၂၀၂၆ ခုနှစ်တွင် ဆန်တင်ပို့မှု လျှော့ချမည်ဟု ဗီယက်နမ်ကုန်သည်အသင်း ပြောဆို

Powered by Drupal

      ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ဥက္ကဋ္ဌဖြစ်သူ Do Ha Nam က ၂၀၂၆ ခုနှစ်သည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု လွန်ကဲနေခြင်းသည် ဗီယက်နမ်အပါအဝင် နိုင်ငံအားလုံး၏ ပို့ကုန်လုပ်ငန်းအပေါ် သိသိသာသာ သက်ရောက်မှု ရှိ ကြောင်း ပြောကြားခဲ့သည်။

      Do Ha Nam ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၇ သန်းခန့် တင်ပို့ရန် လျာထားကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၈ သန်း အောက် လျော့နည်းသွားခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၄ သန်းအထိ တဖြည်းဖြည်း လျှော့ချသွားရန် စီစဉ်ထားကြောင်း သိရသည်။

      ယခုကဲ့သို့ လျှော့ချရခြင်းမှာ ဈေးကွက်အခြေအနေတစ်ခုတည်းကြောင့် မဟုတ်ဘဲ ၂၀၂၃ ခုနှစ်၊ မေလတွင် ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၈၃အရ ဆန်စပါး လုပ်ငန်း ကဏ္ဍ၏ မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ခုဖြစ်ကြောင်း၊ ထုတ်လုပ်မှုပမာဏ လျှော့ချ ခြင်းနှင့်အတူ နိုင်ငံအနေဖြင့် အရည်အသွေးမြှင့်တင်ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ် ရန် ပိုမိုအာရုံစိုက်သွားမည်ဖြစ်ပြီး အဆင့်မြင့်ဈေးကွက်ဝေစုများကို ရည်မှန်းထားကြောင်း Do Ha Nam က ပြောကြားခဲ့သည်။

      သို့ရာတွင် ၂၀၂၆ ခုနှစ်၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း Do Ha Namက ဝန်ခံပြောကြား ခဲ့သည်။ ဇန်နဝါရီလအတွင်း ဗီယက်နမ်သည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀,၀၀၀ ခန့် တင်ပို့ နိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်မှ ဆန်လက်ကျန်ပမာဏ အများအပြား ရှိနေခြင်းကြောင့် ဈေးနှုန်းမှာ သိသိသာသာ ပြောင်းလဲမှု မရှိခဲ့ပေ။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ သွင်းကုန်ခွင့်ပြုပမာဏစနစ် ကြောင့် ဗီယက်နမ်သည် အထူးသဖြင့် ရိတ်သိမ်းရာသီ အထွက်နှုန်းမြင့်ချိန်များတွင် ဆန်တင်ပို့ရန် အခက်အခဲ ကြုံတွေ့နေရသည်။

      ထို့ကြောင့် လာမည့် ဆောင်းရာသီနှင့် နွေဦးရာသီများ၏ စပါးရိတ်သိမ်းချိန်အတွင်း လယ် သမားများအတွက် ဆန်ဈေးနှုန်းပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များသည် ရိတ်သိမ်းရာသီတွင် ဆန်များကို ယာယီသိုလှောင်ထားနိုင်ရန်အတွက် လုပ်ငန်းရှင်များ အား အထောက်အပံ့ဖြစ်ဖွယ် အခြေအနေများ ဖန်တီးပေးသင့်ကြောင်း Do Ha Namက အကြံပြုခဲ့ သည်။ ထို့အပြင် ဂါနာနှင့် စင်ကာပူ ကဲ့သို့သော နိုင်ငံများနှင့် အစိုးရအချင်းချင်း ချိတ်ဆက်ဆောင် ရွက်သည့်စာချုပ်များကို အားပေးမြှင့်တင်ခြင်းသည်လည်း ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

    ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၉.၂ သန်း (ဝင်ငွေ အမေရိကန် ဒေါ်လာ ၅.၈ ဘီလီယံ)အထိ စံချိန်တင် မြင့်တက်ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင်မူ တန်ချိန် ၈ သန်း (ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ)  အထိ လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။

Source: Vietnam Net Global, 19 January 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)