ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ K Thom ပြည်နယ်တွင် စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာ

          ၃၁.၅.၂၀၂၆ ရက်နေ့တွင် တရုတ်နိုင်ငံ၊ Yangzhou မြို့မှ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ K Thom ပြည်နယ်ရှိ စိုက်ပျိုးရေးနှင့် စိုက်ပျိုးစက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို စူးစမ်းလေ့လာခဲ့ကြပြီး ကုန်သွယ်ရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန် ရည်မှန်းထားကြသည်။  Yangzhou ပြည်နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ Chen Yang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယဝန်ကြီးချုပ် Vongsey Vissoth က ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်းပင်မြို့တွင် လက်ခံတွေ့ဆုံခဲ့သည်။ ဝန်ကြီးများကောင်စီ (OCM) ၏ ထုတ်ပြန်ချက်အရ Yangzhou နှင့် K Thom ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်းလာစေရန် ဆွေနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ Vissoth က သဘောတူညီချက်အပေါ် နှစ်ဖက်အဖွဲ့အားဂုဏ်ပြုကြောင်း၊ ကမ္ဘောဒီးယား-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်နှင့် Yangzhou နှင့် K Thom ပြည်နယ်ရှိ ပြည်သူများအတွက် လက်တွေ့ကျသောအကျိုးကျေးဇူးများ ဖန်တီးရာတွင် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ Vissoth က နှစ်နိုင်ငံလုံးသည် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးကျေးဇူးများကို နိုင်ငံသားများ အထူးသဖြင့် ကျေးလက်ဒေသများသို့ ရောက်ရှိစေရန် ရည်မှန်းထားကြောင်းနှင့် Yangzhou ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် နှစ်နိုင်ငံအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးမှုများနှင့် ကိုက်ညီမှုရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းသည် K Thom ပြည်နယ်၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူ ပြုမည်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုလျော့ချရေး ကြိုးပမ်းမှုများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း Vissoth က အလေးပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသည့် စိုက်ပျိုးရေးကုမ္ပဏီအား အလုပ်သမားဝန်ကြီး Heng Sour ချီးကျူး

          ကမ္ဘောဒီးယားနိုင်ငံ၊ အလုပ်သမားရေးရာဝန်ကြီး Heng Sour က ၃၀-၅-၂၀၂၆ ရက်နေ့တွင် စိုက်ပျိုးရေးထုတ်လုပ်မှုကွင်းဆက်များသို့ ကွင်းဆင်းစစ်ဆေးမှုခရီးစဉ်အတွင်း Kraite ပြည်နယ်၊ Snoul ခရိုင်ရှိ Thaco Agri  ကုမ္ပဏီအား ကမ္ဘောဒီးယားနိုင်ငံ၏ အလုပ်သမားဥပဒေနှင့် လူမှု ဖူလုံရေးစနစ်နှင့်အညီ အလုပ်သမားလိုအပ်ချက်များအတွက် အလုပ်ခွင်အခြေအနေများ ဖန်တီးပေးသည့်အတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဝန်ကြီးဌာနမှ တာဝန်ရှိအရာရှိများ၊ ပြည်နယ်အုပ်ချုပ်ရေးခေါင်းဆောင်များနှင့် ကုမ္ပဏီကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။ အဆိုပါခရီးစဉ်၏ ရည်ရွယ်ချက်မှာ နည်းပညာနှင့်အခြားထောက်ပံ့မှုများ ပေးအပ်နိုင်မှုနှင့် ဝန်ကြီးဌာန၏ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန်နှင့် ကုမ္ပဏီများနှင့် အလုပ်သမားတို့၏ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန် စစ်ဆေးခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ကုမ္ပဏီကိုယ်စားလှယ်များသည် ဒေသခံဝန်ထမ်းများ၏ ကျွမ်းကျင်မှုတိုးတက်ရေးကို အာရုံစိုက်သည့် ၎င်းတို့၏ ဗျူဟာမြောက်အစီအစဉ်အကြောင်းနှင့် ၂၀၂၆ ခုနှစ်အတွင်း ကုမ္ပဏီသည် ၎င်းတို့၏ တိုးချဲ့လာသော ထုတ်လုပ်မှုကွင်းဆက်ကို ပံ့ပိုးရန် အတွက် အလုပ်သမား ၇,၀၀၀ ခန့်အားအလုပ်ခန့်ရန် စီစဉ်ထားကြောင်း  Heng Sour အား တင်ပြခဲ့ကြသည်။ Thaco Agri  ကုမ္ပဏီမှ ဝန်ထမ်းများကို အလုပ်ခန့်ထားပြီးသည်နှင့် သင့်လျော်သော အလုပ်ခန့်ထားမှုစာချုပ်နှင့် ကျန်းမားရေးစောင့်ရှောက်မှု၊ အလုပ်ခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ပင်စင်များအတွက် ကုမ္ပဏီမှအပြည့်အဝပေးထားသော လူမှုဖူလုံရေးထည့်ဝင်ငွေများကို ရရှိမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ပြည်ပသို့တင်ပို့ရန် သံပရာသီး တန်ချိန် ၂၇,၀၀၀ အား အရည်အသွေးစစ်ဆေး ထောက်ခံချက်ပေးခဲ့ပြီးဖြစ် အာဂျင်တီးနားနိုင်ငံ

