ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဟောမုဇ်ရေလက်ကြား ပိတ်သော်လည်း နိုင်ငံသုံးခုသို့ ယူရီးယားမြေဩဇာ အင်ဒိုနီးရှား တင်ပို့မည်

      အရှေ့အလယ်ပိုင်းဒေသ ပါရှန်ပင်လယ်ကွေ့ရှိ ဟောမုဇ်ရေလက်ကြား ပိတ်ထားခံရသည့် အခြေအနေရှိသော်လည်း နိုင်ငံသုံးခု၏ တောင်းဆိုလာမှုအရ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဓာတ်မြေ ဩဇာ ထုတ်လုပ်သူ ဖြစ်သည့်အားလျော်စွာ ယူရီးယားဓာတ်မြေဩဇာကို တင်ပို့လိမ့်မည်ဖြစ်သည် ဟု စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ဧပြီ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

       အဆိုပါ ၃ နိုင်ငံမှာ မည်သည့်နိုင်ငံများဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်း၊ သဘောတူညီချက်သည် အင်ဒိုနီးရှား အတွက် ဈေးနှုန်းပိုမိုကောင်းမွန်စွာရရှိစေပြီး အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယခုနှစ်အစပိုင်း ကတည်းကပင် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူစုဆောင်းထားပြီးဖြစ်၍ ဓာတ်မြေဩဇာ ထောက်ပံ့ ပေးသွင်းမှုမှာ ဖူလုံမှုရရှိထားပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆန်ဖူလုံမှုရှိသဖြင့် အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး တင်းမာမှုများသည် အင်ဒိုနီးရှားနိုင်ငံအတွင်း စားသောက် ကုန်များ၏ ဈေးနှုန်းများအပေါ် သိသာစွာ သက်ရောက်မှုမရှိကြောင်း Mr. Sulaiman က ပြောဆို ထားသည်။

       အင်ဒိုနီးရှား၏ နိုင်ငံတော်အရန်ဆန် သိုလှောင်မှုမှာ တန်ချိန် ၄.၅ သန်းအထိ ရောက်ရှိနေပြီ ဖြစ်ပြီး ယင်းပမာဏသည် ရှေ့လာမည့် ၁၁ လစာ ကာလအတွက် လုံလောက်မှုရှိသည်။ PT Pupuk Indonesia မှ ဒါရိုက်တာဥက္ကဋ္ဌ Rahmad Pribadi ကလည်း ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်း ပေးနိုင်စွမ်းရှိနေသမျှ ကာလတစ်လျောက် ယူရီးယားဓာတ်မြေဩဇာကို ဆက်လက်တင်ပို့မည်ဟု ဧပြီ ၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။ လက်ရှိကာလတွင် အင်ဒိုနီးရှားအနေဖြင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးသွင်းမှု ကန့်သတ်ချက်နှင့် ကြုံတွေ့နေရသော အိမ်နီးချင်းနိုင်ငံများသို့ ဆက်လက်၍ တင်ပို့နိုင်စွမ်းရှိနေသည်။

       အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခဖြစ်ပေါ်မှုကြောင့် ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုဖြစ် ခြင်းက နိုင်ငံများစွာအတွက် ‌‌ရေနံနှင့် ဓာတ်မြေဩဇာတို့ကဲ့သို့သော ကုန်စည်အများအပြားကို ဝယ်ယူရရှိနိုင်ရန် အတားအဆီးဖြစ်စေလျက်ရှိသည်။

      ယခင်က အင်ဒိုနီးရှား၏ ယူရီးယားဓာတ်မြေဩဇာ တင်ပို့ရာဒေသများတွင် ဩစတေးလျ၊ အိန္ဒိယနှင့် ဖိလစ်ပိုင်တို့ ပါဝင်ကြောင်း၊ နိုင်ငံ၏ ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်နိုင်စွမ်းမှာ စက်တပ်ဆင်ထားရှိမှုအရ တန်ချိန် ၉.၄ သန်းရှိပြီး လုပ်ငန်းလည်ပတ်မှုအားဖြင့် တန်ချိန် ၈.၈ သန်း အထိ ထုတ်လုပ်နိုင်ကြောင်း Mr. Pribadi က ပြောဆိုထားသည်။

       ကမ္ဘာ့ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းများသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ခန့်ရှိရာမှ ဒေါ်လာ ၈၀၀ အထိ တစ်ဟုန်ထိုး တိုးတက်လာသော်လည်း ပြည်တွင်း၌ ထုတ်လုပ်နိုင် စွမ်းရှိမှုအရ အင်ဒိုနီးရှားအနေဖြင့် ဖူလုံစွာ ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ ပြည်ပသို့ တင်ပို့နိုင်သည့် ယူရီးယားဓာတ်မြေဩဇာပမာဏမှာ တန်ချိန် ၁.၅ သန်းခန့်ရှိသော်လည်း ပြည်တွင်း ဈေးကွက်၌ ဖြန့်ဖြူးမှု အခြေအနေပေါ်မူတည်၍ ပြောင်းလဲနိုင်‌ကြောင်း Pupuk Indonesia ဦးပိုင် ကုမ္ပဏီ၏ ဖော်ပြချက်အရ သိရှိရသည်။

