ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရားမဝင်တင်သွင်းမှုတွေ့ရှိခဲ့ပြီးနောက် ဆန်တင်သွင်းမှုပိတ်ပင်ချက်ကို အင်ဒိုနီးရှားပြန်လည်အတည်ပြု

        အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတော်ဆန်ကိုယ်တိုင် ဖူလုံမှုအရှိန်မြှင့်တင်မည့် ၎င်းတို့၏ ကတိကဝတ်ကို ပြန်လည်အတည်ပြုခဲ့ပြီး နိုင်ငံတော်မူဝါဒကိုဖောက်ဖျက်သည့် မည်သည့်တင်သွင်းရန် ဆောင်ရွက်မှုများကိုမဆို တားမြစ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က အာဏာပိုင်များသည် Sabang မှတစ်ဆင့်ဝင်ရောက်လာသည့် တရားမဝင်ဆန်တန်ချိန် ၂၅၀ ကို တွေ့ရှိခဲ့ကြောင်း၊ ဆန်လက်ကျန်အများအပြားရှိနေသေး၍ တင်သွင်းမှုများကို တားမြစ်ထားကြောင်းနှင့် အစိုးရသည် ဆန်တင်သွင်းရန်ကြိုးပမ်းမှုများကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်းအချက်အလက်များအရ နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၃၄.၇၇ သန်းထုတ်လုပ်ရန် ခန့်မှန်းရကြောင်း သိရပါသည်။ အင်ဒိုနီးရှားက မတင်သွင်းတော့သည့်အတွက် ဗီယက်နမ်နှင့် ထိုင်းဆန်ဈေးနှုန်းများ နည်းပါးသွားသည့်အတွက် ကမ္ဘာလုံးဆိုင်ရာဆန်ဈေးနှုန်းများကို ကျဆင်းစေခဲ့ကြောင်း သိရပါသည်။ တန်ချိန် ၂၅၀ တရားမဝင်တင်သွင်းမှုနှင့်ပတ်သတ်၍ Sulaiman က အစိုးရသည် နိုင်ငံအတွင်းသို့ ဆန်များခွင့်ပြုချက်မရပဲ တင်သွင်းလာကြောင်း ကနဦးသတင်းအချက်အလက် ရရှိသည့်နှင့် ချက်ချင်းအရေးယူမှုပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Sulaiman က ၎င်း၏ရုံးသည် သက်ဆိုင်ရာအေဂျင်စီများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ပြီးနောက် ထိုတရားမဝင်ဆန်များကို ချက်ချင်းချိတ်ပိတ်ခဲ့ကြောင်းနှင့် PT MSG က ပိုင်ဆိုင်သည့် သိုလှောင်ရုံတွင် ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ယူကေတို့ ပူးပေါင်း၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖိုရမ်တစ်ခု ကျင်းပ

        ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၊ ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် အဓိက ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစွာ ပါဝင်သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖိုရမ်သို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Samheng Bora သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် စင်ကာပူနိုင်ငံရှိ ဗြိတိသျှ ကော်မရှင်ရုံး၏ Eden Hall တွင် ကျင်းပခဲ့သည်။ အဆိုပါ ဖိုရမ်ကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Dominic Williams နှင့် အာရှပစိဖိတ်ဆိုင်ရာ ဒုတိယကုန်သွယ်ရေး ကော်မရှင်နာ Rihannon Harries တို့က ဦးဆောင်ခဲ့ပြီး စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၊ ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် အဓိက ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစွာ ပါဝင်တက်ရောက် ခဲ့ကြသည်။ ဤဖိုရမ်သည် UK နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကို ခိုင်မာစေရန်နှင့် ကမ္ဘောဒီးယား၏ ရေရှည်တည်တံ့သော တိုးတက်မှု အစီအစဉ်ကို ပံ့ပိုးရန်အတွက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို စူးစမ်းလေ့လာရန် ရည်ရွယ်ထားသည်။ Samheng Bora က ကမ္ဘောဒီးယား၏ ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်ရေးယှဉ်ပြိုင်နိုင်စွမ်း မဟာဗျူဟာအပြင် လာမည့်နှစ် အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ကမ္ဘောဒီးယား-UK ပူးတွဲ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၏ အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပြီး ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ ဘက်ပေါင်းစုံ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံ မူဘောင်များအောက်တွင် ကုန်သွယ်မှုကို မျိုးစုံစေရန် ကြိုးပမ်းအားထုတ်မှုများအပြင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို မြှင့်တင်ရန်ကြိုးပမ်းအားထုတ်မှုများကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် ကမ္ဘောဒီးယား-မလေးရှား နှစ်နိုင်ငံကုန်သွယ်မှု ကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ရန် ရည်မှန်းထား

          ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့သည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရန် အသင့်ဖြစ်နေပြီး အာဆီယံနှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံရေး နက်ရှိုင်းလာခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်မှု တိုးတက်လာခြင်းကို မီးမောင်းထိုးပြသည့် မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး Sim Sokheng က ၂၆-၁၁-၂၀၂၅ ရက်နေ့တွင် Hyatt Regency Phnom Penh တွင် ကျင်းပခဲ့သော ကမ္ဘောဒီးယား စီးပွားရေးဆွေးနွေးပွဲနှင့် စီးပွားရေးကိုက်ညီမှု (B2B) ပွဲတွင် အဆိုပါ ရည်မှန်းချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲကို မလေးရှားကောင်စစ်ဝန်ရုံး၏ ကုန်သွယ်ရေးရုံး (MATRADE) မှ စီစဉ်ခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့် တင်ရန်ရည်ရွယ်သည့် မူဝါဒချမှတ်သူများ၊ စီးပွားရေးခေါင်းဆောင်များနှင့် စက်မှုလုပ်ငန်း ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။  အဆိုပါပွဲသည် နှစ်နိုင်ငံလုံး၏ စီးပွားရေးစနစ်များကို အထောက်အကူပြုသည့် မိတ်ဖက်ဆက်ဆံရေးများကို အားကောင်းစေရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း Sokheng က ပြောကြားခဲ့သည်။ MATRADE ကိုယ်စားပြုသည့် ပို့ကုန်မြှင့်တင်ရေးနှင့် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ ဒါရိုက်တာ Mazlan Harun က ဆွေးနွေးပွဲကို ကမ္ဘောဒီးယား သွင်းကုန်လုပ်ငန်းရှင်များနှင့် မလေးရှားတင်ပို့သူများအကြား ချိတ်ဆက်ပေးသည့် လက်တွေ့ကျပြီး ရလဒ်အခြေပြု ပလက်ဖောင်းတစ်ခုအဖြစ် ဒီဇိုင်းထုတ်ထားကြောင်း ပြောကြားခဲ့သည်။ MATRADE ၏ အချက်အလက်များအရ နှစ်နိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာ ၉၆၁.၄ သန်းရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၈.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

 

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် အစ္စရေးနိုင်ငံတို့သည် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ကတိပြု

