Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ် ဆန်စက်များအား ကုန်ရ၊ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           စားသုံးသူရေးရာ ဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လုပ်ငန်းရှင်များသိရှိနိုင်ရန် လစဉ် အသိပညာပေး  ဆောင်ရွက်လျက်ရှိ ရာ (၁၀.၈.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည် ဓနုဖြူမြို့နယ်ရှိ ၊ ဆန်စက်များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်  ဆန်တန်ချိန်(၂၅)တန်အထက်၊ စပါးတင်း(၂၅၀၀)အထက် သိုလှောင်ပါက myroတွင်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ပြီးသည့်ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် လစဉ်ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း Updateပြုလုပ်ခြင်း လုပ်ငန်းစဉ်များ လိုက်ပါဆောင်ရွက်ကြရန်၊ ဆန်စက်များမှ စပါးဝင်ရောက်မှုနှင့် ဝယ်ယူရရှိမှု စာရင်း (ကုန်ရ)၊ ဆန်ကြိတ်ခွဲထုတ်လုပ်မှုနှင့် ရောင်းချမှု စာရင်း (ကုန်ထုတ်)၊ ဂိုဒေါင်အတွင်း လက်ကျန်ရှိနေသော ဆန်၊ စပါး ပမာဏ (ကုန်လက်ကျန်)၊ သိုလှောင်မှု အခြေအနေနှင့် စာရင်းကိုက်ညီမှု ရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွာရေးလုပ်ငန်းရှင်၏တာဝန်များ  အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ရှိအရောင်းအဝယ်ဖြစ်လျက်ရှိသည့် စပါး၊ ဆန်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ငှက်ပျောကြော်နှင့် စာကလေးခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

                   မအူပင် ခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ အပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၁၁.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေး ရာဌာနခွဲ တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ နှင့်  မအူပင်မြို့၊ အမှတ်(၉)ရပ်ကွက်ရှိ စာကလေးခွေနှင့် ငှက်ပျောကျော်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့်လုပ်ငန်းရှင်မှ ခရိုင်ဦးစီးမှူးရုံးသို့ လာရောက် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ထုတ်ကုန်တွင် ဖော်ပြပါဝင်ရမည့် အခြေအနေအား စိစစ်နိုင်ရေး လာရောက်မေးမြန်းဆွေးနွေးခဲ့သဖြင့် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။

           တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာ မက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များသည် ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား (Label) ကို မြန်မာဘာသာဖြင့် ရှင်းလင်းစွာ ဖော်ပြရမည်။ ကုန်စည်အမျိုးအစားအလိုက် ကုန်အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထည့်သွင်း ပစ္စည်းများ၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်တို့ကို မဖြစ်မနေ ထည့်သွင်း ဖော်ပြရန် တာဝန်ရှိကြောင်းရှင်းလင်းပြီး ဖော်ပြရမည့် အဓိကအချက်များမှာ ကုန်စည်၏ တံဆိပ်အမှတ် အသား နှင့် အမည်အစစ်အမှန်။ထုတ်လုပ်သူ၏ အမည်၊ လုပ်ငန်းတည်နေရာနှင့် ထုတ်လုပ် သည့်ရက်စွဲ။ အသားတင်ပမာဏ၊ အရေအတွက်နှင့် ပါဝင်သည့်ပစ္စည်းများ၏ အချိုးအစား။ ဖော်ပြပါဝင်ရမည့် အကြောင်းအရာများ လုပ်ငန်းရှင်မှ ထုတ်လုပ်သော ကုန်စည်တွင် ဖော်ပြရမည့် အမှတ်တံဆိပ်နှင့် အချက်အလက်များ၊ လိုအပ်သောအထောက်အထားများကို ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြပြီး ဆက်လက်၍ အထက်ဌာနသို့ တင်ပြနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535လိုင်းခွဲ(၁) နေပြည်တော်၊ လိုင်းခွဲ(၂)ရန်ကုန်၊ လိုင်းခွဲ(၃)မန္တလေးသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့် အမျိုးမျိုးတွင် ထည့်သွင်းဖော်ပြရမည့fကုန်အညွှန်းအမှတ်အသားအကြောင်းများအသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၁၄-၈-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး(၁)ရှိ ဒေါ်မြဆန်းလင်း (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး  ၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “FIRE DRAGON” အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည် တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချ ခြင်း မပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပိုမှုအား ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့ (၁၆:၃၀)နာရီအချိန်တွင် မြိတ်မြို့သို့ တင်ပို့မည့်ဆန်တင်ရေယာဉ်အား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လ.ဝ.ကဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်အသင်း စသည့် ပူးပေါင်းအဖွဲ့သည်(MV-အောင်တက်တိုး)ရေယာဉ်ပေါ်တွင် ပေါ်ဆန်းဆန်၊ ဧည့်မထဆန်အိတ်များ တင်ဆောင်၍ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း မရှိစေရေးနှင့် တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကွင်းဆင်းဆောင်ရွက်

           ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းတို့သည် မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် MSME ဖွံ့ဖြိုးတိုးတက်ရေး ဖျာပုံမြို့နယ်၊ ၁၅ရပ်ကွက်ရှိ စွဲမြဲ မုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါကွင်းဆင်းရာတွင် ထုတ်လုပ်သောကုန်စည်များ အရည်အသွေးကောင်းမွန်စေပြီး  ဈေးကွက်ရရှိမှု အခြေအနေများ ခေတ်မီစက်ကရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာများ ရရှိရေးအတွက် မိမိဌာနနှင့် သက်ဆိုင်ရာဌာနများမှ ဖွင့်လှစ်သောသင်တန်းများ တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေများကို ဆွေးနွေးပြောကြားခြင်း၊ ထုတ်လုပ်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် စည်းမျည်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် အသင့်စားမုန့်များအား ကွင်းဆင်းစစ်ဆေး

       မအူပင်မြို့နယ်အတွင်း စားသုံးသူများ ဘေးကင်းလုံခြုံစွာ စားသုံးနိုင်ရေးနှင့် အစားအသောက်များ၏ အရည်အသွေးပြည့်မီမှုရှိစေရေးအတွက် (၁၀-၈-၂၀၂၆) ရက်နေ့တွင် အသင့်စားမုန့်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် အသင့်စားမုန့်များ၏ ထုပ်ပိုးမှုအပေါ် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူအမည်နှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့အပြင် သက်တမ်းကုန်ဆုံးပြီးဖြစ်သည့် မုန့်များကို သက်တမ်းရှိမုန့်များနှင့် ရောနှော၍ ရောင်းချမှုရှိ/မရှိ၊ စားသုံးရန် မသင့်လျော်သည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိတို့ကိုလည်း စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ဆိုင်ရှင်များနှင့် လုပ်ငန်းရှင်များအား မုန့်နှင့် အစားအသောက်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စေရေး၊ သက်တမ်းကုန်ဆုံးသည့် ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရေးနှင့် စားသုံးသူများအတွက် အရည်အသွေးပြည့်မီပြီး ဘေးကင်းလုံခြုံသော အစားအသောက်များ ကိုသာ ရောင်းချရေးတို့ကို အသိပညာပေး လမ်းညွှန်ခဲ့ကြောင်း သိရသည်။

          မအူပင်မြို့နယ်အတွင်း စားသုံးသူများ၏ ကျန်းမာရေးနှင့် အခွင့်အရေးများ မထိခိုက်စေရေးအတွက် အသင့်စားမုန့်နှင့် အစားအသောက်များ၏ အရည်အသွေး၊ ကုန်အညွှန်းအမှတ်အသားနှင့် ဈေးကွက်အတွင်း ရောင်းချမှုအခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆက်လက်စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ ရှင်းလင်းဆွေးနွေး

         ဓနုဖြူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၀-၈-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

         အဆိုပါ အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများအား စားအုန်းဆီဖြန့်ခွဲရောင်းချမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ရှင်းလင်း ဆွေးနွေးရာတွင် ပြည်သူများ စားအုန်းဆီကို သတ်မှတ်ပမာဏအတိုင်း အပြည့်အဝရရှိနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းအလိုက် စားအုန်းဆီထုတ်ယူခွင့် စာအုပ်အသုံးပြု၍သာ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တစ်အိမ်ထောင်စုလျှင် တစ်လအတွင်း စားအုန်းဆီ (၁) ပိဿာနှင့် (၅၀) ကျပ်သား အပြည့်အဝရရှိနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

