Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးတွင် ငှက်ပျောသီးဈေးကွက် စည်ကားလျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီးတွင် ဌက်ပျောသီးစိုက်ပျိုးရောင်းချမှုသည် ဒေသခံများကို ဝင်ငွေ တိုးပွားစေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ဖီးကြမ်း၊ နံသာပုငှက်ပျော၊ ရွှေငှက်ပျော၊ သီးမွှေး ငှက်ပျောအပါအဝင် အခြားငှက်ပျောသီးမျိုးစုံကို စိုက်ပျိုးကြသည်။ ဒေသအလိုက် ဈေးကွက် တောင်းဆိုမှုပေါ်မူတည်၍ ငှက်ပျောအမျိုးအစားများကွဲပြားသော်လည်း ယခုရာသီတွင် ဈေးကောင်း ရရှိလျက်ရှိသည်။

    ဧရာဝတီတိုင်းတွင်ရှိသော ငှက်ပျောသီးမျိုးစုံနှင့် ဈေးနှုန်းများ ဖီးကြမ်းငှက်ပျော တစ်ဖီး လျှင် ၄,၀၀၀ ကျပ် ခန့်ဖြစ်ပြီး ပုသိမ်၊ မြောင်းမြ၊ ငပုတောဒေသများတွင် အများဆုံးစိုက်ပျိုးပါသည်။ နံသာပု ငှက်ပျောတစ်ဖီးလျှင် ၃,၅၀၀ ကျပ်ခန့် ဖြစ်ပြီး အနံ့မွှေးပြီး အသီးသေးငယ်သည့်အတွက် မုန့်ပဲသရေစာလုပ်ငန်းများတွင် အသုံးများပါသည်။ ရွှေငှက်ပျောတစ်ဖီးလျှင် ၆၅၀၀ ကျပ်ခန့်ဖြစ်ပြီး အနည်းငယ်ဈေးကြီးသော်လည်း အရည်အသွေးနှင့်အရသာ ကောင်းမွန်မှုကြောင့် ဝယ်ယူသူများပြား ပါသည်။ သီးမွှေးငှက်ပျော တစ်ဖီး ၅,၀၀၀ ကျပ် ခန့်ဖြစ်ပြီး ချိုဆိမ့်သောအရသာကြောင့် ဒေသတွင်းနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချကြပါသည်။ ဒေသအတွင်း၌ အခြားထင်ရှားသော ငှက်ပျောများဖြစ်သည့် ဆင်ခြေထောက်၊  ကရင်ငှက်ပျော၊  ပုလဲငှက်ပျော တို့ကိုလည်း စိုက်ပျိုးရောင်းချကြသည်။

   ငှက်ပျောသီးများကို ဧရာဝတီတိုင်းအတွင်းရှိ စည်ပင်သာယာဈေးများနှင့် ကျေးရွာဈေး များတွင် အဓိကရောင်းချကြပြီး ရန်ကုန်၊ မန္တလေးသို့လည်း တင်ပို့ရောင်းချကြပါသည်။ ငှက်ပျောသီး အစိမ်းများကို ငှက်ပျောကြော်ခြောက်၊ ငှက်ပျောမုန့်စသည့် ဒေသထွက်ကုန်စားစရာများပြုလုပ်ကာ ဒေသတွင်းနှင့် အခြားမြို့များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်တွင် မန်ကျည်းသီးမှည့် ဈေးကွက်အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း မန်ကျည်းပင်များ သဘာဝအလျောက် ပေါက်ရောက် မှုများရှိပြီး ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ စုဆောင်းရောင်းချလျက်ရှိကြောင်း သိရသည်။ မန်ကျည်းသီးမှည့်ကို အစေ့ပါနှင့် အစေ့လွတ်ဟူ၍ နှစ်မျိုးခွဲခြားထားရာ အစေ့လွတ်မန်ကျည်းမှည့်များက ဈေးကွက်တွင် ပိုမိုဝယ်လိုအားရှိကြောင်း၊ အကြောင်းမှာ အစေ့ထုတ်ပြီး အဆင်သင့်သုံးစွဲနိုင်ခြင်း၊ အကြောသင်ခြင်း၊ ချက်ပြုတ်ရာတွင် အဆင်ပြေခြင်းတို့ကြောင့် ဖြစ်သည်။

