ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

စင်္ကာပူနိုင်ငံ၏ အဓိကငွေကြေးဖောင်းပွမှုသည် သြဂုတ်လတွင် ၀.၃ ရာခိုင်နှုန်းသို့လျော့ကျ

   စင်္ကာပူနိုင်ငံ၏ အဓိကငွေကြေးဖောင်းပွမှုသည် တရားဝင်ထုတ်ပြန်သည့် အချက်လက်များ အရ သြဂုတ်လတွင် ယခင်နှစ်အလားတူကာလထက် ၀.၃ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ဇူလိုင်လတွင် ၀.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ လျော့ကျသွားခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရသိရှိရပါ သည်။

          ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန နှင့် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့၏ ပူးတွဲ ကြေညာချက်တွင် ဝန်ဆောင်မှုလုပ်ငန်းငွေကြေးဖောင်းပွမှုလျော့နည်းခြင်းကြောင့် နှေးကွေးသွား ရခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားပါသည်။

          တစ်လချင်းအလိုက် အခြေခံစားသုံးသူစျေးနှုန်းများသည် ၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါ သည်။ အခြေခံစားသုံးသူစျေးနှုန်းညွှန်ကိန်းသည် နေထိုင်စရိတ်နှင့် ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေး စရိတ်များ မပါဝင်ဘဲ အခြေခံကျသော ဝယ်လိုအားကြောင့် ဖြစ်ပေါ်သည့် ငွေကြေးဖောင်ပွမှုကို တိုင်းတာသည့် အဓိက ညွှန်းကိန်းတစ်ခုဖြစ်ပါသည်။

          အထွေထွေ ငွေကြေးဖောင်းပွမှုသည် လျော့ကျခဲ့ပြီး ယခင်နှစ်ကထက် သြဂုတ်လတွင် ၀.၅ ရာခိုင်နှုန်း၊ ဇူလိုင်လတွင် ၀.၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။ ထုတ်ပြန်ချက်တွင် အဓိက ငွေကြေး ဖောင်းပွမှုလျော့ကျခြင်းအပြင် နေထိုင်စရိတ် ငွေကြေးဖောင်းပွမှုမှာလည်း ကျဆင်းခဲ့ ကြောင်း ဖော်ပြထားပါသည်။

 DOCA (ရန်ကုန်)

တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်း ၄.၆၅ သန်းခန့်ရှိ

  တရုတ်နိုင်ငံရှိ 5G အခြေစိုက်စခန်းအရေအတွက်သည် သြဂုတ်လကုန်တွင် ၄.၆၅ သန်းနီးပါးအထိ ရောက်ရှိခဲ့ကြောင်း စက်တင် ဘာလ ၂၃ ရက်နေ့ထုတ်ပြန်သော တရားဝင် အချက်အလက်များ အရ သိရှိရပါသည်။

          စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ အဆိုအရ ၎င်းအရေအတွက် သည် တစ်နိုင်ငံလုံးရှိ မိုဘိုင်းအခြေစိုက်စခန်းစုစုပေါင်း၏ ၃၆.၃ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့ပါသည်။

          တရုတ်မိုဘိုင်းဖုန်း အသုံးပြုသူများလာပြီး 5G ဝန်ဆောင်မှုကို အသုံးပြုလာကြပါသည်။ သြဂုတ်လကုန် အထိနိုင်ငံ၏ အဓိကဆက်သွယ်‌ရေးလုပ်ငန်းကြီးသုံးခုနှင့် China Broadnet တို့၏ မိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက်သည် ၁.၈၂ ဘီလီယံခန့်အထိ ရောက်ရှိခဲ့ကြောင်း အချက် အလက်များအရ သိရှိရပါသည်။

          ၎င်းတို့ထဲတွင် ၁.၁၅ ဘီလီယံကျော်သည် 5G မိုဘိုင်းဖုန်းအသုံးပြုသူများဖြစ်ပြီး ပြီးခဲ့သည့် နှစ် ကုန်မှစ၍ သန်း ၁၄၀ တိုးလာခဲ့ကာ စုစုပေါင်း မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ၆၃.၄ ရာခိုင်နှုန်းရှိခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်ဝန်ကြီးချုပ်က ပို့ကုန်များကွဲပြားခြားနားစေရန်ပြောကြား

          ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ထုတ်လုပ်မှုနှင့် ပို့ကုန်များမြှင့်တင်ရန် အတွက် စျေးကွက်များ၊ ထုတ်ကုန်များနှင့် ထောက်ပံ့ရေးကွင်းဆက်များကွဲပြားစေရန် ဝန်ကြီးဌာနများ၊ အေဂျင်စီများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက စက်တင်ဘာလ ၂၄ ရက်နေ့တွင်ဖော်ပြခဲ့ပါသည်။

