
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက် ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၅၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူကာ တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၁၀၀၀-၁၁၀၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်းမျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ်ရရှိနိုင်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧကလျှင် ငွေကျပ် ၇၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၂၀-၂၅ ပိဿာခန့်ထွက်ရှိ၍ တစ်လလျှင်ပိဿာချိန် ၅၀ - ၅၅ ခန့် ထွက်ရှိရာကွမ်းပင်များ ဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် မေလ တတိယအပတ်တွင် လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၉၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင် မေလ ပထမအပတ်နှင့် နှိုင်းယှဉ်လျှင် (၁၀၀၀) ကျပ် ဈေးနှန်းမြှင့်တက်ကြောင်း၊ တစ်လဝင်ငွေ ကျပ် (၄၂၅၀၀၀) ရရှိပါကြောင်း၊ ကွမ်းဈေး အတက်အကျပေါ်မူတည်၍ အပတ်စဉ်၊ လစဉ်ဝင်ငွေရရှိပြီး မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ မိုးရာသီရောက်ရှိလာသည်ဖြစ်၍ ကွမ်းများရွက်ခြောက်ပိုးများကျလာသဖြင့် အထွက်နှုန်းနည်းသွားကြောင်း ကွမ်းစိုက် တောင်သူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
