ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရန် ထိုင်းအစိုးရ  အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

    ထိုင်းအစိုးရအနေဖြင့်  စားအုန်းဆီ အချိုးအစား ၂၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B20) ကို နိုင်ငံတစ်ဝှမ်း ဖြန့်ဖြူးပေးနိုင်ရေး အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ယခုအစီအမံသည် သယ်ယူ ပို့ဆောင်ရေးကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများကို လျှော့ချ ပေးနိုင်ရေး ရည်ရွယ်၍ မဟာဗျူဟာမြောက်ဖော်ဆောင်မည့် အရွေ့တစ်ခုဖြစ်ကြောင်း The Nation Thailand သတင်းဌာနက မတ်လ ၃၀  ရက်နေ့တွင် ဖော်ပြထားသည်။ 

    ထိုင်းနိုင်ငံဝန်ကြီးများက ဇီဝဒီဇယ်ဆီထုတ်လုပ်ရာတွင် ပြည်တွင်း၌ ထွက်ရှိသည့် စားအုန်း ဆီကို ပိုမိုရောနှောအသုံးပြုခြင်းဖြင့် အခြေခံလူသုံးကုန်ပစ္စည်း ဈေးနှုန်းများကို တည်ငြိမ်စေ မည် ဖြစ်ခြင်းနှင့် စိုက်ပျိုးရေးအချက်အချာကျသည့်ဒေသများအတွက် အလွန်အရေးပါသော ငွေရေး ကြေးရေးဆိုင်ရာ အထောက်အပံ့ကောင်းတစ်ခု ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း မျှော်လင့်ထားသည်။

   ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးမှ  လက်ထောက်ဝန်ကြီး Ms. Ratchada Thanadirek က လက်ရှိ အသုံးပြုလျက်ရှိသည့် လောင်စာဆီအစား ပြည်တွင်းထုတ် စားအုန်းဆီ အချိုးအစား ၂၀ % ပါဝင် သည့် ဇီဝဒီဇယ်ဆီ (B20) ကို အစားထိုးအသုံးပြုရန် ဦးစားပေးဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိ သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ B20 ဇီဝဒီဇယ်ဆီကို စက်စွမ်းအားမြင့် ယာဉ်များနှင့် စက်မှုလုပ်ငန်းသုံး စက်ယန္တရားများတွင် ကနဦးအဆင့် အသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက် လျက်ရှိပြီး စွမ်းအင်အတွက် အသုံးစရိတ်မြင့်မားလာမှုကို လျှော့ချနိုင်ရေးအရွေ့တစ်ခု ဖော်ဆောင် ပေးခြင်း ဖြစ်သည်ဟု သိရသည်။

   B20 ဇီဝဒီဇယ်ဆီကို အမြန်ဆုံး အသုံးပြုနိုင်ရေးအတွက် လောင်စာဆီ ရန်ပုံငွေ စီမံခန့်ခွဲ ရေးကော်မတီက B20 အသုံးပြုခြင်းဖြင့် လက်ရှိအသုံးပြုလျက်ရှိသော စံချိန်စံညွှန်းမီ B7 ဒီဇယ်ဆီ ထက် တစ်လီတာလျှင် ထိုင်းဘတ် ၅ ဘတ် (အမေရိကန်ဒေါ်လာ ၀.၁၅ ဒေါ်လာခန့်) သက်သာစေ မည်ကို တွက်ချက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ B20 ဇီဝဒီဇယ်ဆီ ထုတ်လုပ် ရန် အထောက်အပံ့အစီအမံက တည်ငြိမ်မှု မရှိသော ကမ္ဘာ့လောင်စာဆီ ဈေးကွက်တွင် ရုန်းကန် နေရသော သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးကဏ္ဍများကို အမှန်တကယ် အထောက်အပံ့ တစ်ခုဖြစ်စေမည်ဖြစ်သည်။

    ထိုင်းအစိုးရအနေဖြင့် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ နှစ်မျိုးစလုံးအတွက် ကုန်ကျစရိတ်များအပေါ် စီမံကွပ်ကဲထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ B20 အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြင့် ရေရှည်ကာလတွင် နိုင်ငံ၏ စွမ်းအင်ဖူလုံမှုရှိစေရေး အားပေးမြှင့်တင်ပေးခြင်း၊ ဆီအုန်းစိုက် တောင်သူများကို အထောက်အပံ့ဖြစ်စေခြင်းနှင့် နိုင်ငံ့စီးပွားရေးကို အားပေးမြှင့်တင် ပေးခြင်း ဆိုသည့် ဘက်ပေါင်းစုံဖော်ဆောင်ပေးခြင်းဖြစ်သည်ဟု သိရှိရသည်။

   တစ်ဖက်တွင် လောင်စာဆီ အဓိကရောင်းချသည့် လက်လီအရောင်းကိုယ်စားလှယ်များ သည် ကြိုတင်မျှော်မှန်းတွက်ချက်ထားသည့် ဝယ်လိုအားပြည့်မီရေး B20 ကိုတိုးမြှင့်အသုံးပြု ဆောင်ရွက်စေလျက်ရှိရာ Bangchak ကော်ပိုရေးရှင်းက ဖရာခနောင် ဘူတာတွင်ဖြန့်ဖြူးပေးရန် စတင်ဆောင်ရွက်ထားကြောင်း၊ PPT Oil and Retail (OR) ကုမ္ပဏီက ဆုန်ခါနှင့်  ဆရဘူရီ ဗဟိုချက်ဒေသများမှတစ်ဆင့် လောင်စာဆီကို လက်ရှိရောင်းချပေးလျက်ရှိကြောင်းနှင့် Shell ကုမ္ပဏီက B20 ဇီဝဒီဇယ်ကို ဧပြီလ အစောပိုင်းမှစ၍ သတ်မှတ်ထားသည့် နေရာများတွင် စတင် ရောင်းချရန် မျှော်မှန်းထားကြောင်း ဖော်ပြပါရှိသည်။

    စိုက်ပျိုးရေးကဏ္ဍတည်ငြိမ်မည်ဟု မျှော်မှန်းထားရာ ထိုင်းစားအုန်းဆီအတွက် ပြည်တွင်း အခြေခံဈေးနှုန်းတစ်ခုအဖြစ် မူဝါဒချမှတ်ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ဖြန့်ဖြူးရောင်းချပေး ရန် သတ်မှတ်ထားသည့် နေရာများအတွက် B20 ဇီဝဒီဇယ် မဖြစ်မနေ ရောနှောအသုံးပြုရန် ချမှတ် ထားရာ ဆီလိုအပ်ချက်များ မြင့်တက်လာသည့်အတွက်  ထိုင်းအစိုးရအနေဖြင့် ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှု ပိုလျှံလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

   ပြည်တွင်းထုတ် စားအုန်းဆီအချိုးအစား ၂၀% ပါဝင်သည့် ဇီဝဒီဇယ် (B20) အသုံးပြုမည့် မဟာဗျူဟာကို ဆီအုန်းသီးနှံဈေးနှုန်း ရုတ်တရက်ထိုးကျဆင်းမှုကို  ကာကွယ်ရန်၊ လုပ်ကွက်ငယ် ဆီအုန်းစိုက်တောင်သူများကို ဝင်ငွေရရှိမှု တည်ငြိမ်စေရန်နှင့် နိုင်ငံတော်မှ ဈေးနှုန်းမြင့်မားသည့် လောင်စာဆီ တင်သွင်းမှုအပေါ် အမှီအခိုပြုနေရခြင်းကို လျှော့ချရန်အတွက်  ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း The Nation Thailand သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

Source: The Nation Thailand, 30 M‌arch 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်၏ ပင်လယ်ရေထွက်ကုန်တင်ပို့မှု ပထမသုံးလပတ်အတွင်း ၈ ရာခိုင်နှုန်းအထိမြင့်တက်