         အမျိုးသား စားသောက်ကုန်ဘေးကင်းရေးနှင့် အရည်အသွေးမြှင့်တင်ရေးဌာန (Senasa) သည် ၂၀၂၆ ခုနှစ် ပြည်ပပို့ကုန်ကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လတ်ဆတ်သော လိမ္မော်၊ သံပရာမျိုးနွယ်ဝင် အသီးအနှံများအား အပင်ပိုးမွှားကင်းစင်ရေး စစ်ဆေးခြင်းနှင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးခြင်း လုပ်ငန်းများကို ဘျူနိုအေးရိစ် (Buenos Aires) ပြည်နယ်ရှိ နေရာအသီးသီး၌ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ ယခုနှစ်အတွင်း Buenos Aires North ဒေသဆိုင်ရာဗဟိုဌာန၏ စီရင်ပိုင်ခွင့်အောက်ရှိ နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်ပညာရှင်များသည် သံပရာသီး တန်ချိန် ၂၇,၀၀၀ တင်ပို့မှုအတွက် အရည်အသွေးစစ်ဆေး ထောက်ခံချက် ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကုန်ပစ္စည်းတင်ပို့မှုများသည် ဇာရတီ (Zarate) ဆိပ်ကမ်းမှတစ်ဆင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ဥရောပသမဂ္ဂ (EU)၊ ရုရှားဖက်ဒရယ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံ (UK) တို့သို့ ဦးတည်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့သည့် ယခုကဲ့သို့ အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ စစ်ဆေးခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းများသည် လတ်ဆတ်သော လိမ္မော်၊ သံပရာမျိုးနွယ်ဝင် အသီးအနှံများ ပြည်ပတင်ပို့မှု အစီအစဉ်၏ နောက်ဆုံးအဆင့်ဖြစ်ပြီး နိုင်ငံတကာမှ လိုအပ်ချက်များကို ပြည့်မီစေရန်နှင့် သက်ဆိုင်ရာ ပြည်ပပို့ကုန်ဆိုင်ရာ ထောက်ခံချက်လက်မှတ် ထုတ်ပေးနိုင်ရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်းသိရပါသည်။ အဆိုပါ လုပ်ငန်းစဉ်များသည် စိုက်ပျိုးရေးကွင်းပြင်အတွင်း ထိန်းချုပ်စစ်ဆေးမှုများဖြင့် စတင်ကာ သယ်ယူပို့ဆောင်ရေး ကာလအတွင်း ဆက်လက်လုပ်ဆောင်ပြီး ကုန်ပစ္စည်းထုပ်ပိုးသည့်နေရာများတွင် အဆုံးသတ်သည့် လိမ္မော်၊ သံပရာမျိုးနွယ်ဝင် အသီးအနှံများ၏ ထုတ်လုပ်မှုသမိုင်းကြောင်း နောက်ကြောင်းခံ လိုက်လံစစ်ဆေးခြင်း ကွင်းဆက် (Traceability chain) ကို ပြီးပြည့်စုံစေကြောင်း သိရပါသည်။ ယခုကဲ့သို့ အပင်ပိုးမွှားကင်းစင်ရေး စစ်ဆေးခြင်းနှင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးခြင်းတို့သည် နိုင်ငံအတွက် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောအခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေပြီး လိမ္မော်၊ သံပရာလုပ်ငန်းကဏ္ဍကို ပံ့ပိုးကူညီရန်အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ပြသနေ‌ကြောင်း သိရပါသည်။

Source: Freshplaza                                                                    

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံ၏ တာယာတင်ပို့မှု စံချိန်တင်မြင့်မားခဲ့

          အိန္ဒိယနိုင်ငံ၏ တာယာတင်ပို့မှုသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ရူပီးကုဋေ ၂၇,၃၁၂ အထိရှိခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်မားဆုံး စံချိန်တင်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ မြင့်တက်လာခြင်းသည် ယခင်ဘဏ္ဍာနှစ်က မှတ်တမ်းတင်ခဲ့သည့် ရူပီးကုဋေ ၂၅,၀၅၇ ထက် ၉ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရပါသည်။ အိန္ဒိယနိုင်ငံ၏ တာယာတင်ပို့မှုသည် မြင့်မားသော ကုန်စည်ပို့ဆောင်စရိတ်များ၊ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေရာမှုများ ကြုံတွေ့နေရသည့်အခြေအနေများကြားတွင် ၉ ရာခိုင်နှုန်း တိုးတက်မှုကို ဒုတိယနှစ်ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

       အမေရိကန်ပြည်ထောင်စုသည် ပို့ကုန်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်း (ရူပီးကုဋေ ၄,၀၈၂) ကို ရယူကာ အကြီးဆုံးသော တစ်ဦးတည်းသော ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ သို့သော်လည်း အမေရိကန်အစိုးရက ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် အိန္ဒိယတာယာ သွင်းကုန်ခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီးနောက် ယင်းဝေစုသည် ယခင်နှစ်က ၁၇ ရာခိုင်နှုန်းရှိရာမှ ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ထို့နောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အခွန်နှုန်းထားကို ၁၈ ရာခိုင်နှုန်းအထိ ပြန်လည်လျှော့ချပေးခဲ့ခြင်းက ဘဏ္ဍာနှစ်၏ နောက်ဆုံးလများသို့ ရောက်ရှိချိန်တွင် ပို့ကုန်လုပ်ငန်းရှင်များအတွက် အတိုင်းအတာတစ်ခုအထိ သက်သာရာရစေခဲ့ကြောင်း သိရပါသည်။

          အမေရိကန်အပြင် ဂျာမနီနိုင်ငံမှ ၇ ရာခိုင်နှုန်း၊ အီတလီနိုင်ငံမှ ၅ ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံမှ ၅ ရာခိုင်နှုန်းနှင့် ပြင်သစ်နိုင်ငံမှ ၄ ရာခိုင်နှုန်း တို့ဖြင့် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သောတာယာများကို ထိပ်တန်းပို့ကုန်ဦးတည်ရာနိုင်ငံများအဖြစ် တင်သွင်းလျက်ရှိကြောင်း သိရပါသည်။ တာယာ လုပ်ငန်းအဖွဲ့အစည်းဖြစ်သည့် ATMA က ယခုကဲ့သို့ စဉ်ဆက်မပြတ် စွမ်းဆောင်နိုင်ခြင်းသည် ဈေးကွက်စုံလင်အောင် ဆောင်ရွက်နိုင်ခြင်း၊ ကုန်ကျစရိတ်ကို အကောင်းဆုံးဖြစ်အောင် လျှော့ချနိုင်ခြင်းနှင့် နိုင်ငံအဆင့် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

         လွန်ခဲ့သည့် လေးနှစ်မှ ငါးနှစ်တာကာလအတွင်း တာယာထုတ်လုပ်သူများသည် စက်ရုံအသစ် တည်ဆောက်ခြင်းနှင့် လက်ရှိစက်ရုံများ တိုးချဲ့ခြင်းလုပ်ငန်းများတွင် ရူပီးကုဋေ ၃၀,၀၀ခန့် ရင်းနှီးမြှုပ်နှံခဲ့ကြ‌ကြောင်း သိရပါသည်။ စက်မှုလုပ်ငန်းတစ်ခုလုံး၏ ခန့်မှန်းခြေ နှစ်စဉ်လုပ်ငန်းလည်ပတ်မှုပမာဏသည် ရူပီး ၁ သိန်းကုဋေခန့်ရှိပြီး လက်ရှိတွင် ပို့ကုန်ကဏ္ဍသည် စက်မှုလုပ်ငန်းတစ်ခုလုံး၏ စုစုပေါင်းထုတ်လုပ်မှု ပမာဏ လေးပုံတစ်ပုံကျော်ကို ကိုယ်စားပြုနေပြီဖြစ်ကြောင်း သိရပါသည်။

