Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ဂန္ဓမာပန်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိ”

           မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်သည် ရာသီးဥတုကောင်းမွန်ပြီး မြေဆီမြေလွှာ ကောင်းမွန်သော ကျေးလက်နေ၊ မြို့နေအများမှာ ဟင်းသီးဟင်းရွက်သစ်သီးဝလံအပြင် ပန်းမျိုးစုံကိုစိုက်ပျိုးပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရုံမက အပိုဝင်ငွေပါရရှိလျက်ရှိပါသည်။ ၄င်းပန်းမျိုးစုံမှ ဂန္ဓမာပန်းကိုလည်း တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ ဂန္ဓမာပန်းသည် အရောင်အသွေး စုံလင်လှပြီးမြင်သူတိုင်းသဘောကျနှစ်ခြိုက်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ဘုရားပန်းအဖြစ်သာမက အလှူမင်္ဂလာပွဲများတွင်လည်း အလှပန်းအဖြစ် သုံးဆွဲသောပန်းမျိုးဖြစ်ပါသည်။ ဂန္ဓမာပန်းမျိုးအစားမျာအဖြစ် ဆန်းမားအဖြူ၊ လပ်ကီးအဖြူ၊ အနီ၊ ကီလို၊ ကြွေဖြူစသဖြင့်များစွာ ရှိပါသည်။ မေလနောက်ပိုင်းနှင့် အောက်တိုဘာလနောက်ပိုင်းတွင် စိုက်ပျိုးသည်။ စိုက်ဘောင်(၂၀-၃၀)ပေနှင့် ပင်ကြား  (၄-၅)လက်မစိုက်ပျိုးပြီး (၁)ဧကလျှင်အပင်ရေ(၄၀၀၀၀)ကျော်စိုက်ပျိုးပါသည်။ စိုက်ပျိုးပြီး (၅)လ အကြာတွင်စတင် ခူးဆွတ်နိုင်းပါသည်။ လက်ရှိ ဂန္ဓမာပန်းဈေးကွက်တွင် ငါးပင်ပါလက်ဆုပ်စီး တစ်စီးလျှင်ငွေကျပ်(၁၅၀၀)ရောင်းချပြီး ပန်းဈေးကွက်ကောင်းလျှင် တစ်ဧက(၁၂)သိန်းကျပ်မှ (၁၅) သိန်းကျပ်အထိအကျိုးအမြတ်ရရှိပြီး ဈေးကွက်ကောင်း၊ မကောင်းပေါ်မူတည်ကာ အကျိုးအမြတ်  အနည်းအများကွာခြားတက်ပါသည်။ ယခုထွက်ရှိသော ဂန္ဓမာပန်းအပြင် ပြင်ဦးလွင်မှထွက်ရှိသော ပန်းမျိုးစုံကို နေ့စဉ် ၆ဘီးကား၊ Express ကားများဖြင့် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များသို့ တင်ပို့ရကြောင်း ပန်းစိုက်တောင်သူများနှင့် ပန်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျန်းမာရေးအကျိုးပြုဆလပ်ရွက်ဈေးနှုန်း”

          မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် ရာသီဥတုအေးမြပြီး မြေဆီလွှာကောင်းမွန်သောကြောင့် နှစ်ရှည်သီးနှံအပြင် ဟင်းသီးဟင်းရွက်သစ်သီးဝလံများစိုက်ပျိုးပြီး ကျေးလက်နေ၊ မြို့နေအများစုမှာ မိသားစုဝင်ငွေအပြင် အပိုဝင်ငွေရရှိပြီး အလုပ်အကိုင်အဆင်ပြေလျက်ရှိပါသည်။ ဆလပ်ရွက်ပင်ကိုလည်း မိမိခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများမှဆလပ်ရွက်ကို မြန်မာနိုင်ငံဒေသမရွေးစိုက်ပျိုးနိုင်ပြီး အေးမြသောရာသီဥတုကို ကြိုက်သောကြောင့်တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးပါသည်။ ဂေါ်ဖီကဲ့သို့အထုပ်မျိုးနှင့် ရွက်ဖြန့်မျိုးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပါသည်။ အရောင်အားဖြင့် အစိမ်းရောင်၊ အနီရောင်ဟူ၍ နှစ်မျိုးရှိသည်။ မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီး အကောင်းဆုံးမြေမှာ သဲနုန်းမြေဖြစ်သည်။ ပူအိုက်သောရာသီတွင် စိုက်ပျိုးပါက ပွင့်တံအထွက်စောပြီး အပင်မဖြစ်ထွန်းပဲ အရသာမှာခါးသက်၍ အရွက်ခြောက်ပြီး အပင်ပုပ်ခြင်းတို့ ဖြစ်စေသည်။ ဆလပ်ကိုပျိုးထောင်စိုက်ပျိုးရသလို တိုက်ရိုက်လည်းစိုက်ပျိုးနိုင်သည်။ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အစေ့တိုက်ရိုက်စိုက်ပျိုးပြီး နိုဝင်ဘာလတွင်ပျိုးထောင် စိုက်ပျိုးကြသည်။ ညီညာသောဘောင်များပြုလုပ်ပြီး (၁၆-၁၈)လက်မခြားပြီး စိုက်တန်းကို လက်ဖြင့်အလျားလိုက် ခပ်တိမ်တိမ်ဆွဲပေးပြီး စိုက်ကြောင်းထဲသို့ မျိုးစေ့ကိုချပြီး စိုက်ပျိုးနိုင်ပါသည်။ တစ်ပင်နှင့်တစ်ပင် (၁-၁.၅)ပေခြား၍စိုက်ပျိုးပြီး တစ်ဧကလျှင်မျိုးစေ့ (၁၀၀-၁၅၀)ဂရမ် လိုအပ်ပါသည်။ စိုက်ပျိုးပြီးတစ်လအကြာ ဆလပ်ကိုစတင်ခူးယူစားသောက်၍ရပါကြောင်း၊ ဆလပ်ရွက်အထုပ်မျိုးကို ရောင်းချရန်အတွက် အရွယ်ရောက်ပြီးအထုပ်တင်းလာချိန်တွင် ခူးဆွတ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဆလပ်ရွက်ကို အတို့အမြုပ်လုပ်စားခြင်း၊ အသားကင်နှင့်တွဲစားခြင်း၊ သုပ်စားခြင်းအမျိုးမျိုး ကြိုက်နှစ်သက်သလိုလုပ်စားနိုင်ပါသည်။ ဆလပ်ရွက်တွင်ဗီတာမင်အေ၊ ဗီတာမင်စီပါဝင်သောကြောင့်၊ အာရုံကြောစနစ်ကောင်းမွန်ခြင်း၊ မျက်လုံးအားကောင်းစေပြီး ခန္ဓာကိုယ်အဆိပ်အတောက်တွေလျောချပြီး၊ ကြွက်သားယိုယွင်းပျက်စီးမှုကိုလည်းကာကွယ်ပေးပါသည်။ လူသားအကျိုးပြုဓါတ် များစွာပါဝင်ပြီး ဝယ်ယူရန်လွယ်ကူသော ဆလပ်ရွက်ကိုစားသုံးပေးသင့်ပါကြောင်း ယခုဆလပ်ရွက် တစ်ထုပ်လျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်ကြက်သွန်နီစျေးနှုန်းစျေးကွက်အခြေအနေ”

