ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို၏ MSMEလုပ်ငန်းဖြစ်သော မုန့်ကြက်ဥကြော်

            မုန့်ပဲသရေစာများတွင် ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်ရောင်းချလျက်ရှိသည့် အသင့်စား မုန့်အမျိုးမျိုးရှိသည့်အနက် အညာဒေသထွက် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သည့် အညာမုန့် ကြက်ဥကြော်သည်လည်း ဈေးကွက်အတွင်း နေရာတစ်ခုရရှိနေကြောင်း သိရှိရသည်။

            အညာမု့န်ကြက်ဥကြော်ပြုလုပ်နည်းကို ကောက်ညှင်းဆန်၊ ငချိပ်ဆန်တို့ကိုကြိတ်ပြီး ဆန်မှုန့်နှင့်‌ ရောကာ (၄)နာရီကြာနှပ်ထားပြီး ဆီပူပူတွင် အခွေလေးတွေဖြစ်အောင် အပေါက်ဖောက်ထားသောခွက်နှင့် ခပ်၍ ကြော်ရကြောင်း၊ ကြော်ပြီးသားမုန့်များကို ဆီစစ်ပြီး ထန်းလျက်ရည်ကျို ထားသော ဇလုံထဲသို့ (၁)နာရီကြာမုန့်များကိုစိမ်ထားပြီးပါက အနံ့အရသာနှင့် ပြည့်စုံသော မုန့်ကြက်ဥကြော်မုန့်များရရှိ၍ ဈေးကွက်သို့ရောင်းချရကြောင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၌ ရောင်းချနေသော မုန့်ကြက်ဥ ၂၅ ကျပ်သားလျှင် (၄၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၅၅၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ နေ့စဉ် မုန့်ကြက်ဥ ပိဿာချိန် (၂၀-၂၅) ပိဿာခန့်ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာမုန့်ဖြစ်သောကြောင့် ဒေသတွင်း စားသုံးမှုများပြီး တဆင့်ပြန်ရောင်းချသူများလည်း ဖောက်သယ်ပေးရကြောင်း၊ အရောင်းအဝယ်ကောင်းပြီး MSME လုပ်ငန်းဖြစ်သော မြန်မာမုန့်ကြက်ဥရောင်းဝယ်‌ရေးသည် ရပ်ကွက်ကျေးရွာများအတွင်း ထုတ်လုပ်ရောင်းချကြပြီး ဈေးကွက်၌ မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်အဆင်ပြေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုဈေးကွက်တွင် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး ငြိမ်ပြီးအရောင်းအဝယ်ဖြစ်နေ

စားတော်ပဲ

           ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၇၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင် (၇၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း တူညီကြောင်း၊ လက်ရှိအချိန်ထိ စားတော်ပဲအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်အဟောင်းများသာရောင်းချသဖြင့် ဝယ်ယူသူများမှ လိုအပ်သလောက်သာဝယ်ယူခြင်းနှင့် လက်ကျန်နည်းပါးခြင်းတို့ကြောင့် အရောင်းအဝယ်မှာလည်းအေးပြီး ဈေးငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ် ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲလုံးရေစိမ်

            ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၄၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင် များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ မိုးစပါးစိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်ရရှိမှုအခြေအနေ

                  မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေပြု စီးပွားရေးစနစ်အတွင်း စပါးသီးနှံသည် အဓိကအစား အစာဖြစ်ရုံသာမက တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းအရင်းအမြစ်၊ ဒေသစီးပွား ရေးလည်ပတ်မှုနှင့် နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသည့် သီးနှံတစ်မျိုးအဖြစ် ရပ်တည် နေသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူခရိုင်မှာ မိုးစပါးအဓိကစိုက်ပျိုးထုတ်လုပ်လျက် ရှိပြီး နှစ်စဉ်မိုးစပါးစိုက်ပျိုးမှုသည် ဒေသခံတောင်သူများ၏ အဓိကဝင်ငွေရရှိရာ လမ်းကြောင်းဖြစ်လာ လျက်ရှိသည်။

         သို့သော် ယနေ့အချိန်တွင် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းသည် အထွက်နှုန်းတိုးတက်လာခြင်းနှင့် အတူ သွင်းအားစုကုန်ကျစရိတ်များ မြင့်တက်လာမှု၊ လုပ်သားရှားပါးမှုနှင့် ဈေးကွက်မတည်ငြိမ်မှု တို့ကြောင့် တောင်သူအကျိုးအမြတ်အပေါ် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