      တိုးတက်လာနေသည့် ကုန်သွယ်ရေးသဘောတူညီချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် (Global Value Chains) တွင် အိန္ဒိယ၏ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းပါဝင်လာမှုတို့က နောင်လာမည့်နှစ်များတွင် ပို့ကုန်တိုးတက်မှုကို ပိုမိုပံ့ပိုးပေးလိမ့်မည်ဟု ATMA မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Source: autocarpro.com                                                            

DOCA (ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု ၆.၃ ရာခိုင်နှုန်းခန့် မြင့်တက်လာ

        ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်ရမှုများနှင့် မငြိမ်မသက်ဖြစ်နေသော ငွေလဲလှယ်နှုန်းများ ရှိနေလင့်ကစား ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၎င်း၏အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သဖြင့် နိုင်ငံအတွက် လေးနှစ်ကျော်ကာလအတွင်း အကောင်းဆုံးသော လေးလတာ ပို့ကုန်စွမ်းဆောင်ရည်ကို ရရှိစေခဲ့ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (DTI) က ပြောကြားခဲ့ကြောင်း  သိရပါသည်။

         ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အကြိုအချက်အလက်များကို ကိုးကား၍ DTI က ပြောကြားရာတွင် ဧပြီလ၌ ပို့ကုန်ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၇.၂၁ ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ နောက်ဆုံးရရှိသော ကိန်းဂဏန်းများအရ ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၁၆ လဆက်တိုက် တိုးတက်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         ဇန်နဝါရီလမှ ဧပြီလအထိ ပို့ကုန်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၉.၉၃ ဘီလီယံခန့်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် မှတ်တမ်းတင်ခဲ့သည့် ဒေါ်လာ ၂၆.၉၃ ဘီလီယံထက် ပိုမိုမြင့်မားခဲ့ကြောင်း သိရပါသည်။

         ဖိလစ်ပိုင်အစိုးရအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အဆင်သင့်ဖြစ်မှုကို မြှင့်တင်ရန်အတွက် ကုန်ထုတ်လုပ်ငန်းများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေစဉ်အတွင်း ပို့ကုန်စွမ်းဆောင်ရည်၌ အရှိန်အဟုန် ဆက်လက်ကောင်းမွန်နေဆဲဖြစ်‌ကြောင်း ကုန်သွယ်ရေး အတွင်းရေးမှူး Cristina Roque က ပြောကြားခဲ့ပါသည်။ အီလက်ထရွန်နစ် ထုတ်ကုန်များသည် ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းပို့ကုန်အဖြစ် ဆက်လက်တည်ရှိနေပြီး ပို့ကုန်ရရှိငွေ စုစုပေါင်း၏ ၄၇.၇ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၃.၄၄ ဘီလီယံကို ရှာဖွေပေးခဲ့‌ကြောင်း သိရပါသည်။

      ဉာဏ်ရည်တု (AI) နှင့် Internet of Things (IoT) ကဲ့သို့သော ပေါ်ထွက်လာသည့် နည်းပညာများတွင် အသုံးပြုသည့် လူသုံးအီလက်ထရွန်နစ်ပစ္စည်းများ၊ ဆက်သွယ်ရေးနှင့် ရုံးသုံးပစ္စည်းကိရိယာများအတွက် ဝယ်လိုအားများက ယင်းကဏ္ဍကို ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း DTI မှ ‌ပြောကြားချက်အရ သိရပါသည်။

        အခြားသော အဓိကပံ့ပိုးပေးသည့် ကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၄၅၈.၉၅ သန်းရှိသည့် တွင်းထွက်ထုတ်ကုန်များနှင့် အမေရိကန်ဒေါ်လာ ၄၂၃.၃၆ သန်းရှိသည့် စက်ယန္တရားနှင့် သယ်ယူပို့ဆောင်ရေးပစ္စည်းကိရိယာများ ပါဝင်နေကြောင်း သိရပါသည်။ အဆိုပါကဏ္ဍသည် ကုန်စည်အုပ်စုများအနက် နှစ်အလိုက် တိုးတက်မှုနှုန်း အမြင့်မားဆုံးဖြစ်ခဲ့ပြီး ၎င်း၏နောက်တွင် အုန်းဆီနှင့် အခြားတွင်းထွက်ထုတ်ကုန်များက အစဉ်လိုက်ရပ်တည်နေကြောင်း DTI က ပြောကြားခဲ့ပါသည်။

        အုန်းသီးအခြေခံထုတ်ကုန်များသည်လည်း အစားအစာပါဝင်ပစ္စည်းများနှင့် အပင်အခြေခံ အစားထိုးပစ္စည်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကြောင့် အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြောင်း အဆိုပါအေဂျင်စီမှ ပြောကြားချက်များအရ သိရပါသည်။

        အမေရိကန်ပြည်ထောင်စုသည် ဧပြီလတွင် နိုင်ငံ၏ ထိပ်တန်းပို့ကုန်ဦးတည်ရာအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းပို့ကုန်၏ ၁၈ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၁.၃၀ ဘီလီယံအထိရှိခဲ့ကြောင်း သိရပါသည်။ ယင်း၏နောက်တွင် တရုတ်နိုင်ငံက ဒေါ်လာ ၉၂၆.၆၆ သန်း၊ ဂျပန်နိုင်ငံက ဒေါ်လာ ၉၁၄.၆၄ သန်း၊ ဟောင်ကောင်က ဒေါ်လာ ၉၁၄.၅၉ သန်းနှင့် စင်ကာပူနိုင်ငံက ဒေါ်လာ ၃၃၂.၇၅ သန်းတို့ဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ပို့ကုန်တင်ပို့ခဲ့ကြောင်း သိရပါသည်။

        တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် DTI ၏ ပို့ကုန်စျေးကွက် မြှင့်တင်ရေးဗျူရိုသည် ရေရှည်တည်တံ့ခိုင်မြဲမှု၊ အရင်းအမြစ် နောက်ကြောင်းခံလိုက်နိုင်မှု (traceability)၊ အမျိုးသမီးများကို ဦးတည်သည့် ပို့ကုန်အဆင်သင့်ဖြစ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ အကောက်ခွန်နှင့် ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

         ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ဟာလာလ် (Halal) လက်မှတ်ရရှိရေး ကူညီပံ့ပိုးမှု၊ ကုန်သွယ်မှုပြပွဲများ၊ စီးပွားရေးလုပ်ငန်း အပြန်အလှန်ချိတ်ဆက်ပေးမှုများနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှုများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) စျေးကွက်အသစ်များသို့ ဝင်ရောက်နိုင်ရန် ကူညီပေးနေကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

