ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်၌ ရေကြီးမှုများက ဘာစမာတီဆန် အထွက်ထိခိုက်စေနိုင်

     အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခြင်းက ယခုနှစ် ဘာစမာတီဆန် ထုတ်လုပ်မှုကို ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျစေဖွယ်ရှိပြီး ကမ္ဘာ့ ဘာစမာတီဆန် ရောင်းလိုအားကို ကန့်သတ်မှုဖြစ်ပေါ်စေလျက် ပို့ကုန်လုပ်ငန်းရှင်များအား ဈေးနှုန်း ပိုမိုမြှင့်တင်ရောင်းချလာစေမည့် အလားအလာရှိနေကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

          ပန်ဂျပ်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒါရိုက်တာ Ashok Sethi က မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှု ကြီးမားမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။ ကနဦး အစီရင်ခံတင်ပြချက်များအရ ဘာစမာတီ စပါး စိုက်ခင်းများ ထိခိုက်မှုမှာ ဟက်တာ ၁.၅ သိန်းခန့်ရှိမည်ဟု ဆန်စပါးလုပ်ငန်းနယ်ပယ်ရှိ သတင်း အရင်းအမြစ်များကလည်း ပြောဆိုထားကြသည်။

          ပန်ဂျပ်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး Gurmeet Singh Khudian က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနစ်မြပ်မှုများကြောင့် ပြည်နယ်အတွင်း သီးနှံစိုက်ခင်းများ ပျက်စီးမှုမှာ ဧရိယာ ဟက်တာ ၂.၅ သိန်း (ဧက ၆ သိန်း) ခန့်ရှိနိုင်ကြောင်း၊ အဓိကအားဖြင့် ဘာစမာတီနှင့် ဘာစမာတီ မဟုတ်သော စပါးစိုက်ခင်းများ၊ ဝါစိုက်ခင်းများ ထိခိုက်မှုရှိကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ဆေးဝါးအထောက်အပံ့များနှင့် လယ်ယာလုပ်ငန်းသုံး ကျွဲနွားများအတွက် တိရစ္ဆာန်အစာများ အပါ အဝင် ကူညီထောက်ပံ့မှုများကို ပေးအပ်ထားရှိကြောင်း၊ ကျေးရွာများစွာသည် ရေနစ်မြုပ်လျက်ရှိ နေဆဲဖြစ်သဖြင့် သီးနှံပမာဏ မည်မျှထိခိုက်မှုရှိသည်ကို အချိန်ယူ ဆန်းစစ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

          သီးနှံများ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်သည့် ခရိုင်များမှာ Gurdaspur, Pathankot, Fazilka, Kapurthala, Tarn Taran, Ferozepur, Hoshiarpur နှင့် Amritsar တို့ဖြစ်ကြပြီး ၂၀၂၃ ခုနှစ် စစ်တမ်းများအရ ၎င်းခရိုင် ၈ ခုသည် ပြည်နယ်အတွင်း ဘာစမာတီဆန် ထုတ်လုပ်မှု၏ ၅၂ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ပန်ဂျပ်ပြည်နယ်သည် ဘာစမာတီ စပါးစိုက်ဧရိယာ ဟက်တာ ၈.၁၂ သိန်းမှ ဘာစမာတီဆန် တန်ချိန် ၃.၈၄ သန်းကို ထုတ် လုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄-၂၅ ခုနှစ်တွင် ဘာစမာတီဆန် တန်ချိန် ၆.၀၇ သန်းကို တင်ပို့ခဲ့ရာ ပန်ဂျပ်ပြည်နယ်မှ ၄၀ ရာခိုင်နှုန်းခန့် ပါဝင်ခဲ့သည်။

