Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့၌‌ရောင်းချနေသောမြေပဲယိုဈေးနှုန်း

           မြေပဲယိုသည် မြန်မာလူမျိုးတို့၏ ရိုးရာအစားအစာတစ်ခုဖြစ်ပြီး အာဟာရပြည့်ဝကာ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်သော အစားအစာတစ်ခုဖြစ်ကြောင်း၊ မြင်းခြံဈေးကွက်၌ ရောင်းချနေ သော မြေပဲယိုများကို မကွေးမြို့တို့မှ မှာယူ‌ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြ သီတာဈေး တွင် ရောင်းချနေသော မြေပဲယိုဝိုင်း ၂၅ ကျပ်သားလျှင် (၅၈၀၀) ကျပ်ခန့်ပေါက်  ဈေးများဖြင့် ရောင်းချ လျက်ရှိကြောင်း၊ မြေပဲယိုကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးရန် အထောက်အကူပြုကြောင်း၊ အရိုးနှင့်သွားများကိုသန်မာစေပြီး ကယ်လ်ဆီယမ်ဓာတ်များ ကြွယ်ဝကြောင်း၊ သံဓာတ်ပါဝင် သောကြောင့် သွေးအားနည်း ရောဂါကို ကာကွယ်ပေးကြောင်း၊ အမျှင်ဓာတ် ကြွယ်ဝပြီး အစာခြေစနစ် ကို အားကောင်းစေကြောင်း၊ ပြည့်ဝဆီများပါဝင်သဖြင့် နှလုံးကျန်းမာရေးအတွက် အကျိုးပြုကြောင်း၊ မြန်မာ့ရိုးရာအစားအစာမုန့်အဖြစ် အချိုတည်းရန်အတွက် မြန်မာလူမျိုးများ ကြိုက်နှစ်သက်သော အစားအစာများထဲတွင် ထင်ရှားပြီးအာဟာရ ပြည့်ဝ၍ မြင်းခြံဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)       

စပါးစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့်ဈေးနှုန်းအခြေအနေ

       ကယားပြည်နယ် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်းနှင့် ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။ အဆိုပါ လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါးများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ စပါး(မိုး)စိုက်ဧကမှာ ၇၁၂၃ ဧက၊ ရိတ်ဧကမှာ ၂၅၂၃၆ ဧက၊ ၁ ဧကအထွက်နှုန်းမှာ ၆၇ တင်းခန့်နှင့် စုစုပေါင်း အထွက်မှာ ၁၇၀၈၈၄၅ တင်းခန့် ထွက်ရှိပြီး စပါး(မိုး) ၁ ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များအနေဖြင့် ၈၃၀၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပါကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းမှာ ရွှေရင်အေး စပါး(အဟောင်း) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ တစ်တင်းလျှင် ၂၃၄၀၀ ကျပ်ခန့်၊ ရွှေအပ်စပါး (အဟောင်း) တစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ တစ်တင်းလျှင် ၂၀၈၀၀ ကျပ်ခန့်၊ ရွှေအပ်စပါး (အသစ်) တစ်ပိဿာလျှင် ၁၄၀၀ ကျပ်၊ တစ်တင်းလျှင် ၁၈၂၀၀ ကျပ်ခန့် ဖြင့်အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း ဆန်စက်ပိုင်ရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကိုယ်ရံကြီးပင်အကြောင်း သိကောင်းစရာများ

