Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တညင်းကုန်းဈေးမှ ပီလောပီနံများဝင်ရောက်လာ

              ကမ္ဘာပေါ်တွင် လူတို့အဟာရအတွက် အဓိကထား စားသုံးသော သီးနှံ (၄)မျိုးအနက် ပီလောပီနံသည် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပီလောပီနံသည် စိုက်ပျိုးရလွယ်ကူသော  သီးနှံမျိုးဖြစ်ပါသည်။ ဓာတုဆေးဝါးသုံးစွဲမှု အနည်းငယ်သာ ရှိသောကြောင့် ဓာတ်ကြွင်း အာနိသင်နည်းပြီး စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးကြောင်းသိရပါသည်။

         ပီလောပီနံမှ စားသောက်ကုန်ပစ္စည်းများ အပြင်လူသုံးကုန်ပစ္စည်းများ၊ အဖျော်ယမကာ၊ ဇီဝလောင်စာ၊ အလှကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးများနှင့် တိရစ္ဆာန်အစားအစာများ ထုတ်လုပ်ရောင်းချကြောင်း သိရပါသည်။ ယခု ဇူလိုင်လတွင်  ရန်ကုန် တညင်းကုန်းဈေးမှ နတ်တလင်းမြို့နယ် မြို့မဈေးကွက်အတွင်းသို့ ပီလောပီနံများ ဝင်ရောက်လာရာ ဇူလိုင်လ တတိယပတ်တွင် ပီလောပီနံ တစ်ပိဿာ (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိ သံပုရာသီးဈေးနှုန်း၊ ဈေးကွက်   

          နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်၌ ဟင်းသီးဟင်းရွက်နှင့် သီးနှံများကိုစိုက်ပျိုး ထွက်ရှိလျှက်ရှိရာ ယခု မိုးရာသီ ဖြစ်သောကြောင့် သံပုရာသီးများ အနည်းငယ် ပေါများ နေပါသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပြုပေးပါသည်။ ကျန်းမာရေးအတွက် ကောင်းကျိုးများ ကတော့ သွေးတိုးရောဂါလည်း ကာကွယ်ပေးပါသည်။ ကင်ဆာရောဂါများလည်း ကာကွယ် ပေးပါတယ်။ ကိုယ်အလေးချိန်လည်း ထိန်းညှိပေးပါသည်။ ကယ်လ်စီယမ် အနည်များကို ပျော်ဝင်စေနိုင်တာ ကြောင့်လည်း ကျောက်ကပ် ၊ ကျောက်တည်ခြင်း များကိုလည်း ကာကွယ်ပေးပါသည်။ သံပုရာရည်ဖျော်သောက်ခြင်းသည် မောပန်းနွမ်းနယ်မှုကို လည်းပျောက်ကင်းစေပါသည်။ ဒါကြောင့် သံပုရာသီးသည် မရှိမဖြစ် လိုအပ်သော  သီးနှံတစ်မျိုး လည်းဖြစ်ပါသည်။

               သံပုရာသီးဈေးနှုန်း များကတော့ သီးနှံဒိုင်များတွင် သံပုရာသီး (၁)လုံးလျှင် လက်ကားဈေး (၁၈)ကျပ်မှ (၂၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်နေပြီး မြို့မဈေးကွက်အတွင်း လက်လီ (၁)လုံးကို (၅၀)ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။

 

