Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မော်လမြိုင်မြို့ ရင်ကွဲသရက်သီးဈေးကောင်းရရှိ

      မော်လမြိုင်ဒေသထွက် ရင်ကွဲသရက်သီး ဈေးကောင်းရရှိနေသည်။ ရင်ကွဲသီး သရက်မျိုးသည် မွန်ဒေသထွက် သရက်သီးမျိုးနွယ်(၁၂၅)မျိုးအနက် လူကြိုက်အများ ဆုံးနှင့်အသီးထွက် အကောင်းဆုံးဖြစ်သော သရက်မျိုးဖြစ်သည်။ ယခင်လများ (ဇွန်လ၊ ဇူလိုင်)တွင် ရင်ကွဲသရက်သီး လှိုင်လှိုင်ထွက်ရှိခဲ့သည်။ သို့သော်  ဩဂုတ်လဆန်းတွင် အသီးသီးနှုန်းလျော့နည်းလာ၍ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာပြီး အသီးရောင်း ချမှုနည်းပါးလာပါသည်။

          ယခု ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ရင်ကွဲသရက်သီး ဈေးနှုန်းအခြေ အနေမှာ ရင်ကွဲသရက်သီး အစိမ်းအချော အကြီးတစ်လုံးလျှင် (၅၅၀)ကျပ်၊ အသေး တစ်လုံးလျှင်(၄၅၀)ကျပ်ဖြစ်သည်။ ရင်ကွဲသရက်သီးအမှည့် အကြီးတစ်လုံးလျှင် (၉၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀)ကျပ် ဖြစ်သည်။ စားသုံးသူအနေဖြင့် ဒေသအသီး ရင်ကွဲမျိုးကို ကြိုက်နှစ်သက်သောကြောင့် ဈေးကောင်းပေးဝယ် စားသုံးကြကြောင်း သိရှိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့ ဒေသထွက်  ပီလောပီနံဥ အထွက်ကောင်း၍ ဈေးကောင်းရရှိ 

      မော်လမြိုင်မြို့တွင် ပီလောပီနံကို စိုက်ပျိုးကြသည်။ အထူးသဖြင့် ချောင်းဆုံမြို့ တွင် ပီလောပီနံဥ အများဆုံးစိုက်ပျိုးကြသည်။ ၎င်းချောင်းဆုံမြို့နယ်ရှိ ဘိုးနက်ကျေးရွာ၊ ကတောင်စိန်ကျေးရွာ၊ ခြံတန်းကျေးရွာတို့၌ ပိုမိုဖြစ်ထွန်းသည်။

          ယခုအခါ ဩဂုတ်လ (တတိယပတ်)တွင် ပီလောပီနံဥ ပေါ်ဦးပေါ်စဖြစ်၍ ဈေးကွက်တွင် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်နေသည်။ မော်လမြိုင်မြို့မဈေး တွင် ရောင်းချနေသော ပီလောပီနံဥ ဈေးနှုန်းများမှာ လက်လီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၄၅၀၀)ကျပ် ဖြစ်သည်။ ထို့ကြောင့် ချောင်းဆုံ ဒေသထွက် သဘာဝအစာအစားဖြစ်သော ပီလောပီနံကို စားသုံးသူများပြား၍ ဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည်။ ထိုပီလောပီနံဥ ဒေသအစားအစာကို ဝယ်ယူစားသုံးရာတွင် ပီလောပီနံဥကို အပြုတ်ပြုလုပ်၍လည်းကောင်း၊ ပီလောပီနံဥကို အမျှင်သေးခြစ်ကာ ပေါင်းခံ၍လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြကြောင်းသိရှိရသည်။

DOCA (မွန်)