             ကိုယ်ရံကြီးပင်(သိပ္ပံအမည်: Crinum asiaticum) သည် မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများ၌ ပေါက်ရောက်ပြီး ဆေးဖက်ဝင်အပင်အဖြစ် ရှေးမြန်မာဆေးကျမ်းများတွင် အသုံးတွင်ကျယ်ခဲ့သော အပင်ဖြစ်သည်။ ၎င်းသည် ဥကြီးမားပြီး အဖြူရောင်ရှိကာ အရသာခါးသည်။ အရွက်များသည် ၁.၅ ပေမှ ၄ ပေအထိ ရှည်ပြီး စိမ်းစိုသောအရောင်ပေါ်တွင် အဝါစင်းကလေးများ ပါဝင်သည်။ အဖြူရောင် ပန်းပွင့်များသည် အနံ့မွှေးပြီး မိုးရာသီတွင် ပွင့်သည်။ မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများ (အထူးသဖြင့် သဘာဝအရိုင်းပင်အဖြစ်) တွင် ပေါက်ရောက်ပြီး စိုက်ပျိုးပင် အဖြစ်လည်း တွေ့ရသည်။ အပင်တစ်ခုလုံးသည် ပူ၍ စပ်၊ ခါးသော ဂုဏ်သတ္တိရှိပြီး အဆိပ်ပြေခြင်း၊ လေ၊ သလိပ်၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများသက်သာစေခြင်း၊ အရွက်ကိုပြုတ်၍ ရေချိုးခြင်း(သို့)အရည်ညှစ်၍ လိမ်းခြင်းဖြင့် အဖုအပိမ့်၊ အရေပြားရောင်ရမ်းမှုကို သက်သာစေသည်။ အရွက်ကို မီးနှင့်ကပ်၍ နူးအောင်ပြုလုပ်ပြီး ခါးနာ၊ ဒူးရောင်နေရာများတွင် ၁ နာရီခန့် စည်းပေးက နာကျင်ရောင်ရမ်းမှု လျော့ပါးစေသည်။ ဥကိုသွေး၍ အနာပေါ်တွင် လိမ်းပေးပါက အနာလျှံ၊ အနာမီး(မီးလောင်နာ)များ ပျောက်ကင်းစေသော်လည်း  ယားယံမှု ဖြစ်တတ်သည်။ နန်းတွင်းဆေး ဝါးများတွင် "လျှာပွတ်ဆေး" အဖြစ် အသုံးပြုကာ အဆိပ်သင့်လျှင် လျှာကို ပွတ်ပေးခြင်းဖြင့် အဆိပ် ပြေစေသည်။ အပြင်ပန်းအရေပြားအတွက် အဓိကအသုံးပြုရမည်ဖြစ်ပြီး စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။

            ကိုယ်ရံကြီးပင်၏ ဆေးဖက်ဝင်မှုကို မြန်မာ့ဆေးပညာစာစောင်များတွင် ထည့်သွင်းဖော်ပြ ထားသည်။ ၎င်းသည်(Amaryllidaceae) မျိုးရင်းဝင်ဖြစ်ပြီး ခတ္တာပန်း နှင့် မျိုးရင်းတူသော်လည်း ဆေးအာနိသင်မတူညီကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(မန္တလေး)       

သပြုပင်၏ အသုံးဝင်ပုံများ

              သပြုပင်သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ (အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) တို့တွင် ပေါက်ရောက်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါသည်။အမြဲစိမ်း (သို့)ရွက်ကြွေပင်ဖြစ်ပြီး ၈-၁၀ မီတာအထိ မြင့်တတ်သည်။ မီးခိုးရောင်ဖျော့၊ ကြမ်းတမ်းပြီး အက်ကြောင်းများရှိသည်။ လှံစွပ်ပုံ၊ အနားညီပြီး ကြမ်းတမ်းသော မျက်နှာပြင်ရှိကာ ရွက်ကြော ထင်ရှားသည်။ သေးငယ်သော အနီ/ခရမ်းရောင် အဆန်သီး (ခရမ်းသီးအငယ်စားနှင့်ဆင်သည်)။ ခံတွင်းသန့်စင်ရန် ကိုင်းဖျားကို ဝါးပြီး ပွတ်တိုက်၍ သွားတိုက်ခြင်းများအတွက် အလွန်ကောင်းမွန်သဖြင့် အင်္ဂလိပ်အမည် "Toothbrush Tree" ဟုပင် ခေါ်ဆိုကြကြောင်းသိရှိရသည်။ အရွက်ကို ကြိတ်၍ အရေပြားအနာ၊ ယားနာ၊ ပိုးကိုက်နာများတွင် အုံပေးခြင်း၊ အမြစ်ပြုတ်ရည်ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအိမ်အောင့်ခြင်းတို့အတွက် အသုံးပြုခြင်း၊ သုတေသနအချို့အရ ကင်ဆာဆဲလ်များကို တိုက်ဖျက် နိုင်စွမ်းရှိကြောင်း လည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အခေါက်တွင် မြင့်မားသော ဖိုင်ဘာပါဝင်မှုကြောင့် စက္ကူလုပ်ငန်းတွင် အသုံးပြုနိုင်ပြီး မာကျောသော သပြုသားကို လှေပြားများ ပြုလုပ်ရာတွင် အသုံးချသည်။