          ဤလုပ်ဆောင်ချက်သည် ယခုနှစ်ပို့ကုန်တိုးတက်မှု ၁၂ ရာခိုင်နှုန်းကျော်ရရှိရန်အတွက် ပို့ကုန်မြှင့်တင်ရန်နှင့် စျေးကွက်ချဲ့ထွင်ရန် အဓိက အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

          ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးထားသော လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် များ (FTAs) ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်တိုက်တွန်းခဲ့ပြီး အရှေ့အလယ်ပိုင်း၊ အာဖရိ က၊ လက်တင်အမေရိက၊ ဗဟိုအာရှ၊ အရှေ့ဥရောပ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘရာဇီးကဲ့သို့သော အလားအလာရှိသော စျေးကွက်များသို့ရောက်ရှိနိုင်ရန် FTAs အသစ်များ အတွက် ဆွေးနွေးမှုများကို ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

          ၎င်းအပြင် အမေရိကန်ပြည်ထောင်စုနှင့် အပြန်အလှန်ကုန်သွယ်မှုသဘောတူ စာချုပ် အတွက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါသည်။

          ဗီယက်နာမ်နိုင်ငံတ၏ စုစုပေါင်းပို့ကုန်သွင်းကုန်လည်ပတ်မှုသည် ၂၀၂၅ ခုနှစ် အစောပိုင်း မှ စက်တင်ဘာလ ၁၅ ရက်အထိ အမေရိကန်ဒေါ်လာ  637.21  ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၇.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါသည်။ အမေရိကန်ဒေါ်လာ ၃၂၅.၃၆ ဘီလီယံ တန်ဖိုးရှိပို့ကုန်များလည်းပါဝင်ကြောင်း နိုင်ငံပိုင် မီဒီယာကဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏ လက်လီရောင်းချမှု သြဂုတ်လတွင် ၃.၇ ရာခိုင်နှုန်း မြင့်တက်လာ

   တောင်ကိုရီးယားနိုင်ငံ၏ လက်လီရောင်းချမှုသည် အစားအသောက်၊ နေ့စဉ်သုံး ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ခိုင်မာသောအွန်လိုင်းဝယ်လိုအားကြောင့် ပြီးခဲ့သည့်လက တစ်လုံးထဲသော ဂဏန်းဖြင့် တိုးလာခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့ထုတ်ပြန်သော အစိုးရအချက်အလက်များ အရ သိရှိရပါသည်။

          ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ အော့ဖ်လိုင်းနှင့် အွန်လိုင်း လက်လီရောင်းချသူများ၏ စုစုပေါင်းဝင်ငွေသည် သြဂုတ်လတွင် ယခင်နှစ်ကထက် ၃.၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ယခင်လက ၉.၁ ရာခိုင်နှုန်းတိုးလာခြင်းထက်နည်းပါးခဲ့ပါသည်။

          အွန်လိုင်းလက်လီရောင်းချသူများအကြား ဝင်‌ငွေသည် သြဂုတ်လတွင် ၁၀.၅ ရာခိုင်နှုန်းတက်ခဲ့ပြီး အော့ဖ်လိုင်းရောင်းချသူများ၏ ဝင်ငွေသည် ယခင်လက ၂.၇ ရာခိုင်နှုန်းတိုး လာပြီးနောက် သြဂုတ်လတွင် ၃.၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါသည်။

          သြဂုတ်လက အော့ဖ်လိုင်းစတိုးများရှိ အိမ်သုံးပစ္စည်းဝယ်လိုအား ကျဆင်းခဲ့ပြီး အဝတ် အထည်၊ အစားအသောက်နှင့် နေ့စဉ်သုံးပစ္စည်းများမှာ တစ်လုံးတည်းသော ဂဏန်းဖြင့် ကျဆင်းခဲ့ပါ သည်။

          ကုန်တိုက်များနှင့် စျေးဝယ်စင်တာများတွင် ဝင်ငွေ ၂.၈ ရာခိုင်နှုန်း ၁.၁ ရာခိုင်နှုန်း တက်ခဲ့ သော်လည်း လျှော့စျေးဆိုင်များတွင် ရောင်းအား၁၅.၆ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရှိရ ပါသည်။

 DOCA (ရန်ကုန်)

ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု ပိတ်ပင်ခြင်းက ဗီယက်နမ်ဆန်ပို့ကုန်အပေါ် ဖိအားဖြစ်စေ

    ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်ကာလကို သက်တမ်းတိုးမြှင့်နိုင်ခြေရှိမှု နှင့်အတူ ၎င်းဈေးကွက်သို့ ဆန်တင်ပို့နိုင်မည့်အခြေအနေမှာ မသေချာမရေရာဖြစ်ပေါ်နေချိန်တွင် လာမည့်နှစ် အစောပိုင်း၌ ဆောင်းအကုန်-နွေအကူး စပါးရိတ်သိမ်းချိန်ရာသီသို့ ရောက်ရှိလာမည် ဖြစ်ရာ ဗီယက်နမ်၏ ဆန်တင်ပို့မှုလုပ်ငန်းအပေါ် သိသာထင်ရှားသည့် ဖိအားများ သက်ရောက်ဖွယ် ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ပြောကြားချက်အရ သိရသည်။

    မူလက စက်တင်ဘာလမှ အောက်တိုဘာလအထိ ဆန်တင်သွင်းမှု ဆိုင်းငံ့ရန် သတ်မှတ် ထားရှိချက်ကို အစိုးရအနေဖြင့် ၂၀၂၅ နှစ်ကုန်အထိ သက်တမ်းတိုးဖွယ်ရှိသည်ဟု ဖိလစ်ပိုင် စိုက်ပျိုးရေးဌာနက ပြောကြားခဲ့ရာ ဗီယက်နမ်အပါအဝင် အဓိက ဆန်ပေးသွင်းသူများအပေါ် သက် ရောက်မှုရှိနိုင်မည့် လုပ်ဆောင်မှုဖြစ်စေခဲ့သည်။

    လက်ရှိ စီစဉ်ထားရှိမှုအရ ဖိလစ်ပိုင်နိုင်ငံသည် ဆန်တန်ချိန် ၃၀၀၀၀၀ ခန့်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ယာယီအားဖြင့် ပြန်လည်စတင်၍ တင်သွင်းမည်ဖြစ်သော်လည်း ပြည်တွင်းရှိ တောင်သူများ၏ ပင်မစပါးရိတ်သိမ်းချိန်ဖြစ်သော ဖေဖော်ဝါရီလမှ ဧပြီလအထိ ကာလအတွင်း ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက်  ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင်မည်ဖြစ်သည်။

 ‌   ရောင်းလိုအားပိုလျှံခြင်းက ပြည်တွင်းဈေးနှုန်းများအပေါ် ဖိစီးမှုဖြစ်စေပေါ်လျက် တောင်သူ များ ထပ်မံဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန် အဆိုပါမူဝါဒကို ရေးဆွဲထားခြင်းဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်သည် ဈေးနှုန်းကျဆင်းမှုကို တားဆီးရန်အတွက် အရေးပေါ် ဆန်စပါးဝယ်ယူရေး အစီ အစဉ်ကို အကောင်အထည်ဖော်ခြင်း၊ အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်မှ တစ်ဆင့် သိုလှောင် နိုင်မှုပမာဏကို တိုးချဲ့ခြင်း၊ နိုင်ငံတစ်ဝန်း၌ ကြမ်းခင်းဈေးသတ်မှတ်ခြင်းနှင့် ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းထား တိုးမြှင့်ရန် စီစဉ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။  

     ဆန်တင်သွင်းမှုတားမြစ်ချက် စတင်အသက်ဝင်ချိန်မှစ၍ ဖိလစ်ပိုင်ပြည်တွင်း၌ ဆန်ဈေး နှုန်းသည် ၂၈ ရာခိုင်နှုန်းခန့် မြင့်တက်လာသော်လည်း ယခင်နှစ် ဈေးနှုန်းများနှင့် နှုန်းယှဉ်ပါက ၂၇ ရာခိုင်နှုန်းခန့် လျော့နည်းနေဆဲဖြစ်သည်။ စက်တင်ဘာလ အစောပိုင်းအထိ ဖိလစ်ပိုင်သည် ဆန် တန်ချိန် ၃ ဒသမ ၅ သန်းခန့် တင်သွင်းခဲ့ပြီး အများစုကို ၎င်း၏ထိပ်တန်းပေးသွင်းသူ ဗီယက်နမ် ထံမှ ရယူခဲ့ခြင်းဖြစ်သည်။