ဓနုဖြူမြို့နယ်တွင် ရောင်းချနေသော ကုန်စိမ်းများ ရောင်းအားကောင်းလျက်ရှိ

    မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦ မြို့မဈေးနှင့် ဇကာကြီးဈေးတွင် ကုန်စိမ်းမျိုးစုံရောင်းချသူများ ယခင်ကရက်တွေထက် ပိုမိုရောင်းအားကောင်း ဈေးကွက်အတွင်း ဩဂုတ်လ စတုတ္ထပါတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ တိမွေးကု ဌာနတို့ ပူးပေါင်း၍ အပါတ်စဉ် လစဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်များတွင် ကုန်အညွှန်အမှတ် အသားစစ်ဆေးခြင်း၊ ဒေသတွင် ကုန်စည်များ၊ သားငါး၊ အသီးအရွက်၊ အခြေခံစားသောက်ကုန် ဈေးနှုန်းများ စာရင်းကောက်ယူစုံစမ်းစစ်ဆေးခြင်း၊ တိမွေးကုဌာနမှ သားငါး အေးခဲသာများရောင်းချခြင်းမပြုရန်၊ မှန်ကန်သောဈေးဖြင့်အလေးချိန်ပြည့်ဝစွာ ရောင်းချရန် စစ်ဆေးခြင်း၊ စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာနယ်နိမိတ်အတွင်း ရောင်းချသူ ဈေးသည်များ လုပ်ငန်းလိုင်စင်နှင့် သား၊ များကို လေလံဈေးဖြင့်သာ ဈေးနှုန်းမှန်ကန်၊ အလေးချိန်ပြည့်ဝစွာရောင်းချရန် စစ်ဆေးခြင်းများ ကိုစစ်ဆေး ဆောင်ရွက်ခြင်းပြုလုပ်လျက်ရှိသည်။ ကွင်းဆင်းဆောင်ရွက်ရာမှ ပွင့်လင်းရာသီသို့ ရောက်လာတော့မည်ဖြစ်၍ ကုန်စိမ်းသည်များက အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့ ဈေးထဲ မိုးလင်းကတည်းက အလုအယက်ဈေး ဝယ်နေကြပြီး အခါကြီးရက်တွေမှာဆို ပိုမိုလူစည်းတော့ ပိုရောင်းရကြောင်း၊ ပုံမှန်ရက်တွေထက် ရောင်းအား ပိုကောင်းပါတယ်၊ ဈေးနှုန်းတွေအနေနဲ့ ပုံမှန်ဈေးနှုန်းပါ၊ ပိုရောင်းချ တာမရှိပါဘူး၊  ကုန်စိမ်းရောင်းချသူများ အနေနဲ့ အဝေးကလာရောက် ရောင်းချသူများလိုသလို တစ်ဆင့်ခံရောင်းချများလည်းရှိပါတယ်၊ ဈေးဝယ်သူများကလည်း ကြုံသလိုဝယ်ကြပါတယ်၊ ဆိုင်တိုင်းလည်း ရောင်းအားကောင်းကြကြောင်း၊ ငရုတ်၊ ရုံးပတီ၊ ပဲသီးတောင့်အရှည်၊ ခရမ်းသီး၊ ဆလတ်ရွက်၊ နံနံ၊ ခါကြက်ဥ စတဲ့ ကုန်စိမ်းမျိုးစုံရောင်းချပါတယ်ဟု ၎င်းထံမှ သိရသည်။

   ယခုအချိန်တွင် ကုန်စိမ်းများကို တောင်သူများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး တောင်သူများထံမှ ကျွန်မတို့က တစ်ဆင့်ဝယ်ယူရောင်းချကြောင်း၊ မြို့မဈေးနှင့် ဇကာကြီးဈေးကို အပတ်စဉ် ဥပုဒ်နေ့တိုင်း ဈေးပိတ်ပေမဲ့ ကျွန်မတို့က ဈေးအပြင်ဘက်မှာ နေ့စဉ်ရောင်းချပေးတော့ ဝယ်ယူစားသုံးများလည်း အဆင်ပြေပြီး ကျွန်မတို့အတွက်လည်း အဆင်ပြေကြောင်း လည်းသိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် ဗူးပင် စိုက်ပျိုးခြင်းဖြင့် တောင်သူ အကျိုးအမြတ်ရရှိ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများတို့ကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိ ရာ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ဘူးသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