    အဓိကဈေးကွက်များအကြားနေရာရရှိမှုမတူညီသော်လည်း တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့် တက်လျက်ရှိခြင်းကြောင့် ဗီယက်နမ်၏ ပင်လယ်ရေထွက်ကုန်တင်ပို့မှုသည် စဉ်ဆက်မပြတ် တိုးတက်လျက်ရာ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် နှစ်စဉ် ၈ ရာခိုင်နှုန်းနီးပါးဖြင့် ဒေါ်လာ ၂.၆၄ သန်းရောက်ရှိခဲ့ကြောင်းသိရသည်။

   မတ်လတစ်လတည်းမှာပင် ဒေါ်လာ ၉၂၇ သန်း သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ သို့သော် ဗီယက်နမ်ပင်လယ် ရေထွက်ကုန် ထုတ်လုပ်တင်ပို့သူများအသင်းက ပထမ ၂ လအတွင်း မှတ်တမ်းတင်ရရှိခဲ့သည့် အကြမ်းဖျင်း ၂၀ ရာခိုင်နှုန်းမှ သိသာစွာကျဆင်းလာကြောင်းသိရသည်။

    တရုတ်နိုင်ငံသည် ပထမသုံးလပတ်အတွင်း ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပင်လယ်ရေထွက် ကုန် ဝယ်ယူသူဖြစ်ကာ ဒေါ်လာ ၇၆၄ သန်းနီးပါးတန်ဖိုးဝယ်ယူပြီး၊ နှစ်စဉ် ၄၅ ရာခိုင်နှုန်းနီးပါးတိုး လာကြောင်းသိရသည်။ မတ်လတစ်လတည်းမှာပင် ဒေါ်လာ ၂၅၀ သန်းတင်သွင်းနိုင်ခဲ့ပြီး ၅၀ ရာခိုင်နှုန်းကျော် ဈေးကွက်ရရှိခဲ့ကြောင်းသိရသည်။ ယခင်ဈေးကွက်များဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့မှုကျဆင်းနေသည့်အတွက် တရုတ် နိုင်ငံအနေဖြင့် ကဏ္ဍစုံ တင်သွင်းမှုအားလုံးအပေါ် အဆုံးအဖြတ်ပေးနေသည့်နိုင်ငံအဖြစ် ရပ်တည် နေကြောင်း သိရှိရသည်။

    ဒုတိယအထွေထွေအတွင်းရေးမှူး Le Hang က တရုတ်နိုင်ငံ၏ တည်ငြိမ်သည့် ဈေးကွက် ဝယ်လိုအား၊ ကောင်းမွန်သည့် ပို့ဆောင်ထောက်ပံ့ရေးအခြေအနေများနှင့် ရာသီအလိုက် စားသုံးမှု တို့အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နှစ်သစ်ကူးပွဲတော်တွင် ပုစွန်၊ ပင်လယ်စာအရှင်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ တင်သွင်းမှုသည် ၂၀၂၅ ‌နှောင်းပိုင်းမှ ၂၀၂၆ အစောပိုင်းအထိ တိုးတက် လျက်ရှိကြောင်း၊ ကျောက်ပုစွန်ကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန်များကို သိသာစွာ တင်သွင်းလျက် ရှိကြောင်း သိရသည်။

   တရုတ်နိုင်ငံ၏ ဈေးနှုန်းအသင့်အတင့်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ၏ ဈေးကွက် လိုအပ် ချက်သည် ဆက်လက်ဖြစ်ပေါ်နေကြောင်း၊ ပုစွန်တင်ပို့မှုသည် ပထမနှစ်လတွင် ၁၈ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိရာ ကနေဒါနိုင်ငံ၏ ကျောက်ပုစွန်တင်ပို့မှုအပေါ် အကောက်ခွန်ပြောင်းလဲမှုများ နှင့် ထုတ်လုပ်မှုနှောင့်နှေးကြန့်ကြာမှုများကြောင့် ဗီယက်နမ်အပါအဝင် ပုစွန်တင်ပို့သူများအားလုံး အတွက် အခွင့်အရေးဖြစ်ကြောင်း၊ ဗီယက်နမ်တင်ပို့သူများအနေဖြင့် ပထဝီဝင်အနေအထား အားသာမှု၊ ထောက်ပံ့မှုကွင်းဆက်များ လွယ်ကူအဆင်ပြေမှုများကြောင့် ဈေးကွက်လိုအပ်ချက် အမြင့်ဆုံးရောက်ရှိနေသည့်ကာလများမှာပင် လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရသည်။

    တရုတ်နိုင်ငံ၏ ဈေးကွက်လိုလားချက် မြင့်တက်နေမှုသည် ပို့ကုန်လုပ်ငန်းများလည်ပတ်မှု ကို ပြန်လည်ဖော်ဆောင်ပေးနေကြောင်း၊ ပုစွန်တင်ပို့မှုအနေဖြင့် ကျောက်ပုစွန်တင်ပို့မှု မြင့်တက် နေသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသို့ အဓိကတင်ပို့နေသည့် ဗီယက်နမ်၏ ခြေချောင်းဖြူပုစွန်တင်ပို့မှုသည်နည်းပါးလျက်ရှိကြောင်းသိရသည်။ ဈေးကွက် လိုအပ်ချက်အများဆုံး ဖြစ်သော ငါးတန် (Pangasius) တင်ပို့မှုသည် တရုတ်နိုင်ငံ အပေါ်များစွာ မှီခိုနေရကြောင်းသိရသည်။

   အခြားပင်လယ်ရေထွက်ကုန်များဖြစ်သည့် ဂဏန်းနှင့် ခရုတို့သည်လည်း အာရှဈေးကွက် တွင် လိုအပ်ချက်မြင့်တက်နေကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တီလားပီးယား တင်ပို့မှု သိသာစွာမြင့် တက်ခဲ့ပြီး နှစ်စဉ် ၁၉၀ ရာခိုင်နှုန်းဖြင့် ပထမသုံးလပတ်တွင် ဒေါ်လာ ၃၅ သန်းတင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။ ပင်လယ်ရေထွက်ကုန်တင်ပို့မှုသည် ဒုတိယသုံးလပတ်တွင် ဆက်လက် တိုးတက်နေသော်လည်း ဈေးကွက်နှင့်ထုတ်ကုန်အမျိုးအစားအလိုက် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။ ပုစွန်နှင့် ငါးတန် (Pangasius) တင်ပို့မှုသည် အဓိကကဏ္ဍဖြစ်ပြီး ဟောင်ကောင် အပါအဝင် တရုတ်နိုင်ငံသို့ တင်ပို့မှုဆက်လက်တိုးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

    ဈေးကွက်ဟောင်းများတွင် နေရာတည်မြဲရန် စိန်ခေါ်မှုများရှိသည့် အနေအထားတွင် တင်ပို့ သူများအနေဖြင့် ဝယ်သူများပိုမိုရရှိအောင်ဆောင်ရွက်ရန်၊ ပို့ဆောင်ထောက်ပံမှုလွယ်ကူသည့် ဈေးကွက်များအား ဦးစားပေးရွေးချယ်ရန်နှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် များမှတစ်ဆင့် အကောက်ခွန်သက်သာခွင့်အများရရှိနိုင်ရေး ကြိုးစားဆောင်ရွက်ရန် တိုက်တွန်း ထားကြောင်း သိရသည်။

Source: Vietnam Plus, 9 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဇီဝဒီဇယ်ဆီထုတ်လုပ်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

   အင်ဒိုနီးရှား သမ္မတ Mr. Prabowo Subianto က အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် အင်ဒို နီးရှား အနေဖြင့် စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ကို ယခုနှစ်တွင် ထုတ်လုပ်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဂျပန်နိုင်ငံသို့ တရားဝင်အလည် အပတ်ခရီးရောက်ရှိစဉ် ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက မတ်လ ၃၀ ရက်နေ့တွင် ဖော်ပြထားသည်။