        အရွက်ပြုတ်ရည်ကို စိုက်ပျိုးရေးတွင် မှိုသတ်ဆေးအဖြစ် အသုံးပြုကြသည်။ သပြုပင်သည် ခြောက်သွေ့ဒေသများတွင် ခိုင်ခံ့စွာ ရှင်သန်နိုင်ပြီး မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်သည်။ မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာတွင် သပြုပင်၏ အရွက်၊ အခေါက်၊ အမြစ်တို့ကို ရာစုနှစ်များစွာ အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်သုတေသနများကလည်း ၎င်း၏ ဇီဝကမ္မဆိုင်ရာ အာနိသင်များကို အတည်ပြုလျက်ရှိကြောင်း ဖတ်မှတ်မိသမျှ ဖော်ပြအပ်ပါသည်။

DOCA(မန္တလေး)       

သဖန်းပင်၏ အသုံးဝင်ပုံများနှင့် ဆေးဖက်ဝင်ပုံ

               သဖန်းပင်သည် ရိုးရာဆေးဝါးနှင့် အာဟာရဆိုင်ရာ အသုံးပြုမှုများအတွက် အဖိုးတန်သော အပင်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသများတွင် ပေါက်ရောက်ပြီး ၎င်း၏ အသီး၊ အရွက်၊ ပင်စည်နှင့် အခေါက်တို့မှာ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသည်။ သဖန်းသီးတွင် အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် A နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း(polyphenols)များ ကြွယ်ဝစွာပါဝင်သည်။ သဖန်းရွက်တွင် polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ရောင်ရမ်းမှုကို လျှော့ချ ပေးနိုင်သည်။ သဖန်းခေါက်သည် ရိုးရာဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိပြီး ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးသည်။ အမျှင်ဓာတ်မြင့်မားမှုကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလမ်းကြောင်း လှုပ်ရှားမှုကို ပုံမှန်ဖြစ်စေသည်။ သဖန်းသီးမှည့်ခြောက် ၂–၃ လုံးကို နေ့စဉ်စားပါက ဝမ်းမှန် စေသည်။ အူအတွင်းရှိ ပရိုဘိုင်အိုတစ်ဘက်တီးရီးယားများကို အားပေးကာ အူကျန်းမာရေးကို မြှင့်တင်ပေးသည်။ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စ်ဖရပ်စ်တို့ ကြွယ်ဝစွာပါဝင်မှုက အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီးအရိုးပွရောဂါ၊အရိုးပါးရောဂါများမှကာကွယ်ပေးသည်။ပိုတက်စီယမ်ပါဝင်မှုကသွေးပေါင်ချိန်ကိုထိန်းညှိပေးကာ သွေးတိုးရောဂါကို ကာကွယ်ပေးသည်။သွေးတိုးရှိသူများ သဖန်းသီး ၄–၅ လုံးကိုနေ့စဉ်စားသင့်သည်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ ဗီတာမင် C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အသားအရေတင်းရင်းမှုကို ထိန်းသိမ်းပေးပြီး ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးသည်။ အမျိုးသမီးများ သံဓာတ်ပါဝင်မှုက သွေးဆုံးချိန်လက္ခဏာများကို သက်သာစေပြီး မျိုးဥထွက်မှုကို ပုံမှန်ဖြစ်စေသည်။ အမျိုးသားများအတွက် ဇင့်နှင့် အမိုင်နိုအက်စစ်များက သုက်ပိုးထုတ်လုပ်မှုနှင့် လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။ သဖန်းသီးစိမ်းများကို ချဉ်ပေါင် ဟင်းချက်ရာတွင် အသုံးပြုခြင်း၊ ဆားရည်စိမ်၍ တို့စရာအဖြစ် တို့စားခြင်းများ အသုံးပြု လေ့ရှိကြသည်။ရေသဖန်းပင်၏ အားကောင်းသောအမြစ်များက မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးပြီး မြစ်ကမ်းပါးများတွင် စိုက်ပျိုးလေ့ရှိသည်။ မြေဆီထိန်းသိမ်းရန် လေကာအဖြစ်လည်း စိုက်ပျိုး ထားလေ့ရှိကြသည်။ သဖန်းပင်သည် အာဟာရ၊ ဆေးဖက်ဝင်မှုနှင့် ဂေဟစနစ်အရ အရေးပါသော အပင်ဖြစ်ပြီး ရိုးရာဆေးပညာတွင် နှစ်ပေါင်းရာချီ အသုံးပြုခဲ့ကြောင်း ဗဟုသုတအဖြစ်ရေးသား ဖော်ပြလိုက်ရပါသည်။