မိုးစပါးစိုက်ပျိုးမှုအခြေအနေ

           ကန့်ဘလူခရိုင်တွင် မိုးရာသီကာလအတွင်း မိုးရေချိန်အခြေအနေမှာ ပုံမှန်အတိုင်းရရှိခဲ့ပြီး ဒေသအလိုက် မိုးရေရရှိမှုမတူညီသော်လည်း  မိုးစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်မှုရှိ ကြောင်းတွေ့ရသည်။ ဒေသတွင် အဓိကစိုက်ပျိုးနေသည့် မျိုးစပါးများမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ဆင်းသုခ စသည်ဖြင့် စုစုပေါင်း ဧက တစ်သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ စိုက်ပျိုးကာလမှာ ပုံမှန်အားဖြင့် ဇွန်လမှ ဇူလိုင်လအတွင်း စတင်စိုက်ပျိုးပြီး အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ရိတ်သိမ်းလေ့ရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မိုးစပါးတစ်ဧက ကုန်ကျစရိတ်အခြေအနေ

          ဒေသခံတောင်သူများ၏ ပြောကြားချက်အရ ကန့်ဘလူခရိုင်တွင် မိုးစပါးတစ်ဧကစိုက်ပျိုးရန် လိုအပ်သည့် ကုန်ကျစရိတ်မှာ  မျိုးစပါးကုန်ကျစရိတ်၊ လယ်ယာမြေပြင်ဆင်ခ၊ ထွန်ယက်ခ၊ လက်လုပ်အားခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရေသွင်းရေထုတ်စရိတ်များကို စုပေါင်းတွက်ချက် ပါက မိုးစပါးတစ်ဧကလျှင် ကျပ် ၈ သိန်းမှ ၁၀ သိန်းအထိ ကုန်ကျနေကြောင်း သိရသည်။ သယ်ယူပို့ ဆောင်ရေး အခက်အခဲများကြောင့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများ၏ ဈေးနှုန်းမြင့် တက်မှု၊ လုပ်သားခနှုန်းတိုးမြင့်လာမှုတို့သည် စိုက်ပျိုးရေးကုန်ကျစရိတ်ကို သိသိသာသာမြှင့်တက် စေသည့် အကြောင်းရင်းများ ဖြစ်လာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

ထွက်ရှိမှုနှင့် ထုတ်လုပ်မှုအခြေအနေ

         ကန့်ဘလူခရိုင်ရှိ မိုးစပါး၏ ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၆၀ မှ ၈၀ အထိ ရရှိနိုင်ကြောင်း သိရသည်။ စိုက်ပျိုးနည်းပညာကောင်းမွန်ပြီး ရေထိန်းသိမ်းနိုင်မှုကောင်းသော လယ်မြေများတွင် တစ်ဧကအထွက်နှုန်း ကောင်းမွန်နိုင်သော်လည်း မိုးရေရရှိမှု မတူညီခြင်း၊ ပိုးမွှားရောဂါကျရောက်မှုများရှိသည့် လယ်မြေများတွင် ထွက်ရှိနှုန်းလျော့နည်းနေသည်။

စပါးဈေးနှုန်းနှင့် တောင်သူဝင်ငွေ

          မိုးစပါးစိုက်ပျိုးမှုမှ တောင်သူများရရှိလာသော အကျိုးအမြတ်သည် ထွက်ရှိမှုနှင့် စပါးဈေးနှုန်းပေါ် အဓိကမူတည်နေသည်။ ကန့်ဘလူခရိုင်၏ လက်ရှိ စပါးဈေးကွက်အခြေအနေအရ ကန့်ဘလူခရိုင်အတွင်း မိုးစပါးပေါက်ဈေးမှာ တင်းတစ်တင်းလျှင် ကျပ် ၂၀,၀၀၀ မှ ၂၂,၀၀၀ အတွင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊  ထွက်ရှိမှုနှင့် ဈေးနှုန်းကို တွက်ချက်ပါက မိုးစပါးတစ်ဧကလျှင် စုစုပေါင်းဝင်ငွေမှာ ကျပ် ၁၂ သိန်းမှ ၁၅ သိန်းအထိ ရရှိနိုင်သည်။ ကုန်ကျစရိတ်ကို နှုတ်ယူပြီးနောက် တောင်သူတစ်ဦး၏ အကျိုးအမြတ်မှာ မိုးစပါးတစ်ဧကလျှင် ကျပ် ၅ သိန်းမှ ၇ သိန်းခန့်သာ ကျန်ရှိ ကြောင်း တောင်သူများထံမှ သိရသည်။