    အကယ်၍ ကန့်သတ်ချက်များ ဆက်လက်တည်ရှိနေပါက စျေးကွက်တွင် ရောင်းလိုအား ပိုလျှံမှုဖြစ်ပေါ်ပြီး ယခုနှစ်ကုန်အထိ ဆန်ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း သုံးသပ်သူများက သတိပေးထားသည်။ VFA အသင်း၏ စာရင်းများအရ လက်ရှိကာလတွင် ဆန်ကွဲပါဝင်မှု ၅ ရာခိုင် နှုန်းရှိသော ဗီယက်နမ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅ ၀နှုန်း၊ စံပယ်ဆန်သည် ဒေါ်လာ ၄၉၀ နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်းပြည့် ဆန်ကွဲတစ်တန်လျှင်  ၃၁၀ ‌ဒေါ်လာမှ ၃၁၄ ဒေါ်လာအတွင်း ဈေးနှုန်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

    ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုတားမြစ်ချက် သက်တမ်းတိုးမှုသည် အဓိက ဆောင်းအကုန်-နွေအကူး စပါးသီးနှံများ စျေးကွက်သို့ဝင်ရောက်ချိန်ဖြစ်သော ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဗီယက်နမ်၏ ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု အသင်းမှ ပြောကြားခဲ့ပါသည်။

     အဆိုပါတားမြစ်ချက်ကြောင့် ဗီယက်နမ်၏ ဆန်တင်ပို့မှုမှာ သိသိသာသာ ထိခိုက်ခဲ့ရာ စက်တင်ဘာလတွင် ပမာဏအားဖြင့် တန်ချိန် ၄၆၆,၈၀၀ သာရှိလျက် ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် ၅၅ ရာခိုင်နှုန်း ကျဆင်းလျက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၂ သန်းသို့ လျော့နည်း ရရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၃.၄၉ ဘီလီယံတန်ဖိုးရှိသော ဆန်တန်ချိန် ၆.၈၃ သန်းကို တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် ပမာဏ အားဖြင့် ၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပျမ်းမျှ ဆန်ပို့ကုန် ဈေးနှုန်းမှာ တစ်တန်လျှင် ၅၀၉ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

    စျေးကွက်တစ်ခုတည်းအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် တန်ဖိုးမြင့်ဆန်များကို အာရုံစိုက် ဆောင်ရွက်နေချိန်တွင် ဗီယက်နမ်နိုင်ငံ အနေဖြင့် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှ ဈေးကွက်များသို့ ပိုမိုချဲ့ထွင်နိုင်ရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

      ထိုကဲ့သို့ ဆန်တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းနေရချိန်၌ ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် ပထမ ကိုးလအတွင်း ဆန်တင်သွင်းမှုအတွက် ဒေါ်လာ ၁.၅၁ ဘီလီယံ သုံးစွဲခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ သွင်းကုန်တန်ဖိုး ကြီးမြင့်မှုသည် ကမ္ဘာ့ထိပ်တန်း ဆန်တင်သည့်နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သော ဗီယက်နမ် အတွက် အန္တရာယ်ကျရောက်နိုင်သည်ကို မီးမောင်းထိုးပြနေပြီး ဈေးသက်သာသောဆန်များ တင်သွင်းမှုသည် ပြည်တွင်းရှိ တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ပျက်ပြား စေနိုင်သည့်အတွက် စိုးရိမ်မှုများ တိုးပွားလျက်ရှိသည်။

Source: Vietnam News, 14 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဗီယက်နမ်၏ စက်တင်ဘာလအတွက် ဆန်တင်ပို့မှုဈေးကွက်တွင် ဂါနာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်လာ

   ဖိလစ်ပိုင်မှ ဆန်တင်သွင်းမှု ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ဂါနာနိုင်ငံသည် စက်တင်ဘာလ

တွင် ဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူသူဖြစ်လာပြီး စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါး ရှိလာသည်။       

          ဗီယက်နမ်နိုင်ငံသည် ယခုနှစ်ပထမကိုးလအတွင်း ဆန်တန်ချိန် ၆ ဒသမ ၈၃ သန်း တင်ပို့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၉ ဘီလီယံရရှိခဲ့ရာ ယခင်နှစ် အလားတူကာလတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့်  ၂ ဒသမ ၀၅ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁၉ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စက်တင်ဘာလ တစ်လတည်းတွင်ပင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၂၃၂ ဒသမ ၃၈ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၄၆၆၈၀၀ တန်မျှသာ တင်ပို့ခဲ့ရာ ယခင်နှစ် ကာလတူ နှင့်  နှိုင်းယှဉ်ပါက ပမာဏ၌ ၄၃ ဒသမ ၂၇ ရာခိုင်နှုန်းနှင့် တန်ဖိုးအရ ၅၄ ဒသမ ၇၃ ရာခိုင်နှုန်း သိသိ သာသာ ကျဆင်းခဲ့သည်။

