ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဆန်တန်ချိန်သုံးသိန်း တင်သွင်းရောက်ရှိရမည့် နောက်ဆုံးနေ့ရက် ဖိလစ်ပိုင်သတ်မှတ်

    ဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းလာမည့် ဆန်တန်ချိန် ၃၀၀၀၀၀ ခန့်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထက်နောက်မကျဘဲ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိရမည်ဖြစ်ကြောင်း သတ်မှတ်ရက်ထက် နောက်ကျသော ကုန်စည်ပို့ဆောင်မှုများကို မူရင်းတင်ပို့သည့်နိုင်ငံများသို့ ပြန်လည်စေလွှတ်သွား မည်ဖြစ် ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန (DA) က ပြောကြားခဲ့သည်။

     မတ်လနှင့် ဧပြီလများတွင် စပါးများ ရိတ်သိမ်းထွက်ရှိမည့်အချိန်နှင့် တိုက်ဆိုင်မှု မရှိစေရန် အတွက် တင်သွင်းလာသော ဆန်များသည် ဖေဖော်ဝါရီလကုန်တွင် သို့မဟုတ် ၎င်းထက်စော၍ ရောက်ရှိရန်လိုအပ်သည်ဟု အဆိုပါဌာနမှ လက်ထောက်အတွင်းဝန် Arnel de Mesa က ဇန်နဝါရီ ၂၂ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပြည်တွင်း စပါးထုတ်လုပ်မှု အမြင့်ဆုံးရောက်ရှိချိန်တွင် တင်သွင်း လာသော ဆန်များကြောင့် ပြည်တွင်းစပါးရိတ်သိမ်းမှုအပေါ် သိသိသာသာ ထိခိုက်မှု မရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ရက်ထက် နောက်ကျ၍ ရောက်ရှိ လာသော မည်သည့်ကုန်ပစ္စည်းကိုမဆို ထုတ်ပေးရန် ငြင်းပယ်သွားမည်ဖြစ်ပြီး တင်သွင်းသူ၏ ကုန်ကျစရိတ်ဖြင့်ပင် မူရင်းတင်ပို့သည့်နိုင်ငံသို့ ပြန်လည်ပို့ဆောင်စေမည်ဖြစ်ကြောင်း De Mesa က မှတ်ချက်ပြုပြောကြားခဲ့သည်။

    ယခုလုပ်ဆောင်ချက်သည် ပြီးခဲ့သည့် စက်တင်ဘာလက စတင်ခဲ့သော (၄) လကြာ ဆန်တင်သွင်းမှု ပိတ်ပင်ကန့်သတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး နှစ်ဆန်းပိုင်းတွင် နိုင်ငံတကာ ဆန်ဈေးကွက်သို့ တရားဝင် ပြန်လည်ဝင်ရောက်လာခြင်း လည်း ဖြစ်သည်။

Source: Vietnam Plus, 26/01/2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး လယ်ယာထွက်ကုန် တစ်ဆင့်ခံကုန်သွယ်မှု သဘောတူ ညီချက် ကမ္ဘောဒီးယားနှင့်လာအို လက်မှတ်ရေးထိုး

      ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် စိုက်ပျိုးရေးထွက်ကုန်များ ဖြတ်သန်းသယ်ဆောင် ခြင်းနှင့် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ လုပ်ဆောင်ချက်သည် ဒေသတွင်းဈေးကွက်သို့ ဝင်ရောက်မှုကို ပိုမိုလွယ်ကူစေရန်နှင့် ကမ္ဘောဒီးယားကုန်ပစ္စည်းများ တရုတ်သို့စီးဆင်းမှုကို ကူညီရန် ရည်ရွယ် ကြောင်း သိရှိရသည်။

      ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဖြစ်သူ Dith Tina သည် လာအို စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဖြစ်သူ Dr. Linkham Douangsavanh နှင့်အတူ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၌ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ကမ္ဘောဒီးယား ထွက်ကုန်များကို တရုတ်ဈေးကွက်သို့ မြန်ဆန်စွာ တင်ပို့နိုင်ရန် လာအိုနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အသုံးပြု၍ ဗျူဟာမြောက် ပြောင်းလဲမှုတစ်ရပ်ကို ဖော် ပြနေကြောင်း သိရှိရသည်။

      နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပွဲအတွင်း Mr. Tina က အိမ်နီးချင်းနှစ်နိုင်ငံအကြား ခိုင်မာလာသော ဆက်ဆံရေးအတွက် ကျေနပ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အပြန်အလှန် ထောက်ပံ့ရေး ကွင်းဆက်များ၏ အရေးပါမှုကို အလေးထားပြောကြားခဲ့သည်။ နှစ်နိုင်ငံမှ နည်းပညာဆိုင်ရာအဖွဲ့ များသည် နယ်စပ်ဖြတ်ကျော်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်ရွက်ပြီး စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့သူများအတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲများကို ဖယ်ရှားသွားမည်ဖြစ် ကြောင်း Mr.Tina က ဖော်ပြခဲ့သည်။