            ကျောက်ဆည်ခရိုင်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် သီးနှံမျိုးစုံ ထွက်ကုန်များ အဓိကထား စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ကြက်သွန်နီလည်း အဓိကပါဝင်လျက်ရှိပြီး ယခုနှစ် ကြက်သွန်နီစျေးနှုန်းများမှာ ထွက်ပေါ်ချိန်တွင် စျေးကောင်းရခဲ့သော်လည်း ဖြိုင်ဖြိုင်ထွက်ပေါ်သည့် မတ်လ၊ ဧပြီလများမှစ၍ စျေးနှုန်းများကျဆင်းခဲ့ရာ ယနေ့အချိန်စျေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ထွက်ပေါ်ချိန်က တောထုတ်အတိုင်း (၁)ပိဿာလျှင် (၂၈၀၀/-)ကျပ် စျေးနှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခင်အရောင်းအဝယ်ဖြစ်နေသည့် စျေးနှုန်းများအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင်(အကြီး) (၁၄၀၀/-)ကျပ်၊ အလတ် (၁၁၅၀-၁၂၀၀)ကျပ်၊ အသေး (၆၀၀-၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယနေ့အရောင်းအဝယ်ဖြစ်နေသည့် စျေးနှုန်းများအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင်(အကြီး) (၁၈၀၀/-)ကျပ်၊ အလတ် (၁၆၀၀)ကျပ်၊ အသေး (၁၄၀၀-၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ မြစ်သားကြက်သွန်နီအနေဖြင့် ဘုရင့်နောင်စျေးကွက်တွင် မျက်နှာပန်းလှ သည့်ကြက်သွန်ဖြစ်ပြီး ယခုနှစ် အခြေအနေပုံမှန်သာ အရောင်းအဝယ်ဖြစ်ကြောင်း၊ ကျောက်ဆည်စျေးကွက်သို့ တရုတ်ဝယ်လက်များ ကြက်သွန်လာရောက်လေ့လာမှုများရှိနေသဖြင့် တောင်သူများမှာလည်း ယခု ဩဂုတ်လဆန်းပိုင်းမှစတင်၍ မိုးကြက်သွန်များစိုက်ပျိုးရန်အတွက် ကြက်သွန်ပျိုးများလည်း စတင်ထောင်နေပြီဖြစ်ကြောင်း၊ မိုးကြက်သွန်နှင့် ဆောင်းကြက်သွန်ပေါ်ချိန်များတွင် ဈေးနှုန်းများကောင်းမွန်ပြီး ဈေးကွက်ဝယ်လိုအား ကျယ်ကျယ်ပြန့်ပြန့်ရှိပါက တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ကြောင်း ကြက်သွန်ပျိုးထောင်သော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ပြင်ဦးလွင်ဒေသထွက်နာနတ်သီးဈေးနှုန်းဈေးကွက်”

           ပြင်ဦးလွင်မြို့နယ်တွင် နာနတ်သီးစိုက်ဧက (၇၃၇) စိုက်ပျိုးထားပြီး အများဆုံးစိုက်ပျိုးကြသော ကျေးရွာများမှာ ပန်းဦးတောင်၊ အုတ်ဖို၊ ဆင်ဖြူကျွန်း၊ ကုန်း‌ကော်တို့ဖြစ်ကြပြီး ကျန်ကျေးရွာများတွင်လည်း စိုက်ပျိုးကြပါသည်။ နာနတ်သီးနှံကို စတင်စိုက်ပျိုးချိန်မှာ ဇူလိုင်နှင့်ဩဂုတ်တွင် စိုက်ပျိုးပြီး ရိတ်သိမ်းချိန်မှာ ဩဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများမှာ ရိတ်သိမ်းကြပါသည်။ (၁)ဧက အထွက်နှုန်းမှာ အလုံးရေ (၂၁၆၅)ထွက်၍ စိုက်ဧက (၇၃၇) ဧကနှင့် ထွက်လျှင် (၁)နှစ်အသီးထွက်ရှိမှု (၁၅၉၅၆၀၅)လုံးရှိပြီး အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့လျက်ရှိကြောင်း၊ ယခုလက်ရှိ နာနတ်သီးတစ်လုံး ဈေးနှုန်းမျာ အနိမ့်ဆုံးဈေး (၈၀၀/-)ကျပ်၊ အမြင့်ဆုံးဈေး (၃၀၀၀/-) ကျပ်ထိ ဈေးကောင်းရရှိနေပါသည်။ ပြင်ဦးလွင်ဒေသထွက် နာနတ်သီးမှာ ဈေးကွက်တွင် မရှိသလောက်ဖြစ်နေပြီး ကျောက်မဲနှင့် တန့်ယန်းဒေသထွက် နာနတ်သီးများဝင်ရောက်နေပြီး တစ်လုံးလျှင် အနိမ့်ဈေး (၄၀၀၀/-)ကျပ်နှင့် အမြင့်ဈေး (၅၀၀၀/-)ကျပ်ထိ ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ထားဝယ်မြို့ရှိ ရာသီစာမှိုဈေးကွက်