      သို့သော်လည်း အရှေ့အလယ်ပိုင်းတင်းမာမှုများ၊ ရေနံထောက်ပံ့မှုအပေါ် ဖိအားပေးမှုများ၊ ငွေကြေးမငြိမ်မသက်ဖြစ်မှုများနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်ကုန်ကြမ်းများအပေါ် မှီခိုနေရခြင်းအပါအဝင် ပြင်ပအန္တရာယ်များ ဆက်လက်ရှိနေသေးကြောင်း DTI မှ ပြောကြားချက်များအရ သိရှိရပါသည်။

Source: Philstar                                                                        

DOCA (ရန်ကုန်)

ရုရှားရေနံစိမ်းတင်ပို့မှု စံချိန်တင်မြင့်တက်

         ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်၍ ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုသည် တစ်ရက်လျှင် ပျမ်းမျှ စည်ပေါင်း ၃.၄၆ သန်း ရှိနေပြီး၊ ၎င်းမှာ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တစ်ရက်လျှင် စည်ပေါင်း ၁၂၀,၀၀၀ ခန့် တိုးလာခြင်းဖြစ်‌ကြောင်း သိရပါသည်။ မေလ ၃၁ ရက်နေ့မတိုင်မီ ၄ ပတ်တာကာလအတွင်း နောက်ဆုံးရရှိသော အချက်အလက်များအရ တစ်ရက်လျှင် ပျမ်းမျှ ရေနံတင်ပို့မှုမှာ ၃.၆၄ သန်း ရှိခဲ့‌ကြောင်း သိရပါသည်။ အဆိုပါပမာဏမှာ ယခင် ၂၈ ရက်တာကာလအတွင်း မှတ်တမ်းတင်ထားသည့် ၃.၆၈ သန်းထက် အနည်းငယ်လျော့နည်းသော်လည်း ကိန်းဂဏန်းများအရ သမိုင်းတစ်လျှောက် မြင့်မားသောအဆင့်တွင်ပင် ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။

         ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီး မတည်ငြိမ်မှုများကြောင့် ကမ္ဘာ့ရေနံ ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ ယခုကဲ့သို့ ရေနံတင်ပို့မှုပမာဏ ဆက်တိုက်မြင့်မားနေခြင်း တို့ပေါင်းစပ်ကာ ရုရှားရေနံတင်ပို့မှု၏ စုစုပေါင်းတန်ဖိုးကို မတွေ့ကြုံဖူးသေးသည့် အဆင့်များ အထိ ရောက်ရှိသွားစေခဲ့ကြောင်း သိရပါသည်။ ရုရှား၏ ရေနံချက်လုပ်ရေးကဏ္ဍသည် သိသာထင်ရှားသော ဖိအားများနှင့် ရင်ဆိုင်နေရပြီး မေလတွင် ရေနံချက်လုပ်မှုနှုန်းမှာ ၁၆ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပါသည်။ အဆိုပါအနှောင့်အယှက် ဖြစ်မှုများ ကြောင့် မော်စကိုအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကို ကာကွယ်ရန် လေယာဉ်ဆီနှင့် ဓာတ်ဆီ ကဲ့သို့သော ချောဆီအချောထည် ထုတ်ကုန်များအပေါ် ပိုမိုတင်းကျပ်သည့် တင်ပို့မှု ထိန်းချုပ်မှုများကို လုပ်ဆောင်လာခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် လက်ရှိပင်လယ်ပြင်တွင် သယ်ယူပို့ဆောင်နေဆဲဖြစ်သော ရုရှားရေနံပမာဏမှာ စည်ပေါင်း ၁၂၄ သန်းအထိ မြင့်တက်လာခဲ့ပြီး ၎င်းမှာ ဧပြီလလယ်က တွေ့ရှိရသည့် အနိမ့်ဆုံးပမာဏထက် ၂၅ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။

        အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံ၏ ရေနံအဓိက ဦးတည်ရာ ပန်းတိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ယခုနှစ်ဆန်းပိုင်းက အရှေ့အလယ်ပိုင်း ရေနံထောက်ပံ့မှုများ အနှောင့်အယှက်ဖြစ်ခဲ့ပြီးနောက် အိန္ဒိယရေနံချက်စက်ရုံများ၏ ဝယ်ယူမှုမှာ သိသိသာသာ မြင့်တက်လာခဲ့ပါသည်။ အဆိုပါဒေသသို့ တင်သွင်းမှုသည် မေလတွင် တစ်ရက်လျှင် ပျမ်းမျှ ၁.၇၆ သန်းအထိရှိခဲ့ပြီး ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ခြုံငုံကြည့်လျှင် မေလ ၃၁ ရက်နေ့ကုန်ဆုံးသည့် ၄ ပတ်တာကာလအတွင်း အာရှဝယ်သူများထံ ရုရှား၏ ရေနံတင်ပို့မှုမှာ တစ်ရက်လျှင် စည်ပေါင်း ၃.၅၂ သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။

          ဥရောပသမဂ္ဂ (EU) သည် ရုရှားအပေါ် စီးပွားရေးအရ ဖိအားများ ပိုမိုပြင်းထန်လာစေရန် ၎င်း၏ ၂၁ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှု ပက်ကေ့ဂျ်ကို ပြင်ဆင်ခြင်းဖြင့် လှုပ်ရှားလာခဲ့ပြီး၊ ယင်းတွင် ရုရှားရေနံ၏ အမြင့်ဆုံးဈေးနှုန်းကို တစ်စည်လျှင် ၄၄.၁၀ ဒေါ်လာဖြင့် ယာယီ သတ်မှတ်ရန် အဆိုပြုချက် ပါဝင်လာခဲ့‌‌ကြောင်း သိရပါသည်။

          ရေနံဈေးနှုန်း အမြင့်ဆုံးသတ်မှတ်ချက်အပြင် ကော်မရှင်သည် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် ကူညီပေးနေသည့် တတိယနိုင်ငံများမှ အဖွဲ့အစည်းများကို ပစ်မှတ်ထားရန် လုပ်ဆောင်ခဲ့ပြီး အရည်ပျော်သဘာဝဓာတ်ငွေ့ (LNG) သယ်ယူပို့ဆောင်သည့် သင်္ဘောများအထိပါ ကန့်သတ်ပိတ်ဆို့မှုအစီအမံများကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့‌ကြောင်း သိရှိရပါသည်။

Source: United 24 media.com                                                    

DOCA (ရန်ကုန်)

၂၀၂၆-၂၀၂၇ ရာသီနှစ်အတွက်မျှော်မှန်းချက်ကျော်လွန်ကာ ဂျုံဝယ်ယူမှု တန်ချိန် ၃၅ သန်းဖြင့် ၁၇ % မြင့်တက်