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိပြောင်းဖူးစျေးကွက်

        နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ တောင်သူထံတွင်ရောင်းချနေသော ပြောင်းဖူး ဈေးနှုန်း များမှာ ပြောင်းဖူးပေါ်ချိန် ဖြစ်သောကြောင့် ပြောင်းဖူးများသည် အနည်းငယ်ပေါများ နေပါသည်။ ၂၀၂၅ခုနှစ်ဩဂုတ်လ တတိယပတ်တွင် နတ်တလင်းမြို့မဈေးကွက်အတွင်း  ပြောင်းဖူး (၁)ဖူးလျှင် လက်ကားဈေး (၄၀၀)ကျပ်မှ (၅၀၀)ကျပ်ဈေးဖြင့် လည်းကောင်း လက်လီ တစ်ဖူးမှာ (၇၀၀)ကျပ်နှုန်းဖြင့် ရောင်းခနေကြောင်းသိရပါသည်။ ပြောင်းဖူးသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါသည်။ ပြောင်းဖူးကို အဖူးလိုက်ပြုတ်စားလို့ရသလို၊ အစေ့ကိုခြွေပြီး တော့ပြုတ်စား လဲရပါသည်။ ပြောင်းဖူးကိုထောင်းပြီးတော့လည်း ကြော်စားလို့ရပါသည်။ ကျန်းမာရေးအနေ ဖြင့်ကောင်းကျိုးများ ကတော့ ဗီတာမင် B 12 သံဓာတ်၊ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာ ပါဝင်နေသောကြောင့် ပြောင်းဖူးစားပေးတာက သွေးအားနည်ရောဂါကို ကာကွယ်ပြီး သားဖြစ်စေပါသည်။ သွေးတွင်းကို လက်စထရော  ကျဆင်းစေပါသည်။ ပရိုတင်းဓာတ်ကြွယ်ဝခြင်း ပြောင်းဖူးတွင် Protein (အသားဓာတ်)ကြွယ်ဝစွာ ပါဝင်တာမို့ ကြွက်သားတွေကိုသန်မာစေပြီး နေ့စဉ်ခွန်အားပြည့်ဝစေမှာ ဖြစ်ပါသည်။ထို့ကြောင့် ပြောင်းဖူးသည် လူတိုင်းအတွက် စားသုံးလို့ရသောသီးနှံ တစ်မျိုး လည်းဖြစ် ကြောင်းသိရပါသည်။

 DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိအသီးအနှံဈေးနှုန်း/စျေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြို့မဈေးအတွင်း ဩဂုတ်လ တတိယပတ်တွင် ရောင်းချနေသော သီးနှံဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ နဂါးမောက်သီး တစ်လုံး (၂၀၀၀-၂၅၀၀)ကျပ်၊ ဆန်းကစ်သီး တစ်လုံး (၄၅၀၀)ကျပ်၊ ပန်းသီးတစ်လုံး လျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ နာနတ်သီး တစ်လုံး (၃၀၀၀-၃၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံး (၅၀၀၀)ကျပ်၊ သရက်သီးမှည့် တစ်လုံး (၁၅၀၀)ကျပ်၊ ထောပတ်သီးတစ်လုံး (၂၀၀၀)ကျပ်၊ ဒညင်းသီး အလုံးချော (၁၀)လုံး (၂၅၀၀)ကျပ်၊ မာလကာသီးတစ်လုံး (၁၀၀၀-၁၅၀၀)ကျပ်၊ ငှက်ပျောသီးမှည့်ဖီးကြမ်း တစ်ဖီး(၂၀၀၀-၃၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံး (၄၀၀၀-၅၀၀၀)ကျပ် နှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိ ငါးအမျိုးအစားအချို့ဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိ

                  နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။ ၂၀၂၅ ခုနှစ်    ဩဂုတ်လ  တတိယပတွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ ငါးဇရိုင်းတစ်ပိဿာ (၂၀၀၀၀)ကျပ်၊  ၊ ငါးကြင်းခြစ် တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ ငါးဖယ်ခြစ် တစ်ပိဿာ (၄၅၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၃၀၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး ငါးမြင်း တစ်ပိဿာ ဈေးနှုန်းမှာ (၂၀၀၀၀)ကျပ်နှုန်းဖြစ်ပြီး ယခင်ဇူလိုင် လ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါး  ဈေးနှုန်းများကတော့ အနည်းငယ် မြင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြက်ဥဈေးများတက်လျက်ရှိ

