Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါ်ဦးပေါ်ဖျား မရမ်းသီးဈေးနှုန်း

          ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း မရမ်းသီးများ စတင်ထွက်ရှိပြီး အရောင်းအဝယ်ရှိနေ ကြောင်းသိရပါသည်။ ပြည်အနီးတစ်ဝိုက်ရှိ ရွာများမှ ဥယျာဉ်ခြံများမှ စတင်ခူးဆွတ်ရောင်းချကြ၍ ယခင်နှစ်၌ စတင်ထွက်ရှိချိန်မှစပြီး အပင်၌ မရမ်းသီး အသီးတုံးချိန်အထိ ဝင်ငွေမှာ (၁၅၀၀၀၀၀)ကျပ်နှင့် (၁၅၀၀၀၀၀)ကျပ်အထက် ရှိကြောင်းသိရပါသည်။ မရမ်းသီးများသီးတွင် မရမ်းချိုသီးနှင့် မရမ်းချဉ်သီးပင်ဟူ၍ အမျိုးအစား(၂)မျိုးရှိရာ နှစ်စဉ်ဈေးကွက်ဝယ်လိုအားရှိသော သီးနှံအမျိုးအစားဖြစ်၍ ထိုလုပ်ငန်းရှင်များမှ နှစ်စဉ် အပင်ပြတ်ဝယ်ယူထားခြင်းလည်းရှိကြောင်း ဒေသအနီးဥယျာဉ်ခြံပိုင်ရှင်များထံမှ သိရပါသည်။ ယခင်နှစ်များလျှင် ပြည်အနီး အောင်လံ၊ မကွေး၊ သရက်၊ သာယာဝတီ၊ လက်ပတန်းမြို့များသို့ တင်ပို့ရောင်းချ၍ ယခုနှစ် ပေါ်ဦးပေါ်ဖျားမရမ်းသီး ဈေးနှုန်းများမျာ (၁)ပိဿာလျှင် (၁)သိန်းကျပ်ဈေးဖြစ်၍ (၁၀)သားလျှင် (၁၀၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည် ဗမာခရမ်းချဉ်သီးများ ဈေးနှုန်းကျဆင်းလျက်ရှိ

          ပြည်ဈေးကွက်၌ ဗမာခရမ်းချဉ်သီးများ ယခုဇန်နဝါရီလဆန်းပိုင်းမှစ၍ ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ယခင်နိုဝင်ဘာလဆန်းတွင် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၉၀၀၀)နှုန်း ရှိခဲ့ရာမှ တဖြည်းဖြည်းကျဆင်းလာကြောင်းသိရသည်။ ဝင်ရောက်မှုအားဖြင့် ပြည်မြို့ဒေသအနီး တစ်ဝိုက်နှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိရွာများ၊ ရွှေတောင်မြို့၊ အင်းမ၊ သဲကုန်းမြို့တို့မှ နေ့စဉ်အဝင်ရှိနေပြီး တစ်ပတ်လျှင် ပိဿာချိန် (၅၀၀၀)နှုန်းခန့် အဝင်ရှိနေသည်။ အရောင်း အဝယ်အနေဖြင့် ဝင်ရောက်မှုရဲ့အားလုံးနီးပါးခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဗမာခရမ်းချဉ်သီးတစ်ပိဿာကို ကျပ် (၁၈၀၀-၂၀၀၀)နှုန်းနှင့် ဗမာကိုင်းခရမ်းချဉ် (ဘီးဆံပတ်သီး) တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)နှုန်းများဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။

DOCA(ပဲခူး)