  ပြီးခဲ့သည့်နှစ်က ဝယ်ယူခဲ့မှု တန်ချိန်သန်း ၃၀ နှင့် ခန့်မှန်းချက်တန်ချိန် ၃၄.၅ သန်းကို ကျော်လွန်၍ ၂၀၂၆-၂၀၂၇ ဈေးကွက်ရာသီတွင် အစိုးရ၏ ဂျုံဝယ်ယူမှုသည် တန်ချိန် ၃၅ သန်း ကျော်ဖြင့် ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ၃-၆-၂၀၂၆ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

    ယခုရာသီနှစ်အထိ ဂျုံဝယ်ယူမှုတန်ချိန် ၃၅ သန်းရှိကြောင်း၊ မျှော်မှန်းချက်ထက်ပိုမို ဝယ်ယူထားပြီးဖြစ်ကြောင်း၊ ဂျုံအဓိကထွက်ရှိသည့်ပြည်နယ်များတွင် ဝယ်ယူပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါအရာရှိကပြောကြားထားပါသည်။ အိန္ဒိယအစားအသောက်ကော်ပိုရေးရှင်းနှင့် ပြည်နယ် အေဂျင်စီများအနေဖြင့် ဂျုံဝယ်ယူမှုကို အမျိုးသားအစားအသောက် လုံခြုံစိတ်ချရမှု ဥပဒေနှင့် အခြားလူမှုဖူလုံရေး အစီအစဉ်များနှင့်အညီ အနိမ့်ဆုံးအထောက်အကူပြုဈေးနှုန်းဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။

    ပုံမှန်မဟုတ်သည့် မိုးများခြင်းနှင့် မုန်တိုင်းဖြစ်ပေါ်ခြင်းများကြောင့် ဒေသထွက် ကောက်ပဲသီနှံပျက်စီးဆုံးရှုံးမှုရှိသော်လည်း ပြည်တွင်းထွက်ရှိမှု တန်ချိန် ၁၂၀.၆၅ ရှိနေသည့်အတွက် ဝယ်ယူမှုကို အထောက်အကူဖြစ်စေကြောင်း သိရသည်။

     ပြည်နယ်အားလုံးအနေဖြင့် Punjab ပြည်နယ်သည် ပြီးခဲ့သည့်သီးနှံရာသီက တန်ချိန် ၁၁.၉ သန်း ဝယ်ယူခဲ့ရာမှ ယခုအခါ တန်ချိန် ၁၂.၁ သန်းဖြင့်
ဦးဆောင်ဝယ်ယူလျက်ရှိကြောင်း၊ Madhya Pradesh ပြည်နယ်သည် တန်ချိန် ၇.၈ သန်းမှ တန်ချိန် ၁၀.၄ သန်းသို့ တိုးမြှင့်ဝယ်ယူခဲ့ ပြီး Haryana ပြည်နယ်သည် တန်ချိန် ၇သန်းမှ တန်ချိန် ၈.၁ သန်းသို့ မြင့်တက်သွားကြောင်း သိရသည်။ Uttar Pradesh  ပြည်နယ်သည် တန်ချိန် ၁ သန်းမှ ၁.၇ သန်းအထိ နှစ်ဆနီးပါး ဝယ်ယူမှုမြင့်တက်ခဲ့ပြီး Rajasthan ပြည်နယ်သည် တန်ချိန် ၁.၉ သန်းမှ ၂.၄ သန်းအထိ ဝယ်ယူမှု တိုးလာကြောင်း သိရသည်။ ဂျုံဝယ်ယူမှုကာလသည် ဧပြီလမှ မတ်လအထိ ဖြစ်သော်လည်း ပထမ လအနည်းငယ်မှာပင် ဝယ်ယူမှုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source : The Hindu Business Line, 3 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံတွင် အထည်အလိပ်တင်ပို့သူများကို အကူအညီဖြစ်စေရန် ဝါဂွမ်းတင်သွင်းခွန်ကို ငါးလကြာ ပယ်ဖျက်

     အိန္ဒိယနိုင်ငံသည် ဝါဂွမ်းတင်သွင်းမှုအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်များကို ငါးလကြာ ပယ်ဖျက်ပေးလိုက်ကြောင်း အစိုးရက စနေနေ့တွင် ပြောကြားခဲ့သည်။ ယင်းသို့ပြုလုပ်ခြင်းသည် အညစ်အကြေးကင်းစင်သော သဘာဝအမျှင်ဓာတ် (contamination-free natural fibre) ထောက်ပံ့မှုကို မြှင့်တင်ရန်ဖြစ်ပြီး ချည်မျှင်အတွက် နိုင်ငံရပ်ခြားဝယ်လိုအား အားကောင်းနေချိန် တွင် အထည်အလိပ် တင်ပို့သူများကို အထောက်အကူပြုရန် ရည်ရွယ်သည်။

    ကမ္ဘာ့ဒုတိယအကြီးဆုံး ချည်ထုတ်လုပ်သူ၏ သွင်းကုန်ကန့်သတ်ချက်များ လျှော့ပေါ့မှုသည် ကမ္ဘာ့စျေးနှုန်းများကို အထောက်အကူဖြစ်စေနိုင်သော်လည်း
ရူပီးငွေတန်ဖိုးကျဆင်းမှုကြောင့် သွင်းကုန်ဝါဂွမ်းဈေးသည် ပြည်တွင်းထွက်ကုန်များထက် အနည်းငယ်ဈေးပိုကြီးသဖြင့် ဝယ်ယူမှုများ ရုတ်တရက်မြင့်တက်လာနိုင်ခြေမရှိကြောင်း သိရသည်။

    လက်ရှိ ၁၁% သော တင်သွင်းခွန်ကို အောက်တိုဘာ ၃၀ ရက်အထိ ဆိုင်းငံ့ထားမည်ဟု အစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီရန်စစ်ပွဲကြောင့်
ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက် နေချိန်တွင် အိန္ဒိယ၏အထည်အလိပ်ကဏ္ဍသည်လည်း အခြားကဏ္ဍများကဲ့သို့ပင် သွင်းအားစုကုန်ကျ စရိတ်များ မြင့်တက်ခြင်းဒဏ်ကို ခံနေရသည်။

    ဤအစီအမံသည် ဝါဂွမ်းရရှိနိုင်မှုကို ပိုမိုကောင်းမွန်စေခြင်းဖြင့် အထူးသဖြင့် အသေးစားနှင့် အလတ်စား ကုမ္ပဏီများကို အထောက်အကူပြုနိုင်မည်ဟု အစိုးရက ဆိုသည်။ သို့ရာတွင် စက်မှု လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက လက်ရှိတွင် အိန္ဒိယဝါဂွမ်းသည် ကမ္ဘာပေါ်တွင် ဈေးအသက် သာဆုံးဖြစ်ပြီး ယခုနှစ်သီးနှံမှ ဝါဂွမ်းအလုံအလောက် ပြည်တွင်း၌ ရှိနေသောကြောင့် တင်သွင်းမှုကို ကန့်သတ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