          ပန်ဂျပ်ပြည်နယ်တွင် လက်ရှိ မိုးသီးနှံရာသီကာလ၌ ဩဂုတ် ၂၉ ရက်နေ့အထိ စုစုပေါင်း သီးနှံစိုက်ဧရိယာ ဟက်တာ ၃၅.၅၂ သိန်း စိုက်ပျိုးထားရှိပြီး ဘာစမာတီနှင့် ဘာစမာတီမဟုတ် သော စပါးစိုက်ခင်းဧရိယာ ဟက်တာ ၃၂.၄၉ သိန်း၊ ဝါစိုက်ခင်း ဟက်တာ ၁.၁၉ သိန်း၊ ကြံစိုက်ခင်း ဟက်တာ ၀.၉၅ သိန်းနှင့် ပြောင်းသီးနှံ ဧရိယာ ၀.၈၆ သိန်း ပါဝင်လျက်ရှိသည်။

          ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် ပြည်နယ်များရှိ သီးနှံစိုက်ခင်းများ၏ အခြေအနေကို သုံးသပ် ရာတွင် ပန်ဂျပ်ပြည်နယ်ရှိ လယ်သမားများအနေဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း၊ ဗဟိုအစိုးရသည် လက်ရှိ သဘာဝဘေးဒဏ်ကို ကြုံတွေ့နေရသည့် ကာလအတွင်း ထိခိုက်မှုရှိသော လယ်သမားများ နှင့်အတူ ရပ်တည်လျက်ရှိပြီး ၎င်းကိုယ်တိုင်လည်း မကြာမီ၌ ပန်ဂျပ်ပြည်နယ်သို့ လာရောက်တွေ့ ဆုံမည်ဖြစ်ကြောင်းဖြင့် ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က စက်တင် ဘာ ၁ ရက်နေ့တွင် ပြောဆိုခဲ့သည်။

          ပို့ကုန်လုပ်ငန်းရှင်များကမူ ဘာစမာတီဆန်ထွက်ရှိမှုမှာ ယခုနှစ်၌ လျော့နည်းမည့် အခြေ အနေအရ ဈေးနှုန်းပိုမိုရရှိလာရန် မျှော်လင့်လျက်ရှိကြသည်။ ဘာစမာတီဆန်ကို စိုက်ပျိုးထုတ် လုပ်သော အခြားနိုင်ငံဖြစ်သည့် ပါကစ္စတန်တွင်လည်း အလားတူပင် ဘာစမာတီစပါးခင်းများ ရေကြီးနစ်မြုပ်မှုနှင့် ကြုံတွေ့ရလျက်ရှိသည်။

          ဘာစမာတီဆန် တင်ပို့သူများသည် ၂၀၂၄-၂၅ ခုနှစ်၌ ဆန်ပို့ကုန်တန်ဖိုး တစ်တန်လျှင် ပျမ်းမျှ ၉၈၀ ဒေါ်လာနှုန်း ရရှိခဲ့ကြကြောင်း၊ စပါးစိုက်ခင်းများ ရေနစ်မြုပ်မှုကို ကြုံတွေ့ရမှုမတိုင်မီ ကာလ၌ တစ်တန်လျှင် ပျမ်းမျှ ဒေါ်လာ ၉၀၀ မှ ဒေါ်လာ ၁၀၀၀ အတွင်းဈေးနှုန်းဖြင့် စာချုပ်ချုပ်ဆို ရောင်းချခဲ့ကြကြောင်း၊ ၎င်းနှုန်းထားမှ မကြာမီကာလအတွင်း တစ်တန်လျှင် ဒေါ်လာ ၁၀၅၀ အထိ ခုန်တက်လာဖွယ်ရှိသည်ဟု ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုကြကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 1 September 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားသည် ဖိလစ်ပိုင်နှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု သဘောတူညီချက် မကြာမီ ကာလအတွင်း ရရှိတော့မည်