          ဂါနာနိုင်ငံ၏နောက်တွင် ကို့ဒီအိုင်ဗိုရီနှင့် မလေးရှား တို့သည် ဗီယက်နမ်ဆန်ကို ဒုတိယနှင့် တတိယအများဆုံး တင်သွင်းသည့်နိုင်ငံများဖြစ်ကြပြီး စျေးကွက်ဝေစု ၂၁ ရာခိုင်နှုန်းကျော်နှင့် ၁၀ ရာခိုင်နှုန်းခန့် အသီးသီး ရှိကြသည်။

          ဩဂုတ်လအစောပိုင်းတွင် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းမှု ကြောင့် ဆန်တင်သွင်းခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ နှစ်လကြာ ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း အခြားနယ်မြေဒေသများတွင် ဝယ်လိုအား ကြီးထွားလာခြင်း ကြောင့် ဆန်တင်ပို့မှုတစ်ရပ်လုံးကို ခြုံငုံကြည့်ရှုပါက ဆက်လက်အားကောင်းနေမည်ဟု စျေးကွက် လေ့လာသူများက ခန့်မှန်းကြသည်။

          ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှု ခေတ္တရပ်ဆိုင်းထားသော်လည်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများသို့ တိုးမြှင့်တင်ပို့လာနိုင်သဖြင့် ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် တစ်နှစ် တာ ကာလတစ်ခုလုံးအတွက် တန်ချိန် ၈ ဒသမ ၂ သန်းကို ကျော်လွန်မည်ဟု ခန့်မှန်းရသည်။

Source: Vietnam News, 13 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆ နှစ်လယ်ပိုင်းအထိ သကြားတင်သွင်းမှု ဆိုင်းငံ့မည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန ပြောကြား

       ဖိလစ်ပိုင်အစိုးရအနေဖြင့် ပြည်တွင်းသကြားဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပ မှ ဝယ်ယူတင်သွင်းမှုများအားလုံးကို လက်ရှိ ကြံကြိတ်ဝါးထုတ်လုပ်သည့် ရာသီကာလကုန်ဆုံးမည့် ၂၀၂၆ ခုနှစ် နှစ်လယ်ကာလတိုင်အောင် ယာယီဆိုင်းငံ့ထားရှိမည်ဟု စိုက်ပျိုးရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း Philstar.com သတင်းဝက်ဘ်ဆိုက် က ဖော်ပြပါသည်။

          စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. ၊ သကြားလုပ်ငန်းကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (Sugar Regulatory Administration ̶ SRA) မှ အုပ်ချုပ်စီမံခန့်ခွဲရေးမှူး Paul Azcona နှင့် SRA ဘုတ်အဖွဲ့ဝင်နှင့်တောင်သူလယ်သမားကိုယ်စားလှယ် Dave Sanson တို့သည် ၂၀၂၆ ခုနှစ် မေလ သို့မဟုတ် ဇွန်လအထိ သကြားတင်သွင်းမှုကို ဆိုင်းငံ့ထားရန် ညှိနှိုင်းသဘောတူညီခဲ့ကြ သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက ဖော်ပြထားသည်။

          ပထမအကြိမ် သကြားအဝယ်တင်ဒါခေါ်ယူသည့်ကာလ၌ သကြားကုန်ကြမ်းဈေးနှုန်းများ စံချိန်တင်နိမ့်ကျနေခဲ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်အတွက် အဆိုပါအစည်းအဝေးကို အောက်တို ဘာ ၉ ရက်နေ့တွင် Negros ကျွန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ရက်သတ္တပတ် ၃၈ ပတ်ခန့်ရှိသော ကြံရိတ်သိမ်းချိန်ရာသီကာလအတွင်း အဝယ်တင်ဒါများကို အပတ်စဉ် လုပ်ဆောင် ရမည် ဖြစ်သော်လည်း ကုန်သည်များအကြား အရောင်းအဝယ်ပြုလုပ်ရန် နှောင့်နှေးနေခြင်းက အထင်အရှားဖြစ်ပေါ်လျက်ရှိကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက မှတ်ချက်ပြုထားသည်။