          ကမ္ဘောဒီးယားနိုင်ငံနှင့် အစ္စရေးပါလီမန်ချစ်ကြည်ရေးအဖွဲ့တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသစ်များကို စူးစမ်းလေ့လာရန် အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးတို့ကို အဓိကထား လုပ်ဆောင်ရန် တောင်းဆိုထားသည်။ ကမ္ဘောဒီးယား-အစ္စရေး အမျိုးသားလွှတ်တော် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ Keo Piseth သည် ၂၆-၁၁-၂၀၂၅ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Alona Fisher-Kamm နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြသည်။ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့သည် နှစ်နိုင်ငံနှင့် ဘက်စုံအဆင့် နှစ်ခုလုံးတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ အုပ်ချုပ်ရေးဌာန၏ သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးကြောင်း Alona Fisher-Kamm က အလေးပေးပြောကြားခဲ့သည်။ Piseth က “ကမ္ဘောဒီးယားနှင့် အစ္စရေးအကြား ကုန်သွယ်မှုသည် အကန့်အသတ်များစွာရှိပြီး နှစ်နိုင်ငံအစိုးရများသည် ကုန်သွယ်ရေးကိုမြှင့်တင်ရန် သဘောတူညီချက်အသစ်များကို ညှိနှိုင်းဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။  အစည်းအဝေးတွင် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံဆွေးနွေးခဲ့ပြီး Piseth က အစ္စရေးနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား ကျောင်းသားများအတွက် အထူးသဖြင့် စိုက်ပျိုးရေးနှင့် အခြားဦးစားပေး ကဏ္ဍများတွင် ပညာသင်ဆုများ ဆက်လက်ပေးအပ်ရန် တောင်းဆိုခဲ့သည်။ သံအမတ်ကြီး Fisher-Kamm က နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေရန်အတွက် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန်နှင့် ပြည်သူချင်းဆက်ဆံရေးကို မြှင့်တင်ရန်လည်း ကတိပြုခဲ့သည်။ နှစ်ဖက်စလုံးက ဤကြိုးပမ်းအားထုတ်မှုများသည် ကမ္ဘောဒီးယား-အစ္စရေး ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရန်ရည်ရွယ်ပြီး နှစ်နိုင်ငံလုံးအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ယူဆောင်လာနိုင်သည့် ပူးတွဲလုပ်ဆောင်မှုများကို အားပေးအားမြှောက်ပြုရန် ရည်ရွယ်ကြောင်း အလေးပေးပြောကြားခဲ့သိဟု သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၏လက်ကျန် ၂ လတွင် တင်ပို့မှုအပေါင်းလက္ခဏာဆောင်ရန် ထိုင်းရည်မှန်း 

           ၂၀၂၅ ခုနှစ်၏ လက်ကျန် ၂ လတွင် ထိုင်းနိုင်ငံ၏တင်ပို့မှုမှာ ဆက်လက်အပေါင်းလက္ခဏာ ဆောင်နိုင်သော်လည်း ထိုကာလအတွက်ကြီးထွားမှုမှာ အသင့်အတင့်သာရှိနိုင်ကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Nantapong Chiralerspong  က ဒစ်ဂျစ်တယ်နည်းပညာ ထုတ်ကုန်များအတွက် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကောင်းမှုနှင့် ပြုပြင်ထုတ်လုပ်ထားသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့် အစားအစာထုတ်ကုန်များအတွက် ဝယ်လိုအားတည်ငြိမ်မှုတို့က ပို့ကုန်အဟုန်ကိုမောင်းနှင်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်ဘတ်ငွေ တန်ဖိုးတက်မှုနှင့် ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေးထုတ်ကုန်ထွက်ရှိမှကျဆင်းခြင်းတို့ကြောင့် ပို့ကုန်ကျဆင်းမှုအတွက် စွန့်စားရမှုများရှိနိုင်ပြီး အနီးကပ်ဆက်လက်ဆောင့်ကြည့်ရန်လိုအပ်ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်လက်ကျန် ၂ လအတွက်တင်ပို့မှုမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၅-၂၆ ဘီလီယံပတ်လည်ရှိနိုင်ကြောင်း မျှော်မှန်းလျက်ရှိသည်ဟု သိရပါသည်။ စီးပွားကူးသန်းဝန်ကြီး Suphajee Suthumpun က တင်ပို့မှုကြီးထွားရန်အတွက် တည်ထောင်ပြီးဈေးကွက်များအားကောင်းစေခြင်း၊ အလားအလာမြင့်မားသောဈေးကွက်သစ်များသို့ တိုးချဲ့ခြင်းနှင့် ဈေးကွက်လမ်းကြောင်းတို့မြှင့်ရန် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုများမြှင့်တင်ခြင်းစသည့် အဓိကထောက်တိုင် ၃ ခုပါဝင်သည့် မဟာဗျူဟာမူဝါဒများကို တင်ပြခဲ့ကြောင်း သိရ ပါသည်။ ဦးစားပေးဆောင်ရွက်ရမည့်အရာများတွင် အပြန်အလှန်အကောက်ခွန်သဘောတူညီ ချက်အဆင့်မြှင့်တင်ခြင်းနှင့် ထိုင်းနိုင်ငံ၏ အမေရိကန်နှင့် စီးပွားရေးမိတ်ဖက်ဖွဲ့မှုနက်ရှိုင်းစေခြင်း တို့ပါဝင်ကြောင်း သိရပါသည်။ ထိုအချက်များကိုပံ့ပိုးရန်အတွက် အကောက်ခွန်သက်ရောက်မှုများကို သုံးသပ်ဖော်ထုတ်ရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် မူဝါဒဆိုင်ရာစီမံကိန်းများရေးဆွဲရာတွင် အသုံးဝင်မည့် အရေးကြီးဒေတာများကို ပံ့ပိုးပေးရန် လုပ်ငန်းအဖွဲ့တည်‌ထောင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ အဆိုအရ အောက်တိုဘာလတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈.၈ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်ထံမှမြင့်မားသော အကောက်ခွန်ဖိအားများရှိနေသော်လည်း အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂအစရှိသည့် အဓိက ဈေးကွက်များနှင့် တောင်အာရှ၊ အရှေ့အလည်ပိုင်းနှင့် လတ်တင်အမေရိကအစရှိသည့် ဒုတိယ အဆင့်ဈေးကွက်များသို့ တင်ပို့မှုစွမ်းရည်အားကောင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတာကာလတွင် ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၈၂.၉ ဘီလီယံ တန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆၈.၈ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကာ ကုန်သွယ်ရေးလိုငွေ အမေရိကန် ဒေါ်လာ ၃.၈၇ ဘီလီယံပြခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post