         ကြက်များကို ပြင်ဦးလွင်ဒေသ၊ ကျောက်ဆည်၊  စဉ်ကိုင်တို့တွင် အများအပြားစီးပွားဖြစ် မွေးမြူကြသည်။ ယခင်ကတစ်နိုင်တစ်ပိုင်အဖြစ်မွေးမြူကြပါသည်။ ကြက်ဥများကို မန္တလေးနှင့် အနီးတစ်ဝိုက်ရှိ မြို့ကလေးများသို့ တင်ပို့ရောင်းချလျက်ရှိကြပါသည်။ ပြင်ဦးလွင်ထွက် ကြက်ဥများကို CANDAR ကားများဖြင့်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်ကားဆိုင်များမှတဆင့် လက်လီဈေးဆိုင်များ၊ ရပ်ကွက်ဆိုင်များ၊ မန္တလေးမြို့အနယ်နယ်အရပ်ရပ်ရှိ ဈေးများတွင် ရောင်းချကြပါသည်။ ယခင်နှစ်က ကြက်ဥတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်ရှိပြီး ကြက်ဥတစ်လုံးလျှင် (၃၈၀-၄၀၀-၅၀၀)ကျပ် တို့ဖြင့်ရောင်းချခဲ့ကြပါသည်။ ယခုနှစ်တွင်ကြက်ဥများ စတင်ဈေးတက် လာလျက်ရှိပါသည်။ ယခုလ ကြက်ဥတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်ရှိပြီး တစ်လုံးလျှင် (၄၈၀-၅၀၀-၅၅၀)ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ကြက်ဥများကို ကြက်ဥပူတင်း၊ ဂျုံဖြင့်ပြုလုပ်သောမုန့်များနှင့် ဟင်းလျာများအဖြစ် အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်သောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်ငူခရိုင်၊မြို့လှမြို့မှ Light House(အလင်းအိမ်)ကော်ဖီ Scrub ဈေးကွက်အခြေအနေ

       လူတို့သည် နေ့စဉ်လှုပ်ရှုားသွားလာနေသည့်အလျောက် မိမိတို့၏အသားအရေသည် နေလောင်ဒဏ်နှင့် လေဒဏ်ခံရသည့်အပြင် ဖုန်အညစ်အကြေးတို့ကပ်ငြိတတ်သဖြင့် အသားအရေ မကြည်လင်ခြင်း၊ ညစ်နွမ်းခြင်းများဖြစ်ပေါ်လေ့ရှိပါသည်။ ယခုနှစ်များတွင် အသားအရေပြုပြင် ထိန်းသိမ်းခြင်းများအတွက် Scrub တိုက်ခြင်းအလေ့အထသည် ခေတ်စားလာပါသည်။ Scrub တိုက်ခြင်းသည် အသားအရေအတွင်းပိုင်းရှိ အညစ်အကြေးများအားသန့်စင်ပေးပြီး ကိုယ်တွင်း အပူများကို စုပ်ယူပေးသော သဘာဝပစ္စည်းများ ဖြင့်ပေါင်းစပ်ထားသော အနှစ်တစ်မျိုးဖြစ်ပါသည်။

     Scrub တိုက်ရန်အတွက် ရေလုံလောက်စွာစိုစွတ်နေသော အသားအရေပေါ်သို့ Scrub ပမာဏအနည်းငယ်ယူကာ (၃)မိနစ်ခန့်ပွတ်တိုက်ပေးရပါသည်။ ထို့နောက်ရေဖြင့် ပြန်လည် ဆေးကြောပေးပြီး မိမိနှစ်သက်ရာ Lotion တစ်မျိုးလိမ်းပေးရပါသည်။ Scrub ကို တစ်ပတ်လျှင် တစ်ကြိမ် အသုံးပြုနိုင်ပြီး သာမန်အသားအရေပိုင်ရှင်များအတွက် တစ်ပတ်လျှင်နှစ်ကြိမ် အသုံးပြု နိုင်ပါသည်။

       အလင်းအိမ်(Light House) Coffee Scrub ကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာ ရှည်မြို့နယ်၊ မြို့လှမြို့တွင် ထုတ်လုပ်ပြီး ပါဝင်ပစ္စည်းများမှာ ကော်ဖီ၊ သကြား၊ ပျားရည်၊ သံလွင်ဆီ၊ မန်ကျည်းသီး၊ ရှားစောင်းလက်ပတ်၊ သံပုရာသီး၊ နနွင်းမှုန့်တို့ပါဝင်ပါသည်။ အလင်းအိမ် (Light House) Coffee Scrub(300 g)တစ်ဘူးလျှင် ၁၀၀၀၀/- ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး အသုံးပြုသူများ အကြိုက်တွေ့သဖြင့် အရောင်းသွက်ကြောင်း အလင်းအိမ်(Light House) ကော်ဖီမှုန့်နှင့် Coffee Scrub လုပ်ငန်းရှင် ဦးဇေယျာမင်း၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ပဲလိပ်ပြာဈေးကွက်