    အင်ဒိုနီးရှားသည် ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရေး လမ်းကြောင်းတစ်ခုကို ချမှတ်ဖော်ဆောင် လျက်ရှိကြောင်း စီးပွားရေးဖိုရမ်တစ်ခု၌ ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ စားအုန်းဆီ ပါဝင်မှု အချိုးအစား ၄၀ % (B40) အစား ၅၀ % အထိ ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ကို ယခုနှစ်တွင် တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အင်ဒိုနီးရှား အာဏာပိုင်များက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် နည်းပညာနှင့် ရန်ပုံငွေအကန့်အသတ် များကြောင့်  B50 ထုတ်လုပ်မည့်အစီအမံကို ဖျက်သိမ်းခဲ့သည်။

     သို့သော် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခစစ်ပွဲကြောင့် စွမ်းအင်ရရှိမှု အခက်အခဲများ ဖြစ်ပေါ်လာခြင်းကြောင့် စားအုန်းဆီ ပါဝင်မှု အချိုးအစား ၅၀ % အထိ ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ်ရေးအစီအစဉ်ကို ပြန်လည်ဖော်ထုတ်ရေး ဆွေးနွေးထားပြီးဖြစ်ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

Source: Reuters, 30 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယအစိုးရအနေဖြင့် ဓာတ်မြေဩဇာတင်သွင်းမှု အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

   အနောက်အာရှဒေသ၌ ဆက်လက်ဖြစ်ပွားနေသော ပထဝီနိုင်ငံရေး မသေချာ မရေရာမှုများ ကြားတွင် ဓာတ်မြေသြဇာရရှိနိုင်မှုကို ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ လှုပ်ရှားမှုတစ်ခု အဖြစ် အိန္ဒိယနိုင်ငံ ပိုတက်ရှ်နှင့် ဓာတ်မြေသြဇာ တင်သွင်းဖြန့်ဖြူးရေးကုမ္ပဏီ (Indian Potash Limited- IPL) က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်ကြော်ငြာစာအရ ယူရီးယား (အလုံးကြီး) နှင့် ယူရီးယား (အလုံးသေး) အမြောက်အမြား တင်သွင်းရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တင်ဒါတစ်ခု ခေါ်ယူခဲ့ကြောင်း သိရသည်။

    အဆိုပါတင်ဒါသည် အိန္ဒိယနိုင်ငံ၊ ဓာတ်မြေဩဇာဌာန၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ်ရှိနေပြီး အဓိကစိုက်ပျိုးရေးသွင်းအားစုများကို အဟန့်အတားမရှိ ထောက်ပံ့ နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ဓာတ်မြေဩဇာ ထုတ်လုပ်မှုနှင့် တင်ပို့မှုအတွက် အဓိကကျသည့် အနောက်အာရှဒေသရှိ အကျပ်အတည်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ ဖိအားခံနေရချိန်တွင်လည်း ဖြစ်သည်။

    တင်ဒါအရ IPL သည် ယူရီးယား တန်ချိန် ၂.၅ သန်းခန့် ဝယ်ယူရန် စီစဉ်ထားသည်။ ၎င်းအနက် တန်ချိန် ၁.၅ သန်းခန့်ကို အနောက်ဘက်ကမ်းရှိ ဆိပ်ကမ်းများမှတစ်ဆင့် ဖြန့်ဖြူးမည် ဖြစ်ပြီး တန်ချိန် ၁ သန်းကို အရှေ့ဘက်ကမ်းရှိ ဆိပ်ကမ်းများအတွက် သတ်မှတ်ပြီး နိုင်ငံတစ်ဝန်း မျှတသော ဒေသဆိုင်ရာ ဖြန့်ဖြူးမှုကို သေချာစေသည်။

   အဆိုပါ တင်ဒါကို ထုတ်လုပ်သူများ၊ ကုန်ထုတ်လုပ်သူများနှင့် ကုန်သွယ်ရေးကုမ္ပဏီများ အပါအဝင် ကျယ်ပြန့်သော နိုင်ငံတကာ ပါဝင်သူများအတွက် ဖွင့်လှစ်ထားကြောင်း သိရသည်။ စိတ်ပါဝင်စားသည့် လေလံဆွဲသူများသည် တင်ဒါစာရွက်စာတမ်းတွင် ဖော်ပြထားသော နည်းပညာ  ဆိုင်ရာ သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်ချက်များနှင့်အညီ ဧပြီလ ၁၅ ရက်နေ့ တွင် ၎င်းတို့၏ ကမ်းလှမ်းချက်များကို တင်သွင်းရန် တောင်းဆိုထားသည်။

    ယင်းကဲ့သို့ ကြိုတင်ပြင်ဆင် ဝယ်ယူမှုအစီအမံများသည် အိန္ဒိယ၏ စိုက်ပျိုးရေးကဏ္ဍကို ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများမှ ကာကွယ်ရန် ကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ယုံကြည်ရသည်။ ဗဟိုအစိုးရသည် ဓာတ်မြေဩဇာထောက်ပံ့မှု အခြေအနေများကို အနီးကပ် စောင့်ကြည့်နေပြီး ကြားခံသိုလှောင်ရုံများ ထိန်းသိမ်းရန်အတွက် တင်သွင်းမှုများ တိုးမြှင့် လျက် အဓိကစိုက်ပျိုးရာသီများတွင် တောင်သူများ ထိခိုက်ခြင်းမရှိစေရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

    အိန္ဒိယ၏ ဓာတ်မြေဩဇာ ထောက်ပံ့ရေးကွင်းဆက်တွင် အဓိကအဖွဲ့အစည်းဖြစ်သည့် IPL သည် ဓာတ်မြေဩဇာဌာန၏ စီမံခန့်ခွဲမှုအောက်တွင် လည်ပတ်လျက်ရှိပြီး အထူးသဖြင့် ယူရီးယား နှင့် ပိုတက်ရှ် တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စျေးကွက်ရှာဖွေခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဆိုပါကုမ္ပဏီသည် ပြည်တွင်းထုတ်လုပ်မှုနှင့် ဝယ်လိုအားကြား ကွာဟချက် ကို ဖြည့်ဆည်းရန်အတွက် ပုံမှန်အားဖြင့် ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ တင်ဒါများကို ခေါ်ယူလေ့ ရှိကြောင်း သိရသည်။

   အဆိုပါကုမ္ပဏီအနေဖြင့် ကျယ်ပြန့်သော ဖြန့်ဖြူးရေးကွန်ရက်ဖြင့် ကုန်စည်ပို့ဆောင်ရေးကို လွယ်ကူချောမွေ့စေပြီး အစားအစာဖူလုံရေးနှင့် လယ်ယာထွက်ကုန်၊ ကုန်ထုတ်စွမ်းအားအတွက် အစိုးရ၏ ကတိကဝတ်ကို အားဖြည့်ပေးလျက်ရှိကြောင်း သိရသည်။ နောက်ဆုံးထုတ်ပြန်ထား သည့် တင်ဒါသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးဆင်းမှုကို သက်ရောက်မှုရှိစေပြီး အဓိက သွင်းအားစုများ ဖူလုံမှုရှိစေရန် အိန္ဒိယ၏ မဟာဗျူဟာမြောက်သော ချဉ်းကပ်မှုကို အလေးပေါ်စေ ကြောင်း သိရှိရသည်။

Source: India’s News Net, 5 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်၏ ငရုတ်ကောင်းတင်ပို့မှု သိသိသာသာ ပြန်လည်တိုးတက်လာ