      ဆွေးနွေးပွဲများမှ ဖြတ်သန်းသယ်ဆောင်ရေးကိစ္စထက် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင် ရွက်မှု နယ်ပယ်များကို ဆွေးနွေးတွေ့ရှိခဲ့ရသည်။ ဥပမာအားဖြင့် ကမ္ဘောဒီးယား လယ်သမားများ အတွက် လာအိုနိုင်ငံမှ မြေဩဇာ ရောင်းချနိုင်ရေးအလားအလာ၊ မျိုးစေ့ထုတ်လုပ်မှုများ မြှင့်တင် ရေး ကြိုးပမ်းချက်များ စသည်တို့ဖြစ်သည်။ နှစ်နိုင်ငံမှ ဝန်ကြီးများသည် နိုင်ငံတကာစံချိန်များနှင့် ကိုက်ညီစေရန် အရည်အသွေးစံချိန်များ မြှင့်တင်ခြင်း၊ အစားအစာ ဘေးကင်းလုံခြုံမှုအား သေချာ စေခြင်း၊ ပူးပေါင်းစိုက်ပျိုးရေးပြပွဲများ ကျင်းပ၍ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဝန်းကျင်မြှင့်တင်ခြင်း တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ကမ္ဘောဒီးယား ဝန်ကြီးက သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှု၏ လိုအပ်ချက်ကို ထည့်သွင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တောမီးကာကွယ်တားဆီးရေး၊ တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့အောင် စီမံခန့်ခွဲရေးတို့တွင်  ပူးပေါင်းအားထုတ်မှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်ကို ကမ္ဘော ဒီးယား၏ ပို့ကုန်လမ်းကြောင်းများ ချဲ့ထွင်ရန်နှင့် ကြီးထွားလျက်ရှိသော စိုက်ပျိုးရေးကဏ္ဍအတွက် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ လျှော့ချရာတို့တွင် ကမ္ဘောဒီးယား၏ မဟာဗျူဟာမြောက် အရေးပါသော အဆင့်တစ်ခုအဖြစ် သတ်မှတ်ကြသည်။

Source: Khmer Times, January 26, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နှင့်ဂျပန်ဈေးကွက်များသို့ သီဟိုဠ်စေ့ တိုးမြှင့်တင်ပို့ရန် ကမ္ဘောဒီးယားကြိုးပမ်း

      ကမ္ဘောဒီးယား သီဟိုဠ်စေ့စိုက်ပျိုးထုတ်လုပ်သူများအသင်း (CAC) သည် ပြည်ပဈေးကွက် များသို့ ဖြန့်ကျက်ရန်နှင့် တရုတ်နှင့် ဂျပန်သို့ တိုးမြှင့်တင်ပို့ရန် ရည်ရွယ်၍ ဖေဖော်ဝါရီလနှင့် မတ် လတို့တွင် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း မိတ်ဆက်တွေ့ဆုံပွဲ (B2B) နှစ်ခုကို ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

      သီဟိုဠ်စေ့အဆံနှင့် အခွံဝယ်ယူရန် စိတ်ဝင်စားသော တရုတ်ကုမ္ပဏီ ၁၀ ခုအား ပြည်တွင်း ကုန်သည်များနှင့် ချိတ်ဆက်ကာ ဖေဖော်ဝါရီတွင် မြို့တော်ဖနွမ်းပင်၌ တွေ့ဆုံပွဲတစ်ခု စီစဉ်ပေး သွားမည်ဖြစ်ပြီး အဆိုပါပွဲကို တရုတ်-ကမ္ဘောဒီးယား စီးပွားရေးမြှင့်တင်ဖော်ဆောင်မှုအသင်းနှင့် ပူးပေါင်း စီစဉ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

     မတ်လတွင်ပြုလုပ်မည့် ဒုတိယတွေ့ဆုံပွဲတွင် CAC အဖွဲ့ဝင်များနှင့် ဂျပန်ကုမ္ပဏီများ ပါဝင် ရန် စီစဉ်ထားကြောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအဖွဲ့ (JETRO) က ဦးစီးပြုလုပ်သည့် အစီအစဉ်များသည် ကမ္ဘောဒီးယား သီဟိုဠ်စေ့များကို ဂျပန်ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး အထူးရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။

     ကမ္ဘောဒီးယားစက်ရုံ ၄၀ နီးပါးသည် ဂျပန်ကုမ္ပဏီ၂၀ နှင့် တွေ့ဆုံခွင့်ရရှိရန် မျှော်မှန်းထား ကြောင်း၊ ယခုတွေ့ဆုံမှုသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အဆင့်မြင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ပေါ်ပေါက်လာသည့် အစီအစဉ်ဖြစ်ပြီး၊ ယင်းအစီအစဉ်တွင် မတ်လ ၉ ရက်နေ့ Kampong Thom ဒေသသို့ အလည်အပတ် ပို့ဆောင်မှုအပါအဝင် ဧည်သည့်တော်များအနေဖြင့် ထုတ်လုပ်မှု စံချိန်စံညွှန်းများနှင့် ထုတ်လုပ်သည့်စက်ရုံ၊ အလုပ်ရုံများအား စစ်ဆေးခြင်းလည်းပါဝင် သွားမည် ဖြစ်ကြောင်းသိရသည်။

     ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် စံချိန်တင်ဖြစ်ခဲ့ကာ သီဟိုဠ်စေ့ ကုန်ကြမ်းတန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့ပြီး၊ ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယံရရှိခဲ့ကြောင်း သိရ သည်။ လက်ရှိတွင် ဗီယက်နမ်သို့ ၉၀ ရာခိုင်နှုန်းတင်ပို့လျက်ရှိရာ အစိုးရ၏ အမျိုးသားအဆင့် သီဟိုဠ်စေ့ တင်ပို့မှုမူဝါဒ (၂၀၂၂-၂၀၂၇) အရ ကမ္ဘာ့ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရန်နှင့် ပြည်တွင်း ထုတ်လုပ်မှု အဆင့်ဆင့်၏ စွမ်းရည်ကို တိုးမြှင့်ဆောင်ရွက်ရန်ရည်ရွယ်ကြောင်းသိရှိရသည်။

Source : Khmer Times, January 24, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပြည်ပဝင်ငွေအားထားရသည့် ဧရာဝတီ၊ ရေကြည် ကြိမ်၊ ဝါး လက်မှုအချောထည် လုပ်ငန်းများနှင့်ဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ကြိမ်၊ ဝါး လက်မှုအချောထည် လုပ်ငန်းများ ကို လုပ်သားအင်အား (၂၅၀၀) ကျော်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အိမ်သုံး၊ ရုံးသုံး၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခြင်းလုံး၊ သော့ချိတ်၊ ဦးထုတ်၊ ဖိနပ်၊ လက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဘောပင်ထည့်ခွက်၊ တစ်ရူးဘောက်၊ ပန်းခြင်း၊ အမှိုက်ခြင်း၊ ပန်းကန်ပြား၊ လင်ဗန်းတို့အပြင် ဧည့်ခန်းသုံး၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် စားပွဲ၊ ကုလားထိုင်၊ ခန်းဆီး၊ ဗီဒို၊ မှန်တင်ခုံ၊ သေတ္တာ၊ အဝတ်လှန်းစင်၊ ဦးထုတ်အဝတ်ချိတ်စင်၊ အလှဆင်မီးအိမ်အမျိုးမျိုး စသည့်လက်မှုပစ္စည်း အမျိုးအစား(၇၀၀)ကျော် အားထုတ်၍ ပြည်တွင်းပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ထုတ်လုပ်သောပစ္စည်းများ၏ (၈၀%)ကျော်မှာ ကြိမ်ကို အခြေခံပြုလုပ်သော ပစ္စည်းများဖြစ်၍ (၂၀%) မှာ ဝါးကို အသုံးပြုကာ လူသုံးကုန်ပစ္စည်းအဖြစ် ထုတ်လုပ်အသုံးပြုလျက်ရှိကြောင်း သိရသည်၊၊

          ကြိမ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကြိမ်ကုန်ကြမ်းထုတ်လုပ်ရောင်းချသူ၊ အချောထည် ပြုလုပ်သူနှင့် အချောထည်များကို ဆေးသုတ်ပြုပြင်ထုတ်ပိုး၍ နိုင်ငံခြားဈေးကွက်နှင့် ဒေသတွင်း ဈေးကွက်သို့ ရောင်းချလျက်ရှိပြီး ရေကြည်မြို့နယ်တွင် ကြိမ်လုပ်ငန်းလုပ်ကိုင်သူများသည် အချောထည်လုပ်ကိုင်သူများဖြစ်၍ ရန်ကုန်အခြေစိုက် ကုမ္ပဏီကြီးများဖြစ်သော (Bella Interiors, Classic Home, Gloriors Family) တို့သည် ရေကြည်မြို့တွင် ကုမ္ပဏီအလုပ်ရုံခွဲများဖွင့်လှစ်၍ ကုန်ကြမ်းပစ္စည်းရောင်းချခြင်း၊ ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် လုပ်ကိုင်ပြီး ကုန်ချော ထုတ်လုပ်သူများဖြစ်ကြောင်း ကုမ္ပဏီကြီးများအနေဖြင့် ပြည်တွင်း/ပြည်ပ အမှာစာ ရရှိမှုပေါ် မူတည်လျက် ကုန်ကြမ်းများကို ဝယ်ယူရက်လုပ်၍ ကုန်ချောများနှင့်ပြန်လည်ပြုပြင်ရမည့် တစ်ပိုင်းချောကုန်ထည်များကို ရန်ကုန်မြို့သို့တင်ပို့၍ ကုန်ချောပြုလုပ်သည့် စက်ရုံများမှ ကုန်ချော ပြုလုပ်ကာ ပြည်တွင်း/ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်၊၊

