ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကောက်ရိုးမှိုစိုက်ပျိူးမှုအခြေအနေ

                 ကောက်ရိုးမှိုသည် မြန်မာလူမျိူးတို့နှစ်သက်သော အစားအစာတစ်မျိူးဖြစ်သည်။ ကန်စွန်းရွက် နှင့်ကြော်စား၍လည်းရသလို အသားနှင့်လဲ ချက်ပြုတ်စားသောက်ကြသည်။ ကောက်ရိုးမှိုသည် သဘာဝအလျှောက် ကောက်ရိုးပုံများ၊ ရိုးပြတ်ပုံများမှ အလိုအလျှောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်း တွေ့ရှိရသည်။ ကျေးလက်ဒေသများတွင် ကောက်ရိုးများကို မှိုဆေးများ သုံးပြီး ရေလောင်း၍ တစ်နိူင်တစ်ပိုင်စီးပွားဖြစ် စိုက်ပျိူး ကြသည်။ ဇီးကုန်းမြို့တွင်တစ်နိူင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိူးသူပြောပြချက်အရ မှိုစိုက်ပျိူးရာတွင် အခြေခံ ကုန်ကြမ်းများဖြစ်သည့် ရိုးပြတ်များ ကောက်ရိုးများဂျပ်စက္ကူများကို နွားချေး၊ မြေဆွေး၊ မှိုမျိူးဆေးနှင့် ရောစပ်ပြီး ရိုးပြတ်များကိုရေစွတ်၍ အလျား(၁၀)ပေ၊ အနံ(၃)ပေ၊  မှိုပုံများပြုလုပ် စိုက်ပျိူးကြသည်။ မှိုတစ်ပုံလျှင်သွင်းအားစု အနေဖြင့်(၅၀၀၀၀)ခန့်ကုန်ကြပြီး    စိုက်ပျိူးပြီး(၂၀)ရက်ခန့်တွင် ခူးဆွတ်ရကြောင်း ကောက်ရိုးမှိုတစ်ပုံလျှင် (၁၀) ပိဿာခန့်ထိ ခူဆွတ်ရကြောင်း ဈေးကွက်တွင် ကောက်ရိုးမှို တစ်ပိဿာလျှင် (၇၀၀၀) ခန့် ရောင်းချရသောကြောင့် စိုက်ပျိူးသူတောင်သူများ အနေဖြင့် ထိုက်သင့်သည့် အကျိူးအမြတ်ရရှိကြောင်း စုံစမ်းမေးမြန်းသိရှိခဲ့ရပါသည်။

DOCA( ပဲခူး)

မအူပင်မြို့နယ်အတွင်း ရောင်းချနေသော ကြက်သွန်ဈေး အနည်းငယ်မြင့်တက်လာ

          မအူပင်ခရိုင်၊ မအူပင်မြို့တွင် စားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်သွန်နီဈေးမှာ ယခင် ဇန်နဝါရီလက ဆိပ်ဖြူကြက်သွန် ၁ ပိဿာကျပ် (၁၅၀၀)ကျပ် မှ ယခုလ ၂၀၂၆ခုနှစ် မတ်လအတွင်း ၁ ပိသာ ကျပ် (၂၃၀၀)ကျပ် အထိဖြစ်ပေါ်နေပြီး၊ နှိုင်းယှဉ်‌ဈေးနှုန်း (၈၀၀)ကျပ်မြင့်တက်လာကြောင်း၊ ကြက်သွန်နီ မြစ်သား ၁ပိဿာလျှင် ဇန်နဝါရီလက ၁ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ယခုမတ်လ မြစ်သားကြက်သွန် ၁ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  ဈေးနှုန်းနှိုင်းယှဉ်ချက်အရ (၅၀၀)ကျပ် မြင့်တက်လာကြောင်း သိရသည်။

          ကြက်သွန်နီဈေးတွေက တစ်လနဲ့တစ်လ မြင့်တက်နေလာကြောင်း ရန်ကုန်ပွဲရုံမှ ဆိပ်ဖြူ လက်ကားဝယ်ယူ ဈေးအနေဖြင့် ရှယ်အလုံးကြီး အချောဆိုရင် ကျပ်(၁၈၀၀)ဝန်း ကျင်ခန့်၊ မြစ်သား လက်ကားဈေး ၁ပိဿာ (၂၄၀၀)ကျပ်  ခန့်ပေါက်နေပေမဲ့ သယ်ယူစရိတ်၊ အလုပ်သမားခနဲ့ မအူပင်မြို့နယ် ကြက်သွန်ဒိုင်များမှ တစ်ဆင့်ပြန် လည်ရောင်းချသူတွေအနေနဲ့ ကြက်သွန် တစ်ပိသာကျပ်လျှင် (အမြတ် ၅၀၀-၆၀၀)ကျပ် အမြတ်ဖြင့်သာရောင်းချခြင်း၍ အဆင်ပြေလျက်ရှိကြောင်း ရန်ကုန်ပွဲရုံများမှ တစ်ခါမှာယူရောင်းချပါက ကြက်သွန် ပိဿာချိန် (၂၀၀၀)ခန့် မှာယူရောင်းချကြောင်း မအူပင် အခြေခံစားသောက်ကုန်ရောင်းချသော ကုန်စုံဆိုင်ကြီးပိုရှင်ပြောပြချက်အရ  သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို      အဓိကထားလုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီး သီးနှံကို လည်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

          ရုံးပတီသီးမျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်မြင့်မျိုး (Finger One) ရုံးပတီမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၁၂ ထုပ် စိုက်ပျိုးရပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၁၂၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရ၍ တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်လျက်ရှိရာ သက်တမ်းအနေဖြင့် ၂ လထိ ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီးပိဿာချိန် ၁၈၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀-၂၅၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ပျမ်းမျှ ၃၀ သိန်းခန့် ရရှိပြီး ဈေးကွက်အနေဖြင့် ရန်ကုန် ကုန်စိမ်းပွဲရုံသို့ ချိတ်ဆက်တင်ပို့ကြောင်း၊ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကိုင်းမြေတွင် ပဲကြီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

          ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ တာကွေ့ကျေးရွာ၌ လယ်ကိုင်းစိုက်ပျိုးခြင်း လုပ်ကိုင်ကြပြီး ပဲကြီး၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း စသည့်သီးနှံများ၊ ဟင်းသီးဟင်းရွက်သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးသီးနှံကို စိုက်ဧက ၁၉၄ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

          ပဲကြီးသီးနှံကို ၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄ လခန့် အကြာတွင် ခူးဆွတ်ရိတ်သိမ်းရကြောင်း၊ ပဲကြီးစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး ၁၀ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစုများနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၇ သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပဲကြီး ၁၀-၁၂ တင်း ခန့်ထွက်ရှိပြီး ပဲကြီးတစ်တင်း လျှင် ငွေကျပ် ၉၀၀၀၀- ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ  အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၅၀၀၀၀၀ ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပဲကြီးသီးနှံများကို ညောင်တုန်းပဲပွဲရုံများနှင့် ပဲကြော်ဖိုလုပ်ငန်းများ၊ ဟင်းသီးဟင်းရွက်ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း ပဲကြီးအစို ၁ပြည် လျှင် ၃၅၀၀-၄၀၀၀ ကျပ် ဖြင့်ရောင်းချကြောင်း သိရသည်။

        အရောင်းအဝယ်ဖြစ်မှုအနေဖြင့် မတ်လတွင် ပဲကြီးတစ်တင်းလျှင် ငွေကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ပဲကြီးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသတွင်း ပဲသီးခူးသူများလည်း ဝင်ငွေရရှိကြောင်း သိရပြီး၊ သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကွမ်းသီးဈေးကွက်

        ညောင်တုန်းမြို့သို့ ကျိုတ်လတ်မြို့စိုက်ပျိုးသော ကွမ်းသီးများ ဝင်ရောက်လျက်ရှိပြီး တစ်ပါတ်လျှင်  ၆ဘီးကား (၂)စီး၊ ၁၂ဘီကား (၃)စီး ညောင်တုန်းမြို့သို့ ဝင်ရောက်နေကြောင်း သိရသည်။

      ၂၀၂၆ခုနှစ်၊ မတ်လအတွင်း၌ ညောင်တုန်းဈေးကွက်တွင် ရောင်းချသောကွမ်းသီး ဈေးနှုန်းများမှာ ကွမ်းသီးအကြီးအလုံးလှ ၁လုံးလျှင် ၁၅၀-၂၀၀ကျပ်၊ လုံးကောက်ရောင်းချ နေကြောင်းတွေ့ရှိရသည်။ ကွမ်းသီးတစ်အိတ်လျှင် အလုံး၁၀၀၀ပါဝင်ပြီး ၁အိတ်ဈေး  ငွေကျပ် လက်ကားဈေး၁၅၀၀၀၀ကျပ်၊ လက်လီဈေး ၂၀၀၀၀၀ကျပ် ဖြင့် မှာယူရောင်းချရပြီး တစ်ပါတ်လျှင် ကွမ်းသီးအိတ် ၇၀အိတ် ၁၂၀ ထိရောင်းချရကြောင်း ညောင်တုန်းဈေးကွက်အတွင်းရောင်းချသူထံမှ သိရသည်။ အကျိုးအမြတ်အနေဖြင့် ကွမ်းသီးတစ်အိတ်လျှင် ၂၀၀၀၀ကျပ်ထိ အကျိုးအမြတ် ကျန်ရှိကြောင်း ကွမ်းသီးရောင်းချသူထံမှ သိရသည်။ တစ်ချို ကွမ်းနှင့် ဆေးရွက်အမျိုးမျိုး ရောင်းချသည့်ဆိုင်များမှလည်း တစ်လအတွင်း ကွမ်းသီး အိတ် ၆၀၀-၉၀၀ အထိ ရောင်းချရကြောင်း သိရသည်။ တစ်ချို့ ကွမ်းသီးများကို အခွံချွတ်၍ ရောင်းချကြပြီး ဈေးပိုရကြောင်း ကွမ်းသီးအခွံချွတ် အလုံးသန့် ၃လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် လက်လီ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  ယူခုလို နွေရာသီတွင် ကွမ်းသီးများ ညောင်တုန်းမြို့သို့ အဝင်များလျက်ရှိပြီး ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ ယခင် ၂၀၂၅ခုနှစ် နိုဝင်ဘာလဈေးနှင့်နှိုင်းယှဉ်ပါက ကွမ်းသီးဈေးကျဆင်းပြီး ၁ပိဿာလျှင် ၁၀၀၀၀ ကျပ် ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၅၇၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

         စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၅၇၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိ‌သော ကိုင်းခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်နှင့် တစ်ဧက အကျိုးအမြတ်

          ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဆယ်နှစ် ကျေးရွာ၌ ပဲ၊ နေကြာ၊ ပြောင်းနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက် စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးနှံကိုလည်း စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ခရမ်းချဉ်သီးနှံကို ၂၀၂၅ခုနှစ် စက်တင်ဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၃ လခန့် အကြာ ၂၀၂၆ခုနှစ် ဇန်နဝါရီလတွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ကိုင်းခရမ်းချဉ် သီးမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ထုတ် ၂၀ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး အပင်သက်တမ်း ၁လ အရွယ်တွင် မြေချ၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၈-၃၀ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀-၆၀၀၀ ထွက်ရှိပြီး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုများရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စအချိန်တွင် ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ ဖြင့် ရောင်းချရပြီး ဖေဖော်ဝါရီလက ၁ပိဿာ ၅၀၀၀ကျပ်ကျဆင်းလာကြောင်း ယခု မတ်လ ကိုင်းခရမ်းချဉ်းသီးပေါ်ချိန်တွင် ၁ပိဿာလျှင် ၄၀၀၀ ကျပ်သာရှိတောကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် အရင်းအနှီးနှုတ်ပြီး ငွေကျပ် သိန်း ၂၀-၂၅ ခန့် ရရှိကြောင်း သိရှိရပါသည်။

       ဈေးကွက်အနေဖြင့် ရန်ကုန်တင်ပို့ခြင်း မြို့နှင့်နီစပ်ရာဒေသများသို့တင်ပို့ပြီး ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊  ကိုင်း ခရမ်းချဉ်သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် စပါး/ဆန် မြေပြင်လက်ကျန် အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန်ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူ လုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၈ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာ လုပ်ငန်းများတွင် စပါး ဆန်လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေးအခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ဖေဖော်ဝါရီလ (၂၈) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၂၂၂၁၄၂ တင်း၊  ဆန်အနေဖြင့် ၅၃၆၂ အိတ်၊  ကုန်သည် စပါးတင်း ၁၃၂၄၀၀ တင်း၊ ဆန်အနေဖြင့် ၄၂၀၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင်  ၇၀၂၉၃၄ တင်း၊ ဆန်အနေဖြင့် ၅၀၂၀၃၃ အိတ်၊ ဆန်ဆိုင်များမှ ၂၉၄၀ အိတ်၊  စုစုပေါင်း စပါးတင်း ၂၀၅၇၄၇၉၊ ဆန် ၅၁၄၅၃၅ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ် နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၆ ခုနှစ် ပီလောပီနံ ထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်း အခြေအနေ

           ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်သည် ပီလောပီနံသီးနှံအား ကျေးလက်ဒေသရှိ ဥယျာဉ်မြေ၊ ခြံ မြေများတွင် လွန်ခဲ့သော နှစ်များစွာကပင် အစဉ်အဆက်စိုက်ပျိုးခဲ့ကြပြီး ကျုံပျော်ခရိုင်၏ အဓိကစိုက်ပျိုးသည့် သီးနှံ (၁၃) မျိုးတွင်လည်း အပါအဝင်ဖြစ်ပါသည်။ ကျုံပျော်ခရိုင်၏ ယခုနှစ် ပီလောပီနံ စိုက်ပျိုးဧက စုစုပေါင်း (၁၉၀၁၉) ဧက၏ ၉၁.၀၃% မှာ ကျုံပျော်မြို့နယ်၏ ပီလောပီနံ စိုက်ဧကဖြစ်ပြီး ဧက (၁၇၅၀၄) စိုက်ပျိုး ထားပါသည်။ တစ်ဧက ပျမ်းမျှ ပီလောပီနံဥ ပိဿာ (၃၀၀၀) အထက်ထွက်ရှိကြပါသည်။