    ၂၀၂၆ ခုနှစ် မတ်လတွင် ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုသည် ပမာဏနှင့် တန်ဖိုး နှစ်မျိုးစလုံးတွင် သိသိသာသာ တိုးတက်လာပြီး အမြတ်အစွန်းများစွာ ရရှိခဲ့ကြောင်း၊ အဆိုပါ အချက်သည်ပင် စက်မှုလုပ်ငန်း ပြန်လည်အားကောင်းလာခြင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ပစ္စည်းလက်ကျန် ကန့်သတ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး အခက်အခဲများသည်စိန်ခေါ်မှုများအဖြစ် ဆက်လက်ရှိနေကြောင်း သိရှိရသည်။

    ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်းအဖွဲ့ (Vietnam Pepper and Spice Association - VPSA) ၏ အချက်အလက်များအရ မတ်လတွင် ငရုတ်ကောင်း တင်ပို့မှု ၃၀,၆၃၈ တန်ရှိရာ ငရုတ်ကောင်းအနက် ၂၆,၁၉၀ တန်နှင့် ငရုတ်ကောင်းအဖြူ ၄,၄၄၈ တန် ပါဝင်သည်။

    တင်ပို့မှုဝင်ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၉၉.၃ သန်းရှိပြီး ငရုတ်ကောင်းအနက်မှ ဒေါ်လာ ၁၆၇.၃ သန်း၊ ငရုတ်ကောင်းအဖြူမှ ဒေါ်လာ ၃၂ သန်း ရရှိခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလမှ တင်ပို့မှုပမာဏသည် ၁၁၉.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၅၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

   တင်ပို့မှုစျေးနှုန်းသည် မြင့်မားနေဆဲဖြစ်ပြီး ပျမ်းမျှအားဖြင့် ငရုတ်ကောင်းအနက်တစ်တန် လျှင် ၆,၅၂၀ ဒေါ်လာနှင့်  ငရုတ်ကောင်းအဖြူတစ်တန်လျှင် ၈,၇၃၅ ဒေါ်လာရှိသည်။ ငရုတ်ကောင်း အနက် စျေးနှုန်းသည် လစဉ်အလိုက် ၀.၇ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း ငရုတ်ကောင်းအဖြူ စျေးနှုန်းမှာ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းနှင့် ခိုင်မာမှုရှိသော ဈေးကွက်တွင် ကုန်ပစ္စည်းအမျိုး အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ပြသနေသည်။

    အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ဗီယက်နမ်၏ အင်အားအကြီးဆုံး ဝယ်ယူသူများအဖြစ် ရပ်တည်နေပြီး အမေရိကန်မှ ၈,၀၅၉ တန်နှင့် တရုတ်နိုင်ငံမှ ၃,၆၆၃ တန် အသီးသီးတင်သွင်းခဲ့ ကြသည်။ အမေရိကန်သို့ တင်ပို့မှုသည် ယခင်လမှစ၍ ၁၂၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံ သို့ တင်ပို့မှုသည် ၁၃၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အီဂျစ်၊ နယ်သာလန်၊ ကနေဒါနှင့် ဖိလစ်ပိုင် နိုင်ငံများအပါအဝင် အခြားဈေးကွက်များတွင်လည်း မျှော်မှန်းထားသောတိုးတက်မှုရရှိခဲ့ပြီး တင်ပို့ မှုများမှာ တိုးတက်မှု သုံးဆ ရှိခဲ့ကြောင်း သိရှိရပါသည်။

    ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း ဗီယက်နမ်နိုင်ငံသည် ငရုတ်ကောင်း ၆၆,၃၅၀ တန် တင်ပို့ ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၄၃၀ သန်း ရရှိခဲ့ပြီး ပမာဏအားဖြင့် ၃၉.၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအား ဖြင့် ၃၁.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အဆိုပါအချက်သည် နှစ်တစ်နှစ်၏ အစမှ တင်ပို့မှု အရှိန် အဟုန် အားကောင်းမှုကို မီးမောင်းထိုးပြခြင်းပင်ဖြစ်သည်။

   တင်သွင်းမှုအပိုင်းဖက်တွင်လည်း ဗီယက်နမ်နိုင်ငံသည် သိသိသာသာတိုးတက်လာခဲ့ပြီး အကြောင်းရင်းမှာ ပြည်တွင်းရောင်းလိုအား လျော့နည်းလာမှုကြောင့် ပြုပြင်ထုတ်လုပ်ရန်နှင့် ပြန် လည်တင်ပို့ရန်အတွက် စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူမှု တိုးမြင့်လာခြင်းကြောင့်ဖြစ်သည်။ မတ်လတွင် တင်သွင်းမှုသည် ၁၀,၃၁၃ တန်ရှိပြီး ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၆၆.၂ ရာခိုင်နှုန်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀၈.၈ ရာခိုင်နှုန်း  တိုးတက်ခဲ့သည်။ ပထမသုံးလအတွင်း  စုစုပေါင်း ၂၁,၂၀၁ တန် တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၂၁ သန်း ရှိခင်နှစ်ထက် ၁၁၈.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

    ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပေးသွင်းသူနိုင်ငံဖြစ်ပြီး ရာခိုင်နှုန်း အားဖြင့် တင်သွင်းမှု၏ ၅၅.၁ ရာခိုင်နှုန်းရှိကြောင်း၊ ဘရာဇီးနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံပြီးလျှင် အကြီးဆုံးပေးသွင်းသူနိုင်ငံများ ဖြစ်ကြကြောင်း သိရှိရသည်။ တင်ပို့မှု အားကောင်းသော်လည်း VPSA က ရောင်းလိုအားနှင့် ဝယ်လိုအား မညီမျှမှုများ ကြီးထွားလာနေ ကြောင်း သတိပေးပြောဆိုခဲ့ပါသည်။ ၂၀၂၆ ခုနှစ် သီးနှံအထွက်နှုန်းမှာ ၁၇၀,၀၀၀ မှ ၁၈၀,၀၀၀ တန် ရှိမည်ဟု ခန့်မှန်းထားပြီး ရာသီဥတုမကောင်းမှုနှင့် သက်တမ်းရင့်စိုက်ခင်း များ ကြောင့် ယခင်နှစ်ထက် ၁၅ - ၂၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင်ပါသည်။ ရောင်းလိုအား နည်းပါးမှု သည် ပြည်တွင်းငရုတ်ကောင်းဈေးနှုန်းကို တစ်ကီလိုလျှင် VNĐ ၁၄၀,၀၀၀ မှ ၁၅၀,၀၀၀ (ဒေါ်လာ ၅.၃၂– ၅.၆၉) အထိ မြင့်တက်လာစေပါသည်။

   ဝယ်လိုအား မြင့်မားနေစဉ် တောင်သူများအနေဖြင့် တိုးဖိုးမြင့်သီးနှံများ ပြောင်းလဲစိုက်ပျိုး လာခြင်းနှင့် မြေယာကန့်သတ်မှုများကြောင့် ပြန်လည်စိုက်ပျိုးရန်အားထုတ်မှုများမှာ အကန့် အသတ် ရှိနေသည်။ ၂၀၂၆ တွင် ကမ္ဘာအနှံ ငရုတ်ကောင်းထုတ်လုပ်မှုသည် ၅၃၀,၀၀၀ တန်ခန့် ရှိမည်ဟု မျှော်မှန်းထားပြီး ယခင်နှစ်ထက် အနည်းငယ်မြင့်မားသော်လည်း ၂၀၂၄ ထက် နိမ့်နေဆဲ ပင်ဖြစ်သည်။

