ဖိလစ်ပိုင်နိုင်ငံသည် စက်တင်ဘာ ၁ ရက်မှ စ၍ ဆန်တင်သွင်းမှုကို ဆိုင်းငံ့ထားခြင်းကြောင့် ဗီယက်နမ်၏ ပျမ်းမျှဆန်တင်ပို့မှု ဈေးနှုန်းသည် ယခုနှစ် ပထမ ကိုးလတွင် ၁၈.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရ သည်။
အဆိုပါကာလအတွင်း ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၅ ဘီလီယံတန်ဖိုးရှိ သော ဆန်တန်ချိန် ခုနစ်သန်းခန့် တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း တန်ဖိုးအားဖြင့် ၁၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပျမ်းမျှ ဆန်ပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် ၅၀၉ အမေရိကန်ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့သည်။
ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုမှာ တန်ဖိုးအရ ၁၆.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း စုစုပေါင်း ဆန်တင်ပို့မှု၌ ၄၄ ရာခိုင်နှုန်းပါဝင်လျက် ဗီယက်နမ်၏ အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက် တည်ရှိနေပြီး ၎င်း၏နောက်တွင် ဂါနာသည် ၁၁.၄ ရာခိုင်နှုန်းနှင့် အိုင်ဗရီကို့စ်သည် ၁၀.၇ ရာခိုင် နှုန်းဖြင့် အသီးသီးရပ်တည်နေသည်။ ဖိလစ်ပိုင်သည် ပြည်တွင်းစပါးဈေး တည်ငြိမ်စေရန် ဒီဇင်ဘာ လအထိ ဆန်တင်သွင်းခွင့်ပိတ်ပင်ထားသောကြောင့် ကမ္ဘာ့ဆန်ဝယ်လိုအားမှာ အားနည်းနေပြီး ယခုနှစ်ကုန်အထိ အရောင်းအဝယ်နှေးကွေးမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။
ဟိုချီမင်းမြို့တွင် ပြည်တွင်းဆန်ဈေးသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၀၀၀ ခန့် ကျဆင်းသွားကြောင်း သိရသည်။ လက်ရှိကာလတွင် Daklak ပြည်နယ်မှ ST25 ဆန်ကို တစ် ကီလိုဂရမ်လျှင် ဒေါင် ၁၉,၅၀၀ ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိပြီး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ပြည်ပပို့ကုန် အရည်အသွေးအဆင့်ရှိသော OM 18 စပါး တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၅၀၀ မှ ၈၇၀၀ အတွင်းနှင့် IR 504 စပါး တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၇၉၀၀ မှ ၈၀၅၀ အတွင်း ဈေးနှုန်းများသို့ အနည်းငယ်စီ ကျဆင်းခဲ့သည်။
Source: The Saigon Times, 17 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