Source: Antara News, 5 April, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးမည်ဟု ဒုဝန်ကြီးဆို

       အင်ဒိုနီးရှား သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း စားနပ်ရိက္ခာကိုယ်တိုင် ဖူလုံမှုရရှိစေရန်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။

          သစ်တောရေးရာ ဒုတိယဝန်ကြီး Rohmat Marzuki က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌နောင်အနာဂတ်မှာ ဂေဟစနစ်တွေ ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံမှုရရှိဖို့အတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်အနေဖြင့် သစ်တောမဟုတ်သော မြေလွတ်မြေရိုင်းများကို အကျိုးရှိရှိ အသုံးချနိုင်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။

         ၎င်းမြေလွတ်များတွင် မျိုးစေ့ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနောက်ဆက်တွဲ ထုတ်ကုန်လုပ်ငန်းများ ဖော်ဆောင်ခြင်းနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အဓိကစီမံကိန်းတစ်ခုဖြစ်သော သစ်တောနှင့် စိုက်ပျိုးရေး ရောနှောလုပ်ကိုင်သည့်စနစ် (Agroforestry) ကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

         ယခုအပတ်အစောပိုင်းက မြောက်ဆူမားတြားပြည်နယ်၊ တိုဘာအိုင် (Lake Toba) ဒေသတွင် ပြုလုပ်ခဲ့သည့်ဉာဏ်ရည်တု (AI) အခြေပြု စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဆွေးနွေးပွဲ၏ နောက်ဆက်တွဲအဖြစ် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် အမျိုးသား စီးပွားရေးကောင်စီ (DEN) ဥက္ကဋ္ဌ Luhut Binsar Pandjaitan က မြေယာ၊ နည်းပညာ၊ လူသားအရင်းအမြစ်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ပေါင်းစပ်ပြီး နည်းပညာ အခြေပြု စိုက်ပျိုးရေးအသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန် အလေးပေး ပြောကြားခဲ့သည်။

        ကြက်သွန်ဖြူကဲ့သို့ မဟာဗျူဟာမြောက် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်မည်။ AI နည်းပညာကို အသုံးပြု၍ စိုက်ပျိုးရေးအချက်အလက်များကို အချိန်နှင့် တပြေးညီ စုဆောင်းဆန်းစစ်ခြင်းဖြင့် ပိုမိုတိကျသောမူဝါဒများ ချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

       ဤနည်းလမ်းသည် ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးရုံသာမက စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်မှုကိုလည်း အထောက်အကူပြုမည်ဖြစ်သည်။ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ နည်းပညာအကူအညီတွေကတစ်ဆင့် တိုဘာအိုင်ဒေသကို ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုရှိပြီး ခေတ်မီတဲ့ စိုက်ပျိုးရေးစံပြဒေသအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်ဟု ဒုဝန်ကြီးက နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : ANTARA                                                                                

DOCA (ရန်ကုန်)

အင်ဒိုနီးရှား၏ ဆန်ရိက္ခာအင်အား တောင့်တင်းလျက်ရှိ

        ကမ္ဘာလုံးဆိုင်ရာ ဖိအားများနှင့် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးခေါင်ရေရှားမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် အင်ဒိုနီးရှားနိုင်ငံ၏ ဆန်အရန်ရိက္ခာသည် ဧပြီ ၇ ရက်နေ့အထိ တန်ချိန် ၄.၆ သန်းအထိ ရှိနေကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားလိုက်သည်။

          ဧပြီလ ၇ ရက်နေ့ ပြုလုပ်သည့် ဂျကာတာမြို့ရှိ လွှတ်တော်အစည်းအဝေးတစ်ခု၌ ဝန်ကြီးက ပြောကြားရာတွင် အစိုးရ၏ ဆန်အရန်ရိက္ခာသည် ယခင် တန်ချိန် ၄.၅ သန်းမှ ၄.၆ သန်းအထိ တိုးတက်လာခဲ့ပြီး ယင်းပမာဏမှာ နိုင်ငံသမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိရှိနေသော ဆန်လက်ကျန်သည် လာမည့် ၁၀ လမှ ၁၁ လအထိ အမျိုးသားအဆင့် လိုအပ်ချက်ကို ဖူလုံစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