          ကမ္ဘောဒီးယားအမျိုးသားဘဏ် (NBC) သည် ဒေသတွင်း ချောမွေ့သော ငွေပေးချေသူများအတွက် QR ကုဒ်အခြေခံ ငွေပေးချေမှုများကို ချဲ့ထွင်ရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖိလစ်ပိုင်နှင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို စတင်ရန် စီစဉ်နေကြောင်း NBC က ၁၉-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ NBC အုပ်ချုပ်ရေးမှူး Chea Serey သည် ၁၈-၈-၂၀၂၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ Bohol ပြည်နယ်တွင် ဖိလစ်ပိုင်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Eli M Remolona Jr နှင့် နှစ်နိုင်ငံဘဏ်များကြား ဒုတိယနှစ်ပတ်လည် အစည်းအဝေးတွင် အဆိုပါ အစီအစဉ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှုစတင်ခြင်းသည် ဗဟိုဘဏ်နှစ်ရပ်နှင့် နှစ်နိုင်ငံငွေကြေးမူဝါဒအပိုင်းတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်ကြိုးပမ်းမှု၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာခဲ့သည်။ ဗဟိုဘဏ်နှစ်ရပ်လုံး၏ ခေါင်းဆောင်များသည် မက်ခရိုစီးပွားရေး၊ ဘဏ်လုပ်ငန်းကဏ္ဍ၊ သုံးစွဲသူများကို အကာအကွယ်ပေးရေး မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု NBC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်မှုနှင့်ခရီးသွားဖလှယ်မှု ပိုမိုလွယ်ကူချောမွေ့စေရန် မကြာမီကာလအတွင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ငွေပေးချေမှု အစီအစဉ်ကို QR ကုဒ်စနစ်ဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ NBC ၏အဆိုအရ ဖွံ့ဖြိုးတိုးတက်မှုသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုအငြင်းပွားမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းရာတွင်ပါဝင်ရန် အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ၏ဘေးကင်းမှုနှင့် ထိရောက်မှုအားကောင်းစေရန် ဘဏ်နှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများအား တွန်းအားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံသို့ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယကုန်စည်များ အလုံးအရင်းဖြင့် စီးဆင်းဖွယ်ရှိ

   အမေရိကန်နိုင်ငံရှိ ထိုင်းအကြီးတန်းစီးပွားလုပ်ငန်းရှင်သည် အမေရိကန်နိုင်ငံမှ နောက်ဆုံး ထုတ်ပြန်ထားသည် အကောက်ခွံစည်းကြပ်မှုကြောင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ကုန်စည်များ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း သတိပေးခဲ့ပြီး အဆိုပါကိစ္စကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ရနေကြောင်း ပြောကြား ခဲ့ပါသည်။ PJUS GROUP ၏အတွင်းရေးမှူး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ အကြံပေးဆိုသူ၊ Pramook Chetphongsathorn က တရုတ်နိုင်ငံမှ ကုန်စည်များသည် သြဂုတ်လ မတိုင်ခင်အထိ အမေရိကန်နိုင်ငံမှ အခွန် ၃၀ ရာခိုင်နှုန်းကင်းလွတ်ခွင့်ရရှိသဖြင့် အကျိုးအမြတ် များ ရရှိနေကြောင်း Thansettakij အားပြောကြားခဲ့ပါသည်။ အဆိုပါကင်းလွတ်ခွင့်သည် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်းနှုန်း အကောက်ခွန်စည်းကြပ်မှု ပြုလုပ်သောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ယခင် ကုန်သွယ်ရေးစစ်ပွဲများ ကြားတွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ အပေါ် ၁၄၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပြီး တရုတ်နိုင်ငံသည်လည်း အမေရိကန်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ၁၂၅ ရာခိုင်နှုန်းကောက်ခံလျက် ရှိကြောင်း သိရပါသည်။ ယခုတွင် အဆိုပါ နှစ်နိုင်ငံလုံးသည် သဘောတူညီမှုအသစ်ရရှိအောင် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါသည်။ ထပ်ပေါင်းအနေဖြင့် အမေရိကန် နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ညှိနှိုင်းမှုကို အဆုံးသတ်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်း များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ထိုင်းနိုင်ငံ သည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ပိုလျှံသော ကုန်ပစ္စည်းများအတွက် အဓိကပစ်မှတ်ဖြစ်လာရန် မျှော်မှန်းလျက်ရှိပြီး ကုန်သွယ်ရေးသဘောတူညီချက်တိုးတက်မှုအပြီးတွင် အမေရိကန်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်နိုင်ခြေရှိကြောင်း သိရပါသည်။ အကောက်ခွန် များတိုးမြှင့်လိုက်သော်လည်း အမေရိကန်နိုင်ငံရှိ ထိုင်းအစားအသောက်ထုတ်လုပ်သည့် အဖွဲ့အစည်း PJUS GROUP သည်အဆိုပါ တင်ပို့ခွန်စည်းကြပ်မှုအသစ်ကြောင့် အကျိုးသက် ရောက်မှုများ မရှိနိုင်ကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီသည် အကောက်ခွန်စည်းကြပ်ခြင်း မြင့်တက်လာမှုနှင့်အတူ ၎င်း၏ စျေးနှုန်းများကိုလည်း မြှင့်တင်လျက်ရှိပြီး ဇူလိုင်လအတွက် ၎င်းကုမ္ပဏီ၏ ‌ရောင်းအားသည် အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုသည် SME ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေ

    စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန(MISTI) ဝန်ကြီး Hem Vanndy က စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ တိုးတက်လာစေရေး ရည်မှန်းချက်အောင်မြင်ရန် ဘေးအန္တရာယ်များကို စီမံခန့်ခွဲရန်နှင့် လျှော့ချရန် လုပ်ငန်းရှင်များအား တိုက်တွန်းထားခဲ့သည်။ ဝန်ကြီးဌာနနှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့သည် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများနှင့် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ၏ ဒေသတွင်းချိတ်ဆက်နိုင်မှုများအား မြှင့်တင်ခြင်းကို ဂုဏ်ပြုသောအားဖြင့် ၂၆-၈-၂၀၂၅ ရက်နေ့တွင် ဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာန သည် စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် နည်းပညာကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို စီမံခန့်ခွဲရန်နှင့် လျှော့ချရန်၊ ၂၀၂၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်အတန်းမှ တိုးတက်လာစေရန် ပံ့ပိုးကူညီရန်အတွက် လုပ်ငန်းများကို အလေးအနက်ထားပြီး အားပေးတိုက်တွန်းခဲ့သည်" ဟု Vanndy မှ ပြောကြားခဲ့သည်။ GIZ Cambodia ၏ Country Director Matthias Bickel က အဆိုပါစီမံကိန်းသည် SME လုပ်ငန်းများ၏ စျေးကွက်လက်လှမ်းမီမှုနှင့် နိုင်ငံတကာ လှုပ်ရှားမှု များကိုမြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့အား ပိုမိုခံနိုင်ရည်ရှိစေမည့် မူဝါဒများနှင့်စည်းကမ်း ထိန်းသိမ်းရေးတို့ကို ပုံဖော်ပေးခြင်းဖြင့် ဒေသတွင်းစီးပွားရေး အားကောင်း လာစေရန်အတွက် ကြိုးပမ်းအားထုတ်ပေးခဲ့ကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။ ဆက်လက်၍ Bickel က နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ အစီအစဉ်များမှတစ်ဆင့် ကမ္ဘောဒီးယား၏ MSME ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးရန် ဂျာမနီနိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။

DOCA(ရန်ကုန်)

MISTI ဝန်ကြီးက ကမ္ဘောဒီးယား၏ ဆန်စပါးကဏ္ဍကို မြှင့်တင်ရာတွင် ဆန်းသစ်တီထွင်မှုနှင့် စံနှုန်းများကို အလေးပေးဖော်ပြ