ပြည်နံနံပင်ဈေးနှုန်းများကျဆင်း

          ယခုဇန်နဝါရီလဆန်းပိုင်းတွင် ပြည်ဈေးကွက်၌ နံနံပင်ဈေးနှုန်းများကျဆင်းလျက်ရှိပြီး ယခင် စက်တင်ဘာလတွင် ၁၀ပင်စည်းတစ်စည်းလျှင် ကျပ်(၃၀၀)နှုန်းထိရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်း လာကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ပြည်မြို့အနီတစ်ဝိုက်ဖြစ်သော မှော်ဇာ၊ ဇီးအုပ်၊ တောင်လုံးညိုရွာများနှင့် ဝက်ထီးကန်မြို့၊ ရွှေတောင်မြို့၊ ပုတီးကုန်း၊ ဝက်ပုတ်နယ်များမှ ကားလမ်း ကြောင်း၊ ရထားလမ်းကြောင်းတို့မှ တစ်ပိဿာအထုံးရှိသော အစည်း (၄၀၀-၅၀၀)ခန့် ရက်ခြားအဝင် ရှိနေသည်။ ဈေးနှုန်းအနေဖြင့် ယခုကာလတွင် ၁၀ပင်စည်း တစ်စည်းကို ကျပ်(၄၅၀-၅၀၀)နှုန်းနှင့် တစ်ပိဿာလျှင် ကျပ် (၄၀၀၀)နှုန်းများဖြင့် အသီးသီးရောင်းချလျက်ရှိနေသည်။

DOCA(ပဲခူး)

ပုံမှန်ဈေးကွက်ရှိနေသည့် မျှစ်ချဉ်လုပ်ငန်း

          မျှစ်ကိုဟင်းလျာအဖြစ် အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်ကြော်လှော် စားသုံးကြပါသည်။ ကျေးလက် ဒေသများတွင် မိုးဦးကျ မျှစ်စို့များ ထွက်ချိန်၌ မျှစ်ချိုးထွက်လေ့ရှိကြပါသည်။ မျှစ်ကို အစိမ်းအတိုင်း မျှစ်ဆပ်အဖြစ် စားကြသလို အချဉ်တည်၍ မျှစ်ချဉ်အဖြစ်လည်း စားသုံးကြပါသည်။ မြန်မာနိုင်ငံ၌ ဝါးအမျိုးအပေါင်းရာကျော်ရှိသည်ဖြစ်ရာ မျှစ်ကိုစားကုန်အဖြစ်သာမက ရောင်းကုန် အဖြစ်ပါ စီးပွားဖြစ် လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

          ပြည်မြို့တွင် မျှစ်လုပ်ငန်းလုပ်ကိုင်သူ (၄-၅)ဦး ရှိပါသည်။ ပြည်မြို့နယ်၊ ပန်းတောင်းမြို့ နယ်များမှ မျှစ်စိမ်းများဝယ်ယူ၍ စဉ့်အိုးများဖြင့် တစ်နှစ်ပတ်လုံးလှောင်ကာ ဒေသတွင်းနှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

          မျှစ်စိမ်းကို ရေစင်အောင် ဆေးကြောပြီး စဉ့်အိုးထဲသို့ အနည်းငယ်ထည့် ဆားထည့်ပြီး သိပ်နေအောင်ထည့်ရပါသည်။ မျှစ်တစ်အိုးလျှင် ပိဿာချိန် (၄၀၀)ခန့် ထည့်နိုင်ပါသည်။ မျှစ်ဆားရေစိမ်(၁)ပိဿာလျှင် (၈၀၀)ကျပ်ရရှိပြီး ကုန်ကျစရိတ်နှုတ်ပြီး အသားတင်အမြတ်နေဖြင့် မျှစ်ဆားရေစိမ် (၁)ပိဿာကို (၃၀၀)ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်တွင် ကြံတောင်သူများ ကြံခုတ်သိမ်းနေပြီ

              တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ကြံစိုက်ဧက ၁၃၉၀ ရှိရာ ယခုအခါ ခုတ်သိမ်းနေပြီ ဖြစ်ပါသည်။ အုတ်တွင်းမြို့နယ် ဗောဓိကုန်းကျေးရွာရှိ သကြားစက်သည် ကြံစိုက်တောင်သူများ ကြံစိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးသကဲ့သို့ ရရှိလာသော ကြံများကိုလည်း ဝယ်ယူပေးလျှက်ရှိပါသည်။