          ကြိမ်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှထွက်သော ကြိမ်လက်မဲကို ပရိဘောဂများဖြစ်သော စားပွဲ၊ ကုလားထိုင်၊ ကုတင်နှင့် ဒေသတွင်းသုံး၊ တောင်း၊ ပလုံးများ ရက်လုပ်သောကြိမ်သေးများရရှိပြီး စီးပွားဖြစ်အချောထည် ထုတ်လုပ်ရန် ကြိမ်ကုန်ကြမ်းများကို တနင်္သာရီ၊ ကချင်၊ ချင်း၊ စစ်ကိုင်းများမှ ရရှိ၍ ရန်ကုန်ရှိ ကုမ္ပဏီကြီးများသည် အသင့်ရက်လုပ်နိုင်သော ကုန်ကြမ်းနန်းမျှင်အမျိုးမျိုး၊ အူချောင်းအမျိုးမျိုးကို ရောင်းချပေးခြင်း၊ ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်၊၊ နယ်အသီးသီးမှ ရောက်လာသော တစ်ပိုင်းချောကုန်ပစ္စည်းများကို မီးမှုတ်ခြင်း၊ ကော်ပတ် အကြမ်း/အနုစားခြင်း၊ ပိုးသတ်ခြင်း၊ ဆေးသုတ်ခြင်းများပြုလုပ်၍ စနစ်တကျထုတ်ပိုးပြီး ပြည်တွင်းဈေးကွက်များတွင် ခရီးသွားဖွံ့ဖြိုးရာသီတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပုသိမ်၊ နေပြည်တော်၊ ကျိုက်ထို၊ ပဲခူးစသည့် မြို့ကြီးများ၊ ပြည်ပဈေးကွက်များဖြစ်သည့် အာဆီယံ နိုင်ငံများနှင့် ကိုရီးယား၊ နယ်သာလန်၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဆွဇ်ဇာလန်၊ နော်ဝေး၊ အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကြိမ်လုပ်ငန်းတစ်ခုလုံးမှ ထွက်ရှိသော ကုန်ပစ္စည်းအားလုံး၏ (၁၀%) မျှသာ ပြည်တွင်းသုံးအဖြစ် အသုံးပြုပြီး (၉၀%) ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချပြီး ပို့ကုန်အားလုံး၏ (၈၀%)ကို ရေကြည်မြို့နယ်မှ ထုတ်လုပ်ပေးလျက်နေပါသည်၊၊

          ဈေးကွက်အတွင်းလုပ်ငန်းရှင်မှ ထုတ်လုပ်ထားသောပစ္စည်းများအပြင် ဝယ်ယူသူမှ အော်ဒါမှာယူသော ဒီဇိုင်းပုံစံများကိုလည်းပြုလုပ်ပေးရပြီး ဦးထုပ်အမျိုးမျိုး၊ ခမောက်၊ ဆွဲခြင်းအမျိုးမျိုး၊ တောင်း၊ ပလုံး၊ စကော၊ ဇကာ၊ စားပွဲတင်ပန်းအိုး၊ ဘောပင်ခြင်း၊ တစ်ရူးဘောက်၊ ပိုက်ဆံအိတ်အမျိုးမျိုး၊ အမျိုးသမီးအိတ်မျိုးစုံ၊ ခြင်းလုံး၊ အလှခတ်ခြင်း၊ ဟော်တယ်သုံး ကော်ဖီခွက်အောက်ခံပြား၊ အမှိုက်ခြင်း၊ ကျောင်းသုံးဆွဲခြင်းအမျိုးမျိုး၊ ပန်းအိုးအကြီး၊ အသေးမျိုးစုံ ဟိုတယ်သုံးအဝတ်အစားထဲ့ခြင်း၊ သစ်သီးခြင်း၊ လက်ဆောင်ခြင်း၊ ဇွန်းခရင်းထဲ့သောခွက်၊ ဟိုတယ်သုံးစောင်၊ ခြင်ထောင်ထဲ့သောခြင်း၊ ခေါင်းအုံး စသည့်အပြင် ပစ္စည်းတစ်ခုခြင်းအတွက် ဆိုဒ်မျိုးစုံ အမျိုးအစားပေါင်း ရာဂဏန်းကျော်ပြုလုပ်၍ မြန်မာပြည်အတွင်း အမှာစာ ရရှိသော နေရာများသို့ ပေးပို့ရာတွင် ငွေဆောင်၊ ချောင်းသာ၊ ကမ်းခြေဒေသ ဟိုတယ်များနှင့် တန်ခိုးကြီးဘုရားများရှိသော မန္တလေး၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုး၊ မကွေး၊ စစ်ကိုင်းမြို့၊ ပြည်မြို့များတွင် အဓိကလာရောက်လည်ပတ်သော ပြည်တွင်းပြည်ပဧည့်ခရီးသွားများမှ အများဆုံး  လာရောက် ဝယ်ယူလျက်ရှိကြောင်းသိရသည်၊၊