တောင်သူများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

      တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးမှုမှ အကျိုးအမြတ်ရရှိနေသော်လည်း မိုးရာသီအတွင်း ဖြစ်ပေါ်နိုင်သည့် ရေကြီးရေလျှံမှု၊ ပိုးမွှားရောဂါများ၊ စပါးဈေးနှုန်းအတက်အကျ မတည်ငြိမ်မှုတို့သည် အမြတ်အစွန်းကို လျော့နည်းစေသည့် အကြောင်းရင်းများဖြစ်နေသည်။ ထို့အပြင် စိုက်ပျိုးရေး လုပ်သားရှားပါးလာမှုကြောင့် လက်လုပ်အားခမြင့်တက်လာခြင်းသည်လည်း တောင်သူအပေါ် ဖိအား တိုးလာစေသည်။

          ကန့်ဘလူခရိုင်ရှိ တောင်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အကျိုးအမြတ်ပိုမိုရရှိ ရေးအတွက် စိုက်ပျိုးနည်းပညာတိုးတက်မှု၊ မျိုးစပါးကောင်းရွေးချယ်အသုံးပြုမှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်မည့် နည်းလမ်းများကို အထူးအလေးထားလာကြောင်း တွေ့ရသည်။ ထို့အပြင် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၏ ဈေးနှုန်းတည်ငြိမ်ရေး၊ စိုက်ပျိုးရေးချေးငွေအခွင့်အလမ်းများ ပိုမိုလွယ်ကူစေရေးကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တောင်သူများက အကြံပြုထားကြသည်။

 

 

သုံးသပ်ချက်

         ကန့်ဘလူခရိုင်၏ မိုးစပါးစိုက်ပျိုးရေးသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်းကျောင်း အတွက် အရေးပါပြီး၊ ထိုက်သင့်သည်အကျိုးအမြတ် ရရှိနေသော်လည်း လက်ရှိအခြေအနေတွင်  စိုက်ပျိုးစရိတ်မြင့်တက်မှုနှင့် ဈေးကွက်မတည်ငြိမ်မှုများကြောင့် တောင်သူအကျိုးအမြတ်မှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရေရှည်တည်တံ့သော စပါးစိုက်ပျိုးရေးစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရန်အတွက် နည်းပညာအသုံးချ မှုမြှင့်တင်ခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေ အထောက် အပံ့များတိုးချဲ့ပေးခြင်းနှင့် စပါးဈေးကွက် တည်ငြိမ်ရေးဆိုင်ရာ မူဝါဒများကို ပိုမိုအလေးထား ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း တွေ့မြင်နေရပေသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၁၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများ အရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  30  ရက်နေ့မှ ဖေဖော်ဝါရီလ ၂  ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,15၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်နှင့် ဆန်စီးထွက်မှု

     ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအများဆုံး စိုက်ပျိုးလျက်ရှိသော တိုင်းကြီးတစ်ခု ဖြစ်ပြီး နှစ်စဉ် မိုး၊ နွေစပါးစိုက်ဧက(၅၂)သိန်းကျော်စိုက်ပျိုးလျက်ရှိနေပါသည်၊၊ ထွက်ရှိလာသော စပါးများကို ဆန်ကြိတ်ခွဲထုတ်လုပ်၍ ဒေသတွင်းစားသုံးမှု၊ ဖူလုံရုံသာမက ပိုလျှံသည့်ဆန်များကို ပြည်ပဈေးကွက်တင်ပို့ရောင်းချခြင်းနှင့် အခြားတိုင်း/ပြည်နယ်များသို့လည်း လစဉ်တင်ပို့ရောင်းချ လျက်နေပါသည်၊၊

  ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်များတွင် လူနည်းစု  စားသုံးလျက်ရှိသော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီထွက် စပါးဈေးနှုန်းမှာ ယခုဇန်နဝါရီလအတွင်း ပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၂၆ / ၂၈ သိန်းဝန်းကျင် ဆန်တစ်အိတ် ကျပ် ၁၁၅၀၀၀ ၊ ၁၂၄၀၀၀ ဈေး နှင့် ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း မြို့နယ် များတွင် လူအများစားသုံးမှုရှိသော ဧည့်မထစပါးတင်း ၁၀၀ ကျပ် ၁၂သိန်းဝန်းကျင် ဆန်တစ်အိတ် ၄၇၀၀၀မှ ၅၂၀၀၀ ဈေးဖြင့် ဒေသတွင်းနှင့် ရန်ကုန်အထက် အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း မြို့နယ်တစ်ခုနှင့်တစ်ခု ဈေးကွက်ဖွံ့ဖြိုးမှု ဝယ်လိုအား စပါး၊ ဆန်အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိပြီး အရောင်းအဝယ် ဖြစ်နေကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်၊၊

   ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင် အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် အများစုတွင် ပေါ်ဆန်းစပါးစိုက်ပျိုးမှုမရှိဘဲ မိုးဧည့်မထစပါးများသာ အဓိက စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီထွက် စပါးဈေးနှုန်းမှာ ယခုဇန်နဝါရီလအတွင်း  ဧည့်မထစပါးဈေးတင်း ၁၀၀ ကျပ် ၁၂သိန်း ၊ ၁၃သိန်း ဝန်းကျင်ဆန်တစ်အိတ် ယခင်ဒီဇင်ဘာလ တွင် ကျပ် ၄၆၀၀၀၊ ၄၈၀၀၀ ဈေးမှ ယခုဇန်နဝါရီလ ဈေးကျပ် ၅၀၀၀၀၊ ၅၂၀၀၀ဈေး ဖြစ်သွားသည့် အတွက် လက်ရှိဈေးကွက်တွင် ဆန်တစ်အိတ်ကျပ် ၃၀၀၀၊ ၄၀၀၀ ခန့်‌ ဈေးနှုန်း မြင့်တက်၍ အဓိကဈေးကွက်မှာ ဒေသတွင်းနှင့် ရန်ကုန် အထက်အညာဒေသများသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း ဟင်္သာတ ဆန်စပါးဈေးကွက်မှ သိရသည်၊၊

      မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် ထွက်ရှိသော စပါးဈေးနှုန်းမှာ ပေါ်ဆန်းစပါးတင်း ၁၀၀ ကျပ် ၂၃သိန်း၊ ၂၄သိန်းဝန်းကျင်ဈေး ဆန်တစ်အိတ်ကျပ် ၁၁၀၀၀၀/ ၁၂၀၀၀၀ ဈေးနှင့် အရောင်းအဝယ် ဖြစ်နေပြီး အဆိုပါမြို့နယ်များတွင် မိုးဧည့်မထစပါးတင်း၁၀၀ ကျပ် ၁၂သိန်း၊ ၁၃သိန်းဝန်းကျင် ဆန်တစ်အိတ်ကို ကျပ် ၅၀၀၀၀ ခန့်ဈေးဖြင့် ပုံမှန် ရောင်းဝယ် လျက်ရှိပြီး ယခင်ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလအတွင်း ဈေးနှုန်းကွာခြားမှုမရှိဘဲ အဓိကဈေးကွက်မှာ ရန်ကုန်နှင့် အထက် အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်၊၊

   မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် ထွက်ရှိသော စပါးဈေးနှုန်း မှာ ပေါ်ဆန်းစပါးတင်း ၁၀၀ ကျပ် ၂၄သိန်းဝန်းကျင် ဆန်တစ်အိတ်ကို ကျပ်၁၁၅၀၀၀ ဈေးနှင့် မိုးဧည့်မထစပါးဈေးနှုန်းမှာ တင်း၁၀၀ ကျပ် ၁၂သိန်း၊ ၁၃သိန်း ဝန်းကျင်နှင့် ဆန်တစ်အိတ်ကျပ် ၅၀၀၀၀/၅၁၀၀၀ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတွင် ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲ၊ ရန်ကုန်နှင့်အထက်အညာဒေသများသို့ ပုံမှန်တင်ပို့ ရောင်းချလျက် ရှိကြောင်း ဆန်၊ စပါးဈေးကွက်မှ သိရသည်၊၊

      ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုတ်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် ထွက်ရှိသော စပါးဈေးနှုန်းမှာ ပေါ်ဆန်းစပါးတင်း ၁၀၀ ကျပ်၂၃သိန်း၊ ၂၄သိန်းဝန်းကျင် ဆန်တစ်အိတ်ကျပ် ၁၀၅၀၀၀/ ၁၁၀၀၀၀ဈေး နှင့် ရောင်းဝယ်လျက်ရှိပြီး ဧည့်မထစပါးတင်း၁၀၀ကျပ် ၁၃သိန်းဝန်းကျင်ဈေးနှင့် ဆန်တစ်အိတ် ကျပ် ၄၇၀၀၀/၄၅၀၀၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်ဒီဇင်ဘာလနှင့်ယခုဇန်နဝါရီလဈေးနှုန်း ကွာခြားမှုမရှိဘဲ ဖျာပုံခရိုင်တွင် ထွက်ရှိသောစပါးများကို ဆန်ကြိတ်ခွဲ၍ ဒေသတွင်းနှင့်ရန်ကုန်၊ အထက်အညာ ဒေသများသို့ တင်ပို့ရောင်းချလျက်ကြောင်း သိရသည်၊၊

      ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အားလုံးတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ ထွက်ရှိသော စပါးဈေးနှုန်းမှာ ဈေးကွက်အနေဖြင့် ပေါ်ဆန်း စပါးတင်း ၁၀၀ကျပ် ၂၃သိန်း၊ ၂၄သိန်းဝန်းကျင် ဆန်တစ်အိတ် ၁၁၀၀၀၀/၁၂၀၀၀၀ ဝန်းကျင်ဈေးနှင့် ဧည့်မထစပါးတင်း ၁၀၀ ကျပ် ၁၂သိန်း/၁၃သိန်း ဝန်းကျင်ဆန်တစ်အိတ်ကျပ် ၄၅၀၀၀/ ၅၂၀၀၀ ဈေး အတွင်း အရောင်းအဝယ် ဖြစ်နေပြီး စပါး၊ ဆန် အရည်အသွေးပေါ်မူတည်၍ မြို့နယ်တစ်ခုနှင့် တစ်ခုဈေးနှုန်းကွာခြားမှု ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ အခြားတိုင်းဒေသများသို့ ဆန်စီးထွက်မှုမှာ ၂၀၂၅ နိုဝင်ဘာလတွင် အိတ်ရေ(၁၂၂၆၁၆၅) စီးထွက်ခဲ့ပြီး ဒီဇင်ဘာလတွင် အိတ်ရေ (၁၅၄၂၉၂၅) စီးထွက်ခဲ့သည့်အတွက် ယခင်လထက် ဆန်အိတ်ရေ (၃၁၆၇၈၇) ပိုမို စီးထွက်ခဲ့ကြောင်း သိရသည်၊၊

(DOCA ဧရာဝတီ)

လက်ပံတန်းမြို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေ

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်း   ရောင်းဝယ်လျက်ရှိသောဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက် အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများသည်  ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/  မရှိ  ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ သိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာ အပါချီ တစ်အိတ်လျှင် (၁၉၉၀၀) ကျပ်၊ ကြံ့နှစ်ကောင် တစ်အိတ်လျှင် (၂၀၆၀၀) ကျပ်၊ အယ်ဖာ တစ်အိတ်လျှင် (၂၀၅၀၀) ကျပ် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း လိုသလောက်ရရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၉-၁-၂၀၂၆)

    တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၉-၁-၂၀၂၆ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

