
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာရှိ တောင်သူ လယ်သမားများ ဆောင်းသီးနှံ ဗီယက်နမ်မျိုးမြေပဲ စိုက်ပျိုးလျက်ရှိရာ၊တောင်ငူမြို့နယ်၌ ဆီထွက် သီးနှံမြေပဲ ၃၈၈၅ ဧက စိုက်ပျိုးထားကြောင်းလည်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရ သိရှိရပါသည်။
ဒိုးသောင်ကျေးရွာအုပ်စုရှိ ဆောင်းသီးနှံ စိုက်ပျိုးမြေများတွင် ယခုနှစ် တွင် မြေပဲစိုက်ပျိုးမှု များပြားသည်။ ဆီထွက်သီးနှံဆောင်းမြေပဲကို ဗီယက်နမ်မျိုးမြေပဲ စိုက်ပျိုးကြသည်။ စိုက်ပျိုးချိန်တွင် မျိုးမြေပဲ(၁)တင်း ၅၅၀၀၀ ကျပ် ဝယ်ယူရပြီး မြေပဲ (၁)ဧက စိုက်ပျိုးရန် မျိုးမြေပဲ (၄)တင်း လိုအပ်ကြောင်းလည်း သိရှိရပါသည်။ မြေပဲနုတ်သိမ်းချိန် ယခင်နှစ်က မြေပဲတစ်တင်း စိုက်ပျိုး လျှင် ၁၀ တင်းမှ ၁၄ တင်းထိ ထွက်ရှိခဲ့ပြီး၊ ယခုနှစ်တွင် မြေပဲ(၁)တင်းစိုက်ပျိုးရာ ၁၀ တင်းသာ ထွက်ရှိ ကြောင်း၊ စိုက်ပျိုးချိန်တွင် ပဲမျိုးများမှာ အပင်ပေါက်အား နည်းသောကြောင့် အထွက်နှုန်း လျော့နည်း ကြောင်း သိရှိရသည်။
မြေပဲရိုး အခြောက်များကို နွားစာအဖြစ် အသုံးပြုကြသည်။ မြေပဲဆံ တစ်ပိဿာ ၁၂၀၀၀ ကျပ် ဝယ်ယူပါကြောင်း၊ မြေပဲဆံ ဆီကြိတ်ရောင်းပါက ပဲဆီ(၁၀) ပိဿာ (၂၂၀၀၀၀)ကျပ် ရောင်းချ ရ ကြောင်း၊ မြေပဲအတောင့် တစ်တင်းကြိတ်ပါက ဆီ (၆)ပိဿာ ထွက်ရှိပြီး ပဲခွဲစက်တွင် အခွံချွတ် ရောင်းချကြကြောင်း၊ ယခုနှစ်တွင် (၁)ဧက မြေပဲ စိုက်ပျိုးပါက မြေပဲထောင့် ၄၀ တင်း သာ ထွက်သော ကြောင့် မြေပဲစိုက်သည့် တောင်သူများ အမြတ်နည်းကြောင်း၊ ထွက်လာသည့် မြေပဲများ တောင်ငူမြို့ရှိ ဆီစက်များတွင် ရောင်းချကြောင်း မြေပဲစိုက်တောင်သူ ဦးဝင်းလှိုင်၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)