   ကမ္ဘောဒီးယားနိုင်ငံ၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီး Hem Vanndy က ကမ္ဘောဒီးယား ဆန်စပါးလုပ်ငန်း ခိုင်မာစေရေးအတွက် ဆန်းသစ်တီထွင်မှုနှင့် စံချိန်စံညွှန်းများကို ၂၆-၈-၂၀၂၅ ရက်နေ့က အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးက ဆန် ထုတ်လုပ်နိုင်မှု၊ တီထွင်ဆန်းသစ်မှုနည်းပညာအသစ်များကို အသုံးပြု၍ ကြိတ်ခွဲကာ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်မှု၊  အခြားပြိုင်ဆိုင်မှုဆိုင်ရာ အားသာချက်များနှင့် ကမ္ဘောဒီးယားဆန်၏ နိုင်ငံတကာဂုဏ်သတင်းကို ပေါင်းစပ်နိုင်မှုဟာ နိုင်ငံတော်စီးပွားရေး၏ အရေးကြီးသောကဏ္ဍအတွက် ဂုဏ်ယူမှုသင်္ကေတတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်လုပ်မှုတွင် ဘေးကင်းလုံခြုံစေရေး၊ ခေတ်မီစက်ယန္တရားများအသုံးပြုခြင်းဖြင့် ကုန်ထုတ် စွမ်းအားမြှင့်တင်ရေးနှင့် ဆန်စက်လုပ်ငန်းရှင်များနှင့် SME လုပ်ငန်းများကို ပံ့ပိုးကူညီရန် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးရေးအပါအဝင် MISTI ၏ ပံ့ပိုးကူညီမှုများကို ဆက်လက်ပြောကြားခဲ့သည်။ Vanndy က နိုင်ငံတော်စံနှုန်းကောင်စီ၏ သက်ဆိုင်ရာနည်းပညာ ကော်မတီများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆန်ထွက်ကုန်များနှင့် အခြားဆန်ထွက်ကုန်များအတွက် ကမ္ဘောဒီးယားစံနှုန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။  ဝန်ကြီးဌာနသည် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု တက္ကသိုလ်အတွက် ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ပုဂ္ဂလိကကဏ္ဍ၊ အဆင့်မြင့်ပညာရေးနှင့် သုတေသန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ စားနပ်ရိက္ခာဆိုင်ရာ အချုပ်အခြာအာဏာနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ဒေါ်လာ ၂၅၇ သန်းတန်ဖိုးရှိ စီမံကိန်းအသစ် ၁၇ ခုကို အတည်ပြုခဲ့

ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် ၂၆-၈-၂၀၂၅ ရက်နေ့တွင် Preah Sihanouk ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ဒေါ်လာ ၂၅၇ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်း ၁၇ ခု အတွက် အထူးမက်လုံးများ ပေးခဲ့သည်။ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး၏ အကြံပေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Hean Sahib က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး စီမံကိန်းများအတွက် အငြင်းပွားမှု ဖြေရှင်းရေး အဆိုပြုချက်များ အား ပြန်လည်သုံးသပ်ရန် အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်၏ ဒုတိယ အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အာဏာပိုင်များနှင့် သက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် Sahib က ပြည်တွင်းထွက်ကုန်များ အားကောင်း လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ပို့ကုန် တိုးချဲ့ခြင်း၊ ပြည်တွင်းထွက်ကုန် ထုတ်ကုန်များနှင့် သွင်းအားစုများ အသုံးပြုမှု မြှင့်တင်ရန် လုပ်ငန်းအဖွဲ့အား ဆက်လက်ဆောင်ရွက်သွားကြရန် ညွှန်ကြားခဲ့သည်။ အတည်ပြုထားသော ပရောဂျက်များတွင် စိုက်ပျိုးရေးခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းများ၊ အလှဆင်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ တက္ကသိုလ်များ၊ ဆေးရုံများနှင့် ဆိုလာဓာတ်အားပေးစက်ရုံများ ပါဝင်သည်။ ထို့အပြင် Sahib သည် ကမ္ဘောဒီးယား -ထိုင်းနယ်စပ်တလျှောက် တင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများကို ပြောကြားခဲ့ပြီး အမေရိကန်အကောက်ခွန်နှုန်းထားကို ၁၉ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း Sahib က အလေးပေးပြောကြားခဲ့သည်။  အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုများ သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရှိနေပြီးဖြစ်သော ရင်းနှီးမြှုပ်နှံသူများကို ထိန်းသိမ်းရန်၊ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန်နှင့် ပိုမိုအဆင်ပြေသော ရင်းနှီးမြှုပ်နှံမှု ပတ်ကို ဝန်းကျင်ကိုဖန်တီးရန်နှင့် နှစ်ဆတိုးရန် လိုအပ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ နယ်စပ်ပြဿနာသည် ထောက်ပံ့ရေးကွင်းဆက်များ၊ ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် စားသုံးသူ ဝယ်လိုအား ပြတ်တောက်မှုများ အပါအဝင် ကုန်သွယ်မှု စီးဆင်းမှုများ အထူးသဖြင့် ပြည်တွင်း ကုန်ကြမ်းများတွင် ပို့ကုန်နှင့်သွင်းကုန်များ အပါအဝင် သိသိသာသာ အကျိုးဆက်များ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။  ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ Preah Sihanouk Investment Promotion Working Group မှ စီမံကိန်း ၃၇၅ ခုအတွက် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၇.၈၉ ဘီလီယံရှိပြီး အလုပ်အကိုင်ပေါင်း ၅၆,၇၀၀ ခန့် ဖန်တီးပေးနိုင်ကြောင်း နှင့် အဆိုပါစီမံကိန်းများတွင် ရပ်ဆိုင်းထားသည့် အဆောက်အအုံများနှင့် ပတ်သက်သည့် စီမံကိန်း ၁၇၆ ခု၊ စီမံကိန်းအသစ် ၁၆၁ ခု၊ တိုးချဲ့စီမံကိန်း ၂၅ ခုနှင့် လက်ရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၃ ခုတို့ ပါဝင်သည်။

DOCA( ရန်ကုန်)

Greem Digital ငွေကြေးကဏ္ဍကို မြှင့်တင်ရန် CAC နှင့် NBC တို့ ဆွေးနွေး

    ကမ္ဘောဒီးယားနိုင်ငံ၊ သီဟိုဠ်စေ့အသင်း (CAC) သည် ကမ္ဘောဒီးယား အမျိုးသားဘဏ် (NBC) နှင့် မကြာသေးမီက တွေ့ဆုံခဲ့ပြီး Green Digital ဘဏ္ဍာရေးကဏ္ဍတွင် နိုင်ငံ၏တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကြားတွင် အာရုံစိုက်မှု ကြီးထွားလာနေမှုကို ဆွေးနွေးခဲ့ ကြသည်။ NBC သည် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနဌာန (ERIA) နှင့် ပူးပေါင်း၍ ကမ္ဘောဒီးယားနိုင်ငံရှိ Green Digital ငွေကြေးထောက်ပံ့မှု၏ လက်ရှိအခြေအနေကို အကဲဖြတ်ရန် ပြည့်စုံသော သုတေသန စီမံကိန်းတစ်ခုကို လက်ရှိတွင် ဆောင်ရွက်လျက်ရှိသည်။ ရည်မှန်းချက်မှာ ကမ္ဘောဒီးယားစီးပွားရေးအတွင်း သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုနှင့် ရာသီဥတုရည်မှန်းချက်များကို ပံ့ပိုးပေးသည့် အစိမ်းရောင်ဒစ်ဂျစ်တယ်ငွေကြေးဘဏ္ဍာရေး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ကြီးထွားလာစေရန် တွန်းအားပေးမည့် မဟာဗျူဟာများကို ဖော်ဆောင်ရန်ဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယား၏ဘဏ္ဍာရေးစနစ်များကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် ချိန်ညှိရန်၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံး တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအရတာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုး ကူညီရန် ကမ္ဘောဒီးယား၏ တိုးမြင့်လာမှုကို အလေးပေးရန်ဖြစ်သည်။