        ဘူးသီးကို ဧပြီလတွင် စိုက်ပျိုး၍ ၂ လခွဲခန့်အကြာ ဇူလိုင်လမှစတင်၍ ဘူးသီးများ ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ဗမာမျိုးများကို စိုက်ပျိုးကြပြီး စင်တင်စနစ်နှင့် မြေချစနစ်ဟူ၍ရှိရာ စင်တင်စနစ်ဖြင့်သာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဘူးပင်ရေ ၂၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးနိုင်ပြီး စင်တင်စနစ်စိုက်ပျိုးရာ ၌ အသုံးပြုသည့်ဝါးစင်ကို ၂ နှစ်အတွင်း ပြန်လည်အသုံးပြုနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၇ သိန်းကျော် ခန့်ကုန်ကျကြောင်း၊ ဘူးသီးကို တစ်လျှင်  ကြိမ် ခူးဆွတ်နိုင်ပြီး ၄ လ အကြာထိ ခူးဆွတ်လျက် ရှိရာ တစ်ဧကလျှင် စုစုပေါင်း ဘူးသီးအလုံးရေ ၄,၂၀၀-၄,၅၀၀ လုံးခန့်ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဓနုဖြူမြို့နယ်နှင့် ပန်းတနော် မြို့နယ်အတွင်းရှိ ကုန်စိမ်းလက်ကားဆိုင်များ၊ ဘူးသီးကြော်ဆိုင်များသို့ ရောင်းချလျက်ရှိရာ ဘူးသီးနှံစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ် သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

DOCA(ဧရာဝတီ) 

ပုသိမ်မြို့ပေါ်ရှိ သရက်ဈေးနှုန်း

   ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်၌ ပုသိမ်မြို့ဘူတာဈေးတွင် ရောင်းချလျက်ရှိသော သရက်ဈေးနှုန်းများအနေဖြင့် သရက်ချဉ် (၁၀) ကျပ်သားပါ အထုပ်တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ သရက်သီး စိမ်း (၁) လုံးလျှင် (၅၀၀) ကျပ်၊ ၁၀လုံးလျှင် (၄၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(ဧရာဝတီ) 

ပုသိမ်မြို့ရှိ နဂါးမောက်သီးဈေးနှုန်းဈေးကွက်

      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ မင်းဂွတ်သီးနှင့် ဩဇာသီးများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပုသိမ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော နဂါးမောက်သီးဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် (၂၅၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၁၅၀၀) ကျပ်၊ နှင့် အသေးတစ်လုံးလျှင် (၁၀၀၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချနေသော ရောင်းချသူတစ်ဉီးထံမှ သိရှိရပါသည်။

 

DOCA(ဧရာဝတီ) 

တညှင်းသီး အစားထိုး စိုက်ပျိုးသင့်သော အဟာရ ကြွယ်ဝသာ မျောက်ငိုသီး ပျိုးပင်များရောင်းချ

       မအူပင်ခရိုင်၊ ရွှေတောင်ပေါ်ကျေးရွာတွင် မျောက်ငိုသီး ပျိုးပင် အပင်ပေါက် ရောင်းချသူရှိကြောင်း သိရသည်။ မအူပင်ကျေးရွာများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများရှိပြီး မအူပင်မြို့နယ်သည် သီးနှံ၊ ဟင်းရွက်စိုက်ပျိုးသူပေါများသည်။ ဟင်းသီးဟင်းရွက် စိုက်ဧက ၃၃၈ ဧက ရှိကြောင်း သိရသည်။