          ၂၀၂၅-၂၀၂၆ သီးနှံရာသီနှစ်အတွင်း ကြံကြိတ်ဝါးလျက် သကြားထုတ်လုပ်မှု လုပ်ငန်းပြီးဆုံး မည့်အချိန်အထိ ကာလအတွင်း မည်သည့်သကြားတင်သွင်းမှု အစီအစဉ်မဆို အရန်သကြားအဖြစ် သာ သတ်မှတ်မည်ဟု ၎င်းတို့အနေဖြင့် သေချာစွာရှင်းလင်း အသိပေးလိုကြောင်း Mr. Azcona နှင့် Mr. Laurel တို့က ပြောဆိုခဲ့ကြသည်။ တောင်သူကိုယ်စားလှယ် Mr. Sanson ကလည်း ယခု လုပ်ဆောင်ချက်သည် လက်ရှိ အုပ်ချုပ်သူများအနေဖြင့် တောင်သူများ၏ သက်သာချောင်ချိရေးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး လှိုက်လှဲစွာကြိုဆိုကြောင်း၊ ယခုအခါ ဈေးကစားမှုများကို ကိုင် တွယ်ဖြေရှင်းထားရှိပြီဖြစ်၍ ဈေးနှုန်းများ တည်ငြိမ်မှုရရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောဆို ခဲ့သည်။

          အစိုးရအရာရှိများသည် ၂ လစာ အရန်သကြား‌အချော သိုလှောင်ထားရှိမှုကို အစဉ်တစိုက် ထိန်းသိမ်းထားရှိရန် သဘောတူညီခဲ့ကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ဆိုင်းငံ့ကာလအတွင်း တင်သွင်းလာမည့် မည်သည့်သကြားကိုမဆို အရန်ထားရှိမှုအဖြစ် တင်းကျပ်စွာ သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး ဈေးကွက်ဈေးနှုန်းကို ထိခိုက်မှု မရှိစေရေးအတွက် ပြည်တွင်းဈေးကွက်သို့ ရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရသည်။

           ဖိလစ်ပိုင်နိုင်ငံ၌ ကြံစိုက်ပျိုးမှုဧရိယာသည် ၂၀၂၂ ခုနှစ်မှစတင်၍ သိသာစွာ တိုးတက်လာခဲ့ ရာ ထိုစဉ်က ဧရိယာစုစုပေါင်း ဟက်တာ ၃၈၀၀၀၀ ရှိရာမှ ယခုနှစ်တွင် ဟက်တာပေါင်း ၄၀၉၀၀၀ အထိ မြင့်တက်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

Source: Philstar.com, 15 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်ကာလ ဖိလစ်ပိုင် တိုးမြှင့်

    ဆန်ရောင်းလိုအား ပိုလျှံမှုနှင့် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်နေချိန်၌  ဒေသခံတောင်သူ များအား ဆုံးရှုံးမှုများမှ ကာကွယ်ပေးရန်နှင့် ပြည်တွင်း စပါးဈေးနှုန်းများကို အနည်းငယ်မြှင့်တင် နိုင်ရန်အတွက် မူလက စီစဉ်ထားသည့် ၂ လကြာ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်အထိ တိုးမြှင့်ရန် ဖိလစ်ပိုင်အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။

     အောက်တိုဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် အောက်လွှတ်တော် စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာ ကော်မတီ၏ အစည်းအဝေးမတိုင်မီ၌ စိုက်ပျိုးရေးဦးစီးဌာန၏ အတွင်းဝန် Francisco Tiu Laurel Jr. က ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ပြီး ဆန်တင်သွင်းမှုအပေါ် အကောက်ခွန် နှုန်းထားတိုးမြှင့်ရန် အဆိုပြုလွှာတင်သွင်းထားခြင်းကို လွှတ်တော်က မကြာမီအတည်ပြုလိမ့်မည် ဟု အစိုးရအနေဖြင့် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

     ယင်းအဆိုပြုချက် အောင်မြင်ခြင်း မရှိပါက သမ္မတ Ferdinand Marcos Jr. က အတည်ပြု ထားပြီးဖြစ်သည့် အရန်ပြင်ဆင်ထားသော ယခုအစီအစဉ်က  ဆန်တင်သွင်းမှုများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်သာ ခွင့်ပြုပေးမည်ဖြစ်ပြီး ရှေ့လာမည့် စပါးရိတ်သိမ်းချိန်ကာလကို ကာကွယ် သည့်အနေဖြင့် နောက်တစ်ကြိမ် ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီလ အထိ လုပ်ဆောင်လိမ့်မည်ဖြစ်ပါသည်။