DOCA (ရန်ကုန်)

အမေရိကန်သို့ဆန်ရောင်းချမှုမြှင့်တင်ရန် ထိုင်းနိုင်ငံကြိုးပမ်း

          ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Suphajee Suthumpun သည် ထိုင်းနိုင်ငံဈေးကွက် ဝေစုတိုးချဲ့ရန် အခွင့်အလမ်းများကိုရှာဖွေရန်နှင့် ထိုင်းကုန်ပစ္စည်းများအပေါ် အမေရိကန်၏ အကောက် ခွန်များလျော့ပါးသက်သာစေမည့်ဗျူဟာများကိုဆွေးနွေးရန်အတွက် အမေရိကန်ရှိ ထိုင်းဆန် အကြီးမားဆုံးတင်သွင်းသူနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ Otis McAllister Inc ၏အမှုဆောင် အရာရှိချုပ် Royce Nicolaisen နှင့် ဆွေးနွေးမှုများသည် ထိုင်း hom mali ဆန်နှင့် အခြားအလား အလာရှိသောမျိုးကွဲများပါဝင်သည့် ထိုင်းဆန်အတွက် ဈေးကွက်တိုးချဲ့ရန် ရည်ရွယ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။ ဝန်ကြီးနှင့် Mr Royce တို့သည် သွင်းကုန်များနှင့် ထောက်ပံ့ ပို့ဆောင်ရေးကုန်ကျစရိတ်များအပေါ် အမေရိကန်၏အကောက်ခွန်သက်ရောက်မှုနှင့် ထိုအရာများ ကိုဖြေရှင်းရန်အကြံပြုချက်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင်၎င်းတို့သည် ဈေးကွက်ဝယ်လိုအားအပေါ်သတင်းအချက်အလက်နှင့် ထိုင်းအစိုးရက ကုမ္ပဏီကိုပံ့ပိုးနိုင်သည့် ကမ်းလှမ်းချက်ကိုဝေမျှခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ မသေချာမရော မှုများကြားတွင် ထိုင်းနိုင်ငံသည် ထိုင်းထုတ်ကုန်များ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းရန်အတွက် အစားအစာဖူလုံမှုအချက်အချာအဖြစ် ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ Mrs Suphajee သည် ကုန်သွယ်မှုပမာဏမြင့်တက်ရန်နှင့် နှစ်ဖက်စလုံးအတွက် စီးပွားရေးမိတ်ဖက် ဖွဲ့မှုအသစ်များဖန်တီးရန်အတွက် ၂၀၂၆ ခုနှစ်၏ ပထမလ အနည်းငယ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရန် Mr Nicolaisen ကို ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် Otis McAllister သည် အမေရိကန်ဒေါ်လာ ၁၅၁ သန်းကျော်တန်ဖိုးရှိသော ထိုင်းဆန်တန်ချိန် ၁၁၈၀၀၀ တန်တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ထိပ်တန်းလက်လီလက်ကား ရောင်းချသူများနှင့် အစားအစာဝန်ဆောင်မှုချန်နယ်များများတစ်လျောက် ကျယ်ပြန့်သောဖြန့်ချိရေးကွန်ယက်ကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့ပြင် Otis McAllister သည် ထိုင်းစည်သွပ် ငါးနှင့် နာနတ်သီး၊ သစ်သီးခြောက်အစရှိသည့် အခြားထိုင်းထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်မားနေကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ကုမ္ပဏီသည် YouTube နှင့် TikTok တို့တွင် လူသိများ ကျော်ကြားသောစားဖိုမှုးများဖြင့် ထိုင်းဆန်ကို အရောင်းမြှင့်တင်ရေး ကြိုးပမ်းသွားရန် ဆန္ဒပြင်းပြနေကြောင်း သိရပါသည်။ Mrs Suphajee က အမေရိကန်ရှိစပိန်စကားပြောလတ်တင်အမေရိက စားသုံးသူများသည် ပိုမိုကျန်းမာသောထုတ်ကုန်များစားသုံးခြင်းဆီသို့ ဦးတည်နေခြင်းက ဆန်နှင့် အရည်အသွေးမြင့် ပြုပြင်ထုတ်လုပ်ထားသည့် အစားအစာများထုတ်လုပ်လျက်ရှိသည့် ထိုင်းနိုင်ငံ၏ အားသာချက်များနှင့် ကိုက်ညီနေကြောင်း‌ ပြောကြားခဲ့ပါသည်။ ထိုအသွင်ကူးပြောင်းမှုသည် ထိုင်းနိုင်ငံအား ထိုဈေးကွက်သို့တင်ပို့မှုတိုးချဲ့ရန်အတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရှိပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် အောက်တိုဘာလတွင် ၅.၇ ရာခိုင်နှုန်းသို့ လျော့ကျ