            မျောက်ငိုသီး ပျိုးပင်များကို တညှင်းသီးအစားထိုးစိုက်ပျိုးရန် သင့်ကြောင်း ပျိုးပင်ရောင်းချသူ ဦးလှဦးမှ ပြောပြသည်။ မျောက်ငိုသီးမှာ အစိမ်းရောင်ရှိပြီး ပဲကြီးစေ့ အရွယ်ရှိသည်။ ပဲမျိုးဝင်အုပ်စုတွင်ပါဝင်သည်ဟု သိရသည်။ မျောက်ငိုသီး စားသုံးခြင်းဖြင့် စိတ်ကိုပေါ့ပါးစေပြီး စိတ်ဖိစီးမှုကို လျော့ချနိုင်စွမ်းရှိကြောင်း ဗီတာမင် B6 ပါဝင်ပြီး သွေးချိုကို မျှတအောင် ထိန်းညှိပေးပြီး စိတ်ကိုရွှင်လန်းစေသည်။ မျောက်ငိုသီးကို မအူပင်နယ်မြေတွင် အများဆုံး စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များကို ရောင်းချခြင်းဖြစ်ကြောင်း၊ တညှင်းသီးအစားထိုးသီးနှံ အဖြစ် စိုက်ပျိုးရန် သင့်တော်သောကြောင့် ပျိုးပင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ ပျိုးပင်ပေါက် ၁ပင်လျှင် ၆၅၀၀ကျပ် ဖြင့် ရောင်းချပေးလျက်ရှိပြီး ပျိုးပင် လိုသလောက် မှာယူနိုင်ကြောင်း ရောင်းချသူထံမှ သိရသည်။ ဈေးကွက်အတွင်း မတွေ့ရှိရသေးပေမဲ့ အွန်လိုင်းမှ မျောက်ငိုသီး ဝယ်ယူစားသုံးသူများပြားကြောင်း သိရသည်။ စိုက်ပျိုးသူများ ကျန်းမာရေး အသိကြွယ်ဝစေရန်အတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပြီး လက်ရှိတွင် ပျိုးပင်ပေါင်း ၁၅၀၀နီးပါး ရောင်းချရန် ရှိကြောင်း အပင်ပေါက်ရောင်းချသူထံမှသိရသည်။ မျောက်ငိုသီးသည် ကျန်းမာရေးအထောက်အကူပြု သီးနှံဖြစ်သောကြောင့် စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်သည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းမှ ဒူးရင်းသီးများ ဧရာဝတီသို့ ရာသီအလိုက် တင်ပို့မှု စံချိန်တင် မြင့်တက်

         ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တနင်္သာရီတိုင်းမှ ဒူးရင်းသီးများ ယခုရာသီတွင် စံချိန်တင် တင်ပို့မှုများ ရှိလာပြီး ဇွန်လမှ စက်တင်ဘာလအတွင်း ဒူးရင်းသီးရာသီ ဖြစ်သည့်အတွက် တနင်္သာရီတိုင်းမှ ဒူးရင်းသီးများကို ဧရာဝတီတိုင်းအတွင်း ပိုမိုများပြားစွာ တွေ့ရှိရပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ၄၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း သိရသည်။

            ဒူးရင်းသီးများကို အဓိကအားဖြင့် မြိတ်မြို့နှင့် ပုသိမ်မြို့ကြား ကုန်းလမ်းများမှတစ်ဆင့် သယ်ယူ ပို့ဆောင်လျက်ရှိပြီး ပုသိမ်ဆိပ်ကမ်းမှတစ်ဆင့်လည်း ဧရာဝတီတိုင်းအတွင်းရှိ ကျေးလက်ဒေသများသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။ ဒူးရင်းသီး တစ်လုံးလျှင် ကျပ် ၈၀၀၀ မှ ၃၀၀၀၀ အထိ ဈေးနှုန်းများ ရှိပြီး အရည်အသွေးနှင့် အရွယ်အစားပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေသည်။