           ခြောက်လခန့် ကြာမြင့်မည်ဟု ခန့်မှန်းရသော အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကို အစိုးရ၏ ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် အရန်ရိက္ခာ အသင့်ရှိနေမှုတို့ကြောင့် ကျော်လွှားနိုင်မည်ဟု ဝန်ကြီးက ယုံကြည်နေသည်။ ၎င်းက စားနပ်ရိက္ခာသည် အခြေခံလိုအပ်ချက် တစ်ခုသာမက နိုင်ငံ၏ ကြံ့ခိုင်မှုကို ဆုံးဖြတ်ပေးသည့် မဟာဗျူဟာမြောက် ကိစ္စရပ်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

         ကမ္ဘာတစ်ဝှမ်းတွင် စားနပ်ရိက္ခာ အကျပ်အတည်း ပိုမိုဆိုးရွားလာနေပြီး လူပေါင်း ၇၂၄ သန်းခန့်မှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) အစီရင်ခံစာကို ကိုးကား၍ ဝန်ကြီးက ထောက်ပြခဲ့သည်။ ထို့အပြင် အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် နောက်ထပ် လူပေါင်း သန်း ၄၀ ခန့်မှာ ပြင်းထန်သော ငတ်မွတ်မှုဒဏ် ခံရနိုင်ခြေရှိနေသည်။

         “စားနပ်ရိက္ခာဟာ ကမ္ဘာ့စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး တည်ငြိမ်မှုအတွက် အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုအဖြစ် ပိုမိုရှုမြင်လာကြပါတယ်ဟု Amran က ဖြည့်စွက်ပြောကြားခဲ့သည်။ အင်ဒိုနီးရှားအစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြားတွင် ရိက္ခာတည်ငြိမ်စေရန် စားနပ်ရိက္ခာကဏ္ဍကို ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

Source : ANTARA                                                                                

DOCA (ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏ စားသောက်ကုန်ပို့ကုန် တိုးတက်လာ

      တောင်ကိုရီးယားနိုင်ငံ၏ စိုက်ပျိုးရေးအခြေခံစားသောက်ကုန်နှင့် စိုက်ပျိုးရေးစက်မှု ထုတ်ကုန်များအပေါ် နိုင်ငံတကာဝယ်လိုအား ကောင်းမွန်နေခြင်းကြောင့် ယခုနှစ် ပထမသုံးလပတ်အတွင်း ပို့ကုန်တင်ပို့မှုမှာ . ရာခိုင်နှုန်း တိုးတက်လာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

           စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဒေသရေးရာ ဝန်ကြီးဌာန၏ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်အတွင်း စုစုပေါင်း ပို့ကုန်တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ .၃၅ ဘီလီယံ ရှိခဲ့သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့မှုမှာ သိသိသာသာမြင့်တက်ခဲ့ပြီး ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့မှုမှာ ၃၂. ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ကြောင်း သိရသည်။

        ပြုပြင်ပြီး စားသောက်ကုန်ကဏ္ဍတွင် ကိုရီးယား၏ နာမည်ကျော် ခေါက်ဆွဲခြောက် (Ramyeon) မုန့်အမျိုးမျိုးနှင့် ရေခဲမုန့် တင်ပို့မှုများသည် ဂဏန်းနှစ်လုံးအဆင့် (Double-digit) အထိ တိုးတက်မှုနှုန်း မြင့်မားခဲ့သည်။ ထို့အပြင် လတ်ဆတ်သည့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် စတော်ဘယ်ရီ၊ စပျစ်သီးနှင့် သစ်တော်သီး တင်ပို့မှုမှာလည်း သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရသည်။

          Smart Farm စနစ်များ၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများနှင့် တိရစ္ဆာန်အစာများ အပါအဝင် စိုက်ပျိုးရေးစက်မှုထုတ်ကုန် တင်ပို့မှုမှာလည်း . ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ သန်း ၇၉၀ ဖိုး တင်ပို့နိုင်ခဲ့သည်။ သို့သော်လည်း တိရစ္ဆာန်သုံး ဆေးဝါးတင်ပို့မှုမှာမူ ယခင်နှစ်ထက် . ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများက ဖော်ပြနေသည်။ မြောက်အမေရိက၊ အာဆီယံနှင့် ဥရောပသမဂ္ဂ (EU) ဈေးကွက်များသို့ တင်ပို့မှုမှာလည်း ပုံမှန်အတိုင်း ဂဏန်းတစ်လုံးအဆင့် တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဆန်တင်ပို့သည့်ဈေးကွက်များတိုးချဲ့ရန်ဗီယက်နမ်ပြင်ဆင်