         ထိုင်းနိုင်ငံ၏ ပို့ကုန်များသည် အောက်တိုဘာလတွင် ၁၆ လဆက်တိုက် တိုးတက်ခဲ့ပြီး အီလက်ထရွန်းနစ်နှင့် မော်တော်ယာဥ် ထုတ်ကုန်များအတွက် ဝယ်လိုအားကောင်းနေမှုက တွန်းအားပေးခဲ့ပါသည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆက်လက်တိုးချဲ့နေမှုနှင့် ကိုက်ညီကြောင်း တရားဝင်အချက်အလက်များက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သော ပို့ကုန်များသည် ပြီးခဲ့သည့်လတွင် တစ်နှစ်ထက်တစ်နှစ် ၅.၇ ရာခိုင်နှုန်းတိုးချဲ့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈.၈၄ ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ စက်တင်ဘာလက ၁၉ ရာခိုင်နှုန်း ခုန်တက်ခဲ့ရာမှ အရှိန်လျော့ကျသွားပြီး ပြီးခဲ့သည့် စက်တင်ဘာလနောက်ပိုင်း အနှေးဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ စီးပွားရေးဝန်ကြီးဌာန၏ အဆိုအရ စက်မှုပို့ကုန်များသည် ၈.၈ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ကွန်ပျူတာများ၊ လျှပ်စစ်ခလုတ်ဘုတ်များ၊ ကျောက်မျက်ရတနာများနှင့် လက်ဝတ်ရတနာများ ရောင်းချမှုတွင် အားကောင်းသော တိုးချဲ့မှုကြောင့် ၁၉ လဆက်တိုက် တိုးတက်မှုကို ပြသခဲ့သည်။ တစ်ချိန်တည်းတွင် စိုက်ပျိုးရေးထွက်ကုန်များ၏ ပို့ကုန်သည် ၁၄.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိုက်ပျိုးရေးစက်မှုပို့ကုန်များသည် ၆.၂ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ အချက်အလက်များအရ အောက်တိုဘာလတွင် သွင်းကုန်များသည် တစ်နှစ်တာကာလအတွင်း ၁၆.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၃၂.၂၇ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃.၄၄ ဘီလီယံ သို့ရောက်ရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတာကာလအတွင်း ပို့ကုန်များသည် ၁၃ ရာခိုင်နှုန်း တက်လာပြီး ဒေါ်လာ ၂၈၂.၉၈ ဘီလီယံအထိ ရောက်ရှိခဲ့ကာ သွင်းကုန်များသည် ၁၂.၄ ရာခိုင်နှုန်း တက်လာပြီး ဒေါ်လာ ၂၈၆.၈၅ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃.၈၇ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါသည်။ ကျန်ရှိသောလများတွင် ထိုင်းနိုင်ငံ၏ ပို့ကုန်များသည် ဒီဂျစ်တယ်နည်းပညာထုတ်ကုန်များအတွက် ခိုင်မာသောကမ္ဘာ လုံးဆိုင်ရာဝယ်လိုအားနှင့် ပြုပြင်ပြီးစိုက်ပျိုးရေးနှင့် စားသောက်ကုန်များအတွက် ရေရှည်ဝယ်လို အားတို့၏ အထောက်အပံ့ဖြင့် အရှိန်အဟုန်နှေးကွေးစွာဖြင့် ဆက်လက်ကောင်းမွန်နေမည်ဟု မျှော်လင့်ရကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဝန်ကြီးဌာနက နှစ်ကုန်ပိုင်းတွင် ဘတ်ငွေကြေး တန်ဖိုးမြင့်တက်လာနိုင်ခြေနှင့် ရေကြီးမှုကြောင့် ပြည်တွင်းလယ်ယာထွက်ကုန်များ ကျဆင်းနိုင်ခြေအပါအဝင် ဖြစ်နိုင်ခြေရှိသော ကိစ္စရပ်များကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်ဟုသိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံ၏ ကုန်သွယ်ဖက်များတွင် ထိပ်ဆုံး၌ရပ်တည်