    တင်ပို့သူများသည် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ၃ ဆမှ ၄ ဆအထိ မြင့်တက်လာကာ ထောက်ပံ့ပို့ဆောင်မှု ဆိုင်ရာ ဖိအားများ တိုးမြင့်လာခြင်း ကြုံတွေ့နေရသည်။ ကုန်သွယ်မှုဆိုင်ရာ ကုန်သေတ္တာများ ကူးလူးသွား လာခြင်းအတွက် ဟောမုဇ်ရေလက်ကြား ကို ပိတ်ထားခြင်းက  အရေးပါသော သယ်ယူပို့ဆောင် ရေးလမ်းကြောင်းများ ထိခိုက်ပြီး ကုန်တင်သင်္ဘောများ လည်ပတ်မှု ရပ်ဆိုင်းခြင်းနှင့် Jebel Ali နှင့် ဘာရိန်း၊ အိုမန်တို့ရှိ ဆိပ်ကမ်း များကဲ့သို့ အဓိကကျသောကုန်စည်ပို့ဆောင်ရေးဆိပ်ကမ်းများတွင် ဆိုးရွားလှသော ပိတ်ဆို့ပြည့် ကျပ်မှုများ ဖြစ်ပေါ်လာစေပါသည်။

    အရှေ့အလယ်ပိုင်းဒေသသည် ဗီယက်နမ်၏ ငရုတ်ကောင်းတင်ပို့မှု၏ ၁၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည့်အပြင် အရေးကြီးသော သယ်ယူပို့ဆောင်ရေး တံခါးပေါက်တစ်ခုဖြစ်သောကြောင့် တင်ပို့သူလုပ်ငန်းရှင်အချို့သည် စရိတ်တက်လာမှုနှင့် ပို့ဆောင်မှု နှောင့်နှေးမှုများကို လျော့ချရန် အတွက် အမှာအသစ်များကို ယာယီရပ်နားထားသည်။ အခြေအနေများ ဆက်လက်ကြာရှည်ပါက ၂၀၂၆ ခုနှစ်အတွင်း တင်ပို့မှုဆိုင်ရာ တိုးတက်မှုအလားအလားအပေါ် ကြီးမားသော သက်ရောက်မှု ရှိနိုင်ကြောင်း သိရှိရပါသည်။

Source: Viet Nam News, 7 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ သကြားထုတ်လုပ်မှု ဒုတိယမြောက်နှစ်အဖြစ် ဆက်လက်ကျဆင်း

   အိန္ဒိယနိုင်ငံတွင် ကြံစိုက်ပျိုးထွက်ရှိမှုလျော့ကျပြီး သကြားစက်ရုံများ၏ ကြံကြိတ်ဝါးလည် ပတ်မှု ပုံထက်ဆောလျင်စွာ ပိတ်သိမ်းခဲ့ကြရာ သကြားထုတ်လုပ်မှုမှာ စားသုံးမှုပမာဏအောက် ဒုတိယမြောက်နှစ်အဖြစ် ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟု ကုန်သွယ်ရေးနယ်ပယ်မှ တာဝန်ရှိသူ များက ရိုက်တာသတင်းဌာနသို့ ဧပြီ ၂ ရက်နေ့၌ ပြောကြားခဲ့သည်။

   ပြည်ပသို့တင်ပို့မှု တိုးတက်လျက်ရှိခြင်းနှင့်အတူ ထုတ်လုပ်မှုကျဆင်းခြင်းက ပြည်တွင်း သကြားလက်ကျန်ပမာဏကို လျော့ကျစေဖွယ်ရှိပြီး ရောင်းလိုအားပိုလျှံမှုများကြောင့် ဖိအားများ အောက်တွင်ရှိနေခဲ့သည့် ပြည်တွင်း သကြားဈေးနှုန်းများကို အထောက်အပံ့ပြုမည်ဖြစ်သည်။ မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယထိပ်တန်းကုန်သည်တစ်ဦးက ယခုကြိတ်ခွဲရောင်းဝယ်ရေးရာသီနှစ် ၌ သကြားထုတ်လုပ်မှုသည် တန်ချိန် ၂၈ သန်းကို ကျော်လွန်ဖွယ်မရှိကြောင်း၊ သကြားစက်ရုံ အများစုသည် လုပ်ငန်းပိတ်သိမ်းခဲ့ကြပြီဖြစ်ကြောင်း၊ စက်ရုံအနည်းငယ်ကသာ ဆက်လက်ကြိတ် ခွဲမှုရှိပြီး ၎င်းတို့သည်လည်း ရှေ့လာမည့်သီတင်းပတ်များအတွင်း ပိတ်သိမ်းကြမည်ဟု ခန့်မှန်းရ ကြောင်း ပြောဆိုခဲ့သည်။

    အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် တန်ချိန် ၂၈.၅ သန်းမှ ၂၉ သန်းအတွင်းရှိသော ပြည်တွင်းဈေးကွက်ဝယ်လိုအားထက် ပိုမိုလျက် တန်ချိန် ၃၁ သန်းခန့် ထွက်ရှိမည်ဟု အိန္ဒိယ သကြားနှင့်ဇီဝစွမ်းအင် ထုတ်လုပ်သူများအသင်း (ISMA) နှင့် အမျိုးသားသကြားစက်ရုံလုပ်ငန်းများ သမဝါယမအသင်းချုပ် (NFCSF) တို့ အပါအဝင် သကြားလုပ်ငန်းနယ်ပယ်မှ အဖွဲ့အစည်းများက ကြံကြိတ်ဝါးမှုရာသီ အစပိုင်း၌ ခန့်မှန်းထားခဲ့ကြသည်။ သို့သော် မိုးအလွန်အကျွံ ရွာသွန်းမှုကြောင့် ကြံအထွက်လျော့နည်းခဲ့ပြီး ယခုနှစ်တွင် စက်လည်ပတ်လုပ်ကိုင်ခဲ့သည့် သကြားစက်ရုံ ၅၄၁ ရုံ အနက် ၄၆၇ ရုံသည် မတ်လကုန်ပိုင်း၌ပင် လုပ်ငန်းရပ်နားခဲ့ကြကြောင်း၊ ယခင်နှစ်ကာလတူတွင် လုပ်ငန်းရပ်နားခဲ့သည့် စက်ရုံပေါင်းမှာ ၄၂၀ သာ ရှိခဲ့ကြောင်း NFCSF ၏ အချက်အလက်များအရ သိရသည်။

   အိန္ဒိယသကြားစက်ရုံများသည် ယခုနှစ်စက်တင်ဘာလ၌ ကုန်ဆုံးမည့် ၂၀၂၅-၂၆ ဈေးကွက် ရာသီနှစ်၏ ပထမနှစ်ဝက်အတွင်း သကြားတန်ချိန် ၂၇.၁၂ သန်းထုတ်လုပ်ခဲ့ရာ ယခင်နှစ်ကာလတူ ထက် ၉ ရာခိုင်နှုန်း ပိုမိုခဲ့သည်ဟု NFCSF က ဖော်ပြထားသည်။

   အိန္ဒိယနိုင်ငံတွင် သကြားထုတ်လုပ်မှု အများဆုံးဖြစ်သော မဟာရဋ္ဌပြည်နယ်နှင့် တတိယ အများဆုံးဖြစ်သည့် ကာနာတကာပြည်နယ်တို့ရှိ သကြားစက်များ အားလုံးနီးပါးသည် ခန့်မှန်းထား သည်ထက်စော၍ လုပ်ငန်းပိတ်သိမ်းကြဖွယ်ရှိကြောင်း၊ အစိုးရသည် ပြည်တွင်း၌ ပိုလျှံမှုကြီးမား မည်ဟု တွက်ဆလျက် ပြည်ပသို့ သကြားတင်ပို့ခွင့်ပြုခဲ့ကြောင်း၊ သို့သော် ယခုအခါ ထုတ်လုပ်မှု ပမာဏသည် ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကိုပင် ပြည့်မီနိုင်လိမ့်မည် မဟုတ်သည်မှာ သေချာ နေပြီဖြစ်ကြောင်းဖြင့် နယူးဒေလီမြို့ အခြေစိုက် နိုင်ငံတကာနှင့်ကုန်သွယ်လုပ်ကိုင်လျက်ရှိသော ကုန်သည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။