              ကြံစိုက်ပျိုးချိန်တွင် စိုက်ပျိုးစရိတ် တစ်ဧကလျှင် ၄၀၀၀၀၀ ကျပ်နှင့် ဘောင်လုံးချိန်တွင် တစ်ဧကလျှင် ၁၀၀၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၅၀၀၀၀၀ ကျပ်ကို အတိုးမဲ့ ထုတ်ချေးပေးခဲ့ပါသည်။ ကြံများ စတင် ထွက်ရှိချိန် ဒီဇင်ဘာလက စက်ရုံစတင်လည်ပတ်ပြီး ကြံများကို စက်ရုံအရောက်ဈေး ၁၈၀၀၀၀ ကျပ်ဖြင့် ဝယ်ယူပေးလျှက်ရှိသကဲ့သို့ စက်ရုံအရောက်လာရောက်ရောင်းချရန် အခက်အခဲ ရှိပါကလည်း စိုက်ကွင်းအရောက်သွားရောက်ပြီး တစ်တန်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူပေးပါ သည်။

              ကြံတန်ချိန် ၇၀၀၀၀ ကြိတ်ခွဲရန် လျာထားလျှက်ရှိရာ သကြားတန်ချိန် ၇၀၀၀ ခန့် ထုတ် လုပ်နိုင်မည် ဖြစ်ပါသည်။ ဗောဓိကုန်းသကြားစက်ရုံမှ ထွက်ရှိသော သကြားများကို နှစ်စဉ် တင်ဒါ စနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ပဲတောင့်ရှည်သီးအကြောင်းသိကောင်းစရာ

          ပဲတောင့်ရှည်သီးကို တိုင်ထောင်ဟူ၍လည်းခေါ်ကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုး ကြသော အမျိုးအနွယ်လည်းဖြစ်ပါသည်။ ပဲတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး (နွယ်တက်မျိုး)ဟူ၍ ခွဲခြားထားပါသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍စိုက်ပျိုးကြသည်။ အတောင့် အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍အမျိုးကွဲပြားစွာရှိပါသည်။ အစေ့အရောင်မှာ မျိုးအလိုက် အနီရောင်ပြောင်၊ အနီရောင်နှင့် အပြာရောင်ရောနှောနေသော အ‌ရောင်ဟူ၍အမျိုးမျိုး ကွဲပြားစွာရှိပါသည်။ ပဲတောင့်ရှည်ကို မြေအမျိုးမျိုးတွင်စိုက်ပျိုး၍ရသည်။ တိုတောင်းသောရာသီ၌ အချိန်တိုအတွင်းစိုက်ပျိုးလိုပါက သဲဆန်သောမြေတွင် စိုက်ပျိုးကြသည်။ မြေကောင်းလျှင် အထွက်ပို ကောင်းသည်။ အပူချိန်(၁၀)ဒီဂရီအောက်အေးပါက သီးပွင့်မှုကိုနှောင့်နှေးစေပါသည်။ အလွန်ပူသော ရာသီ(သို့မဟုတ်) မိုးအလွန်များပါက အပွင့်အသီးကိုကြွေစေသည်။ အသင့်တော်ဆုံးအပူချိန်မှာ (၂၂-၂၅)ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်သည်။ ထွန်ရေးအလွန်ကောင်းအောင်မြေကို ပြုပြင်ရန်မလိုပါ။ ထွန်ရေးအသင့်အတင့်ရလျှင်စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ရေမဝပ်သောမြေကိုရွေးချယ်ရမည်။ တိုင်‌ထောင်ပဲကို တစ်တန်းနှင့်တစ်တန်းသုံးပေခြား၍ တစ်ပင်နှင့်တစ်ပင် (၉-၁၂)လက်မခွာ၍ စိုက်ရမည်။ စိုက်ပျိုးပြီးအပင်များ ရှည်လာသောအခါ အနည်းဆုံး(၇)ပေခန့်ရှည်သော ဝါးတိုင်(သို့) သစ်သားတိုင်များကို အပင်တိုင်း၏ အခြေတွင်ထောင်ပေးရမည်။ အချို့ကတိုင်များမြဲစေရန် တစ်တန်းထဲရှိ နီးကပ်သောအပင်များ၏တိုင်ကို ကြက်ခြေခတ်ပေးပြီး တိုင်များဆုံရာ၌စုချည်ပေးကြ သည်။ အပင်ပုမျိုးကို တစ်တန်းနှင့်တစ်တန်း (၁.၅-၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင်နှစ်ပေခွာ၍ စိုက်ပျိုးကြသည်။ ရာသီဥတုသင့်တော်သောဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ ရေရရှိက အချိန်မရွေးစိုက်ပျိုးနိုင်သည်။