       ဆော်ဒီအာရေဗျနိုင်ငံက ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ဆော်ဒီ အထွေထွေစာရင်းအင်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် အဆိုပါသုံးလအတွင်း စုစုပေါင်းပို့ကုန်၏ ၁၄.၉ ရာခိုင်နှုန်းနှင့် စုစုပေါင်းသွင်းကုန်၏ ၂၇.၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။

         အချက်အလက်များအရ ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံမဟုတ်သောပို့ကုန်များ ဆက်လက်တိုးတက်နေပြီး ၂၀၂၄ ခုနှစ် အလားတူသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၁၉.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်၏ ရေနံမဟုတ်သော ပို့ကုန်များမှာ ၀.၄ ရာခိုင်နှုန်း အနည်းငယ်ကျဆင်းခဲ့သော်လည်း ပြန်လည်တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ၆၉.၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။

         စုစုပေါင်း ကုန်စည်ပို့ကုန်များသည် ပြီးခဲ့သည့်နှစ် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၉.၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ရေနံပို့ကုန်များမှာ ၅.၅ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ သို့သော်လည်း စုစုပေါင်းပို့ကုန်များတွင် ရေနံပို့ကုန်ဝေစုမှာ ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် ၇၁.၁ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၆၈.၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရှိရပါသည်။

          ကုန်စည်သွင်းကုန်များသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၅ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ ကုန်သွယ်မှုပိုလျှံမှုသည် ၁၇.၂ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ရေနံမဟုတ်သော ပို့ကုန်နှင့် သွင်းကုန်အချိုးမှာ ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် ၃၆.၃ ရာခိုင်နှုန်းမှ ၄၀.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။

        စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ၎င်းတို့၏ အစိတ်အပိုင်းများသည် ရေနံမဟုတ်သော ပို့ကုန်များကို ဦးဆောင်ခဲ့ပြီး စုစုပေါင်း၏ ၂၆.၉ ရာခိုင်နှုန်းရှိခဲ့ကာ၊ ဓာတုပစ္စည်းများက ၂၁.၄ ရာခိုင်နှုန်းဖြင့် နောက်မှလိုက်ခဲ့သည်။ လျှပ်စစ်စက်ပစ္စည်းများ၊ ကိရိယာများနှင့် အစိတ်အပိုင်းများသည်လည်း အကြီးဆုံး သွင်းကုန်အမျိုးအစားဖြစ်ပြီး စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

အာဂျင်တီးနားနိုင်ငံ၏ GDP သည် စက်တင်ဘာလတွင် ၅ ရာခိုင်နှုန်း တိုးတက်

 