    အစိုးရသည် ပြည်ပသို့ သကြားတင်ပို့ခွင့်ခွဲတမ်းကို တန်ချိန် ၁.၅ သန်းခွင့်ပြုထားရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ တန်ချိန် ၅၀၀၀၀၀ ထပ်မံတိုးမြှင့်လျက် စုစုပေါင်း တန်ချိန် ၂ သန်း အထိ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

   သကြားလုပ်ငန်းနယ်ပယ်တွင် ယခင်နှစ်၌ ထုတ်လုပ်မှုကျဆင်းခဲ့ပြီးနောက် ယခုနှစ်ရာသီ တွင် ကုန်လက်ကျန် တိုးတက်လျက် တင်ပို့ရန်ပိုလျှံမှုရှိမည်ဟု တွက်ဆခဲ့ကြကြောင်း၊ သို့သော် အထွက်နည်းပါးမှုသည် နောက်လာမည့် ရာသီကာလအတွက် စာရင်းဖွင့်လက်ကျန် ပမာဏကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ ယခုဈေးကွက်ရာသီနှစ်၌ စာရင်းဖွင့်လက်ကျန် တန်ချိန် ၅ သန်း ရှိခဲ့သော်လည်း နောက်လာမည့်ရာသီတွင်မူ တန်ချိန် ၄ သန်းအောက် လျော့နည်းမည်ဖြစ်ကြောင်း၊ ဤအခြေအနေက သကြားဈေးနှုန်းများကို ခိုင်မာစေမည်ဖြစ်ကြောင်းဖြင့် အမည်ဖော်ပြလိုခြင်း မရှိ သော အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source: Economic Times, 2 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပါကစ္စတန်နိုင်ငံတွင် ဆန်စပါးကဏ္ဍအတွက် အစိုးရ၏ ကြားဝင်ဖြေရှင်းမှုကို တောင်းဆို

    ပါကစ္စတန်နိုင်ငံ၏ ဆန်စပါးကဏ္ဍမှ လုပ်ငန်းရှင်များနှင့် သက်ဆိုင်သူများက ပို့ကုန် တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် မူဝါဒနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးရန် အစိုးရ၏အရေးပေါ်ကြားဝင်ဆောင်ရွက်မှုကို တောင်းဆိုလိုက်ကြသည်။ နှောင့်နှေး ကြန့်ကြာမှုများနှင့် ထိရောက်မှုမရှိသည့် အခြေအနေများ ဆက်လက်ရှိနေပါက ကမ္ဘာ့ဈေးကွက် တွင် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားနည်းစေကြောင်း ၎င်းတို့က သတိပေးခဲ့ကြသည်။

    အမျိုးသားစားနပ်ရိက္ခာဖူလုံရေးနှင့် သုတေသနဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး Rana Tanveer Hussain နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများကို တင်ပြခဲ့ကြခြင်းဖြစ်ပြီး ဝန်ကြီးက အဆိုပါ ကိစ္စရပ်များကိုဦးစားပေးဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် ပို့ကုန်ဦးစားပေးကဏ္ဍများကို ဆက်လက် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ကတိပြုပြောကြားခဲ့သည်။

    လာဟိုးကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (LCCI) မှ ကိုယ်စားလှယ် များနှင့်အတူ ထိပ်တန်းဆန်တင်ပို့သူများ၊ စီးပွားရေးလုပ်ငန်းရှင်များက စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကုန်သွယ်မှုစွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု များ လိုအပ်ကြောင်း အလေးပေးပြောဆိုခဲ့ကြသည်။

   အဆိုပါကိစ္စရပ်များကို ဆန်စပါးတန်ဖိုးကွင်းဆက်မှ အဓိကလုပ်ငန်းရှင်များ စုဝေး တိုင်ပင် ကြသည့် နေ့လယ်စာစားပွဲတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ပါဝင်တက်ရောက်သူများက အခွန် နှင့် အခကြေးငွေများ ပြန်လည်ထုတ်ပေးသည့် (DLTL) အစီအစဉ်တွင် အမြဲတစေ ကြန့်ကြာနေမှု များအပေါ် အလေးအနက် စိုးရိမ်ပူပန်မိကြောင်းနှင့် ယင်းကဲ့သို့ ကြန့်ကြာနေမှုများသည် ပို့ကုန် လုပ်ငန်းရှင်များ၏ ငွေကြေးစီးဆင်းမှုနှင့် လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို ထိခိုက်စေ ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အီရန်နှင့် အရှေ့ဖျားဈေးကွက်များသို့ တင်ပို့သည့် ယန္တရား များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ အဟန့်အတားများကို ဖယ်ရှားပေးရန် နှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် တောင်းဆိုခဲ့ကြသည်။

    အစည်းအဝေးတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ကဏ္ဍ၌ လိုအပ်ချက်များ ရှိနေသည်ကိုလည်း မီးမောင်းထိုးပြခဲ့ပြီး ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေးမြှင့်တင်ရန်အတွက် ဆန်းသစ်တီထွင်မှုများ၊ ပိုမိုကောင်းမွန်သည့် မျိုးစေ့များနှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို ကျင့်သုံးရန် လိုအပ်ကြောင်း အလေးပေးဆွေးနွေးခဲ့ကြသည်။

    ပိုးသတ်ဆေးကြွင်းဆိုင်ရာ လိုက်နာဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်း အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ပါကစ္စတန်၏ ပို့ကုန်ဈေးကွက်ကို ကာကွယ်ရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်း များကို တိကျစွာလိုက်နာရန် လုပ်ငန်းရှင်များက တိုက်တွန်းခဲ့ကြသည်။ ထို့အပြင် ကမ္ဘာ့ဈေးကွက် တွင် နိုင်ငံ၏ကောင်းမွန်သည့်ပုံရိပ်ကို ထိခိုက်စေသည့် စပါးနှင့် ဆန်သိုလှောင်မှုများ၊ မမှန်မကန် ဈေးနှုန်းကစားမှုများကို ထိန်းချုပ်ရန်အတွက် ဆန်စပါးကုန်သွယ်မှုကို ပိုမိုကောင်းမွန်စွာ စနစ်တကျ ထိန်းကျောင်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

    အစိုးရ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရာတွင် ဝန်ကြီး Rana Tanveer Hussain က လုပ်ငန်းရှင်များ တင်ပြလာသည့် ကိစ္စရပ်အားလုံးကို ချက်ချင်းဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ကိုက်ညီမည့် မူဝါဒများချမှတ်ရန်နှင့် စိုက်ပျိုးရေးပို့ကုန်ကဏ္ဍကို ခိုင်မာ စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ LCCI အနေဖြင့်လည်း စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် မူဝါဒချမှတ်သူများနှင့် စီးပွားရေး အသိုက်အဝန်းကြား ပေါင်းကူးတံတားအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

Source: Business Recorder, 9 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ဆန်တန်ချိန် ၅.၁ သန်းခန့် တင်သွင်းရဖွယ်ရှိ

     ၂၀၂၆-၂၀၂၇ ဈေးကွက်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် မက်ထရစ်တန် ၅ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က ပြောကြားခဲ့ သည်။ ၎င်း၏ အဆိုအရ လက်ရှိ ၂၀၂၅-၂၀၂၆ စျေးကွက်နှစ်တွင် ခန့်မှန်းထားသည့် မက်ထရစ်တန် ၄.၄ သန်းမှ မြင့်တက်လာကာ ထိုကာလအတွင်း ဆန်တင်သွင်းမှုသည် ၁၆% နီးပါး တိုးလာမည်ဟု ခန့်မှန်းထားသည်။