     ယခုမိုးဦးရာသီချိန်တွင် နေပူပြီး မိုးပြိုင်ပြိုင်ရွာချချိန်၌ တောင်ပို့မှိုများ လှိုင်လှိုင်ထွက် ရှိလျက်ရှိရာထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးရွာနှင့် အချို့ကျေးရွာများမှ တောင်သူများ သည် တောထဲ၌ သဘာဝပေါက်ရောက်သည့် တောင်ပို့မှိုများ ရှာဖွေရောင်းချ ခြင်းဖြင့် ဝင်ငွေ ကောင်း လျက်ရှိသည်။

       တောင်ပို့မှိုသည် မိုးရာသီတွင် သဘာဝအရပေါက်ရောက်တတ်ပြီး ခြတောင်ပို့အနီး တစ်ဝိုက်သာမကဘဲ တော၊ တောင်များအတွင်း တစ်ပွင့်၊ နှစ်ပွင့်သာမက အုံလိုက်၊ ကျင်းလိုက် အများအပြားပေါက်ရောက်တတ်ကြောင်း၊ ထားဝယ်ဈေးသို့နေ့ချင်းပြန်ကားများဖြင့်ရွာများမှ လာရောက်ရောက်ရောင်းချကြပြီး တောင်ပို့မှို အဖူးတစ်ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ အပွင့်တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

 

DOCA(တနင်္သာရီ)

သာယာဝတီခရိုင်တွင်ကြက်သားဈေးနှုန်းများမြင့်တက်လျက်ရှိ

          ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ကုန်ဈေးနှုန်း တည်ငြိမ် ရေးနှင့် ဈေးကွက်အတွင်းရောင်းချလျှက်ရှိသောအခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ သိရှိ စေရန်အတွက် လက်ပံတန်းမြို့မဈေးကြီးသို့ နေ့စဉ်သွားရောက်မေးမြန်းတင်ပြလျှက်  ရှိရာ ယခု အပတ်တွင် ကြက်သားဈေးနှုန်းများမြင့်တက် လာကြောင်းသိရှိရပါသည်။

          လက်ပံတန်းမြို့မဈေးအတွင်းရောင်းချလျှက်ရှိသည့်  ကြက်သား(ဗမာ) နှင့်CP ကြက်သား ဈေးနှုန်းများမှာ ဩဂုတ်လ ပထမ ပတ်နှင့် ဒုတိယပတ်တို့တွင် ကြက်သား (ဗမာ) တစ်ပိဿာ လျှင် ၃၂၀၀၀/ကျပ်၊  CPကြက်သား ရင်ပုံသား တစ်ပိဿာလျှင်၂၀၀၀၀/ကျပ်၊ ပေါင်ပိုင်းအသား တစ်ပိ  ဿာ လျှင် ၁၈၀၀၀/ကျပ်၊ ယခုဩဂုတ်လ တတိယပတ်တွင် ကြက်သား (ဗမာ) တစ်ပိဿာလျှင်   ၃၅၀၀၀/ကျပ်၊ CPကြက်သား ရင်ပုံသား တစ်ပိဿာလျှင်၂၅၀၀၀/ကျပ်၊ ပေါင်ပိုင်းအသား တစ်ပိဿာ လျှင် ၂၂၀၀၀/ကျပ်ဈေးသို့ မြင့်တက်သွားကြောင်း ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်ပါက  ကြက်သားဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ထားဝယ်မြို့ရှိ ဒညင်းသီးဈေးနှုန်းအခြေအနေ

       မိုးရာသီအချိန်တွင်သာ ရရှိလာသည့် တညင်းသီးဖြစ်ပါသည်။ တညင်းသီးအား အတို့အမြုပ်အဖြစ်၎င်း၊ ဆားရည်စိမ်ပြီး၎င်း စားသောက်လေ့ရှိပါသည်။ တညင်းသီးပင်များအား ထားဝယ်ဒေသများတွင် အများအပြားစိုက်ပျိုးကြပါသည်။