         ပီလောပီနံဥ ပိဿာ (၁၀၀) ကြိတ်ခွဲပါက ပီလောပီနံကော်မှုန့် (၂၇) ပိဿာခန့်နှင့်ပီလောပီနံ (အလုံး) တစ်တင်းခွဲခန့် ထွက်ရှိပါသည်။ ယခင်နှစ် ပီလောပီနံထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ပီလော ပီနံဥ တစ်ပိဿာ (၃၅၀) ကျပ် ဝန်းကျင်၊ ပီလောပီနံကော်မှုန့် တစ်ပိဿာလျှင် (၁၄၀၀-၁၅၀၀) ကျပ် နှင့် ပီလောပီနံ အလုံးတစ်တင်းဈေးမှာ (၁၅၀၀) ကျပ်ဝန်းကျင်သာရှိခဲ့ပါသည်။

         ယခုနှစ် ပီလောပီနံသီးနှံ စတင်ပေါ်ထွက်ချိန်တွင် ပီလောပီနံဥဈေးမှာ တစ်ပိဿာ (၆၅၀- ၈၅၀) ကျပ်ထိ အမြင့်ဆုံးရရှိခဲ့ကြပါသည်။ ကော်မှုန့်ဈေးမှာ ဒေသဈေး တစ်ပိဿာ (၃၇၀၀-၃၈၀၀) ကျပ်မှ အမြင့်ဆုံး (၄၀၀၀) ကျပ် အထိ ရှိခဲ့ပြီး ပီလောပီနံ အလုံးတစ်တင်းဈေးမှာ (၅၀၀၀-၅၅၀၀-၆၀၀၀) ကျပ်ထိ ဝယ်ယူခဲ့ကြပါသည်။

            စိုက်ပျိုးသူတောင်သူများမှ ကိုယ်တိုင်တူးဖော်၍ ဒေသတွင်းစက်များသို့ ထော်လာဂျီများဖြင့်တင်၍ သွားရောက်ရောင်းချခြင်းနှင့် အချို့တောင်သူများမှ ပီလောပီနံကြိတ်ခွဲသည့် စက်ပိုင်များသို့ အခင်းပြတ်ရောင်းချထားပြီး စက်ပိုင်မှ တူးယူကြိတ်ခွဲခြင်းများလည်း ရှိကြပါသည်။ ထွက်ရှိ ပီလောပီနံကော်မှုန့်များနှင့် ပီလောပီနံကြိတ်ဖတ် အလုံးများအား စက်ပိုင်နှင့် ကုန်သည်များမှဒေသပေါက်ဈေးဖြင့် ဝယ်ယူကြပါသည်။

          ပီလောပီနံကော်မှုန့်များအား ထွက်ရှိမှုအတိုင်းလည်းကောင်း၊ အချို့ကုန်သည်များမှ ကုန်ချောမှုန့်အဖြစ် ထပ်မံကြိတ်ခွဲပြီးလည်းကောင်း ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းဒေသရှိ မုန့်လုပ်ငန်းများနှင့် ချိတ်ဆက်တင်ပို့ရောင်းချလျက်ရှိကြပါသည်။

          ပီလောပီနံ ကြိတ်ဖတ်များကို အလုံးပြုလုပ်၍ အခြောက်လှမ်းထားသော ပီလောပီနံအလုံး (သို့မဟုတ်) ကလောလုံးများအား အမှုန့်အဖြစ်ကြိတ်ခွဲ၍လည်းကောင်း၊ အလုံးအတိုင်းလည်းကောင်း တွံ့တေးနှင့် ဆားမလောက်ဒေသရှိ ငါးကန်းများမှ ငါးစာအဖြစ် အများစုမှာယူကြပါသည်။ ၎င်းအပြင် ပဲခူးတိုင်းရှိ တိရစ္ဆာန် အစာတောင့်စက်ရုံများသို့လည်း ပေးပို့ရောင်းချကြပါကြောင်း သိရှိရပါသည်။

             ဒေသထွက် ပီလောပီနံကော်မှုန့်နှင့် ပီလောပီနံ အလုံးဈေးကွက်မှာ ပြည်တွင်းလုပ်ငန်းများ၏ ဝယ်လိုအားပေါ် တည်မှီနေသော်လည်း ယခုနှစ်ရရှိသော ပီလောပီနံထွက်ကုန် ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက် အနေအထားအရ ပီလောပီနံစိုက်ပျိုးသူ တောင်သူများအတွက် သင့်တင့်သည်ထက် အကျိုးအမြတ်ရရှိစေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA (ဧရာဝတီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၂-၃-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၂-၃-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း