          ပဲသီးများကို အရွယ်မရောက်မီအစေ့နုသေးသောအချိန်တွင် ဆွတ်ခူးနိုင်သည်။ ပဲသီးတောင့် များကို ပန်းပွင့်ပြီး(၇-၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပဲသီးတောင့်များရင့်လာပါက အစေ့‌နေရာတွင်ဖောင်းကြွကာ အခွံသည်ပျော့သောကြောင့် စားသုံးသူများမနှစ်သက်ကြပါ။ အပင်ပု မျိုးတစ်ဧကလျှင် (၈၀၀-၉၀၀)ပိဿာ၊ အပင်ရှည်မျိုးတစ်ဧကလျှင်(၂၀၀၀)ပိဿာကျော်ထိ ထွက်ရှိနိုင် ပါသည်။

DOCA(ပဲခူး)

ရာသီစာ ဆီးသီးဈေးနှုန်းအခြေအနေ

            မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ဆီးပင်များကို တွေ့မြင်နိုင်ပါသည်။ အထူးတဖြင့် ခြောက်သွေ့သော မန္တလေး၊ မကွေးနှင့်စကိုင်းနယ်ပယ်များတွင် ဆီးပင်ပိုပေါများသည်။ ၎င်းဆီးပင်များသည် စိုက်ပျိုးရသော အပင်များမဟုတ်ဘဲ အလေ့ကျပေါက်သော အပင်များဖြစ်သည်။ ဆီးသီးသည် ရာသီစာဖြစ်၍ တစ်နှစ်ပတ်လုံး စားခွင့်မရှိပဲ  နှစ်တစ်နှစ်တွင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်း ဖြစ်သည်။ ဆီးသီးမှာ ဆီးချိုသီး၊ ဆီးချဉ်သီး၊ ဆီးပန်းသီး၊ စလေဆီးသီး၊ ဆီးကြက်ဥဟူ၍ အမျိုးမျိုးရှိသည်။ ဆီးသီးကို ဆီးယို၊ ဆီးမုန့်၊ ဆီးပြားနှင့် ဆီးဖျော်ရည်အဖြစ်လည်း ပြုလုပ်၍ စားသုံးနိုင်ပါသည်။ ဆီးသီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါရှိသည့်အတွက် လူသားတို့၏ ကျန်းမာရေးကိုလည်း အကျိုးပြုစေပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဆောင်းကာလတွင် ပေါ်ဦးပေါ်ဖျားသဘာဝဆီးသီးအမျိုးမျိုးကို ဘားအံမြို့ ရေပေါ်ဈေး ဈေးကွက်အတွင်းတွေ့ရသည်။ဈေးနှုန်းများမှာ စလေဆီးသီး တစ်ပြည်လျှင် (၇၀၀၀) ကျပ်နှင့် တစ်ဘူးလျှင် (၁၅၀၀) ကျပ်၊ ဆီးပန်းသီး တစ်ပြည်လျှင် (၅၀၀၀) ကျပ်နှင့် တစ်ဘူးလျှင် (၁၀၀၀) ကျပ်၊ ရိုးရိုးဆီးသီး တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှင့်တစ်ပြည်ဘူးလျှင် (၃၀၀၊ ၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့တွင်းရှိသံပရာသီးဈေးနှုန်းအခြေအနေ

          ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးကွက်အတွင်းသံပရာသီးများ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။ သံပရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုး ကြသည်။ ဘားအံမြို့ဈေးကွက်အတွင်း ဝင်ရောက်လာသော သံပရာသီးဈေးများမှာ ဘားအံမြို့ အနီးကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်၊ ရေးမြို့နှင့်ထိုင်းတို့ ဘက်မှဖြစ်သည်။ မြန်မာ သံပရာသီး အိတ်ကြီးတစ်အိတ်လျှင် (၃၀၀၀၀၀၊၄၀၀၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင်အလုံးရေ ၁၅၀၀မှ၁၇၀၀ထိ ပါသည်။ သံပရာသီးအလုံးကြီး တစ်လုံးလျှင်(၅၀၀)ကျပ်၊ သံပရာသီး အလုံးလတ် တစ်လုံးလျှင်(၃၀၀)ကျပ်နှင့်သံပရာသီးအလုံးသေးတစ်လုံးလျှင်(၂၀၀)ကျပ်နှင့်ယိုးဒယားမျိုးစပ်သံပရာသီးအလုံးကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊အနေတော်တစ်လုံးလျှင်(၄၀၀ကျပ်နှင့်၃လုံး၁၀၀၀)ကျပ်၊အလုံးသေးတစ်လုံးလျှင်(၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊စိုက်တောင်သူများအနေဖြင့် နွေရာသီမရောက်သေးတော်လည်း ယခုမှစ၍ သံပရာသီးများဈေးကောင်းရကာ တွက်ချေကိုက်လျက် ရှိကြောင်းနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပရာသီနှင့်၊ရှောက်သီးကို အများဆုံး စိုက်ပျိုးကြောင်း သိရသည်။

DOCA(ကရင်)

ကျွန်းလှမြို့၌ ရာသီစာ မုံလာသီး(ခေါ်)မုံညှင်းသီး ဈေးနှုန်း/ဈေးးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူမြို့ နယ်အတွင်းရှိ ကျေးရွာမျာမှ ရာသီစာ မုံလာသီး(ခေါ်)မုံညှင်းသီးကို လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရ သည်။

          မုံလာသီး(ခေါ်)မုံညှင်းသီးကို လူအများကြိုက်နှစ်သက်သော ရာသီစာသီးနှံတစ်မျိုးဖြစ်ပါသည်။ မုံလာသီး(ခေါ်)မုံညှင်းသီးကို အခြားသီးနှံများဖြစ်သည် ခရမ်းသီး၊ ပဲသီးတို့နှင့်ရောနှောချက်စားခြင်း၊ မုံလာသီး(ခေါ်)မုံညှင်းသီးကိုပုဇွန်ခြောက်နှင့်ကြော်စားခြင်း၊ မုံညှင်းဖူးနှင့်ပေါင်းစားခြင်း၊ မျှစ်ခြောက်နှင့် ရောနှောချက်စားခြင်း၊ မုံလာသီး(ခေါ်)မုံညှင်းသီးကိုပြုတ်ပြီး ငပိချက်နှင့်တို့စားခြင်းများနှင့် မိမိတို့ ကြိုက်နှစ်သက်သည့် ပုံစံမျိုးဖြင့် စားသုံးနိုင်သော သီနှံဖြစ်ပြီး ယခု ဇန်နဝါရီလတွင် ဈေးကွက် အတွင်းသို့ စတင်ဝင်ရောက်လာခြင်းဖြစ်ပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မုံလာသီး(ခေါ်)မုံညှင်းသီး ဈေးနှုန်းများမှာ မုံလာသီး(ခေါ်)မုံညှင်းသီး တစ်ပြည်လျှင်(၁၅၀၀)ကျပ်၊ မုံလာသီး(ခေါ်)မုံညှင်းသီး  နို့ဆီ(၄)ဘူး လျှင်(၈၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

ဘုမ္မနိုးကျေးရွာ၌ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုမ္မနိုးကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ပြောင်းသီးနှံများကို စိုက်ဧက ၁၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ပြောင်းသီးနှံကို တစ်ဧက စိုက်ပျိုးလျှင် သကြားပြောင်း (၄)ထုပ်၊ ပြောင်းစီးဖြူ (၅)ထုပ်ကုန်ကျပြီး  သကြားပြောင်းမျိုးစေ့(၁)ထုပ်လျှင် ၆၀၀၀၀ ကျပ်၊ ပြောင်းစီးဖြူ(၁)ထုပ်လျှင် (၄၅၀၀၀) ကျပ်ပေးဝယ်ရပါကြောင်း၊ ဩဂုတ်လတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် ငွေကျပ် ၁၂  သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၂ လကျော်အကြာတွင် ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၄၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ် မူတည်၍ သီးနှံအထွက်နှုန်းများကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူး တစ်ဖူးလျှင် လက်ကားဈေး ငွေကျပ် ၃၅၀ နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၁၂ သိန်းခန့် ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မုံရွာမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေ လျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း