           ဗီယက်နမ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းတွင် ဆန်‌ရောင်းလိုအားမြင့်တက်လာပြီး တင်ပို့သည့်စျေးနှုန်းများ လျော့နည်းလာမှုကြောင့် ပြည်တွင်းဆန်စျေးနှုန်းနှင့် စိုက်ပျိုးရေးသမားများ၏ ဝင်ငွေများအပေါ် ဖိအားများမြင့်တက်လာသဖြင့် ဆန်တင်ပို့သည့်ဈေးကွက်များကို ချဲ့ထွင်ရန် နည်းလမ်းများရှာဖွေနေကြောင်း သိရပါသည်။ နိုင်ငံ၏ အဓိကဆန်ထုတ်လုပ်ရာဒေသဖြစ်သော မဲခေါင်မြစ်ဝှမ်းဒေသတွင် လက်ရှိတွင် ဆောင်း–နွေရာသီ အမြင့်ဆုံးစပါးရိတ်သိမ်းကာလသို့ ဝင်ရောက်နေကြောင်း သိရပါသည်။ ထိုအခြေအနေတွင် အာဏာပိုင်များနှင့် လုပ်ငန်းရှင်များအား ဆန်ဝယ်ယူမှုကို အရှိန်မြှင့်လုပ်ဆောင်ရန်၊ စျေးနှုန်းတည်ငြိမ်စေရန်၊ စိုက်ပျိုးရေးသမားများအတွက် အကျိုးအမြတ်သေချာစေရန်နှင့် တည်တံ့ခိုင်မြဲသော ဆန်တင်ပို့မှုကို မြှင့်တင်ရန် တိုက်တွန်းထားကြောင်း သိရပါသည်။ ယခုနှစ်အစမှ မတ်လအလယ်ပိုင်းအထိ ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၈၂၆.၂ သန်းတန်ဖိုးရှိသော ဆန်တန်ချိန် ၁.၇၄ သန်းခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။ တစ်တန် ပျမ်းမျှ တင်ပို့သည့်စျေးနှုန်းမှာ ၄၇၇.၆ အမေရိကန်ဒေါ်လာဖြစ်ပြီး ယခင်နှစ်နှိုင်းယှဉ်ပါက ၁၀.၇ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။ စျေးနှုန်းကျဆင်းရခြင်းမှာ ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာတွင် ထုတ်လုပ်မှုများပြားလာခြင်းနှင့် အတူ အစဉ်အလာတင်သွင်းသည့်ဈေးကွက်အချို့တွင် ဝယ်လိုအား လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ အဓိက ဝယ်ယူသူများသည် ပြည်တွင်းသိုလှောင်မှုနှင့် အစားအစာဖူလုံမှု အားကောင်းလာသောကြောင့် တင်သွင်းမှုလျှော့ချလာကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာသဖြင့် ဒေသတွင်း ဆန်တင်ပို့သည့်ဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် စဉ်းစားနေကြောင်း သိရပါသည်။ ပထဝီနိုင်ငံရေးအကြောင်းအရာများသည်လည်း ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သိရပါသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ထိခိုက်ကာ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာပြီး အဆိုပါဒေသသာမက ဥရောပဈေးကွက်များသို့ ပို့ဆောင်မှုများကိုလည်း သက်ရောက်မှုရှိစေကြောင်း သိရပါသည်။ ဗီယက်နမ်တွင် နှစ်စဉ် ဆန်စိုက်ပျိုးဧက ၇ သန်းကျော် ရှိပြီး ၄၃.၆ သန်းတန်ခန့် ထုတ်လုပ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ထိုပမာဏထဲမှ စပါး ၁၅.၄၆ သန်းတန် (ဆန် ၇.၇၃ သန်းတန်နှင့် ညီမျှ) ကို တင်ပို့ရန် အသင့်ရှိနေကြောင်း သိရပါသည်။ ရေတိုအတွင်း အစိုးရက ရိတ်သိမ်းပြီး ဆန်မရောင်းနိုင်သော အခြေအနေမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဒေသအာဏာပိုင်များအား လုပ်ငန်းရှင်များ၊ သမဝါယမအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရိတ်သိမ်းကာလအတွင်း ဆန်များကိုအချိန်မီဝယ်ယူနိုင်ရေး ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရပါသည်။ ထို့အပြင် လုပ်ငန်းများကိုလည်း လက်မှတ်ရေးထိုးထားသည့် တင်ပို့မည့်စာချုပ်များကို ဖြည်းစည်းနိုင်ရန်နှင့် အနာဂတ်လိုအပ်ချက်များအတွက် ယာယီသိုလှောင်မှု တိုးမြှင့်ရန် ဆန်ဝယ်ယူမှုများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ရိတ်သိမ်းရာသီအတွင်း ဝယ်ယူနိုင်စွမ်းတိုးချဲ့ရန် လုပ်ငန်းများအတွက် အတိုးနည်းပါးသော ချေးငွေများလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ သိုလှောင်စနစ်ကြီးများရှိသည့် လုပ်ငန်းများအတွက် အထူးသဖြင့် ဦးစားပေးချေးငွေ မူဝါဒများက ယာယီသိုလှောင်မှု တိုးမြှင့်နိုင်စေပြီး ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ကူညီနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ရေရှည်အတွက် ဆန်ထုတ်လုပ်မှုကို အရည်အသွေးမြင့်မားပြီး အထူးအမျိုးအစားများဘက်သို့ ထုတ်လုပ်မှုပြန်လည်ဖွဲ့စည်းခြင်းကို ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် အရေးကြီးသည့် လမ်းကြောင်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ လက်ရှိတွင် ဆောင်း–နွေရာသီ သီးနှံစိုက်ပျိုးမှုတွင် အရည်အသွေးမြင့်နှင့် ဆန်မွှေးများ ၇၅ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ထုတ်လုပ်မှုကောင်းမွန်သော အလှည့်အပြောင်းတစ်ခုဖြစ်ပေါ်လာနေသည်ကို ပြသနေကြောင်း သိရပါသည်။ ထို့အပြင် ဗီယက်နမ်သည် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များမှ အခွင့်အလမ်းများကို ပိုမိုအသုံးချရန် မျှော်လင့်ထားကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ–ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်အောက်တွင် ဥရောပသမဂ္ဂသည် ဗီယက်နမ်ဆန်အတွက် နှစ်စဉ် တန် ၈၀,၀၀၀ ကို အခွန်မဲ့ တင်ပို့ခွင့် ပေးထားကြောင်း သိရပါသည်။ ယူကေ–ဗီယက်နမ် သဘောတူညီချက်အောက်တွင်လည်း အလားတူအခွန်သက်သာခွင့်များ ရရှိထားပြီး CPTPP အဖွဲ့ဝင်ဈေးကွက်အချို့တွင်လည်း အကောက်ခွန် သုညနှုန်းထားများ အသုံးပြုထားကြောင်း သိရပါသည်။ သို့သော် ဗီယက်နမ်၏ ဆန်ဈေးကွက်ဝေစုသည် အဆိုပါဈေးကွက်များတွင် မျှော်မှန်းထားသလောက် မမြင့်မားသေးကြောင်း တွေ့ရပြီး အရည်အသွေး၊ မူရင်းအထောက်အထားနှင့် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်မီမှုတိုးတက်ရန် လုပ်ဆောင်နိုင်ပါက မြင့်တက်နိုင်သော အခွင့်အလမ်းများ ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များမှတစ်ဆင့် ဈေးကွက်အသစ်များ ချဲ့ထွင်နိုင်ခြင်းက အစဉ်အလာဈေးကွက်များ အပေါ်မီခိုမှုကိုလျှော့ချနိုင်ကာ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှု မြင့်တက်လာနေသည့် အခြေအနေတွင် ဆန်တင်ပို့မှုကို ပိုမိုတည်တံ့စေရန် ကူညီနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံတွင် သကြားနှင့် စားအုန်းဆီ ဝယ်လိုအား ကျဆင်းလာ