      ပုသိမ်ခရိုင်အတွင်း မန်ကျည်းသီးမှည့်ကို အဓိကအားဖြင့် ဒေသခံအကြော်ဆိုင်များ၊ အဖျော် ယမကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် အိမ်တွင်းအသုံးပြုသူများက ဝယ်ယူလျက်ရှိသည်။ ဇူလိုင်လ တတိယပတ်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ၁၂၀၀၀ ထိ၊ အစေ့ပါမန်ကျည်းသီးမှည့်မှာ တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ မှ ၇,၀၀၀ အထိ ရောင်းချနေကြောင်း ဒေသခံရောင်းချသူများထံမှ သိရသည်။

     ဈေးနှုန်းကွာခြားရခြင်းမှာ အစေ့လွတ်မန်ကျည်းမှည့်အား လူကြိုက်များပြီး လုပ်အားပိုမို လိုအပ် သောကြောင့် ဖြစ်သည်။ ထို့အပြင် မန်ကျည်းသီးမှည့်ကို ဒေသအတွင်း စားသောက်ကုန်လုပ်ငန်း များတွင် အများဆုံးအသုံးပြုကြပြီး ပြည်ပသို့တင်ပို့မှုအနည်းငယ်ရှိကြောင်း ကုန်သည်များက ဖြည့်စွက် ပြောကြားသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် နေကြာသီးနှံဈေးနှုန်း ပြောင်းလဲမှုများရှိ

      ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးများ စိုက်ပျိုးရောင်းချမှုများ ရှိနေပြီး၊ မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းရာသီတွင် အောက်တိုဘာလမှ စတင်၍ စိုက်ပျိုးကာ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းလေ့ရှိပြီး၊ ဒေသအတွင်း ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြစသည့် မြို့များရှိ ကုန်စည်ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

    နေကြာစိုက်ပျိုးရာတွင် ဒေသအလိုက် မျိုးစေ့ရွေးချယ်မှုနှင့် စိုက်ပျိုးနည်းစနစ်ကွဲပြားမှုကြောင့် အထွက်နှုန်းလည်း ကွာခြားကြောင်း သိရသည်။ ဈေးနှုန်းအရ ဇူလိုင်လ တတိယအပတ်အတွင်း နေကြာ (၁) တင်းလျှင် ကျပ် ၅၇,ဝဝဝ ဖြင့် ရောင်းချခဲ့ရာမှ မေလပထပတ်တွင် ကျပ် ၅၅,ဝဝဝ အထိ ကျဆင်းသွားကာ တစ်တင်းချင်းလျှင် ကျပ် ၁,ဝဝဝ ခန့် လျော့နည်းလာကြောင်း ဒေသခံ ကုန်သည်များက ပြောကြားသည်။

    ထိုသို့ ဈေးနှုန်းအတက်အကျရှိရာတွင် ပြည်တွင်းဝယ်လိုအား၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်နှင့် ရာသီဥတုအခြေအနေတို့က အဓိကလွှမ်းမိုးနေသည်ဟု ဆိုသည်။ နေကြာဆီနှင့် စားသုံးကုန် လုပ်ငန်းများအတွက် ဒေသအတွင်း ဝယ်လိုအားမြင့်မားမှုကြောင့် စိုက်ပျိုးသူများအနေဖြင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

 

 

ပုသိမ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော အုန်းသီးဈေးကွက်

      ပုသိမ်မြို့တွင်း၌ ယခုလတွင် အုန်းသီးဈေးကွက် အတန်ငယ်တည်ငြိမ်နေပြီး ဈေးနှုန်းများ သင့်တင့်မျှတမှုရှိကြောင်း ဈေးသည်များနှင့် စားသုံးသူများထံမှ သိရသည်။ ဒေသခံ အုန်းသီး စိုက်ပျိုးထုတ်လုပ်သူများအပြင် အနီးတစ်ဝိုက်မှ ကျေးရွာများမှလည်း အုန်းသီးများ ပို့ဆောင် ရောင်းချနေသည်ကို တွေ့ရသည်။