          ဦးထုပ်ကျားဆောင်းတစ်လုံး ၃၀၀၀/၅၀၀၀ ဈေး၊ မဆောင်းဦးထုပ် ၅၅၀၀/၆၀၀၀ ဈေး၊ ဗန်းသေးအကြီး ၅၅၀၀/၃၅၀၀ ကျပ်ဈေးအတွင်း ဘောပင်ထဲ့ခွက် ၃၀၀၀/၃၇၀၀ ကျပ် သစ်သီးခြင်း ၅၅၀၀/၈၅၀၀ဈေး၊ ဗေဒါအိတ် အကြီးအသေး ၇၅၀၀/၁၈၀၀၀ ဈေး၊ စားပွဲတင်ပန်းအိုး ၅၅၀၀ဈေးနှင့် ပစ္စည်းအမျိုးအစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ကြိမ်၊ ဝါး၊ လက်မှုပစ္စည်းများကို ပြည်တွင်းမှာ အိမ်အသုံးအဆောင် ၊ ရုံးသုံးနှင့်ဟိုတယ်သုံးပစ္စည်းများအပြင် ပြည်ပဈေးကွက်မှလည်း ဝယ်ယူသူကြိုက်နှစ်သက်မှုရှိကြောင်း ၎င်းအပြင် online မှလည်း ဂျပန်၊ စင်္ကာပူ၊ ဩစတြေးလျနှင့် အခြားနိုင်ငံများမှလည်း အမျိုးသမီးသုံးအိတ်မျိုးစုံ ဖိနပ်နှင့်ဦးထုပ်ကို အများဆုံးမှာယူလျက်ရှိကြောင်း လုပ်ငန်းရှင်မှ ပြောကြားပါသည်၊၊

          ကြိမ်ဝါးအခြေခံ လက်မှုထည်လုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှုထည် ထုတ်လုပ်မှု ပမာဏမြှင်တင်ရေး၊ ပြည်တွင်းကုန်စည် ပြပွဲများသာမက ပြည်ပကုန်စည် ပြပွဲများတွင် ဒေသခံ ကြိမ်ထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ကိုယ်တိုင်သွားရောက်ပြသနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း ထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်၍ ဈေးကွက်သစ်များ ရရှိလာပါက လက်မှုထည် လုပ်သားတစ်ဦးအနေဖြင့် နေ့စဉ်လုပ်အားခ ၈၀၀၀/၉၀၀၀ နှင့်အထက်ရရှိပြီး ကြိမ်၊ ဝါးလက်မှုထည် ထုတ်လုပ်ငန်းများတိုးတက်၍ ဝင်ငွေများ တိုးပွားလာမှာဖြစ်ကြောင်း ရေကြည် မြို့နယ်အတွင်းရှိ ကြိမ်၊ ဝါးလက်မှုထည်ထုတ်လုပ်ငန်းများသည် ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေရရှိကာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပြီး မိမိနိုင်ငံမှထွက်ရှိသော ကြိမ်ကုန်ကြမ်းများကို တန်ဖိုးမြှင့် ထုတ်ကုန်ကုန်ချောအဖြစ် ထုတ်လုပ်၍ နိုင်ငံတကာသို့ ရောင်းချနိုင်သည့်အတွက် နိုင်ငံခြား ဝင်ငွေရရှိစေသည့်အပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊

          မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများသည် ကျေးရွာနေလူတန်းစားများသည် အိုးမကွာ၊ အိမ်မကွာဝင်ငွေရှိပြီး ဒေသထွက်ကုန်သယံဇာတများကို အသုံးပြုလျက် ကုန်ချောများ ပြုလုပ် ရောင်းချနိုင်ခြင်းဖြင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး နိုင်ငံတော်နှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ လိုအပ်သော နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေး ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး အနာဂါတ် ကာလတွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး One Village One Product (OVOP) အသွင်ဆောင်၍ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သော မီးခိုးမထွက်သည့် စက်ရုံများသဖွယ် မိမိတို့တိုင်းဒေသကြီး၏ စီးပွားရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုး လာစေမည့် ပုံရိပ်များ ဖြစ်လာမည့် ရေကြည်မြို့နယ်မှ ပြည်ပဝင်ငွေ ရရှိနေသော လက်မှုလုပ်ငန်းများကြောင်း ရေးသားလိုက်ရပါသည်၊၊

(DOCA ဧရာဝတီ)

အင်ဒိုနီးရှားနိုင်ငံသည် တရားမဝင်ဆေးရွက်ကြီးကုန်သွယ်မှုကို ထိန်းချုပ်ရန် စီးကရက်အခွန်အသစ်တစ်ရပ် ထပ်မံကောက်ခံရန်စီစဉ်နေ

       အင်ဒိုနီးရှားအစိုးရသည် တရားမဝင်ဆေးရွက်ကြီးဖြန့်ဖြူးမှုကို ထိန်းချုပ်ရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၆ ခုနှစ်တွင် စီးကရက်အခွန်စည်းကြပ်မှုဖွဲ့စည်းပုံတွင်  အခွန်စည်းမျဉ်းသစ် ထပ်မံထည့်သွင်းရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

       တရားမဝင် စီးကရက်ထုတ်လုပ်သူများအနေဖြင့် တရားဝင်ဈေးကွက်သို့ ရွှေ့ပြောင်းပြီး ၎င်းတို့၏ အခွန်တာဝန်များကို ပေးဆောင်နိုင်ရန် ရည်ရွယ်သည့် မူဝါဒဖြစ်ကြောင်း Purbaya က ပြောကြားခဲ့သည်။