       ကမ္ဘာ့အကြီးဆုံး စျေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် စီးပွားရေးသုံး ဂတ်စ်အိုးများ ပြတ်လပ်မှုကြောင့် နွေရာသီ အားလပ်ရက်အတွင်း စားသောက်ဆိုင်များမှာ လုပ်ငန်းများကို လျှော့ချလုပ်ကိုင်လာရသဖြင့် သကြားနှင့် စားသုံးဆီ စားသုံးမှုနှုန်း ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ ယခုကဲ့သို့ စားသုံးမှုလျော့နည်းလာခြင်းက အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားအုန်းဆီအပြင် အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ တင်သွင်းသည့် ပဲပုပ်ဆီနှင့် နေကြာဆီ အပါအဝင် အိန္ဒိယ၏ စားသုံးဆီ တင်သွင်းမှုများကိုပါ လျော့ကျသွားစေနိုင်ကြောင်း သိရပါသည်။ "လမ်းဘေးဆိုင်လေးတွေနဲ့ စားသောက်ဆိုင်တွေဟာ ဂတ်စ်ပြတ်လပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး အဲဒါက စားသုံးဆီသုံးစွဲမှုကို လျော့ကျစေပါတယ်" ဟု အိန္ဒိယစားသုံးဆီ ထုတ်လုပ်သူများအသင်း (SEA) ၏ အမှုဆောင်ဒါရိုက်တာ B.V. Mehta က ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြီးခဲ့သည့် မတ်လအတွင်း အိန္ဒိယ၏ စားသုံးဆီတင်သွင်းမှုသည် ယခင်လထက် ၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး တန်ချိန် ၁.၂ သန်းသာ ရှိတော့ကြောင်း သိရပါသည်။

           ကမ္ဘာ့ဒုတိယအကြီးဆုံး ရည်ညွှန်းရေနံဓာတ်ငွေ့ (LPG) တင်သွင်းသည့် အိန္ဒိယနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဂတ်စ်ပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး အစိုးရအနေဖြင့် အိမ်ထောင်စုများတွင် မပြတ်လပ်စေရန် စက်မှုလုပ်ငန်းများသို့ ပေးဝေသည့် ဂတ်စ်ခွဲတမ်းများကို လျှော့ချထားရကြောင်း သိရပါသည်။