     ယခုရာသီအချိန်တွင် ထားဝယ်မြို့နယ်အတွင်း ဝင်‌ရောက်လာသည့် တညင်းသီးများမှာ ကလိန်အောင်၊ရေဖြူဘက်မှဖြစ်ပြီး တညင်းသီးအကြီး (၁၀)လုံးလျှင် (၁၅၀၀) ကျပ်၊ အလုံး သေး (၁၀)လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ထန်းလျက်စျေးနှုန်းစျေးကွက်

     ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာ တစ်မျိုး ဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း မြို့နယ်များမှ အများဆုံးထွက်ရှိပြီး ကျောက်ပန်းတောင်းမှ ထွက်ရှိသောထန်းလျက်သည် လူကြိုက်များ၍ နာမည်ကြီးသည်။

     ထန်းလျက်သည် ထန်းပေါ်ဦးထန်းလျက်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်းထန်း လျက်၊ မြေပဲထန်းလျက်၊ သံပုရာထန်းလျက်၊ ဂျင်းထန်းလျက် ဟူ၍ ရှိပြီး  အုန်းထန်းလျက်နှင့် ဇီးထန်းလျက်ကို လူကြိုက်အများဆုံးဖြစ်သည်။  ထန်းလျက်ကို ကြံသကာများ၊ သကြားများနှင့်ရော၍ချက်လုပ်မှု များလည်း ရှိနေသည်။ ထားဝယ်ဒေသထွက် အုန်းထန်းလျက်  ၁ပိဿာလျှင်(၁၃၀၀၀) ကျပ်ရှိပြီး ထန်းလျက်အလုံး ၁ပိဿာလျှင် (၉၅၀၀)ကျပ်တို့ ရှိကြောင်း သိရှိရပါသည်။  

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ရာသီပေါ်ဖလံတောင်ဝှေးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သပြေချောင်းရွာ ဈေးတွင်  ဖလံတောင်ဝှေး များ   ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဖလံတောင်‌ဝှေးသည် ကျန်မားရေးအတွက် လွန်စွာမှ အထောက်အပံ့ပြုသည် သဘာဝဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါသည်။ ဖလံတောင်ဝှေသည် မိုးရာသီတွင်ကာလများတွင်သာ တွေ့ရသော ရာသီစာ အပင်တစ်မျိုးဖြစ်၍ အိမ်ရှင်မများယခုလို ပေါ်ဦးပေါ်ဖျားအချိန်တွင်ဝယ်ယူ၍ အရသာရှိစွာ ကြော်လှော်ချက်ပြုတ်စားသောက်ကြသည်။ စျေးကွက်အတွင်းသို့ ရန်ကုန်မှ တဆင့် ဝင်ရောက်လာ၍ တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချကြောင်းသိရှိရသည်။ ဖလံတောင်ဝှေး ၃ချောင်းပါ တစ်စည်းလျှင် (၂၀၀)ကျပ်ဖြစ်ပြီး အစည်းကြီးတစ်စည်းလျှင် (၁၀၀၀)ကျပ် ဖြစ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိသင်္ဘောသီးမှည့် စျေးနှုန်း/စျေးကွက်

    သင်္ဘောပင်သည်‌မြန်မာနိုင်ငံ၌စီးပွားဖြစ်စိုက်ပျိူးနေသော ဝင်ငွေရရှိနေသောသီးနှံ တစ်မျိုးဖြစ်သည့်အလျောက် စျေးကွက်ဝင်ရောင်းအား ကောင်းသောသီးနှံလည်းဖြစ်ပါသည်။ အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသောသီးနှံဖြစ်သဖြင့် စိုက်ပျိုးသူများအနေဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး နေအိမ်များတွင်လည်း စိုက်ပျိးနိုင်ပါသည်။

     ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးများနှင့်ကမ်းနားပျံကျစျေးများတွင် ရောင်းချနေ သော စျေးနှုန်းများအရ သင်္ဘောသီးမှည့်အလုံးကြီးတစ်လုံးလျှင် (၂၀၀) ကျပ်အထိ ရောင်းအား ကောင်းလျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချနေသော စျေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း