
အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဒုတိယဝန်ကြီး Sudaryono က အင်ဒိုနီးရှားသည် အကျိုးအမြတ်ပိုမိုရရှိရန်အတွက် ဒူးရင်းသီးများကို ထိုင်းနှင့် မလေးရှားတို့မှတစ်ဆင့် တရုတ်သို့ တင်ပို့နေခြင်းမှ တိုက်ရိုက်တင်ပို့မည့်အခွင့်အလမ်းများကို ရှာဖွေနေကြောင်း ပြောကြားခဲ့ပါသည်။ Sudaryono က တရုတ်နိုင်ငံစိုက်ပျိုးမွေးမြူရေးဒုတိယဝန်ကြီးနှင့်လတ်တလောအစည်းအဝေး အတွင်း တိုက်ရိုက်တင်ပို့မည့်အလားအလာကို ဆွေးနွေးခဲ့ကြောင်း၊ အင်ဒိုနီးရှားသည် တရုတ်သို့ တိုက်ရိုက်တင်ပို့မှုအရှိန်မြှင့်တင်ရန်ဆန္ဒရှိကြောင်း၊ ယခုအချိန်အထိ ဒူးရင်းသီးများကို ထိုင်းနိုင်ငံသို့ တင်ပို့ပြီး ထိုမှတစ်ဆင့်တရုတ်နိုင်ငံသို့တင်ပို့ခြင်းဖြစ်ကြောင်းနှင့် တစ်ဆင့်တင်ပို့ခြင်း သည် အကျိုး အမြတ် ၁၀ ရာခိုင်နှုန်းသာရရှိပြီး အကယ်၍တိုက်ရိုက်တင်ပို့ပါက ၃၀ ရာခိုင်နှုန်းထိ ရရှိနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ဒူးရင်းသီးအပြင် အင်ဒိုနီးရှားသည် တရုတ်ဈေးကွက်သို့ ကြက်နှင့် ဥ များတင်ပို့ရန် ပစ်မှတ်ထားနေကြောင်း သိရပါသည်။ Sudaryono ကနိုင်ငံသည် ထိုကုန်ပစ္စည်း ၂ ခုစလုံးတွင်ဖူလုံမှုရှိနေပြီး ပြည်တွင်းလိုအပ်ချက်ထက်ပိုလျှံကြောင်း၊ ထို့ကြောင့် တရုတ်နှင့် အခြား နိုင်ငံများသို့တင်ပို့မှုစတင်ရန်တောင်းဆိုထားကြောင်းနှင့် အင်ဒိုနီးရှားသည် လတ်ဆတ်ပြီး အရည်အသွေးမြင့်ထုတ်ကုန်နှင့်အတူ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံစာရင်းအင်းရုံး၏အဆိုအရ နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၈ သန်းတန်ဖိုးရှိသောဒူးရင်းသီးတန်ချိန် ၆၀၀ ကိုတင်ပို့ခဲ့ကြောင်း သိရပါသည်။ အဓိကတင်ပို့သည့်နေရာများမှာ ထိုင်းနှင့် ဟောင်ကောင်တို့ ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်အကောက်ခွန်အချက်အလက်များအရ တရုတ်နိုင်ငံသည်စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိသော ဒူးရင်းသီးများကို ၂၀၂၄ ခုနှစ်ကတင်သွင်းခဲ့ ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