     စည်းမျဉ်းသစ် အသက်ဝင်ပြီးနောက် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဆက်လက်ရှောင်တိမ်းနေသော စီးပွားရေးလုပ်ငန်းများအပေါ် တင်းကျပ်သော အရေးယူမှုများချမှတ်မည်ဟု ဘဏ္ဍာရေးဝန်ကြီးက သတိပေးခဲ့သည်။

        အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ စီးကရက်အခွန်ကောက်ခံမှုဖွဲ့စည်းပုံကို နှစ်ပေါင်းများစွာ ရိုးရှင်းအောင်ပြုလုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အဆင့် ၁၉ ဆင့် မှ ၂၀၂၂ ခုနှစ်တွင် ၈ ခုအထိ လျှော့ချခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာအစေးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်ရရှိ

         ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သဘာဝရော်ဘာအစေးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၀၃.၆ သန်းရရှိခဲ့ပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၆၆၃.၈ သန်းထက် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သော တရားဝင်အစီရင်ခံစာ တစ်စောင် တွင် ဖော်ပြထားသည်။ ရော်ဘာအထွေထွေညွှန်ကြားရေးမှူးရုံးမှ စုစည်းထားသော အစီရင်ခံစာ အရ နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ကုန်စည်စုစုပေါင်း ၃၄၃,၇၆၂ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ၁၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြသထားသည်။ သို့သော်လည်း ပြည်တွင်းရော်ဘာအစေး သုံးစွဲမှုသည် ပြီးခဲ့သည့်နှစ်က ၁၄၆ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာပြီး တန်ချိန် ၁၂၄,၂၃၁ တန် ရှိကာ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၃ သန်း ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ "၂၀၂၅ ခုနှစ်တွင် ရော်ဘာအစေးတစ်တန်၏ ပျမ်းမျှကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁၇၅၆ ဒေါ်လာဖြစ်ပြီး ၂၀၂၄ ခုနှစ်ထက် ၆၃ ဒေါ်လာခန့် ပိုများပါသည်" ဟု ရော်ဘာ အထွေထွေ ညွှန်ကြားရေးမှူးရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ခွန်ကာဒါက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံသည် ကုန်စည်ကို အဓိကအားဖြင့် မလေးရှား၊ ဗီယက် နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံသို့ တင်ပို့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင် စုစုပေါင်း ဟက်တာ ၄၄၈၀၅၁ တွင် ရော်ဘာပင်များ စိုက်ပျိုးထားပြီး ၎င်းမှ ဟက်တာ ၃၄၆၈၄၂ သို့မဟုတ် ၇၇.၄ ရာခိုင်နှုန်းခန့်ရှိ အပင်များသည် အစေ့ချရန် အရွယ်ရောက်ပြီးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                  

DOCA(ရန်ကုန်)

တောင်ကိုရီးယား၏ သွင်းကုန်ဈေးနှုန်းများ ဒီဇင်ဘာလတွင် ၆ လမြောက်အဖြစ် မြင့်တက်လာ

         အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းငွေကြေး တန်ဖိုးကျဆင်းမှုကြောင့် တောင်ကိုရီးယားသို့ တင်သွင်းသော ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် ခြောက်လဆက်တိုက် မြင့်တက်လာခဲ့ကြောင်း ဗဟိုဘဏ်၏ ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်သော အချက်အလက် များအရသိရသည်။ ကိုရီးယားဘဏ်၏ အဆိုအရ သွင်းကုန်ဈေးနှုန်းညွှန်းကိန်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ယခင်လကထက် ၀.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယမန်နှစ် ဇူလိုင်လမှစ၍ ဆက်လက် မြင့်တက်နေခဲ့သည်။ ဆက်တိုက်တိုးတက်မှုကို ပြည်တွင်းငွေကြေး၏ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကျဆင်းမှုသည် သက်ရောက်မှုရှိခဲ့ပြီး ၎င်းသည် ဈေးပေါသော ရေနံစိမ်းကို ချိန်ညှိပေးခဲ့သည်။ တောင်ကိုရီးယား၏ စံနှုန်းဖြစ်သော ဒူဘိုင်းရေနံစိမ်းဈေးနှုန်းသည် ဒီဇင်ဘာလတွင် တစ်စည်လျှင် ပျမ်းမျှ ၆၂.၀၅ ဒေါ်လာရှိပြီး ယခင်လက ၆၄.၄၇ ဒေါ်လာမှ ကျဆင်းခဲ့ သည်။ နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်သော တောင်ကိုရီးယားဝမ်၏ ပျမ်းမျှလဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁၄၅၇.၇၇ ဝမ်မှ ဒီဇင်ဘာလတွင် ၁၄၆၇.၄၀ ဝမ်သို့ မြင့်တက်လာခဲ့သည်။ တင်သွင်းကုန်ကြမ်းဈေးနှုန်းသည် ဒီဇင်ဘာလတွင် လစဉ် ၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်လ က ၂.၇ ရာခိုင်နှုန်း မြင့်တက်မှုထက် နိမ့်ကျခဲ့သည်။ ကြားခံကုန်စည်များအတွက် သွင်းကုန်ဈေးနှုန်းသည် ပြီးခဲ့သည့်လက ၁.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ခြောက်လဆက်တိုက် ဆက်လက်တိုးချဲ့ခဲ့သည်။ တင်သွင်းသော အရင်းအနှီးနှင့် စားသုံးသူ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည် ၀.၇ ရာခိုင်နှုန်းနှင့် ၀.၄ ရာခိုင်နှုန်းစီ မြင့်တက်လာခဲ့သည်။ ဒီဇင်ဘာလတွင် ပို့ကုန်ဈေးနှုန်း ညွှန်းကိန်းသည် ယခင်လထက် ၁.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဇူလိုင်လမှစ၍ မြင့်တက်နေသော လမ်းကြောင်းအတိုင်း ဆက်လက်တည်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှု ၇.၃ ရာခိုင်နှုန်း မြင့်တက်

        ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆.၄၆ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၆.၀၂ ဘီလီယံထက် ၇.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

       ပို့ကုန်အတွက် အလားအလာရှိသော စိုက်ပျိုးရေးထုတ်ကုန်များတွင် ဆန်၊ ရာဘာ၊ မန်ကျည်းသီး၊ ငှက်ပျောသီး၊ ငရုတ်ကောင်းစေ့၊ သီဟိုဠ်စေ့ နှင့် ဒူးရင်းသီး စသည့်ထုတ်ကုန်များ ပါဝင်သည်။

    ကမ္ဘောဒီးယားထုတ်ကုန်များ၊ အထူးသဖြင့် ကြိတ်ခွဲထားသော ဆန်အတွက် တရုတ်နိုင်ငံသည် အဓိကဈေးကွက်တစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်အဖွဲ့ (RCEP) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (CCFTA) တို့သည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးပို့ကုန်များကို မြှင့်တင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

     ဤကုန်သွယ်ရေးသဘောတူညီချက်များအရ ကမ္ဘောဒီးယားတွင် ထုတ်လုပ်သော ထုတ်ကုန်များ၊ အထူးသဖြင့် အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များကို ဦးစားပေးအခွန်များဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။

      အထည်အလိပ်၊ ဖိနပ်နှင့် ခရီးသွားသုံးပစ္စည်းများ တင်ပို့မှု၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများအပြင် ကမ္ဘောဒီးယား၏ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးသည့် အဓိကအချက်လေးချက်တွင် စိုက်ပျိုးရေးသည် တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ 

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဘရူနိုင်းနိုင်ငံတွင် အကြီးဆုံးစားသုံးသူကုန်စည်ပြပွဲနှင့် ကုန်သွယ်ရေးပြပွဲ လက်ခံကျင်းပမည်

       ဘရူနိုင်းနိုင်ငံသည် နိုင်ငံ၏အကြီးဆုံး စားသုံးသူကုန်စည်ပြပွဲနှင့် ကုန်သွယ်ရေးပြပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မြို့တော် Bandar Seri Begawan အနီးရှိ International Convention Center ၌ လက်ခံကျင်းပမည်ဖြစ်သည်။

         စီစဉ်သူ D’Sunlit Sdn Bhd ၏ ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ်ပြန်ချက်အရ ငါးရက်ကြာကျင်းပမည့် အဆိုပါပြပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်အပါအဝင် နိုင်ငံပေါင်းများစွာမှ ပြပွဲပြသသူ ၃၅၀ ကျော် လာရောက်မည်ဟု မျှော်လင့်ရသည်။

       နှစ်စဉ်ကျင်းပသောပွဲသည် ဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် နိုင်ငံခြားပူးပေါင်း ဆောင်ရွက်မှုတို့ကို လက်ခံခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း မြင့်တက်လျက်ရှိသည်။ နိုင်ငံတကာမှပြသသူများနှင့် ကိုယ်စားလှယ်များ ပိုမိုများပြားလာခြင်းသည် စားသုံးသူပြပွဲခန်းမတွင်းသာမက  ပြပွဲပြင်ဘက် စီးပွားရေးလုပ်ငန်းများကို ဦးဆောင်အားပေးလာနိုင်သောကြောင့်ဖြစ်ကြောင်း တွေ့ရသည်။ ပြပွဲသည် ပြည်တွင်းခရီးသွားလုပ်ငန်းကို အထောက်အကူပြုကာ ဒေသတွင်း စက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုကျယ်ပြန့်သောအခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနေကြောင်း သိရသည်။

       ယခုပြပွဲတွင် နိုင်ငံတကာပြသသူများအပြင် ဘရူနိုင်းနိုင်ငံမှ အသေးစား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပြသသွားမည်ဖြစ်ပြီး၊ ဒေသတွင်းအရည်အချင်းများကို ပြုစုပျိုးထောင်ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ကြီးထွားမှုကိုပံ့ပိုးရန် ပွဲ၏ရည်မှန်းချက်ကို ထင်ဟပ်စေကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နိုင်ငံမှ ကီဝီသီးများ အမြောက်အမြား တင်သွင်းလာမှုကြောင့် ဗီယက်နမ်စျေးကွက်အတွင်းရှိ ကီဝီသီးဈေးနှုန်းများ ကျဆင်း