               တောင်ငူမြို့ဈေးများသို့ ဒေသထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက် ရောင်းချလျက်ရှိရာ ယခုအခါ အညာဒေသထွက် ပဲလိပ်ပြာများ လာရောက်ရောင်းချ လျက်ရှိပါသည်။

          ယခင်က ပဲလိပ်ပြာ(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ် ရှိခဲ့ပါ သည်။ ယခုဩဂုတ်လတတိယပတ်တွင် ပဲလိပ်ပြာ (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ်၊ တစ်ပိဿာ လျှင်(၁၂၀၀၀) ကျပ် ရှိသဖြင့် ယခင်ကထက် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးတက်ပါသည်။

          ပဲလိပ်ပြာသည် အခြားပဲများကဲ့သို့ ကြာကြာချက်စရာမလိုပဲ ခဏလေးနှင့် နူးလွယ်ပြီး အရသာ လည်း ချိုဆိမ့်သဖြင့် ပဲဟင်းရည်ချက်စားရာတွင် အလွန်ကောင်းမွန်ပါသည်။ ထို့အပြင် အခွံနှင့် တစ်မျိုး၊ အခွံခွာ၍ ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ချက်စားလျှင်လည်း အရသာ ကောင်းမွန် သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း တောင်ငူမြို့ရှိဈေးသည်များထံမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်း ရောင်းချနေသော နာနတ်သီးဈေးကွက်အကြောင်း

        ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင်တည်ရှိသော သီပေါမြို့နယ်သည် နာနတ်သီးအများဆုံး ထွက်ရှိရာ ဒေသဖြစ်ပြီး  သီပေါဘက်မှ နာနတ်သီးများကို ပြည်တွင်းဈေးကွက်အပြင် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ရေလမ်း၊ လေကြောင်းလမ်း များမှတစ်ဆင့် တင်ပို့ ရောင်းချလျက်ရှိကာ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ လျက်ရှိပါသည်။ သီပေါနာနတ်သီးများသည် တရုတ်ဈေးကွက်တွင် ရှမ်းနာနတ်အဖြစ် အမှတ်တံဆိပ် တည်ဆောက်နိုင်ခဲ့ပြီး ပြည်ပဈေးကွက်အတွက် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီနေပါသည်။

       ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ ဈေးများနှင့် ကားလမ်းဘေး များတွင် ရှမ်းပြည်နယ်၊ သီပေါမြို့မှ နာနတ်သီးများကို ရောင်းချလျက်ရှိနေပါသည်။ သီပေါဘက်မှ လာသော နာနတ်သီးတွင် ပျားရည်နာနတ်နှင့် ကျောက်စိမ်းနာနတ်ဟူ၍ နှစ်မျိုးရှိပြီး အခြားနာနတ်သီး များထက် ပိုမိုချိုမြိန်ပြီး အနံ့ မွှေးကြိုင်ပါသည်။ ယခင်နှစ်က နာနတ်သီးတစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ် အထိ ရောင်းချခဲ့ပြီး ယခု၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် နာနတ်သီးတစ်လုံးလျှင်  ၃၀၀၀ ကျပ်ဖြင့် ရောင်းချ လျက်ရှိကာ ယခင်နှစ်ထက် ဈေး အနည်းငယ်သာမြင့်တက်သွားခဲ့ပြီး ယခုနှစ်တွင်လည်း နာနတ်သီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် မဟင်ကျေးရွာမှ ဥစားကြက်မွေးမြူရေးလုပ်ငန်း

       မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော ကျေးလက်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကျေးလက်ဒေသသည် စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အများစုတို့ တည်ရှိရာလည်း ဖြစ်သည်။မွေးမြူရေးတွင် အသားတိုးကြက်၊ ဥစားကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ နှင့် ငုံး စသည်တို့ကို အဓိက မွေးမြူကြသည်။