         အာဂျင်တီးနား၏ စီးပွားရေးလုပ်ဆောင်ချက်သည် စက်တင်ဘာလတွင် နှစ်စဉ်တိုးတက်မှု ၅ ရာခိုင်နှုန်းနှင့် ရာသီအလိုက် ချိန်ညှိထားသော နှိုင်းယှဉ်မှုတွင် လစဉ်တိုးတက်မှု ၀.၅ ရာခိုင်နှုန်းရှိကြောင်း အမျိုးသားစာရင်းအင်းနှင့် သန်းခေါင်စာရင်းဌာန (INDEC) က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ စက်တင်ဘာလ၏ တိုးတက်မှုသည် နိုင်ငံစီးပွားရေးနှေးကွေးမှု ဟုတ်မဟုတ်ကို အဓိကညွှန်ပြချက်တစ်ခုအဖြစ် မှတ်ယူထားသောကြောင့် ဤကိန်းဂဏန်းသည် တတိယသုံးလပတ်တွင် နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်၍ စျေးကွက်  စိုးရိမ်မှုများကို ပယ်ဖျက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

           အာဂျင်တီးနားနိုင်ငံသည် ဇန်နဝါရီလမှ စက်တင်ဘာလ ကာလအတွင်း ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ငါးဖမ်းလုပ်ငန်းနှင့် ဘဏ္ဍာရေးကြားခံလုပ်ငန်းများသည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးသည့် အဓိကကဏ္ဍများဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အများပြည်သူ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများသည် စက်တင်ဘာလတွင် ကျဆင်းမှုများ ကြုံတွေ့ခဲ့ရကြောင်း INDEC မှ ပြောကြားခဲ့သည်သိဟု သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ ရထားလမ်းရင်းနှီးမြှုပ်နှံမှု ပထမ ၁၀ လအတွင်း ၅.၇ ရာခိုင်နှုန်း မြင့်တက်

        တရုတ်နိုင်ငံ၏ ရထားလမ်းဆောက်လုပ်ရေးသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း တည်ငြိမ်သောတိုးတက်မှုရှိခဲ့ပြီး၊ ပုံသေပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်ထက်တစ်နှစ် ၅.၇ ရာခိုင်နှုန်းအထိ တိုးချဲ့ခဲ့ကြောင်း နိုင်ငံ၏ရထားလမ်းအော်ပရေတာက ပြောကြားခဲ့ပါသည်။

      ဇန်နဝါရီ-အောက်တိုဘာကာလအတွင်း ရထားလမ်းကဏ္ဍတွင် ပုံသေပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၆၇၁.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၄.၈ ဘီလီယံခန့်) သို့ ရောက်ရှိခဲ့ကြောင်း China State Railway Group Co., Ltd. ၏ အချက်အလက်များအရ သိရှိရသည်။

         မီးရထားလမ်းရင်းနှီးမြှုပ်နှံမှုသည် ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အရည်အသွေးမြင့် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာစွာပံ့ပိုးမှုပေးခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့ပါသည်။

         ယခုနှစ်တွင် အဆိုပါအဖွဲ့သည် မီးရထားလမ်းစီမံကိန်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခဲ့ပြီး ကမ္ဘ့ာဆင့်မီ ခေတ်မီမီးရထားကွန်ရက် တည်ဆောက်မှုကို အရှိန်မြှင့်တင်ကာ သွားလာနိုင်မှုကို ပိုမိုမြှင့်တင်ခဲ့ပြီး ဒေသတွင်းချိတ်ဆက်မှုကို အဆင့်မြင့်သည်အထိ မြှင့်တင်နိုင်ခဲ့ပါသည်။

      နောက်တစ်ဆင့်အနေဖြင့် အဓိကစီမံကိန်းများတည်ဆောက်မှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးထိန်းချုပ်မှုကို အားကောင်းစေကာ နှစ်စဉ်မီးရထားလမ်းတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အရည်အသွေးမြင့်မားစွာပြီးစီးအောင် သေချာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ တရုတ်နိုင်ငံ၏စီးပွားရေး ရေရှည်ပြန်လည်နာလန်ထူလာမှုနှင့် တိုးတက်မှုကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua     

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