     ဆန်ဈေးကွက်နှစ်ကို ဇူလိုင်လမှ စတင်၍ နောက်နှစ် ဇွန်လအထိ သတ်မှတ်ထားခြင်းဖြစ်ပြီး ဆန်တင်သွင်းမှု မြင့်တက်လာခြင်းမှာ လက်ရှိဈေးကွက်နှစ်မှ ကျန်ရှိသည့် သိုလှောင်မှုပမာဏ လျော့နည်းလာခြင်းနှင့် ဆက်စပ်နေကြောင်း သိရသည်။ ၂၀၂၆-၂၀၂၇ စျေးကွက်နှစ်တွင် ဆန် လက်ကျန်ပမာဏသည် မက်ထရစ်တန် ၂.၉ သန်း အထိ ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ယခင် နှစ်၏ မက်ထရစ်တန် ၂.၉၅ သန်းထက် အနည်းငယ်ကျဆင်းသွားဖွယ်ရှိသည်။

    ထို့အပြင် ဆန်တင်သွင်းမှုကို လေးလကြာ တားမြစ်ထားခြင်း၏ သက်ရောက်မှုကြောင့် သိုလှောင်မှု လက်ကျန်ပမာဏများ လျော့နည်းလာသဖြင့် ယခင်ဈေးကွက်နှစ်နှင့်နှိုင်းယှဉ်လျှင် ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း USDA က ပြောကြားထားသည်။

    ၂၀၂၆-၂၀၂၇ စျေးကွက်နှစ်တွင် စပါးအထွက်ပမာဏသည် မက်ထရစ်တန် ၁၉.၆၈ သန်း အထိရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထက် ၀.၄% တိုးမြင့်လာမည်ဖြစ်သည်။ သို့ရာတွင် ထုတ်လုပ်မှုနှင့် အထွက်နှုန်းတိုးတက်မှု အနည်းငယ်ရှိသော်လည်း လူဦးရေ တိုးပွားလာမှုကြောင့် အဓိက စားသုံးအစားအစာဖြစ်သော ဆန်အပေါ် လိုအပ်ချက်သည် ဆက်လက်မြင့်တက်နေမည်ဟု USDA  က ပြောကြားခဲ့သည်။

    ထို့အပြင် ၂၀၂၆-၂၀၂၇ စျေးကွက်နှစ်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စားသုံးမှုသည် မက်ထရစ်တန် ၁၇.၆၅ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားပြီး လက်ရှိ စျေးကွက်နှစ်တွင်ရှိသည့် မက်ထရစ်တန် ၁၇.၆ သန်းမှ အနည်းငယ်တိုးတက်လာမည်ဖြစ်သည်။

Source: Business World Online, 31 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရာသီဥတုဆိုးရွားမှုနှင့် ဝယ်လိုအားမြင့်တက်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြောင်းတင်သွင်း မှုအပေါ် ပိုမိုမှီခို

      အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံသည် မွေးမြူရေးကဏ္ဍ ပြန်လည်ကောင်းမွန်လာခြင်းနှင့် စက်မှုလုပ်ငန်းသုံး ဝယ်လိုအား ချဲ့ထွင်လာခြင်း တို့ကြောင့် ပြည်တွင်းရိတ်သိမ်းမှုထက် သာလွန်ကာ ယခုစျေးကွက်ရာသီတွင် ပြောင်းတင်သွင်းမှု ကို မက်ထရစ်တန်ချိန် ၂ သန်းနီးပါးအထိ တိုးမြှင့်ရန် အသင့်ရှိနေသည်။

   ယခင်အပတ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် USDA သည် ဖိလစ်ပိုင်၏ ပြောင်း တင်သွင်းမှုအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် စျေးကွက်ရာသီတွင် ၎င်း၏ကနဦးခန့်မှန်းချက် တန်ချိန် ၁.၈၅ သန်းထက် တန်ချိန် ၁၀၀,၀၀၀ ပိုမိုမြင့်မားသည့် တန်ချိန် ၁.၉၅ သန်းအဖြစ် ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။

   အဆိုပါနိုင်ငံတကာအေဂျင်စီက လက်ရှိ စျေးကွက်ရာသီ (ဇူလိုင်လတွင် စတင်၍ ဇွန်လတွင် ပြီးဆုံးသောကာလ)အတွင်း ယခင်နှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ နိုင်ငံအတွင်း ဝက် မွေးမြူရေး အရေအတွက် ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ပြောင်းတင်သွင်းမှုအပေါ် ကနဦး ခန့်မှန်းချက်ကို တိုးမြှင့်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

    USDA ၏ ပြောကြားချက်အရ ကြက်မွေးမြူရေး၊ ငါးပုစွန်မွေးမြူရေးနှင့် အိမ်မွေးတိရစ္ဆာန် အစားအစာလုပ်ငန်းများမှ ဝယ်လိုအား ချဲ့ထွင်လာမှုတို့ကြောင့် တိရစ္ဆာန်အစာအဖြစ်သုံးသော ပြောင်းလိုအပ်ချက် တိုးလာကြောင်း သိရှိရသည်။ ပြောင်းဝယ်လိုအား တိုးတက်လာမှုနှင့်အတူ လက်ရှိဈေးကွက်ရာသီကာလအတွင်း စုစုပေါင်း ပြောင်းသုံးစွဲမှုသည် ယခင်နှစ်တန်ဖိုး မက်ထရစ် တန်ချိန် ၉.၉၅ သန်းမှ မက်ထရစ်တန်ချိန် ၁၀.၁၅ သန်းအထိ ၂ ရာခိုင်နှုန်းကျော် တိုးလာမည်ဟု ခန့်မှန်းထားသည်။

    တိရစ္ဆာန်အစာအဖြစ်သုံးသော ပြောင်း၊ မျိုးစေ့နှင့် စက်မှုလုပ်ငန်းသုံး သုံးစွဲမှုသည် စုစု ပေါင်းဝယ်လိုအား၏ ရှယ်ယာကို တန်ချိန် ၄.၂ သန်းမှ ၄.၄ သန်းသို့ တိုးမြှင့်ရန် မျှော်မှန်းထားပြီး တိရစ္ဆာန်အစာ ပြောင်းနှင့် ပြောင်းစွန့်ပစ်ပစ္စည်း အသုံးပြုမှုတို့သည် ပို၍ကြီးမားသော ရှယ်ယာ တန်ချိန် ၅.၇၅ သန်းကို ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်ရသည်။

  USDA အနေဖြင့် ပြည်တွင်းပြောင်းထုတ်လုပ်မှုသည် Cagayan ချိုင့်ဝှမ်းကဲ့သို့သော အဓိက ထုတ်လုပ်သည့်ဒေသများတွင် တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် အဓိကအားဖြင့် တန်ချိန် ၈.၃၃ သန်း မှ ၈.၂၇ သန်းသို့ အနည်းငယ်ကျဆင်းနိုင်ကြောင်း ခန့််မှန်းထားသည်။ စျေးကွက်ရာသီ၏ ပထမ နှစ်ဝက်တွင် အထွက်နှုန်း ကောင်းမွန်လာသည့် လက္ခဏာများရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ် တတိယ သုံးလပတ်တွင် ပြောင်းစိုက်ပျိုးထွက်ရှိမှုကဏ္ဍသည် တိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်သော ဆုံးရှုံးမှုများကို သိသိသာသာ ခံစားခဲ့ရသည်။

    USDA ၏ ပြောကြားချက်အရ ပြည်တွင်းပြောင်းထုတ်လုပ်မှုသည် တိုင်ဖွန်းမုန်တိုင်းကြောင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ရောင်းလိုအားကွာဟချက်ကို ပြောင်းတင်သွင်းမှု တိုးမြှင့် ခြင်းဖြင့် ဖြေရှင်းလျက်ရှိပြီး တိရစ္ဆာန်အစာနှင့် အစားအစာ ထုတ်လုပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