            ဧရာဝတီတိုင်းအတွင်း ဒူးရင်းသီးဝယ်လိုအား မြင့်မားလာရခြင်း၏ အဓိကအကြောင်းရင်းမှာ တနင်္သာရီတိုင်းမှ ဒူးရင်းသီးများ၏ အရည်အသွေးကောင်းမွန်မှုကြောင့်ဖြစ်သည်။ ချိုဆိမ့်ပြီး အခွံပါးသည့် ဒူးရင်းသီးများကို ဧရာဝတီတိုင်းရှိ စားသုံးသူများမျာ အထူးနှစ်ခြိုက်ကြသည်။ ထို့အပြင် မြိတ်-ပုသိမ် ကားလမ်းလမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမှုကလည်း ဒူးရင်းသီးများ ပိုမိုလွယ်ကူစွာ သယ်ယူနိုင်ရန် အထောက်အကူဖြစ်စေသည်။

            သို့ရာတွင် ဧရာဝတီဒေသခံ သစ်သီးစိုက်ပျိုးသူများအနေဖြင့် ဒေသထွက် သရက်သီး၊ မင်းကွတ်သီး စသည့် ဒေသခံသီးနှံများ၏ ဈေးကွက်ကျဆင်းမှုကို စိုးရိမ်နေကြသည်။ "တနင်္သာရီဒူးရင်းသီးတွေ ဈေးကောင်းရတော့ ကျွန်တော်တို့ရဲ့ ဒေသထွက်သီးနှံတွေ ဝယ်သူနည်းသွားတယ်" ဟု ပုသိမ်မြို့နေ သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမျိုးမင်းက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 

အုန်းသီးနှင့်ထွက်ကုန်များ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မား

  ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော အုန်းသီးနှင့် အုန်းသီးထွက်ကုန်များ (အုန်းခွံ၊ အုန်းစိမ်း၊ အုန်းဆံ၊ အုန်းနို့စသည်) သည် ယခုလတွင်ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအား အလွန်မြင့်မားလျက်ရှိသည်။ အုန်းသီးဈေးနှုန်းမှာ ယခင်လထက် ၁၀-၁၅ ရာခိုင်နှုန်းခန့် တက် လာပြီး အုန်းထွက်ပစ္စည်းများကို စားသုံးသူများက အထူးစိတ်ဝင်စားလာကြောင်း ဒေသခံ စိုက်ပျိုးရေးနှင့် ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

          ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ အုန်းသီးအဓိကထုတ်လုပ်ရာဒေသဖြစ်ပြီး မိုးဥတုတွင် အုန်းသီးအထွက်နှုန်း ပိုမိုကောင်းမွန်လေ့ရှိသည်။ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုနှင့် အုန်းပင် စိုက်ဧက တိုးချဲ့လာမှုတို့ကြောင့် အုန်းသီးအရည်အသွေးနှင့် ပမာဏ ပိုမိုကောင်းမွန်လာခဲ့သည်။ ထို့အပြင် အုန်းနို့၊ အုန်းဆံခြောက်နှင့် အုန်းဆီကဲ့သို့သော ပြုပြင်ထုတ်လုပ်ထားသည့် ထွက်ကုန်များ ကိုလည်း ပြည်တွင်းစားသုံးသူများက ပိုမိုနှစ်သက်လာကြသည်။

          အုန်းသီးဈေးကွက်တွင် ဝယ်လိုအားမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျန်းမာရေး အသိပညာတိုးပွားလာမှုနှင့် သဘာဝထွက်ကုန်များအပေါ် စားသုံးသူများ ယုံကြည်မှုတိုးလာခြင်း ကြောင့်ဖြစ်သည်။ အုန်းသီးနှင့် ပြုပြင်ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို မုန့်ပဲသရေစာ၊ အချိုရည်၊ ဆပ်ပြာနှင့် အလှကုန်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုမှုများပြားလာခြင်းကလည်း ဈေးကွက်ဝယ်လိုအားကို မြှင့်တင်ပေးနေသည်။

          ဒေသခံ အုန်းသီးစိုက်ပျိုးသူများနှင့် ကုန်သည်များက "ဒီနှစ်မှာ အုန်းသီးဈေးကောင်းနေတာ ကြောင့် ကျေးလက်ဒေသက လယ်သမားတွေ ဝမ်းသာနေကြပါတယ်။ အုန်းသီးကို အခြောက်ခံပြီး ရောင်းတဲ့သူတွေလည်း အကျိုးအမြတ်ရလာကြတယ်" ဟု ပြောကြားသည်။