အဝင်များသဖြင့် လက်ကျန်များနေသည့် ပြည်ကြက်သွန်နီဈေးကွက်

           ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကြက်သွန်နီများ အဝင်များလျက်ရှိရာ မကွေးတိုင်း၊ ရေနံချောင်း၊ တောင်းတွင်း၊ မြို့သစ်စတဲ့ မြို့နယ်များမှ ပြည်ဈေးကွက်သို့ ဝင်ရောက်မှုရှိနေသည်။ နေ့စဉ် ပိဿာချိန် ၁၈၀၀၀ ပတ်လည်ခန့်အဝင်ရှိနေကြောင်းသိရပြီး ဈေးကွက်မှ တစ်ဆင့် ရွှေတောင်၊ ပေါင်းတည်၊ နတ်တလင်း၊ သာယာဝတီနယ်များသို့ ကားလမ်းကြောင့်ဖြင့်လည်းကောင်း၊ အနောက်ဘက်ကမ်းရှိ ဆင်တဲ၊ ရွှေဘုံသာ၊ သစ်ဆိမ့်ပင်ရွာများသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ပြည်ဈေးကွက်မှ စီးဆင်းမှုများရှိနေကြောင်း သိရသည်။ ပြည်ပွဲရုံများ၌ ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ဝင်ရောက်မှုများနေသည့်အတွက် ဈေးကွက်အတွင်း ကြက်သွန်နီလက်ကျန်များလျက်ရှိနေသည်။ ဈေးနှုန်းမှာ ယခင် နှစ် ၂၀၂၅ ခုနှစ်၊ ကာလတူဈေးနှုန်းမှာ လက်လီ/လက်ကား ကျပ် ၂၈၀၀ - ၃၀၀၀ နှုန်းရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံးပတ်တွင် ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး ကျပ် ၂၈၀၀/၂၆၀၀/၂၄၀၀/၂၂၀၀ နှုန်းတို့နှင့် မြို့ပေါ်လက်လီဈေးများတွင် ကျပ် ၃၀၀၀/၃၂၀၀/၃၄၀၀/၃၆၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည့်အတွက် ယခင်နှစ်နှုန်းထားများအတိုင်းရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် ပြောင်းစိုက်ပျိုးထွက်ရှိမှု

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်၊ သဲသောင်ပြင် မြေနုကျွန်းတွင် တောင်သူဦးမျိုးဇော်သည် ပြောင်းများစိုက်ပျိုးထားကြောင်း သိရပါသည်။ စိုက်ပျိုးမြေမှာ (၁) ဧက စိုက်ပျိုးပြီး မျိုးမှာ စူပါ (၄၃) မျိုးဖြစ်ပါသည်။ စိုက်ပျိုးမြေ (၁) ဧကတွင် နို့ဆီဘူး (၄) ဘူး ကုန်ကျကြောင်းသိရပါသည်။ တစ်ဘူးလျှင် (၈၀၀၀၀) ကျပ်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးခမှာ (၁) သိန်း ကုန်ကြကြောင်း သိရပါသည်။ စိုက်ပျိုးပြီးမြေဩဇာမှာ ပုလဲမြေဩဇာကို အသုံးပြုထားပြီး တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ် ကုန်ကျကြောင်း သိရပါသည်။ ပိုးသတ်ဆေးမှာ အလန်း (၁) အိတ် ကုန်ကျပြီး တစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်ကုန်ကျပါသည်။ ထွန်ယက်ခမှာ (၂) သိန်းကျော် ကုန်ကျကြောင်း သိရပါသည်။ ပြောင်းများခူးဆွတ်ချိန်တွင် (၁)ဧကလျှင် လူ (၂၀) ဦးလိုအပ်ပြီး (၁)ဦးလျှင် ခူးဆွတ်ခ (၁၀၀၀၀ - ၂၀၀၀၀) ကျပ်ပေးရကြောင်း သိရပါသည်။ (၁)ဧကလျှင် စုစုပေါင်း ကုန်ကျ စရိတ်မှာ (၁၆၆၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ အထွက်ခန့်မှန်းတွက်ချက်မှုအရ (၉၅၀၀) ဖူးခန့်ထွက်ရှိပြီး တစ်ဖူးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ စိုက်ပျိုးသူတောင်သူ၏ (၁) ဧက အကျိုးအမြတ်ရရှိမှုမှာ (၃၀၉၀၀၀၀) ကျပ် ရရှိခဲ့ကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည်ပြီး အထွက်လည်းများနိုင်ကြောင်း၊ မြေကောင်းလျှင် ကောင်းသလို အထွက်တိုးနိုင်ပြီး မကောင်းလျှင် အထွက်နှုန်းနည်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

                     မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျပေါ်မူတည်၍ သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၂၃.၁.၂၀၂၆)ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီဈေးနှုန်းတစ်လီတာ မှာ ၂၄၇၅ကျပ်၊ 95 Octance ဓါတ်ဆီဈေးနှုန်းတစ်လီတာမှာ ၂၅၁၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီ တာမှာ ၂၄၃၅ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၇၅၀ကျပ်ဖြစ်ကြောင်း သိရှိရပါ သည်။

            ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၆၀၀ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၆၄၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၅၆၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၂၉၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ်ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ရည်ညွှန်းဈေးနှုန်းမြင့်တက်လာသည့်အတွက် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း