 DOCA(မန္တလေး)        

 

တောင်သာမြို့နယ်၏ပဲတောင့်ရှည် စိုက်ပျိုးထားရှိမှုနှင့်တစ်ဧကအကျိုးအမြတ်ရရှိမှု  

              တောင်သာမြို့နယ်သည် ဥယျာဉ်ခြံမြေများ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ကျောက်ဖူးရွာ၊ ချောင်းဆုံရွာ၊ စံဦးရွာ၊ ဆယ်ရွာနှင့် ဇရပ်ကြီးကျေးရွာများတွင် ပဲတောင့်ရှည် ဟင်းသီးဟင်းရွက်ပင်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်းသိရှိရသည်။ ပဲတောင့် ရှည်များစိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင် မျိုးများကိုသာစိုက် ပျိုးကြောင်း၊ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရကြောင်း၊ မြေကောင်းလျှင် အထွက်ပိုကောင်း ကြောင်း၊ စိုက်ပျိုးရာတွင် ရေမဝပ်သောမြေတွင် စိုက်ပျိုးပြီး ထွန်ရေးအသင့်အတင့်ဖြင့် စိုက်ပျိုး နိုင်ကြောင်း သိရှိရသည်။ တိုင်‌ထောင်ပဲကို တစ်တန်းနှင့် တစ်တန်းသုံးပေခြား၍ တစ်ပင်နှင့်တစ်ပင် (၉-၁၀) လက်မ ခွာ၍စိုက်ပျိုးကြကြောင်း၊ အပင်များရှည်လာသောအခါ အနည်းဆုံး(၇)ပေ ခန့်ရှည်သော ဝါးတိုင် (သို့မဟုတ်) သစ်သားတိုင်များကို အပင်၏တိုင်ခြေတွင် ထောင်ပေးရကြောင်း၊ အပင်ခြေတွင် ရေမဝပ်ရန် သတိပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၃၀)ရက် အကြာတွင် ပဲတောင့် ရှည်များကို အစေ့နုသော အချိန်တွင် ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအမျိုးအစား ပေါ်မူတည်ပြီး တစ်ဧကလျှင် အထွက်နှုန်း(၄၀၀)ပိဿာခန့်ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ ၊မြေပြင်ခ၊ ဝါးဖိုး၊ စိုက်ပျိုးစရိတ်အပါအဝင် (၁,၁၀၀,၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း၊ စိုက်ခင်းအရောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၅၀၀)ကျပ်၊ လက်ကားဈေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၆,၀၀၀) ကျပ်ခန့် ရရှိကြောင်း၊ တောင်သူ အကျိုးအမြတ်အနေဖြင့် (၇၀၀,၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် ကုန်ကျ စရိတ်နည်းပြီး ကာလတိုအတွင်း စီးပွားဖြစ်ဝင်ငွေရသောသီးနှံဖြစ်ကြောင်း ပဲတောင့်ရှည် စိုက်တောင်သူ တစ်ဦးထံမှသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံ‌ဒေသထွက်စပါးလင်ဈေးနှုန်း

