျိုးအပါအဝင် ဖြစ်ပါသည်။ သံပုရာသီးကို ဗမာသံပုရာ၊ ရှမ်းသံပုရာစသည်ဖြင့် အမျိုးအစားခွဲခြား စိုက်ပျိုးလာကြပါသည်။ သံပုရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ သံပုရာပင်ကို အစေ့စိုက်၍ လည်းကောင်း၊ မြေထုပ်စည်းနည်းဖြင့်လည်းကောင်း မျိုးပွားယူကြပါသည်။ မြေထုပ်စည်းနည်းဖြင့် စိုက်ပျိုးပါက အပင်ကြီးထွားမြန်၍ အသီးလည်းသီးမြန်သော်လည်း ထိုနည်းဖြင့်မစိုက်ပဲ အစေ့မှ စိုက်ပျိုး ကြသည်သာများကြပါသည်။ သံပုရာပင်စိုက်ပျိုးသောအခါ အတန်းလိုက် တစ်ပင်နှင့် တစ်ပင် အနည်းဆုံး (၁၅)ပေခန့်ခွာစိုက်ပျိုးမှသာ အသီးများစွာ သီးနိုင်ပါသည်။ သံပုရာပင်သည် ပင်ပုမျိုးဖြစ်၍ အပင်အမြင့်မှာ (၈)ပေမှ (၁၅) ပေအထိသာရှိပါသည်။ စ၍စိုက်သည်မှ (၃)နှစ် သို့မဟုတ် (၄)နှစ်သားအရွယ်တွင် စ၍ အသီးသီးပါသည်။ အသီးသည် အချို့ငယ်၍ အချို့ကြီးလျက် အချို့မှာလုံး၍ အချို့သည် ဘဲဥပုံမျိုး ဖြစ်သည်။ ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ယနေ့အထိ ပြည်မြို့ရဲ့ဈေးကွက်တွင် သံပုရာသီးမှာ ဈေးကောင်းရနေပြီး အရောင်းအဝယ်လည်းဖြစ်လျက်ရှိပါသည်။ သံပုရာသီးမှာ လှိုင်လှိုင်ပေါ်ချိန် မဟုတ်သောကြောင့် စားသုံးသူများမှ ဈေးကြီးပေး၍ ဝယ်ယူစားသုံးကြရပါသည်။ မြန်မာ့ရိုးရာ အစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေစားသုံးကြတဲ့အခါ သံပုရာသီးကို အသုံးများ လာကြပါသည်။ သံပုရာသီး၏ မွှေးရနံ့က အနံ့အသက်ကိုလည်းထိန်းပေးပါသည်။ အအီစာ၊ တတ်စာတွေစားပြီးတဲ့အခါ သံပုရာသီး ဆေးအနေဖြင့် စားသုံးလာကြပါသည်။ ယခုနောက်ပိုင်း တွင် သံပုရာသီးကို ယိုထိုး၍လည်းကောင်း၊ သံပုရာသီးသနပ်လုပ်၍လည်းကောင်း၊ သံပုရာသီး ဆားရေစိမ်ပုလင်းများဖြင့် ရောင်းချလာ သောကြောင့် သံပုရာသီးမှာဈေးကွက်ဝင် ရောင်းတန်းဝင်ဖြစ်လာပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် လာသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများပွင့်လင်းလာပြီး တန်ဖိုးမြှင့်ထုတ်ကုန်သီးနှံအဖြစ် ပိုမို စိုက်ပျိုးသင့်ပါသည်။ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ဒီဇင်ဘာလဒုတိယပတ်အထိ ဈေးကောင်းရနေပြီး အရောင်းအဝယ်လည်း ဖြစ်လျက်ရှိပါသည်။ သံပုရာသီးအချောအလုံးကြီး တစ်လုံးလျှင် ကျပ် (၅၀၀)၊ အလုံးလတ် တစ်လုံးလျှင် ကျပ် (၃၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၂၀၀) ထိဈေးကောင်းပေး ၍ ဝယ်ယူစားသုံးရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်တွင် ကြံများစတင်ထွက်ရှိ

         ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြံစိုက်ဧက (၂၀၀၀၀) ကျော်စိုက်ပျိုးထားပြီး ယခုအခါ ကြံများ စတင်ခုတ်သိမ်းလျက်ရှိပါသည်။ ထွက်ရှိလာသောကြံများအား ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြား စက်နှင့် ပြည်နဝဒေးသကြားစက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြံ (၁) တန် လျှင် (၁၇၀၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် (၁) ဧကလျှင် တန် (၃၅) တန် ဝန်းကျင်ထွက်ရှိကြောင်း သိရှိရပါသည်။ (၁) ဧက ကုန်ကျစရိတ်အနေဖြင့် (၂၅၀၀၀၀) ကျပ် ပတ်ဝန်းကျင်ကုန်ကြ၍ ကြံစိုက်တောင်သူများ အနေဖြင့် (၁)ဧကလျှင် အကျိုးအမြတ် (၂၅၀၀၀၀) ကျပ်မှ (၃၀၀၀၀၀) ကျပ်အထိရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း