            အိန္ဒိယသည် ပြီးခဲ့သည့်နှစ်က ချက်ပြုတ်ရန်အတွက် LPG တန်ချိန် ၃၃.၁၅ သန်း သုံးစွဲခဲ့ပြီး လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းခဲ့ရကြောင်းသည်။ အဆိုပါ တင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အရှေ့အလယ်ပိုင်းနိုင်ငံများမှဖြစ်သည်။  အမျိုးသားသမဝါယမသကြား စက်ရုံများအဖွဲ့ချုပ် (NFCSF) မှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ပုံမှန်အားဖြင့် နွေရာသီတွင် မြင့်တက်လေ့ရှိသော သကြားဝယ်လိုအားမှာလည်း ဂတ်စ်ပြတ်လပ်မှုကြောင့် ထိခိုက်မှုရှိနေကြောင်း သိရှိရပါသည်။

Source: Reuters                                                                        

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံက B50 အစီအစဉ်အတွက်  စားအုန်းဆီကြမ်းတန်ချိန် ၃.၅ သန်း ပြင်ဆင်ထား

        အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မည့် မဖြစ်မနေလိုက်နာရမည့် Biodiesel 50 (B50) အစီအစဉ်ကို အထောက်အပံ့ပေးရန်အတွက် စားအုန်းဆီကြမ်း (CPO) တန်ချိန် ၃.၅ သန်းတန် ပြင်ဆင်ထားကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။ "စွမ်းအင်လုံခြုံစိတ်ချရမှု ရရှိစေဖို့ဆိုတဲ့ သမ္မတရဲ့ လမ်းညွှန်ချက်အရ ကျွန်တော်တို့ဆီက အုန်းဆီကြမ်း တန်ချိန် ၅.၃ သန်းကို ဇီဝလောင်စာ (Biofuel) အဖြစ် ပြောင်းလဲမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့ပါသည်။

         အဆိုပါမူဝါဒသည် ပြည်တွင်းလိုအပ်ချက်များကို ရေရှည်တည်တံ့အောင် ဖြည့်ဆည်းပေးနိုင်သကဲ့သို့ အပင်အခြေခံ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ပေးသည့် B50 အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့စားအုန်းဆီကြမ်း စျေးကွက်၏ ၆၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး အစိုးရအနေဖြင့် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းအသုံးပြုမှုတို့အကြား မျှတအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

           စားအုန်းဆီကြမ်း ပြည်ပတင်ပို့မှုသည် တန်ချိန် ၂၆ သန်းမှ ၃၂ သန်းအထိ တိုးတက်လာခဲ့ပြီး ၎င်းအနက် တန်ချိန် ၃.၅ သန်းကို B50 စီမံချက်အတွက် အထူးသီးသန့် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာ့စျေးကွက်တွင် စျေးနှုန်းမြင့်တက်လာမှုကြောင့် တောင်သူများ အနေဖြင့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရန် တွန်းအားဖြစ်စေခဲ့ရာ စားအုန်းဆီကြမ်းထုတ်လုပ်မှုမှာ တန်ချိန် ၆ သန်းခန့်အထိ မြင့်တက်လာခဲ့‌ကြောင်း သိရှိရပါသည်။

          အင်ဒိုနီးရှားနိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် ဇီဝလောင်စာအတွက် ခွဲတမ်းချထားမှုသည် ပြည်ပတင်ပို့မှုအပေါ် အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ကြောင်း ဝန်ကြီး Sulaiman က ပြောကြားခဲ့ပါသည်။ ၎င်းက "B50 အစီအစဉ်ကို ဒီနှစ်အတွင်းမှာ အောင်မြင်အောင် ဆောင်ရွက်မှာဖြစ်ပြီး စွမ်းအင်နဲ့ သယံဇာတဝန်ကြီး Bahlil Lahadalia နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု ထပ်မံပြောကြားခဲ့ပါသည်။

          ၎င်းမူဝါဒသည် စွမ်းအင်လုံခြုံမှုကို ခိုင်မာစေပြီး တောင်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည့်အပြင် အုန်းဆီထုတ်လုပ်သည့် ဒေသများ၏ စီးပွားရေးလုပ်ငန်းများကိုလည်း အားကောင်းလာစေမည်ဖြစ်ကြောင်း သိရပါသည်။ စားအုန်းဆီကြမ်းကို ဇီဝလောင်စာအတွက် အသုံးပြုခြင်းက ကမ္ဘာ့စျေးကွက်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် အင်ဒိုနီးရှားနိုင်ငံ၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေမည်ဟု ဝန်ကြီးက ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဟု သိရှိရပါသည်။