     လက်ရှိဈေးနှုန်းများအရ သွင်းကုန်များမှာ တွက်ချေကိုက်မှုမရှိနိုင်ကြောင်း အိန္ဒိယဝါဂွမ်း အသင်းဥက္ကဋ္ဌက ရိုက်တာသို့ ပြောကြားခဲ့သည်။ နိုင်ငံခြားသို့
အဓိကတင်ပို့သည့် စက်ရုံများအနေ ဖြင့် အရည်အသွေးပြည့်မီရန်အတွက် ညစ်ညမ်းမှုကင်းသည့် ဝါဂွမ်းများကို လိုအပ်ပြီး အဆိုပါ လိုအပ်ချက်အတိုင်း ဖြစ်စေရန် အခွန်ကင်းလွတ်ခွင့် ပေးထားသည့်ကာလအတွင်း ဝါဂွမ်းထုပ်ရေ ၆ သိန်းခန့် ပြည်ပကနေ တင်သွင်းလာနိုင်ကြောင်း သိရသည်။

   အဆိုပါဝါဂွမ်းကို အထွက်နှုန်းပိုလျှံသည့် ဩစတြေးလျ၊ ဘရာဇီး၊ အမေရိကန်နှင့် အာဖရိကနိုင်ငံတို့မှ ရရှိနိုင်ဖွယ်ရှိကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။ အိန္ဒိယသည် ယခင်နှစ်က သြဂုတ်လလယ်မှ ဒီဇင်ဘာလကုန်အထိ အကောက်ခွန်ကင်းလွတ်သော ဝါဂွမ်းတင်သွင်း ခွင့်ကို ခွင့်ပြုခဲ့ပြီး ၎င်းမှတစ်ဆင့် ယခုစျေးကွက်နှစ် (ပြီးခဲ့သော အောက်တိုဘာ ၁ ရက်မှစတင်) တွင် တင်သွင်းမှုမှာ ဝါဂွမ်းထုပ်ရေ ၄.၇ သန်းအထိ စံချိန်တင်မြင့်မားလာခဲ့သည်။

       အိန္ဒိယနိုင်ငံတွင် ဝါဂွမ်းကို မိုးရေချိန် အားထားရသောဒေသများ၌အဓိကစိုက်ပျိုးပြီး အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးဦးမိုးနှောင်း ရွာသွန်းမှု
အနှောင့်အယှက်ဖြစ်ပေါ်ပါက ဇွန် လမှစတင်၍ စိုက်ပျိုးမည့် သီးနှံအသစ်၏အထွက်နှုန်းကို လျော့ကျစေနိုင်ပြီး ပြည်ပမှ တင်သွင်း လိုသည့် ဝယ်လိုအားကို
မြင့်တက်စေနိုင်ကြောင်း၊ အဆိုပါအခြေအနေမျိုးတွင် အစိုးရအနေဖြင့် ယခင်နှစ် ဆောင်ရွက်ခဲ့သည့်အတိုင်း အောက်တိုဘာလနောက်ပိုင်းအထိ အကောက်ခွန်ကင်းလွတ်ခွင့်ကို သက်တမ်းတိုးနိုင်ကြောင်း နယူးဒေလီအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းတစ်ခုမှ အရောင်းကိုယ်စားလှယ်တစ်ဦးက
ပြောကြားခဲ့သည်။

Source: Reuters, 31 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယကုလားပဲဈေးနှုန်းများ တစ်လအတွင်း ၉ ရာခိုင်နှုန်းကျော် မြင့်တက်လာ

      အိန္ဒိယနိုင်ငံတွင် ပြည်တွင်း၌ စံချိန်တင် ပဲရိတ်သိမ်းနိုင်ခဲ့ခြင်း၊ သုံးနှစ်တာကာလအတွင်း ပဲမျိုးစုံ အရန်လက်ကျန်အများဆုံးရှိနေခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ စိုးရိမ်နိုင်ခြေ လျော့နည်းနေခြင်းတို့ရှိသော်လည်း ကုလားပဲဈေးနှုန်းများသည် လွန်ခဲ့သည့်လကထက် ၉ ရာခိုင်နှုန်း ကျော်နှင့် ယမန်နှစ်အလားတူကာလထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အခြေခံရည်ညွှန်းဈေး (MSP)ထက် အနည်းငယ်သာ သာလွန်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

      ကုန်သွယ်မှုကဏ္ဍမှ ကျွမ်းကျင်သူများက ယခုကဲ့သို့ လတ်တလော ဈေးနှုန်း ပြန်လည်ဦး မော့လာရခြင်းမှာ အစိုးရ၏ ဝယ်ယူစုဆောင်းမှုများပြားခြင်း(စုစုပေါင်း ထုတ်လုပ်မှု၏ ၁၆ ရာခိုင် နှုန်းကို ဝယ်ယူခဲ့ခြင်း) နှင့် ကုလားပဲနှင့် စားတော်ပဲဝါ တင်သွင်းမှု လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။ ကုန်သည်များအနေဖြင့် ရှေ့လာမည့် မိုးရာသီနှင့် ပွဲတော်ကာလများအတွင်း ကုလားပဲနှင့်  ကုလားပဲမှုန့် စားသုံးမှု မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းများ ဆက်လက်ခိုင်မာနေလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

   ပဲမျိုးစုံအများစု၏ ဈေးနှုန်းများသည် တည်ငြိမ်ပြီး အခြေခံရည်ညွှန်းဈေး (MSP) အောက် တွင် ရှိနေခဲ့ရာမှ အစိုးရက အများအပြား ဝယ်ယူစုဆောင်းခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇွန်လ ပထမ အပတ်တွင် ကုလားပဲဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ ယင်းသို့ဝယ်ယူမှုကြောင့် ဈေးကွက်ထဲမှ ကုလားပဲ တန်ချိန် ၂၁ သိန်းခန့် လျော့နည်းသွားစေခဲ့ကြောင်း အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌ ဖြစ်သူ Bimal Kothari က ပြောကြားခဲ့သည်။