          အနာဂတ်တွင် ဧရာဝတီဒေသထွက် အုန်းသီးနှင့် ထွက်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် လုပ်ငန်းရှင်များက စီးပွားရေးအခွင့်အလမ်းများကို စူးစမ်းလျက်ရှိပြီး ဒေသတွင်းစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (ဧရာဝတီ)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

     ၂၀၂၅ခုနှစ် ဩဂုတ်လ (ဒုတိယပတ်)တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌  ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၄၆၅-၁၄၇၀)ကျပ်ဖြင့် ပြည်ပဝယ်လိုအားလျော့ကျမှုကြောင့် ဈေးနှုန်းအကျဘက်တွင် ရှိနေပြီး စီးဆင်းမှုမှာ ပထမအပတ်အတိုင်း ပုံမှန်သာရှိနေပါသည်။

          ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၄၅၀၀ကျပ်၊ ထူး ၂-၅၅၀၀ကျပ်၊ ထူး ၃-၆၀၀၀ ကျပ်၊ ထူး ၄-၇၅၀၀ကျပ်၊ ထူး ၅-၈၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ် ဖြင့် အမြင့်ဈေးဖြင့်ငြိမ်နေပြီး တောင်သူလက်ကျန်များ ဈေးကွက်ဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

          အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2/S3 (၅၀၀၀-၅၅၀၀)ကျပ်၊ မျက်နီ S1/S2 (၄၀၀၀-၄၅၀၀)ကျပ်၊ OK-၃၅၀၀ကျပ်၊ A1-၃၀၀၀ကျပ်၊ ဆွဲသီး-၂၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ်ဖြင့် အာလူးအသစ်များ ဈေးကွက်အဝင်များနေပြီး ရန်ကုန်၊ မန္တလေး နှင့် ကျောက်ပန်းတောင်းဒေသများမှ ဝယ်လိုအားကောင်းနေသဖြင့် ဈေးကောင်းရရှိကာ စီးဆင်းမှုမှာ များနေပါသည်။

          ချင်းသီးနှံမှာ ချင်းဥမအကြီးတစ်ပိဿာလျှင် (၂၂၀၀-၂၅၀၀)ကျပ် နှင့် ဥမအလတ်တစ်ပိဿာ လျှင် (၈၀၀-၁၀၀၀)ကျပ်ဖြင့် ဈေးတက်လာပြီး ပြည်တွင်းဝယ်လိုအားမြင့်တက်မှုကြောင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၁၀၀၀-၁၄၀၀)ကျပ်၊ ပန်းမုံလာ (၂၀၀၀-၂၅၀၀)ကျပ်၊ ရွှေပဲ (၁၃၀၀၀-၁၆၀၀၀)ကျပ်၊ မုန်ညှင်း (၂၇၀၀-၃၇၀၀)ကျပ်၊ ဖရုံသီး (၁၃၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၃၀၀-၁၈၀၀)ကျပ်၊ ငရုတ်ပွ (၈၀၀၀-၈၅၀၀)ကျပ်၊ မုန်လာဥနီ (၃၀၀၀-၃၅၀၀)ကျပ်၊ ဘိုစား (၄၀၀၀-၄၅၀၀)ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ဂေါ်ဖီ၊ ပန်းမုံလာ နှင့် ငရုတ်ပွသီးနှံများမှာ အရည်အသွေးကောင်းပြီး ဈေးကွက်အဝင်နည်းသဖြင့် ဈေးမြင့်တက်လာ၍ ရွှေပဲ သီးနှံမှာ ဝယ်လိုအားလျော့ကျမှုကြောင့် ဈေးအနည်းငယ်ကျသွားပါသည်။ ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ ဈေးကွက်လိုအပ်ချက်အရ ဝယ်လိုအားကောင်းသဖြင့် စီးဆင်း မှုမှာ ယခင်အပတ်ထက် အနည်းငယ် ပိုလာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း