   အုန်းသီး ထွက်ရှိတဲ့ ဒေသအချို့တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေတဲ့ အခြေ အနေတွေကြောင့် ဈေးကွက်ထဲကို အုန်းသီး အဝင်နည်းပြီး ဈေးမြင့်တက် လာတာကြောင့် မြန်မာမုန့် မျိုးစုံ ပြုလုပ်ရောင်းချသူတွေ အခက်တွေ့လာရတယ်လို့ သိရပါတယ်။ "အုန်းသီးက အရင်ကဆို တနင်္သာရီ တိုင်းဘက်ကလည်း အဝင်များပြီး ယခုတွင်လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့်အတွက် ဧရာဝတီတိုင်း တစ်ခုထဲက ထွက်တဲ့ အုန်းသီးပဲ ဈေးကွက်ထဲ ဝင်တော့ ကုန်အဝင် နည်းတာနဲ့ ဈေးကအရင်ထက် အဆမတန်မြင့်သွားတယ်"လို့ ဧရာဝတီတိုင်းမှ အုန်းသီးအရောင်း ဝယ်ပြုလုပ်သူ တစ်ဦးကပြောပါတယ်။

    အုန်းသီးထွက်ရှိတဲ့ ဧရာဝတီတိုင်းအတွင်း လက်ကားဈေးမှာတင် တစ်လုံး ကို ၂၀၀၀ ကျပ် ဝန်းကျင်ရှိနေပြီး ရန်ကုန်ဈေးကွက်တွင် ၃၀၀၀ ကျပ် ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာမုန့်အများစုမှာ အုန်းသီးက မပါမဖြစ် အစားအစာ တစ်မျိုးလည်းဖြစ်ပါတယ်။အခုလို အုန်းသီး ဈေးတွေကြီးလာတဲ့အတွက် မြန်မာမုန့်ရောင်းသူအချို့ မုန့်လုပ် ရောင်းချတာတွေ ရပ်နား ထားရတယ်လို့ဆိုပါတယ်။ "အုန်းသီးဈေး တွေကတက် တခြားသကြား၊ ထန်းလျက်ဈေးကလည်း တက်လာတယ် ပြန်ရောင်းတဲ့ အခါ ဈေးတအားများရင်လည်း မစားကြတော့ဘူး လုပ်ထားလို့ ရောင်းမကုန်ရင်လည်း အရင်းရှုံးမှာဆိုတော့ မုန့်ရောင်းတာ ခဏ ရပ်ထားရတယ် "လို့ ရန်ကုန်က မြန်မာမုန့်လုပ် ရောင်းသူ တစ်ဦးကပြောပါတယ်။

   အုန်းသီးပင်က မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်း ပေါ်ဒေသများ အပြင်၊ အောက်ပြည် အောက်ရွာများ၌ သာမက မြေလတ်နှင့် အညာဒေသမှာလည်း ပေါက်ရောက် ပေမဲ့ အုန်းပင်ရှားပါးလာတာကလည်း ဈေးမြင့်တက်လာစေတဲ့ အကြောင်းအရင်းတခု ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်က အုန်းသီး အခွံချွတ်တစ်လုံးကို ဧရာဝတီတိုင်းအတွင်း လက်ကားဈေးမှာ ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ပြီး ငါးနှစ်ကာလအတွင်းမှာ အုန်းသီးဈေးစံချိန်တင် မြင့်တတ်လာတယ်လို့ အုန်းသီး အရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း ဆူးပုတ်ရွက်ဈေးကွက် အခြေအနေ

  ဆူးပုတ်ရွက် ဆိုတာ ဆူးပုတ်ပင်ရဲ့ အရွက်ဖြစ်ပြီး အနုအညွှန့်ကိုပဲ စားကြတာများပါတယ်။ ရိုးတံမှာ အဆူးလေးတွေပါတတ်ပြီး အရွက်လေးတွေက သေးငယ်ပြီး ရွက်ဆိုင် လေးတွေ ပေါက်တတ်ပါတယ်။ ရိုးတံတွေ ဖြာပြီး ထွက်တတ်ပါတယ်။ အစိမ်းရောင် စိုစိုလေးပါ။ အရွက်ရဲ့ အနံ့တော့ နည်းနည်းပြင်းပါတယ်။ အရွက်က နူးညံ့ပြီး ကြွပ်ကြွပ်လေးပါ။ အရသာ ကတော့ နည်းနည်းသက်ပါသည်။ စားသုံးမှုပုံစံမှာ အများအားဖြင့် ပဲကြီးဟင်းချိုထဲ ထည့်ချက်လေ့ရှိသလို ဘဲဥနဲ့ ခေါက်ကြော်စားလေ့ရှိပါသည်။