      အိန္ဒိယအစိုးရ၏ ခန့်မှန်းချက်များအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရိက္ခာသီးနှံ ထုတ်လုပ်မှုသည် တန်ချိန် ၃၇၆.၆ သန်း ရှိမည်ဟု ခန့်မှန်းထားပြီး၊ ယင်းမှာ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်ထက် ၅.၂ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စုစုပေါင်း ပဲမျိုးစုံထုတ်လုပ်မှုသည် စံချိန်တင် တန်ချိန် ၂၇၄.၀၉ သိန်း ရှိပြီး ယခင်နှစ်ထက် ၆.၇ ရာခိုင်နှုန်း တိုးတက်လာကာ ကုလားပဲထုတ်လုပ်မှုမှာမူ တန်ချိန် ၁၁၁ သိန်းမှ ၁၂၅.၁၄ သိန်းသို့ ၁၂.၆ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာကြောင်း ခန့်မှန်းထားသည်။

   သို့ရာတွင် အမှန်တကယ် ထုတ်လုပ်နိုင်မှုသည် ခန့်မှန်းထားသကဲ့သို့ မများနိုင်ကြောင်း၊ ကုလားပဲထုတ်လုပ်မှုသည်သာ ပိုမိုမြင့်မားခဲ့လျှင် ဈေးနှုန်းများ
တက်လာပြီးသည့်နောက်ပိုင်းတွင် ဈေးကွက်ထဲသို့ ပဲအဝင် ပိုမိုများလာတာကို မြင်တွေ့ရနိုင်ကြောင်း IPGA ၏ ဂုဏ်ထူးဆောင် ဘဏ္ဍာရေးမှူးဖြစ်သူ Satish Upadhyay က ပြောကြားခဲ့ကြောင်း သိရှိရသည်။

Source: The Economic Times, 3 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့စားအုန်းဆီကြမ်းဈေးနှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ အထိ မြင့်တက်လာနိုင်

     ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်ခြင်း၊ အင်ဒိုနီးရှားတွင် စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ်မည့်အစီအစဉ်နှင့်
စားအုန်းဆီအဓိကထုတ်လုပ်သည့် နိုင်ငံ များတွင် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်မှု အလားအလာတို့ကြောင့် ၂၀၂၆ ခုနှစ် ဒုတိယ ၆ လ အတွင်း ကမ္ဘာ့စားအုန်းဆီကြမ်း(CPO) ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ အထိ မြင့်တက်ဖွယ်ရှိကြောင်း စားအုန်းဆီဆိုင်ရာလေ့လာသူများက ခန့်မှန်းထားသည်ကို Jakarta Globe သတင်းဌာနက ဇွန်လ ၂ ရက်တွင် ဖော်ပြထားသည်။

    စားအုန်းဆီ ဈေးကွက်တွင် ဈေးနှုန်းအတက်အကျများဖြစ်ပေါ်လျက်ရှိသော်လည်း စားအုန်းဆီ ရောင်းလိုအား အဟန့်အတားရှိနိုင်ခြင်းနှင့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှု ပိုမိုအားကောင်းလာ ခြင်းတို့က ယခုနှစ်ကုန်ပိုင်းအထိ စားအုန်းဆီ ဈေးနှုန်းကို အထောက်အကူပြုနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။

     စားအုန်းဆီဆိုင်ရာ မဟာဗျူဟာမြောက် မူဝါဒလေ့လာရေးအဖွဲ့ (Paspi) မှ ဦးဆောင်ညွှန်ကြားရေးမှူး Tungkot Sipayung က စားအုန်းဆီဈေးနှုန်းသည်
ကမ္ဘာ့စွမ်းအင် ဈေးကွက်တိုးတက်မှုများ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ပထဝီနိုင်ငံရေးတင်းမာမှုများကြား ဈေးနှုန်းမြင့်တက်လာသည့်
ရေနံနှင့်ပိုမိုဆက်စပ်နေပါကြောင်း၊ နိုင်ငံတကာ စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းသည် ရေနံဈေးနှုန်း မည်မျှထိ မြင့်တက်နိုင်မည်ဆိုသော အခြေအနေအပေါ် မူ
တည်နေပါကြောင်း၊ အကယ်၍ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခပြီးဆုံးသွားပြီးနောက်ပိုင်းတွင်လည်း ရေနံအပြည့်အဝ ထုတ်လုပ်နိုင်ရေးအတွက် ပျက်စီးသွားသည့် အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်းကို အချိန်ယူဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ကမ္ဘာ့ဘဏ်က ယခု ၂၀၂၆ ခုနှစ်တွင် ရေနံတစ်စည် ပျမ်းမျှဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၈၆ ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းခန့်မှန်းချက်ပမာဏသည်
ယခင် ၂၀၂၅ ခုနှစ် ရေနံ တစ်စည် ပျမ်းမျှဈေးနှုန်း ၆၉ ဒေါ်လာထက် ပိုမိုခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အင်ဒို နီးရှားအစိုးရ၏ ၂၀၂၆ ခုနှစ်၊
ဇူလိုင်လ ၁ ရက်တွင် စတင်ထုတ်လုပ်မည်ဖြစ်သော ဇီဝဒီဇယ်ဆီ B50 အကောင်အထည်ဖော်ရေးအစီအစဉ်က စားအုန်းဆီ ရောင်းလိုအားကို တင်းကျပ်စေမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒကြောင့် ကမ္ဘာ့အများဆုံး စားအုန်းဆီထုတ်လုပ်သူနိုင်ငံက ပြည်တွင်း စားအုန်းဆီ အသုံးပြုမှုပမာဏ ပိုမိုမြင့်တက်လာစေပြီး စားအုန်းဆီ တင်ပို့မှုလျှော့ချနိုင်မှု အလားအလာရှိလာနိုင်ကြောင်း ဖော်ပြထားသည်။

    တစ်ချိန်တည်းမှာပင် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ် နိုင်မှုအခြေအနေခန့်မှန်းချက်က စားအုန်းဆီ ထုတ်လုပ်သည့်နိုင်ငံများတွင် ထုတ်လုပ်မှုကဏ္ဍအပေါ်  ဖိအားဖြစ်စေပြီး ဈေးနှုန်းကို အထောက်အကူပြုစေလျက်ရှိသည်။ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက ပုံမှန်အားဖြင့် စားအုန်းဆီ ထုတ်လုပ်သည့်နိုင်ငံများတွင် ရောင်းလိုအား ကျဆင်းလေ့ရှိကြောင်း၊ နိုင်ငံတကာ စားအုန်းဆီကြမ်းဈေးနှုန်းသည် ယခုနှစ် နှစ်ကုန်အတွင်း
တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ ထိ ရောက်ရှိလာနိုင်ကြောင်း စားအုန်းဆီဆိုင်ရာ မဟာဗျူဟာမြောက် မူဝါဒလေ့လာရေးအဖွဲ့ (Paspi) မှ ဦးဆောင် ညွှန်ကြားရေးမှူး Tungkot Sipayung က ဆက်လက်ပြောကြားသည်။