      လပေါင်းများစွာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးအရည်အသွေးကျဆင်းခြင်းနှင့် ဈေးကွက် ရောင်းလိုအားပိုလျှံမှုတို့ကြောင့် ပြည်တွင်းစပါးဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိ ကြောင်း၊၂၀၂၅ စက်တင်ဘာလကုန်အထိ ဖိလစ်ပိုင်သို့ ဆန်တင်သွင်းမှု တန်ချိန် ၃.၅ သန်းရှိခဲ့ပြီး မျှော်မှန်းထားသည့် တန်ချိန် ၂.၇ သန်းထက် တိုးမြှင့်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆန်တန်ချိန် ၈၀၀၀၀၀ ခန့်ပိုလျှံမှုရှိသဖြင့် နှစ်စဉ်ဆန်တင်သွင်းရန် လိုအပ်ချက်သည်  တစ်လလျှင် တန်ချိန် ၃၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်းတန်ချိန် ၃.၆ သန်းသာ ရှိမည်ဖြစ်ကြောင်း အတွင်းဝန် Francisco Tiu Laurel Jr. က ပြောဆိုခဲ့သည်။

     ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ဆန်တန်ချိန်  ၄.၇ သန်းကို တင်သွင်းလျက် ကမ္ဘာ့အကြီးဆုံးဆန်တင်သွင်းသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ကြောင်းသိရှိရပါသည်။

Source : Vietnam Plus, October 10, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စက်တင်ဘာလ၌ မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှုကျဆင်းပြီး တင်ပို့မှု မြင့်တက်ခဲ့

     မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တန် ချိန် ၁.၈၄ သန်းရှိပြီး ယခင်လထုတ်လုပ်မှုအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ကနဦး အချက်အလက်များအရ သိရကြောင်း အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။

   မလေးရှား၏ စက်တင်ဘာလ စုစုပေါင်း စားအုန်းဆီသိုလှောင်မှုလက်ကျန်မှာ တန်ချိန် ၂.၄ သန်းဖြစ်ပြီး ယခင်လထက် ၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ အလားတူ တင်ပို့မှုမှာလည်း တန်ချိန် ၁.၄ သန်းသို့ မြင့်တက်ခဲ့ပြီး လအလိုက် ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း MPOB က ဆိုသည်။ ပြုပြင်ထုတ်လုပ်ထားသည့် စားသုံးဆီများအပါအဝင် စားအုန်းဆီ တင်သွင်းမှုမှာလည်း ယခင်လကထက် ၃၄ ရာခိုင်နှုန်းခန့် ပိုမိုလျက် တန်ချိန် ၇၈၄၁၃ တန်ရှိကြောင်း သိရှိရပါသည်။

   ရိုက်တာ (Reuters) သတင်းဌာန၏ စစ်တမ်းတစ်ခုကမူ စက်တင်ဘာလတွင် မလေးရှား၏ စားအုန်းဆီ သိုလှောင်မှု လက်ကျန်မှာ တန်ချိန် ၂.၁၅ သန်း၊ ထုတ်လုပ်မှုသည် တန်ချိန် ၁.၇၉ သန်း နှင့် တင်ပို့မှုမှာ တန်ချိန် ၁.၄၃ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ မလေးရှားသည် ကမ္ဘာ့ စားအုန်းဆီ ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသည် စားသုံးဆီသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်သည်။ အောက်တိုဘာ ၁၀ ရက်နေ့ အိန္ဒိယစံတော်ချိန် ၁၁:၃၅ နာရီအချိန်၌ ဘာဆာမလေးရှား ဆင့်ပွား စတော့ဈေးကွက် (Bursa Malaysia Derivatives) တွင် ဒီဇင်ဘာလ၌ ပို့ဆောင်ရန်အတွက် ချုပ်ဆိုသော စားအုန်းဆီ စာချုပ်အများစုသည် တစ်တန်လျှင် ၄၅၈၁ ရင်းဂစ် (၉၅၈၈၆.၇၀ အိန္ဒိယ ရူပီး) နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်နေ့ရက် ဈေးပိတ်သိမ်းခဲ့သည့် ဈေးနှုန်းထက် သုည ဒသမနှစ် ရာခိုင်နှုန်းကျဆင်းသွားသည်။

    မလေးရှားနိုင်ငံ၏ စားအုန်းဆီ ထုတ်လုပ်မှု၊ တင်ပို့မှုနှင့် လက်ကျန်တို့ကို ၂၀၂၅ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ နှိုင်းယှဉ်ကာ အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်ပါအတိုင်း အသေးစိတ်ဇယားဖော်ပြထားကြောင်း တင်ပြအပ်ပါသည်- 

အကြောင်းအရာ

အမျိုးအမည်

စက်တင်ဘာ(တန်)

 ဩဂုတ်(တန်)

ပြောင်းလဲမှု(%)