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ရှိ ဈေးများတွင် ဆူးပုတ်ရွက်များ ရောင်းချမှု စည်ကားလျက်ရှိပြီး၊ ဒေသခံများနှင့် အနီးနားကျေးရွာများမှ စိုက်ပျိုးသူများက စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ဆူးပုတ်ရွက်ကို ဆူးပုတ်ကြီးနှင့် ဆူးပုတ်လေးဟူ၍ နှစ်မျိုးခွဲခြား ရောင်းချ ကြပြီး၊ ဇူလိုင်လ တတိယပတ်တွင် တစ်စီးလျှင် ၃၀၀ ကျပ်မှ ၄၀၀ ကျပ် အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း မင်းဂွတ်သီးဈေးကွက် အရောင်းအဝယ်စည်ကားနေ

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ရှိ ဈေးများတွင် မင်းဂွတ်သီးများ အရောင်းအဝယ်စည်ကားလျက်ရှိပြီး၊ ဒေသခံများနှင့် အနီးနားမြို့များမှ ကုန်သည်များက ဝယ်ယူ ရောင်းချမှုများ ပြုလုပ်နေကြသည်။ မင်းဂွတ်သီးများကို အခြားဒေသများမှ ကုန်တင်ကား၊ သုံးဘီးယာဉ်နှင့် ဆိုင်ကယ်များဖြင့် တင်ပို့လာရောက်ရောင်းချကြပြီး၊ ဈေးနှုန်းများအနေဖြင့် အရွယ်အစားနှင့် အရည်အသွေးကို လိုက်၍ တစ်လုံးလျှင် (၁၀၀/၂၀၀/၃၀၀/၅၀၀) ကျပ် အထိ ရှိကြောင်း သိရသည်။

        ပုသိမ်မြို့ရှိ  မြို့မဈေး ၊ ဘူတာဈေးနှင့်ကမ်းနားဈေးများတွင် မင်းဂွတ်သီးများကို ရောင်းချ လေ့ရှိပြီး၊ ဒေသခံများအနေဖြင့် စားသုံးရန်တင်မဟုတ် ဆေးဖက်ဝင်အသီးအဖြစ်လည်း ဝယ်ယူသုံးစွဲ ကြသည်။ ဒေသခံများမှလည်း "မင်းဂွတ်သီးက ချဉ်ပြုံးပြီး အရသာရှိတာကြောင့် ဝယ်လိုအား မြင့်တယ်၊ အထူးသဖြင့် မိုးရာသီမှာ ပိုရောင်းကောင်း" ဟု ပြောကြားခဲ့သည်။ ထို့အပြင်၊ ပုသိမ်မြို့မှ ကုန်သည်အချို့သည် မင်းဂွတ်သီးများကို ပဲခူး၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့မှတစ်ဆင့် တင်ပို့ရောင်းချကြပြီး၊ ဒေသအလိုက် ဈေးကွက်တန်ဖိုး ကွာခြားမှုများရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ဒေသခံများ မုန်လာဥစိုက်ပျိုးရောင်းချမှု အောင်မြင်နေ

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူများသည် မိမိတို့၏ အိမ်ခြံဝင်းနှင့် လယ်ယာမြေများတွင် သီးနှံအမျိုးမျိုးအပြင် မုန်လာဥပင်များကို စနစ်တကျ စိုက်ပျိုး လျက်ရှိကြသည်။ ဒေသထွက် မုန်လာဥများကို ကား၊ သုံးဘီးယာဉ်နှင့် ဆိုင်ကယ်များဖြင့် ပုသိမ်မြို့ပေါ်သို့ တင်ပို့ရောင်းချကြပြီး တစ်စည်း (၅) လုံးကို ကျပ် ၁,၅၀၀ မှ ၂,၀၀၀ အထိ ဈေးကွက်တွင် ရောင်းချနေကြောင်း သိရသည်။