    USDA က လာမည့် ၂၀၂၆-၂၀၂၇ စျေးကွက်ရာသီတွင် ပြည်တွင်းထွက်ရှိမှုသည် ရာသီဥတု အခြေအနေ ကောင်းမွန်ပါက မက်ထရစ်တန်ချိန် ၈.၂၈ သန်းအထိ အနည်းငယ် တိုးတက်လာနိုင် ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ယခုနှစ် ဒုတိယနှစ်ဝက်၌ အယ်နီညိုရာသီဥတု ဖြစ်စဉ် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိပြီး အဆိုပါဖြစ်စဉ်သည် အနောက်တောင် မုတ်သုံရာသီကို ပိုမိုပြင်းထန်စေကာ ရာသီဥတု ပြောင်းလဲမှုကို ပိုမိုဖြစ်ပေါ်နိုင်သဖြင့် ပြောင်းထုတ်လုပ်မှု တိုးတက်ခြင်းဆိုင်ရာ အလားအလာများကို လျော့ကျစေနိုင်ကြောင်း အဆိုပါအေဂျင်စီက သတိပေးခဲ့သည်။

     ထို့ကြောင့် USDA က လာမည့်စျေးကွက်ရာသီအတွက် ဖိလစ်ပိုင်နိုင်ငံ၏ ပြောင်းတင်သွင်းမှု သည် မက်ထရစ်တန်ချိန် ၂ သန်းအထိ တိုးလာနိုင်ပြီး စုစုပေါင်းပြောင်းသုံးစွဲမှု တန်ချိန် ၁၀.၂၅ သန်းကို ဖြည့်ဆည်းရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကြက်မွေးမြူရေး၊ ငါးပုစွန်မွေးမြူရေးနှင့် ပြုပြင်ထားသော အစားအစာများကဲ့သို့ အစာနှင့် အစားအစာ ကဏ္ဍများမှ ဝယ်လိုအားသည် ပြောင်းသုံးစွဲမှုနှင့် တင်သွင်းမှုကို ပိုမိုမြင့်မားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

Source: Manila Bulletin, 6 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်၏ ဆန်လက်ကျန်ပမာဏ လျော့နည်းလာ 

      ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ပမာဏသည် ဖေဖော်ဝါရီလတွင် သိသိသာသာ မြင့်တက်ခဲ့ ပြီးနောက် မတ်လတွင် ပြန်လည် လျော့နည်းသွားကြောင်းနှင့် ပြောင်းလက်ကျန်များမှာမူ လအလိုက် လျော့နည်းမှုရှိသော်လည်း ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားနေဆဲ ဖြစ်ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ပြောကြားခဲ့သည်။

      ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စုစုပေါင်း ဆန်လက်ကျန်ပမာဏမှာ မက်ထရစ် တန်ချိန် ၂.၁၁ သန်း ရှိခဲ့ပြီး  ၎င်းမှာ ၂၀၂၅ ခုနှစ် အလားတူကာလ၏ ၁.၆၁ သန်းနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခြင်းဖြစ်သည်။ မတ်လ ၁ ရက်နေ့သို့ ရောက်ရှိချိန်တွင် ဆန်လက်ကျန်မှာ မက်ထရစ် တန်ချိန် ၁.၈၈ သန်း သို့ လျော့ကျသွားခဲ့သည်။ ယင်းပမာဏသည် ၂၀၂၅ ခုနှစ် အလားတူကာလ ထက် ၁၆.၅ ရာခိုင်နှုန်း ပိုမိုများပြားနေသေးသော်လည်း ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၁၁.၁ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်သည်။

      အိမ်ထောင်စုများ၏ ဆန်လက်ကျန်ပမာဏသည် ၄၈.၄ ရာခိုင်နှုန်းဖြင့် အများဆုံးဝေစုကို ပိုင်ဆိုင်ထားသည်။ အိမ်ထောင်စုများ၏ ဆန်လက်ကျန်သည် ဖေဖော်ဝါရီလတွင် မက်ထရစ်တန် ၈၉၉,၅၇၀ အထိ ရှိခဲ့ပြီး ၎င်းမှာ ယခင်နှစ် အလားတူကာလရှိ ၇၈၄,၀၈၀ မက်ထရစ်တန်ထက် မြင့်တက်လာခြင်းဖြစ်သည်။ မတ်လတွင်မူ အဆိုပါလက်ကျန်ပမာဏသည် ၉၀၈,၇၂၀ မက်ထရစ် တန် အထိ ဆက်လက်တိုးတက်လာခဲ့သည်။

     ဈေးကွက်အတွင်းရှိ လက်ကျန်ဆန်ပမာဏသည် ဖေဖော်ဝါရီလတွင် မက်ထရစ်တန် ၇၉၁,၂၀၀ ရှိခဲ့ရာမှ မတ်လတွင် မက်ထရစ်တန် ၅၆၄,၂၂၀ သို့ ၂၈.၇ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ သည်။ ယင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လအလိုက် ဆန်လက်ကျန်ပမာဏ ကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည်။ သို့သော် အဆိုပါလျော့နည်းမှု ပမာဏသည် ယခင်နှစ် အလားတူကာလ၏ ကိန်းဂဏန်းများထက် ပိုမိုမြင့်မားနေဆဲ ဖြစ်သည်။

   ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့အထိ ပြောင်းလက်ကျန်ပမာဏမှာ မက်ထရစ်တန် ၄၆၅,၈၆၀ ရှိပြီး ယင်းမှာ ယခင်နှစ်အလားတူကာလ၏ ၃၆၈,၅၁၀ မက်ထရစ်တန်ထက် ၂၆.၄ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ သို့သော် ဤကိန်းဂဏန်းသည် ဖေဖော်ဝါရီလတွင် မှတ်တမ်းတင်ခဲ့ သည့် ၅၇၃,၀၄၀ မက်ထရစ်တန်နှင့် နှိုင်းယှဉ်ပါက ၁၈.၇ ရာခိုင်နှုန်း လျော့ကျသွားခြင်းကြောင်း သိရသည်။

    ဈေးကွက်အတွင်းရှိ လက်ကျန်ပမာဏသည် စုစုပေါင်း ပြောင်းလက်ကျန်၏ ၈၅.၁ ရာခိုင်နှုန်း ရှိပြီး ကျန်ရှိသော ၁၄.၉ ရာခိုင်နှုန်းကိုမူ အိမ်ထောင်စုများက ပိုင်ဆိုင်ထားသည်။ ဈေးကွက် အတွင်းရှိ ပြောင်းလက်ကျန်ပမာဏသည် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၂၀.၅ ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ယခင်နှစ်အလားတူကာလထက် ၂၅.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည်။ အိမ်ထောင်စုများရှိ ပြောင်းလက်ကျန်မှာမူ ဖေဖော်ဝါရီလထက် ၆.၉ ရာခိုင်နှုန်း လျော့နည်း သွားခဲ့သော်လည်း ၂၀၂၅ ခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၁.၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်နေခဲ့ သည်။

   အထက်ပါအချက်အလက်များအရ ဆန်နှင့် ပြောင်း စုစုပေါင်း လက်ကျန်ပမာဏမှာ ယခင် နှစ်ထက် ပိုမိုမြင့်မားနေဆဲဖြစ်သော်လည်း လအလိုက် လျော့နည်းသွားမှုမှာ ဖေဖော်ဝါရီလအတွင်း လက်ကျန်များ ပိုမိုများပြားခဲ့ခြင်းကြောင့် ဈေးကွက်အတွင်းရှိ သိုလှောင်မှုများမှ ပြန်လည်ထုတ်ယူ သုံးစွဲလိုက်ခြင်းဖြစ်သည်ကို ထင်ဟပ်စေပါသည်။

Source: Manila Standard, 9 April 2026, (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