          ယခင်ကလည်း စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က B50 မူဝါဒသည် အစိုးရ၏ ထောက်ပံ့ကြေးငွေ ရူပီး ၄၈ ထရီလီယံကို သက်သာစေမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ စားအုန်းဆီ ၅၀ ရာခိုင်နှုန်းနှင့် ဒီဇယ်လောင်စာ ၅၀ ရာခိုင်နှုန်း ပေါင်းစပ်အသုံးပြုမည့် အစီအစဉ်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: antara                                                                         

DOCA (ရန်ကုန်)

ဒီဇယ်တန်ချိန် ၃ သိန်း ထပ်မံတင်သွင်းမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ

       အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပေါ်ပေါက်လာသော စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဘင်္ဂလား‌‌ဒေ့ရှ်နိုင်ငံအစိုးရသည် စက်သုံးဆီတန်ချိန် ၃ သိန်း ထပ်မံတင်သွင်းသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအခြေအနေများကြောင့် အာဏာပိုင်များက မကြာသေးမီရက်ပိုင်းအတွင်းက ခြိုးခြံချွေတာရေး အစီအမံများကို ချမှတ်ကျင့်သုံးခဲ့ရကြောင်း သိရပါသည်။

           ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်မြန် ဝက်သက်ရောဂါ ပြင်းထန်စွာဖြစ်ပွားနေစဉ်အတွင်း အစိုးရမှ ဝက်သက်အပါအဝင် အဓိကရောဂါ ၁၀ မျိုးမှ ၁၄ မျိုးအတွက် အခမဲ့ထိုးနှံပေးနေသည့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း (EPI) အတွက် လိုအပ်သောကာကွယ်ဆေးများကိုလည်း တင်သွင်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

         စွမ်းအင်နှင့် တွင်းထွက်သယံဇာတဌာနခွဲမှ တင်ပြလာသည့် တစ်ကြိမ်လျှင် တန်ချိန် ၁ သိန်းစီဖြင့် စုစုပေါင်း ဒီဇယ်တင်သွင်းမှု အဆိုပြုချက် ၃ ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရပါသည်။ အဆိုပါ ဝယ်ယူမှုများကို ပုံမှန်တင်ဒါခေါ်ယူသည့်စနစ်အား ကျော်လွန်၍ နိုင်ငံတကာမှ တိုက်ရိုက်ဝယ်ယူသည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းပမာဏအနက် သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် ဆာလဖာပါဝင်မှု အလွန်နည်းသော အဆင့်မြင့်ဒီဇယ် အမျိုးအစားဖြစ်သည့် EN590-10 PPM ဒီဇယ်တန်ချိန် ၁ သိန်းကို ဆွစ်ဇာလန်နိုင်ငံ၊ ဇုမြို့အခြေစိုက် သဘာဝသယံဇာတ ကုန်သွယ်ရေးကုမ္ပဏီဖြစ်သော YAR Energy AG ထံမှ တင်သွင်းမည်ဖြစ်ကြောင်း သိရပါသည်။

          စက်မှုသုံးစက်ပစ္စည်းများ၊ မီးစက်များနှင့် သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုသည့် ဆာလဖာပါဝင်မှုနည်းသော 10-50 PPM ဒီဇယ်တန်ချိန် ၁ သိန်းကို K&R International Trading Company ထံမှလည်းကောင်း၊ နောက်ထပ် EN590-10 PPM ဒီဇယ်တန်ချိန် ၁ သိန်းကို M/S Sikder International ထံမှလည်းကောင်း အသီးသီးဝယ်ယူသွားမည်ဖြစ်ကြောင်း သိရပါသည်။

          ထို့အပြင်အစည်းအဝေးတွင် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း လိုအပ်သောကာကွယ်ဆေးများ ရရှိစေရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုဌာနခွဲမှ တင်ပြသည့် EPI ကာကွယ်ဆေးများကို UNICEF မှတစ်ဆင့် တိုက်ရိုက်ဝယ်ယူမည့် အဆိုပြုချက်ကိုလည်း အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: The daily star                                                               

DOCA (ရန်ကုန်)

ဟောင်ကောင်ရှိ လက်လီအရောင်းဆိုင်များတွင် ကမ္ဘောဒီးယားနိုင်ငံမှ အရည်သွေးမြင့်ဆန်များ စတင်ဝင်ရောက်