          ဒေသခံ စိုက်ပျိုးရေးသမားများအဆိုအရ၊ ပုသိမ်နယ်မြေတွင် စိုက်ပျိုးသည့် မုန်လာဥ များသည် အခြားမြို့များမှ တင်ပို့သော မုန်လာဥများထက် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း သက်သာသည်ဟု ဆိုကြသည်။ ထို့ကြောင့် ဒေသတွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မားကာ ကျေးရွာအချို့အတွက် အဓိက ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာသည်။ ကျေးရွာတစ်ခုမှ စိုက်ပျိုးရေး လုပ်ကိုင်သူ ဒေါ်မြင့်မြင့်ခင် က "မုန်လာဥကို ရာသီမရွေး စိုက်လို့ရတယ်၊ ရေလိုအပ်မှု နည်းပြီး ဈေးကွက်ဝင်တာကြောင့် ကျေးရွာအတော်များများ စိုက်ကြတယ်" ဟု ပြောကြားခဲ့သည်။ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မုန်လာဥစိုက်ပျိုးမှုသည် နှစ်စဉ် တိုးတက်လာပြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေသည်ဟု ဒေသခံများက မျှော်လင့်ထားကြသည်။

DOCA (ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

       ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက် ကုန်ပစ္စည်းများရောင်းချပေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

         ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးတွင် မြေပဲစိုက်ပျိုးမှုအခြေအနေ

       ဧရာဝတီတိုင်းဒေသကြီးသည် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ) စိုက်ပျိုးမှု အဓိကဒေသဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မြေပဲ စိုက်ဧက အနည်းငယ်ကျဆင်းခဲ့သော်လည်း ဈေးကွက်ဝင်မှု ကောင်းမွန် နေဆဲဖြစ်သည်။ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သာတ စသည့်ခရိုင်များတွင် အဓိကစိုက်ပျိုးပြီး ဒေသအလိုက် မတူညီသောမျိုးစေ့များ (ဥပမာ - မြေပဲကြီး၊ မြေပဲသေး) ကို အသုံးပြုလေ့ရှိသည်။

    ဧရာဝတီတိုင်းမှ ထွက်ရှိသော မြေပဲလုံးဆံအသစ်များသည် ဇွန်လတွင် ဈေးကွက်သို့ အပြည့်အဝ ဝင်ရောက်လာပြီဖြစ်ကာ၊ မအူပင်နှင့် ဟင်္သာတဈေးကွက်များတွင် အရောင်းအဝယ်အများဆုံးဖြစ်သည်။ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် ၁ ပြည်လျှင် ၁၀,၀၀ဝ ကျပ် မှ ၁၀,၅၀ဝ ကျပ် (အရည်အသွေးပေါ်မူတည်) ၁တင်းလျှင် ၁၆၀,၀၀ဝ ကျပ် မှ ၁၆၈,၀၀ဝ ကျပ် ဖြစ်ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်မှု ရှိပြီး၊ ဝယ်လိုအား အနည်းငယ်ကျဆင်းနေသော်လည်း စားသုံးသူများ၏ ဝယ်ယူမှုမှာ ပုံမှန်ရှိသည်။

    ဈေးကွက်ဝယ်ယူမှုအခြေအနေဖြင့် ဒေသခံ လ္ဘက်/အကြော်ဆိုင်များ၊ ပဲအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များ  ၊ ရန်ကုန်၊ မန္တလေးမှ ကုန်သည်ကြီးများမှ ဝယ်ယူလျက်ရှိပါသည်။ ဇွန်လအတွင်း မိုးစပါး စိုက်ရန်ပြင်ဆင်မှုကြောင့် လယ်သမားအချို့ မြေပဲအဟောင်းများကို အမြန်ရောင်းချလာခြင်းဖြင့် ဈေးကွက်တွင် ရောင်းအားတိုးလာသည်။ သို့သော် နိုင်ငံတကာဈေးကွက်တွင် ပဲအမျိုးမျိုး၏ဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကုန်သည်များက သုံးသပ်သည်။ မိုးရာသီတွင် မြေပဲစိုက်ပျိုးမှု လျော့နည်းလာမည်ဖြစ်သဖြင့် ဇူလိုင်နှင့် ဩဂုတ်လများတွင် ဈေးနှုန်းတဖြည်းဖြည်း တက်လာနိုင်သည်။ ဧရာဝတီတိုင်းမှ ထွက်ရှိသောမြေပဲများသည် အရည်အသွေး ကောင်းမွန်သည်ဟု သတင်းများရှိသဖြင့် ပြည်ပသို့တင်ပို့မှုအတွက် ဝယ်လိုအား ရှိနေဆဲဖြစ်သည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း