     နောက်ပိုင်းကာလများတွင် ရေနံဈေးနှုန်း ပုံမှန်အခြေအနေသို့ ရောက်ရှိလာခြင်း၊ ဝယ်ယူသူများက ကုန်ကျစရိတ်မြင့်မားသော စားအုန်းဆီကို
ထိန်းညှိဝယ်ယူမှုပြုလုပ်လာခြင်းနှင့် ဝယ်လိုအား လျော့ကျလာခြင်း စသည်တို့ကြောင့် လက်ရှိ စားအုန်းဆီဈေးနှုန်း အားကောင်းနေမှုသည် ၂၀၂၆ ခုနှစ် အလွန်တွင် ဆက်လက်ဖြစ်ပေါ်နိုင်ခြေမရှိနိုင်ကြောင်း ဖော်ပြထားသည်။ ကမ္ဘာ့ရေနံ ဈေးနှုန်းကျဆင်းလာသည့်အတွက် စားအုန်းဆီ ဈေးနှုန်းများကပါ တဖြည်းဖြည်း လိုက်ပါထိန်းညှိလာပါကြောင်း၊ စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စားသုံးသူများက ဝယ်ယူမှု တဖြည်းဖြည်း လျှော့ချလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

      ကမ္ဘာ့ဘဏ်က ကမ္ဘာ့စားအုန်းဆီကြမ်း ပျမ်းမျှဈေးနှုန်းကို ၂၀၂၅ ခုနှစ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၇ ထိရှိခဲ့သည့်အပေါ် ၂၀၂၆ ခုနှစ်အတွက် တစ်တန်ပျမ်းမျှ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၁၀၈၉ ခန့်ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။ ၂၀၂၆ ခုနှစ် ပထမ ၃ လပတ်တွင်ပင် စားအုန်းဆီကြမ်း တစ်တန် ပျမ်းမျှ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၀၅၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ဧပြီလတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၄၈ ထိ မြင့်တက်လာခဲ့သည်။

      အင်ဒိုနီးရှား စားအုန်းဆီ အသင်း၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လကြား စားအုန်းဆီကြမ်း တစ်တန် CIF ဈေးနှုန်း (နယ်သာလန်နိုင်ငံ၊ Rotterdam ဆိပ်ကမ်း အရောက်)မှာ အမေရိကန်ဒေါ်လာ ၁၃၅၆ ဖြစ်ရာ ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ် CIF တစ်တန်ဈေးနှုန်းမှာ
အမေရိကန်ဒေါ်လာ ၁၂၃၀ သာရှိခဲ့ကြောင်း သိရှိရသည်။

     အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်စည်းကြပ်ခွန်များတွက်ချက်ရာတွင် အသုံးပြုသည့်ရည်ညွှန်းဈေးနှုန်းကို ၂၀၂၆ ခုနှစ် ဇွန်လအတွက်
လျှော့ချသတ်မှတ်ထားပါကြောင်း၊ စားအုန်းဆီကြမ်း (CPO) ရည်ညွှန်းဈေးနှုန်းမှာ  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၂၉.၅၁ သတ်မှတ်ထုတ်ပြန်ရာ မေလ ရည်ညွှန်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၄၉.၅၈ ထက် ၁.၉ % လျှော့ချထားကြောင်း ဖော်ပြပါရှိပါသည်။ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Tommy Andana က အဓိကဝယ်ယူတင်သွင်းသူနိုင်ငံများ အထူးသဖြင့် အိန္ဒိယ၏ ဝယ်လိုအား လျော့နည်းကျဆင်းလာကြောင်း ပြောကြားထားသည်။

     အင်ဒိုနီးရှားအစိုးရအနေဖြင့် စားအုန်းဆီအပါအဝင် မဟာဗျူဟာမြောက် ပို့ကုန်အမယ်များ၏ ပို့ကုန်လုပ်ငန်းများကို နိုင်ငံတော်ပိုင် Danantara Sumberdaya Indonesia (DSI) ကုမ္ပဏီက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်မှစ၍ ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ DSI ကုမ္ပဏီက မဟာဗျူဟာမြောက် သဘာဝ အရင်းအမြစ်များအတွက် single-gate ပို့ကုန်စနစ်လုပ်ငန်းများကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အပြည့်အဝ စတင်လည်ပတ်ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားသည်။

    အင်ဒိုနီးရှားအစိုးရအနေဖြင့် မလေးရှား ကျေးလက်ဒေသဖွံ့ဖြိုးရေးအင်ဂျင်စီကို အဓိက အရေးပါသော စိုက်ပျိုးစီးပွားရေး ပူးပေါင်းအဖွဲ့တစ်ခုအဖြစ် ပြောင်းလဲပေးသည့် မလေးရှားနိုင်ငံ မြေအသုံးချမှု ဖွံ့ဖြိုးရေးအာဏာပိုင် (FELDA) ထံမှ သင်ခန်းစာများ ရယူဆောင်ရွက်သင့်ကြောင်း၊ DSI ကုမ္ပဏီ၏ အခန်းကဏ္ဍကို တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ အစိုးရကထိန်းချုပ်ထားသည့် စိုက်ခင်းများကို လွှဲပြောင်းရယူကာ အစိုးရ၏ သစ်တောဧရိယာ အားကောင်းခိုင်မာစေရေး လုပ်ငန်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ DSI ၏ပေါင်းစပ်ဖော်ဆောင်မှုဖြင့် နိုင်ငံတော်ပိုင်ဆီအုန်းစိုက်ခင်းများအား လုပ်ကိုင်သည့် PT Agrinas Palma Nusantara သည် လုပ်ကွယ်ငယ်တောင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ပါကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ မဟာဗျူဟာမြောက် လူမှုစီးပွားရေးဆိုင်ရာအသင်း ဥက္ကဋ္ဌ Suroto က အကြံပြုပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံ၊ မြေအသုံးချမှု ဖွံ့ဖြိုးရေးအာဏာပိုင်(FELDA)က ဆီအုန်းစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးမှုများ၊ စားအုန်းဆီ ပြုပြင်ထုတ်လုပ်ရေးစက်ရုံများ၊
သယ်ယူပို့ဆောင်ရေး ကွန်ရက် များ၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများနှင့် စားအုန်းဆီသန့်စင်ရေးလုပ်ငန်များကဲ့သို့ Downstream လုပ်ငန်းများကို
ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိရာ မလေးရှား FELDA ၏ ဆောင်ရွက်မှုအား စံနမူနာရယူပြီး အင်ဒိုနီးရှားအနေဖြင့် ပို့ကုန်ကဏ္ဍကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း သိရှိရပါသည်။

Source: Jarkarta Globe, 2 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