DOCA(ရန်ကုန်)

ဆန်ဈေးကျဆင်းမှုအား တန်ပြန်ရန်အတွက် ပို့ကုန်ပြုပြင်ပြောင်းလဲမှုများကို အစိုးရက အကြမ်းဖျင်း ဖော်ပြထား

   ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုနှင့် ကုန်သွယ်မှုဖိအားများကြားတွင် ကြီးထွားလာနေသော ဆန်ဈေးတည်ငြိမ်ရန်၊ လယ်သမားများ၏ ၀င်ငွေကို ကာကွယ်ရန်နှင့် ကမ္ဘောဒီးယား၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေရန်အတွက် ပို့ကုန်ကို အဓိကထား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ပြောင်းလဲမှုအစုံအလင်ကို တော်ဝင်အစိုးရက ၂၆-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးဈေးကွက် တိုးချဲ့ရေးနှင့် ပို့ကုန်ကွဲပြားစေရေး မဟာဗျူဟာ ၂၀၂၅-၂၀၃၀ ၏ တရားဝင် မိတ်ဆက်ပွဲကို ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (MEF)၊ ပြည်ထောင်စုဝန်ကြီး Pornmoniroth မှ ဆောင်ရွက်ခဲ့ပြီး လယ်သမားများ၊ ဆန်စက်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ ရင်ဆိုင်နေရသော ဖိအားများကို အသိအမှတ်ပြုခဲ့ပြီး ဆန်စပါးကဏ္ဍသည် ဒေသတွင်းတွင် အမြဲတမ်း ထိတ်လန့်တုန်လှုပ်လျက် ရှိကြောင်းနှင့် ဆန်စပါးကဏ္ဍ၏အခြေအနေ သည် အဆက်မပြတ် ပြောင်းလဲလျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်ရန်နှင့် စွန့်စားရမှုတွေကို စီမံခန့်ခွဲရန်နှင့် ခံနိုင်ရည်ရှိနိုင်စေရန်အတွက် အစီအမံတွေကို လုပ်ဆောင်ရန်  လိုအပ်ကြောင်း Pornmoniroth က ပြောကြားခဲ့သည်။ ဝယ်လိုအား အားကောင်းမှုနှင့် အားနည်းသော ရောင်းလိုအားကြောင့် ၂၀၂၄ ခုနှစ်က မြင့်မားနေဆဲဖြစ်သော ဆန်ဈေးနှုန်းသည်၌ သိသိသာသာ ကျဆင်းသွားကြောင်း MEF ဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။ Pornmoniroth က အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုများသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးစီးပွားရေး၏ အားနည်းချက်ကို ပြင်ပမှလှုပ်ခတ်မှုများနှင့် ကွဲပြားပြီး ခံနိုင်ရည်ရှိစေရန် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ အရေးပါမှုကို ဖော်ပြထားကြောင်း Pornmoniroth က အလေးပေးပြောကြားခဲ့သည်။ Pornmoniroth က စီးပွားရေးနှင့်ဘဏ္ဍာရေးမူဝါဒကော်မတီ (EFPC) အောက်တွင် လည်ပတ်နေသော ကမ္ဘောဒီးယားနိုင်ငံရှိ ဦးစားပေး စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုကို အားပေးမြှင့်တင်သည့် အသစ်ဖွဲ့စည်းထားသော ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းအဖွဲ့၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့ပါသည်။

DOCA(ရန်ကုန်)

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန် ဝန်ကြီးဌာနများ နားလည်မှုစာချွန်လွှာ ရေးထိုး