     စပါးလင်သည် အေးသောရာသီဥတုကိုနှစ်သက်ပြီး အပူပိုင်းဒေသဖြစ်သော မြင်းခြံမြို့နယ်၌ မိုးရာသီနှင့် ဆောင်းရာသီများတွင်စိုက်ပျိုးကြောင်း၊ ဒေသအတွင်းရှိ ဓါးကျွန်းကျေးရွာ၊ လေးအိမ်တန်း ကျေးရွာ၊ ဂေါင်းကွဲကျေးရွာနှင့် အနိမ့်ကျေးရွာများတွင် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်မှာ မျိုးကွဲပေါ်မူတည်၍ ကွဲပြားလျက်ရှိကြောင်း သိရသည်။ မြင်းခြံဒေသအတွင်း စိုက်ပျိုးထားသော မိုးရာသီစိုက် စပါးလင်များကို ဇွန်လနှင့် ဇူလိုင်လတို့တွင် စိုက်ပျိုး၍ စိုက်ပျိုးပြီး (၃-၄) လကြာလျှင် ခူးဆွတ်၍ ‌ရောင်းချကြကြောင်း၊ ရိတ်သိမ်းချိန်မှာ နွေဦးအစပိုင်းဖြစ်သော ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အပင်ကြီးထွားမှုကာလမှာ (၈-၉) လကြာမြင့်ကြောင်း၊ ယခုအချိန်မှာ ဒေသတွင်းစိုက်ပျိုးထားသော စပါးလင်များထွက်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းသက်သာစွာ စားသုံးရကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ စပါးလင် ၅ ပင်ပါတစ်စီးလျှင် (၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်တွင် စားသုံးမှုများသောကြောင့် အရောင်း အဝယ်သွက်လျက်ရှိပြီး စားဝတ်နေရေး အဆင်ပြေကြောင်း စပါလင်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏ရှမ်းနံနံဈေးနှုန်းအနည်းငယ်မြင့်တက်လာခြင်း

              ဟင်းခက်အမွှေးအကြိုင်ဖြစ်သော စားဖိုဆောင်အုပ်စုဝင် ရှမ်းနံနံသည် အေးမြပြီးစိုထိုင်းသော ရာသီဥတုကိုနှစ်သက်၍ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့များတွင် အဓိကစိုက်ပျိုးကြကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ရှမ်းနံနံများကို မန္တလေးမြို့နှင့်ပြင်ဦး လွင်မြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရှမ်းနံနံတစ်စီးလျှင် (၄၀၀-၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါကယခုလတွင် ရှမ်းနံနံ တစ်စည်းလျှင် (၁၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ အသားငါးများကြော်ချက်ရာတွင် ဟင်းခက်အမွှေးအကြိုင်အဖြစ်သုံးစွဲမှုများသောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ကျန်းမာရေးအနေဖြင့် ကိုယ်ခံ အားစနစ်ကိုမြှင့်တင်ပေးပြီး ရောဂါပိုးမွှားများကို တိုက်ဖျက်၍ အရိုးကိုသန်မာစေခြင်း၊ ကိုယ်ခံအား ကိုမြှင့်တင်ပေးခြင်း သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါကာကွယ်ကြောင်း၊ စားသုံးမှုအနေဖြင့် ရှမ်းခေါက်ဆွဲ၊ အသုပ်နှင့် ဟင်းချိုများတွင် လတ်ဆတ်သော ရှမ်းနံနံများကို အသုံးပြုကြကြောင်းသိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၌စိုက်ပျိုးထားရှိသာခရမ်းသီးဈေးနှုန်းအခြေအနေ