ထုတ်လုပ်မှု

စားအုန်းဆီကြမ်း

1,841,159

1,854,766

(-)0.73

တင်ပို့မှု

စားအုန်းဆီကြမ်း

1,427,577

1,325,672

8

ဇီဝဒီဇယ်

34,958

30,833

13

လက်ကျန်

စားအုန်းဆီကြမ်း

1,265,832

1,076,380

18

ပြုပြင်ထားသော စားအုန်းဆီ

1,095,144

1,126,033

(-)3

စုစုပေါင်း

2,360,976

2,202,413

7

Source: Informist Media, 10th October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှု ၃၃.၇ ရာခိုင်နှုန်း တိုးတက်

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကြိတ်ခွဲပြီးဆန် ၅၉၆၃၄၁ တန် ခန့် တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူအတွင်း တင်ပို့ခဲ့သော ကြိတ်ခွဲပြီးဆန် ၄၄၅၉၁၃ တန်နှင့် နှိုင်း ယှဉ်ပါက ၃၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ အစီရင်ခံစာအရ သိရသည်။

          အဆိုပါ ကာလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၈ သန်း ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ၌ ရရှိခဲ့သော ဆန်တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၅ သန်းနှင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊  တင်ပို့သည့် ကြိတ်ခွဲပြီးဆန်အမျိုးအစားများတွင် ဆန်မွှေး၊ ဆန်လုံးရှည်၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်တို့ပါဝင်ကြောင်း၊ ဆန်မွှေးသည် စုစုပေါင်း ဆန်တင်ပို့မှု၏ ၆၈.၈၁ ရာခိုင်နှုန်းအထိ ရှိကြောင်း CRF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

          ကမ္ဘောဒီးယားဆန်ကို နိုင်ငံနှင့် ဒေသပေါင်း ၆၉ ခုသို့ တင်ပို့ခဲ့ကြောင်း၊ အဓိကဈေးကွက် ဖြစ်သော ဥရောပသမဂ္ဂရှိ နိုင်ငံများသို့ ကြိတ်ခွဲပြီးဆန် တန်ချိန် ၂၄၈၂၇၇ တင်ပို့ခဲ့ရာ စုစုပေါင်း တင်ပို့မှု၏ ၄၁ ရာခိုင်နှုန်းခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၁၉၂ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရှိရသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ဆန် တန်ချိန် ၁၄၃၁၈၇ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅ သန်း ဝင်ငွေရရှိခဲ့ကြောင်း၊ အခြား ဈေးကွက်များမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အခြား နိုင်ငံ ၃၂ နိုင်ငံ ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ CRF အသင်းချုပ် ဥက္ကဋ္ဌ Lay Chhun Hour က မကြာသေးမီက ဆန်တင်ပို့မှု တိုးတက်လာခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ၎င်းတို့အနေဖြင့် ကမ္ဘောဒီးယားဆန်၏ အမှတ်တံဆိပ်ကို တက်ကြွစွာဖြင့် အရောင်းမြှင့်တင် ခြင်းနှင့် ဈေးကွက်ရရှိမှုကို ချဲ့ထွင်လျက်ရှိခြင်းတို့ကြောင့် တင်ပို့မည့်ဆန်ပမာဏနှင့် တန်ဖိုး နှစ်ရပ် လုံးတွင် သိသိသာသာ တိုးတက်မှုရရှိခဲ့ကြောင်း၊ CRF အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားဆန်ကို နိုင်ငံတကာဈေးကွက်များသို့ ပိုမိုရောင်းချနိုင်ရန် အစိုးရဝန်ကြီးဌာနများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CRF အသင်းချုပ် ဥက္ကဋ္ဌက Khmer Times သတင်းစာသို့ ပြော ကြားခဲ့သည်။

          ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံသည် အထက်ဖော်ပြပါ ကာလအတွင်း စပါးတန်ချိန် ၅.၂၄ သန်းခန့်ကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၁၂၀၉ သန်းခန့် ဝင်ငွေရရှိခဲ့ကြောင်း၊  ကမ္ဘောဒီးယားသည် ဆန်ကို စီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ် ထားရှိကာ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများ မြှင့်တင်ရန် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

          ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် နိုင်ငံတကာဈေးကွက်များသို့ တိုက်ရိုက်တင်ပို့မှုများ မြှင့်တင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းစေရန် CRF ကို တိုက်တွန်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၉၁ သန်း တန်ဖိုးရှိသော ကြိတ်ခွဲပြီးဆန် ၆၅၁၅၂၂ တန်ကျော်ကို တင်ပို့ခဲ့ ကြောင်း သိရှိရသည်။

Source: Khmer Times, October 13, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