   ကမ္ဘောဒီးယားနိုင်ငံ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPTC)၊ ပြည်ထောင်စုဝန်ကြီး Chea Vandeth နှင့် ရေအရင်းအမြစ်၊ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Thor Cheth တို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်း ဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၇-၈-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မိုးလေဝသ (MOWRAM) ဝန်ကြီး Chetha တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ MPTC ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန နှစ်ရပ်လုံးမှ အကြီးတန်း အရာရှိများ တက်ရောက်ခဲ့ကြသည်။ နားလည်မှုစာချွန်လွှာ အရ MPTC သည် စာရွက်စာတမ်းစိစစ်ရေးပလပ်ဖောင်း verify.gov.kh အကောင်အထည်ဖော်မှု၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနှင့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရဝန်ထမ်းများအတွက် ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များအပါအဝင် အဓိက ကဏ္ဍအများအပြားတွင် MPTC မှ ပံ့ပိုးကူညီမည်ဖြစ်သည်။ verify.gov.kh သည် MPTC မှ ဖန်တီးထားသော အစိုးရပလက်ဖောင်းတစ်ခုဖြစ်သည်။  ၎င်းသည် အတုအပစာရွက်စာတမ်းများ ကို ဖယ်ရှားရန်၊ အသုံးပြုသူအဆင်ပြေစေရန်နှင့် တရားဝင်စာရွက်စာတမ်းများတွင် QR ကုဒ် တစ်ခုပေါင်းစပ်ခြင်းဖြင့် စာရွက်မိတ္တူအတည်ပြုရန်လိုအပ်မှုကို ဖယ်ရှားပေးရန်အတွက် ဒီဇိုင်း ထုတ်ထားကြောင်း သိရသည်။

DOCA(ရန်ကုန်)

SCO အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၂ ဒသမ ၄ ဘီလီယံအထိရောက်ရှိ

     ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)မှ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကြား ၂၀၂၄ ခုနှစ်အတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၁၂ ဒသမ ၄ ဘီလီယံ အထိရောက်ရှိခဲ့ကြောင်း၊ထိုပမာဏသည် ၂၀၂၃ ခုနှစ်ကုန်သွယ်မှုပမာဏထက် ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေး တာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၂၇ ရက်တွင်ပြောသည်။

     ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် SCO အဖွဲ့ဝင်နိုင်ငံများမှ ဒေါ်လာ ၉၀ ဘီလီယံတန်ဖိုးရှိ ရေနံစိမ်း၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများ၊ ဒေါ်လာ ၁၃ ဒသမ ၆၆ ဘီလီယံတန်ဖိုးရှိ စိုက်ပျိုးရေးထုတ်ကုန်များကို တင်သွင်းခဲ့ ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး လင်းကျီက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

    ထို့ပြင် SCO အဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်တင်သွင်းမှုပမာဏစုစုပေါင်းသည် တရုတ်နိုင်ငံက ပြည်ပမှစွမ်းအင်တင် သွင်းမှုစုစုပေါင်း၏ ငါးပုံတစ်ပုံရှိကြောင်း လင်းကျီကဆက်ပြောသည်။ အလားတူ တရုတ်နိုင်ငံနှင့် SCO အဖွဲ့ဝင်နိုင်ငံများ ကြား ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုကဏ္ဍပူးပေါင်း ဆောင်ရွက်မှုသည် ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာကြောင်း ကုန် သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျန်းလီကပြောသည်။

    ထို့အတူ SCO အဖွဲ့ဝင်နိုင်ငံများအတွင်းတရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်ကိုတည် ထောင်နိုင်ပြီး နှစ်စဉ်အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သိန်းကျော်ကိုဖန်တီးပေးနိုင်ကြောင်း ကျန်းလီကဆက်ပြောသည်။ SCO အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သက်တမ်း အားဖြင့် ၂၄ နှစ်သို့ရောက်ရှိလာချိန်တွင် ထိုအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့လူဦးရေထက် ဝက်နီးပါးကိုကိုယ်စားပြုသည့် အခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်သည်။

Source:https://myawady.net.mm/node/74493    

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