              မြင်းခြံမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းသီး သီးနှံကိုလည်း လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်ကျေးရွာ၊ ဘောလုံး၊ ကြက်လျှာကျေးရွာနှင့် ဒါးကျွန်း ကျေးရွာတို့တွင် မိသားစုတစ်ပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြောင်း၊  ဩဂုတ်လနှင့် စက်တင်ဘာလများတွင်စိုက်ပျိုး၍ စိုက်ပျိုးပြီး  (၂-၃)လအကြာတွင် အသီးသီးများစတင် သီးကြောင်း၊   အပင်ရေ (၂၅၀၀)ခန့် စိုက်ပျိုးထား ကြောင်း၊ ခရမ်းပင်တစ်ပင်လျှင် အထွက်နှုန်း (၂) ပိဿာ ကျော်ထွက် ရှိကြောင်း  သိရှိရသည်။ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ခရမ်းသီးများကို မြင်းခြံမြို့နယ် အတွင်းရှိ အေးမြသီတာဈေးနှင့် စံပြဈေးများသို့ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ခရမ်းသီးတစ်ပိဿာလျှင် လက်လီဈေး (၃၅၀၀)ကျပ်၊ လက်ကားဈေး တစ်ပိဿာလျှင် (၃၀၀၀) ကျပ် ဖြင့်ရောင်းချကြောင်း၊ ခရမ်းသီးစားသုံး မှုများပြား၍ လူကြိုက်များသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ရာသီဥတု၊ မြေဆီလွှာ  အခြေအနေပေါ်မူတည်၍ အသီးထွက်ရှိမှု ကွာခြားကြောင်း၊ အပင်ကို စနစ်တကျ ပြုစုစောင့်ရှောက်၍ ရေမှန်မှန်သွင်းပေးခြင်း၊ ပေါင်းသင်ခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နိုင်ပါကအထွက်နှုန်း(၃၀%)အထိတိုးကြောင်းသဘာဝမြေဩဇာဖြစ်သော(နွားချေး၊ ကြက်ချေး)နှင့် ဓာတ်မြေဩဇာ မျှတစွာသုံးပါက အသီးအရွယ်အစားကြီးထွားပြီး အထွက်နှုန်းကောင်းကြောင်း ခရမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

                                                                                                       

မြင်းခြံမြို့၏ရေထွက်ပစ္စည်းငါးဈေးနှုန်းများမြင့်တက်လာခြင်း

                 မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချနေသော ရေထွက်ပစ္စည်း ငါးအမျိုးမျိုးကို ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်  ဈေးကွက်မှတင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော ငါးမျိုးစုံအကောင်လိုက် အမျိုးအစားဈေးနှုန်းများမှာ ငါးကြင်းနီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၅၅၀၀) ကျပ်၊ ငါးကြင်းဖြူ (၁၅၀၀၀-၁၆၅၀၀) ကျပ်၊ ငါးကြင်းရွှေဝါ (၁၁၀၀၀-၁၃၅၀၀)ကျပ်၊ ငါးမြင်း (၁၁၅၀၀-၁၄၀၀၀) ကျပ်၊  ငါးခူ(၁၄၀၀၀)၊ ဂျပန်ငါး(ကင်ငါး) (၁၃၅၀၀-၁၅၀၀၀)၊ ငါးကြင်းခုတ် သား (၃၂၀၀၀) ကျပ်၊ ငါးကြင်းခြစ် (၃၀၀၀၀) ကျပ်၊ ပုဇွန်ခေါင်းပြတ် (၂၉၀၀၀)ကျပ်၊ ပုဇွန်ထုပ်(လတ်) (၃၈၀၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငါးအကောင်လိုက် အရွယ်အစား အကြီးအသေး ပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း ရေထွက်ပစ္စည်း ရောင်းချသူတစ်ဦး ၏ ပြောပြချက်အရသိရှိရသည်။ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ငါးပုစွန်အမျိုးအစားအလိုက် တစ်ပိဿာလျှင် (၁၅၀၀-၂၀၀၀) ကျပ် ခန့်ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ သယ်ယူစရိတ် အပေါ်အခြေခံ၍ ဈေးနှုန်းများမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း ရေထွက်ပစ္စည်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း