          တရုတ်နိုင်ငံမှ တင်သွင်းလာသော ကီဝီသီးများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားမြင့်တက်နေပြီး၊ လက်ရှိတွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်  ဒေါင် ၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၀၅ ခန့်) သာရှိတော့သဖြင့် စံချိန်တင် အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေကြောင်း သိရသည်။ စူပါမားကတ်များတွင် ကီဝီသီးအစိမ်းနှင့် အဝါရောင်များကို တစ်ကီလိုဂရမ်လျှင် ၈၀,၀၀၀ မှ ၁၂၀,၀၀၀ ဗီယက်နမ်ဒေါင်အတွင်းသာရှိပြီး တွေ့ရခဲသည့် စျေးနှုန်းအခြေအနေမျိုးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံရှိ ဒေသခံများက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် လူကြိုက်များပြီး အဆင့်မြင့်မျိုးစိတ် (Premium Variety) ဟု သတ်မှတ်ထားကြသော ကီဝီသီးအနီရောင်ကိုမူ ၁၀၉,၀၀၀ ဗီယက်နမ်ဒေါင်ဖြင့် ရောင်းချနေပြီး အဆိုပါ ဈေးနှုန်းချိုသာသော ကီဝီသီးများကို Go!, Bach Hoa Xanh နှင့် Kingfood ကဲ့သို့သော လက်လီအရောင်း ဆိုင်ခွဲများတွင် အများဆုံးရောင်းချလျက်ရှိသည်။ သို့သော်လည်း နယူးဇီလန်နှင့် ပြင်သစ်နိုင်ငံတို့မှ တင်သွင်းသော ကီဝီသီးများမှာမူ ဆက်လက်ဈေးကြီးနေဆဲဖြစ်သည်။ နယူးဇီလန် ကီဝီသီး အစိမ်းဈေးနှုန်းမှာ တစ်ကီလိုလျှင် ၁၃၉,၀၀၀ ဒေါင်ဝန်းကျင်ရှိနေပြီး ယခင် နှစ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလာသည်ဟု ဆိုနိုင်သော်လည်း တရုတ်နိုင်ငံမှ တင်သွင်းသော ကီဝီသီးဈေးနှုန်းနှင့် ယှဉ်လျှင်မူ အဆမတန်‌မြင့်မားနေဆဲဖြစ်သည်။ ယခင် ဗီယက်နမ်နိုင်ငံသည် ကီဝီသီးကို နယူးဇီလန်နိုင်ငံတစ်ခုတည်းနီးပါးမှသာ တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင်မူ အရည်အသွေးကောင်းမွန်လာခြင်းနှင့် ထုတ်ကုန်နောက်ကြောင်းလိုက် စစ်ဆေးနိုင်မှု (Traceability) ခိုင်မာလာခြင်းတို့ကြောင့် ဝယ်လိုအားမြင့်တက်လာကာ တရုတ်နိုင်ငံမှ တင်သွင်းမှုမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ တရုတ်ကီဝီသီးများသည် နယူးဇီလန် သို့မဟုတ် ပြင်သစ်နိုင်ငံတို့မှ သစ်သီးများကဲ့သို့ အမြင်အာရုံဖမ်းစားနိုင်ခြင်း မရှိသော်လည်း၊ ၎င်းတို့၏ အရည်အသွေးမှာ စိတ်ချယုံကြည်ရသည့် အခြေအနေသို့ ရောက်ရှိလာကြောင်း၊ ထို့ကြောင့် ဈေးနှုန်းကို အလေးထားသော ဝယ်ယူသူများကို အဓိကဆွဲဆောင်နိုင်ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်မြို့တော်ရှိ ကီဝီသီး လက်လီလက်ကား ရောင်းချသူများ ကပြောကြားခဲ့သည်။ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း (Vietnam Fruit and Vegetable Association) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Dang Phuc Nguyen က ခေတ်မီမျိုးပွား နည်းပညာများကြောင့် တရုတ်နိုင်ငံသည် ဈေးနှုန်းချိုသာသော စိုက်ပျိုးရေးထွက်ကုန်များကို အဓိကတင်ပို့သည့် နိုင်ငံဖြစ်လာကြောင်း ပြောကြားခဲ့သည်။ ယခင်က ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့တွင် ဈေးကြီးပေးဝယ်ခဲ့ရသည့် သစ်သီးအမျိုးအစား အများအပြားသည် တရုတ်နိုင်ငံတွင် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီးနောက်ပိုင်း လူအများအပြား ဝယ်ယူစားသုံးနိုင်သည့် ကုန်ပစ္စည်းများဖြစ်လာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၃ ဘီလီယံဖိုးခန့်ရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို တင်သွင်းခဲ့ပြီး ယင်းမှာ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ဟင်းသီးဟင်းရွက် တင်သွင်းသော အဓိကအရင်းအမြစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်သွင်းထားကြောင်း သိရှိရပါသည်။

Source : VnExpress                                                                       

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