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာမှ ဦးတင်ဖေသည် ဥစားကြက်မွေးမြူရေးလုပ်ငန်းဖြင့် အောင်မြင်လျက်ရှိသည်။ ဥစားကြက် မွေးမြူခြင်းလုပ်ငန်းကို ၁၉၉၄ ခုနှစ်က စတင်၍ အကောင် ၅၀၀ခန့် စတင်မွေးမြူဆောင်ရွက်ခဲ့သည်။ ယခုအခါ တစ်ခြံအကောင် ၃၀၀၀ဖြင့် စုစုပေါင်း ၁၂၀၀၀ခန့် မွေးမြူထားသည်။ ကြက်အကောင်ပေါက်များကို CP ကုမ္ပဏီမှ ဝယ်ယူရရှိပြီး ကြက်အကောင်ပေါက်(၁)ကောင်လျှင် ၂၅၀၀ကျပ် ဈေးပေးရကြောင်း၊ ဥစတင်ဥရန် (၅)လခန့် အစာကျွေးမွေးမြူရကြောင်း၊ (၅)လကျော်(၆)လပိုင်းအတွင်း မဒန်းဥ စတင်ဥပြီး ကြက်ဥကာလ (၁၈)လ အထိ ဥရရှိကြောင်း သိရသည်။

              ကြက်စာအဖြစ် ပဲဖတ်၊ ပဲပုတ် ၊ CPစာ၊ ပြောင်း၊ ငါးခြောက်မှုန့်၊ ထုံးကျောက်၊ ခရုမှုန့် ၊ဖွဲနုတို့ အချိုးကျ ရောစပ်ကျွေးရပြီး ဥစားကြက်၏ ကုန်ကျစရိတ် (၇၀)ရာခိုင်နှုန်းသည် ကြက်စာဖြစ်သည့် အတွက် ကုန်ကြမ်းများဝယ်ယူကာ မိမိအိမ်တွင် အစာကြိတ်ရောစပ်ဆောင်ရွက်ကြောင်း သိရသည်။ ယခုအခါ ကြက်အကောင်၁၂၀၀၀ခန့်တွင် အကောင်ရေ (၆၀၀၀)ခန့် ဥနေသည့်အတွက် တစ်နေ့         ဥအလုံး (၆၀၀၀)နီးပါး ရရှိနေသည်။ ရရှိလာသည့် ဥများကို ဥကြီး၊ဥလတ်၊ ဥသေးဟူ၍ (၃)စားခွဲကာ ဈေးကွက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ မဟင်ကျေးရွာ ကြက်ခြံသို့ လာရောက်ဝယ်ယူသည့် ဖောက်သည်များကိုလည်း ရောင်းချပေးနေသည်။ထို့ပြင် တောင်ငူမြို့ပေါ်ရှိ ငါးသုံးလုံး ကြက်ဥပွဲရုံ သို့လည်း ရောင်းချပါသည်။ ကြက်စာဈေးနှုန်းပေါ် မူတည်၍ ကြက်ဥ အကြီး တစ်လုံးလျှင် ၄၈၀ကျပ်၊ အလတ်တစ်လုံးလျှင်၄၅၀ကျပ်နှင့် အသေးတစ်လုံးလျှင်၃၅၀ကျပ်ဖြင့် ရောင်းချပေးနေသည်

 

 

              မွေးမြူထားသည့် အကောင်ရေ (၈၀) ရာခိုင်နှုန်းအထက် ဥရရှိနေပါက အကျိုးအမြတ် ရရှိပါသည်။ ဝန်ထမ်းခန့်ထားခြင်း မရှိပဲ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မွေးမြူရေးကဏ္ဍအတွက် နိုင်ငံတော်မှ ချေးငွေများအတိုးနှုန်း သက်သာစွာဖြင့် ချေးပေးသည့်အတွက် များစွာအထောက်အကူပြုသည်။ဥတုံးသွားသည့်ကြက်များ အသားဈေးနှုန်းဖြင့် ရောင်းချသည်။ မွေးမြူရေးအခြေခံ စားသောက်ကုန်များ ထုတ်လုပ်ရောင်းချခြင်းသည် လူဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ ရေရှည်တွင် အလားအလာကောင်းများ ရှိနေခြင်းကြောင့် တိုးချဲ့ မွေးမြူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း