             ကမ္ဘောဒီးယားနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Cham Nimul မှ ကမ္ဘောဒီးယားနိုင်ငံ၏ အရည်အသွေးမြင့်ဆန် အမှတ်တံဆိပ် Golden King ကို ဟောင်ကောင်နှင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ လက်လီအရောင်းဆိုင် ၃၄၅ ဆိုင်ကျော်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးလုပ်ငန်းကို နိုင်ငံတကာသို့တိုးချဲ့ရာတွင် အဓိကခြေလှမ်း တစ်ခုဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤတိုးချဲ့မှုသည် အာရှ၏ အဓိကစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သော DFI Retail Group နှင့် Amru Rice Co.,Ltd (Cambodia) တို့ ပူးပေါင်းဆောင်ရွက်ပြီး ဆန်များကို ဟောင်ကောင်ရှိ Wellcome Super Markets ၂၄၅ ဆိုင်ကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ Lucky Super Markets ၁၀၀ ခန့်တွင် ရရှိနိုင်ပြီဖြစ်ကြောင်း ထပ်လောင်းကြေညာခဲ့ သည်။  Cham Nimul က ကမ္ဘောဒီးယားကောက်ပဲသီးနှံများကို ပြည်ပတွင် မြှင့်တင်ပေးသည့်အတွက် Amru Rice Co.,Ltd (Cambodia) ကို ချီးကျူးဂုဏ်ပြုခဲ့သည်။ Cham Nimul က အမှတ်တံဆိပ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့ဈေးကွက်များသို့ အဆင့်မြင့်ထုတ်ကုန်များတင်ပို့မှုအတွက် ပိုမိုဝင်ရောက်နိုင်ရေးတို့ကိုအာရုံစိုက်၍ ပိုကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှတစ်ဆင့် အစိုးရ၏ ပံ့ပိုးမှုများကို ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်) 

ထိုင်းနိုင်ငံ၏ စားသောက်ကုန်တင်ပို့မှု ထိခိုက်

        ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်း၊ လမ်းကြောင်းများ ပြတ်တောက်ခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ထိုင်းနိုင်ငံ၏ စားသောက်ကုန်တင်ပို့မှုကို ခြိမ်းခြောက်လျက်ရှိပြီး အရှေ့အလယ်ပိုင်းသို့ တင်ပို့မှုမှာ ၅၀.၇ ရာခိုင်နှုန်း အထိ ထိုးဆင်းသွား နိုင်ကြောင်း ခန့်မှန်းထားသည်။

         ဒုတိယမြောက်လထဲသို့ ရောက်ရှိလာပြီဖြစ်သော အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရေနံဈေးနှုန်းနှင့်အတူ သင်္ဘောတင်ခများပါ သိသိသာသာ မြင့်တက်လာသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကို  ရိုက်ခတ်လျက်ရှိသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဧပြီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ မတ်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း အညွှန်းကိန်းမှာ စွမ်းအင်ဈေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

        ထိုင်းနိုင်ငံ၏ အမျိုးသားစားနပ်ရိက္ခာဌာန၊ ကုန်သည်ကြီးများအသင်းနှင့် စက်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ် (FTI) တို့၏ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်တွင် ထိုင်းစားသောက်ကုန်တင်ပို့မှု တန်ဖိုးမှာ ဘတ် ၁.၄ ထရီလီယံ ရှိနိုင်ပြီး ၂၀၂၅ ခုနှစ်ထက် ၇.၃ ရာခိုင်နှုန်း လျော့ကျနိုင်သည်ဟု ဆိုသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဈေးကွက်မှာ ဘတ် ၂၉ ဘီလီယံခန့်သာ ရှိတော့မည်ဖြစ်ပြီး ယခင်ကထက် ထက်ဝက်ကျော် (၅၀.၇ ရာခိုင်နှုန်း) လျော့ကျသွားဖွယ် ရှိနေသည်။

       ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Mr. Wisit Limleucha က ဤသို့ကျဆင်းရခြင်းမှာ ဝယ်လိုအားကြောင့်တင်မဟုတ်ဘဲ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများကြောင့် ပို့ဆောင်ရေးစနစ် ပျက်ပြားသွားခြင်းနှင့် ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

           အရှေ့အလယ်ပိုင်းသို့ အဓိကတင်ပို့နေသည့် ထိုင်းစားသောက်ကုန်များမှာ ဆန်၊ တူနာငါး သေတ္တာ၊ ကြက်သား၊ နာနတ်သီးစည်သွပ်ဗူးနှင့် အသင့်စားခေါက်ဆွဲများဖြစ်ကြသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း တင်ပို့မှုမှာပင် ၂၂.၅ ရာခိုင်နှုန်း စတင်ကျဆင်းနေပြီ ဖြစ်သည်။

         လက်ရှိကမ္ဘာ့ကုန်သွယ်ရေးသည် အရည်အသွေးနှင့် ဈေးနှုန်းတင်မကဘဲ “ပို့ဆောင်နိုင် စွမ်း” (Delivery capability) အပေါ်တွင်ပါ မူတည်နေသည်။ စစ်ပွဲကြောင့် မရေရာမှုများ မြင့်တက်နေသော်လည်း တင်ပို့သူများသည် ဆိပ်ကမ်းများ ပြန်ဖွင့်မည့်အချိန်နှင့် ဈေးကွက် ပြန်လည်ဝင်ရောက်နိုင်မည့် အခွင့်အရေးကို မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုအပ်ကြောင်း အကြံပြုထားကြောင်း သိရှိရပါသည်။

Source : Nation Thailand                                                                   

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