          ထို့အပြင် စားအုန်းဆီများ ဖြန့်ဖြူးရာတွင် အလေအလွင့်မဖြစ်ပေါ်စေရေး၊ သတ်မှတ်အကျိုး ခံစားခွင့်ရှိသူများထံ မှန်ကန်စွာရောက်ရှိစေရေးနှင့် စာရင်းဇယားများ တိကျမှန်ကန်စွာ ရှိစေရေးတို့အတွက် ဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

        အဆိုပါ လုပ်ငန်းစဉ်များကို အထက်ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးကော်မတီက မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းများကို စိစစ်၍ အမှန်တကယ်အကျိုးခံစားခွင့်ရှိသူများထံ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

          ထို့သို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုတင်ရှင်းလင်းပေးခြင်းဖြင့် ပြည်သူများထံ စားအုန်းဆီများ မျှတစွာနှင့် စနစ်တကျရောက်ရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်တွင် ရေနက်ကွင်းများ၌ စိုက်ပျိုးသော လှေဖြင့်ရိတ်သိမ်းရသည့် လှေထိုးစပါး စိုက်ပျိုးအောင်မြင်ထွက်လျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ရေနက်ကွင်းများ၌ စိုက်ပျိုးပြီး လှေဖြင့်ရိတ်သိမ်းရသည့် လှေထိုးစပါး စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်လျက်ရှိပြီး နှစ်စဉ် စပါးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

      လှေထိုးစပါးသည် ရေတက်ရောက်လေ့ရှိသည့် ရေနက်ကွင်းများတွင် စပါးစိုက်ပျိုးပြီး စပါးရိတ်သိမ်းချိန်တွင် ရေပြင်အတွင်း လှေများအသုံးပြု၍ ရိတ်သိမ်းရသည့် စပါးမျိုးဖြစ်သည်။ အဆိုပါစပါးကို ဧပြီလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီးနောက် လေးလခန့်အကြာတွင် ရိတ်သိမ်းထွက်ရှိကြောင်း သိရသည်။ လှေထိုး စပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို နှစ်ပေါင်း ၂၀ ခန့် ဆက်လက် လုပ်ကိုင်လာကြပြီး စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးများ ဝယ်ယူအသုံးပြုကာ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအကူအညီများကို သက်ဆိုင်ရာဌာနထံမှရယူ၍ စနစ်တကျ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

        လက်ရှိစိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ ဆာဖိုးသာ၊ ၂၁၉ နှင့် GE-11 စသည့်မျိုးများဖြစ်ပြီး တစ်ဧကလျှင် မျိုးစပါး ၃ တင်းမှ ၄ တင်းခန့် အသုံးပြုစိုက်ပျိုးကာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စပါး ၇၀ တင်းမှ ၁၀၀ တင်းခန့်အထိ ထွက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် လှေထိုးစပါးထွက်ရှိမှုမှာ ယခင်နှစ်များထက် အနည်းငယ်လျော့နည်းလျက်ရှိသော်လည်း လက်ရှိ စပါးတင်း ၁၀၀ လျှင် အစို ဈေးနှုန်းမှာ ကျပ် ၁၈ သိန်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

       လှေထိုးစပါးကို ဝယ်ယူသည့် ကုန်သည်များအနေဖြင့် ၁၅ ဦးမှ ၂၀ ဦးခန့်ရှိပြီး မအူပင်ခရိုင် အတွင်းသာမက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိရာ အဓိကအားဖြင့် ကျိုက်လတ်မြို့ရှိ ကုမ္ပဏီများသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။ ကုန်သည်များအနေဖြင့် တစ်နေ့လျှင် စပါးတင်း ၄,၀၀၀ မှ ၅,၀၀၀ ခန့်အထိ ဝယ်ယူရရှိလျက်ရှိကြောင်း သိရသည်။

          လှေထိုးစပါး စတင်ဝယ်ယူရရှိသည့်ကာလမှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် မှ စတင်ခဲ့ပြီး ဇူလိုင် ၁၅ ရက် ခန့်တွင် လှိုင်လှိုင်ထွက်ပေါ်လာခဲ့ကာ ဩဂုတ် ၃၀ ရက်အထိသာ အရောင်းအဝယ် ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ကုန်သည်များထံမှ သိရသည်။ လှေထိုးစပါးများ ဝယ်ယူရရှိရာနေရာမှာ မအူပင်–ဖျာပုံ–ကျိုက်လတ် လမ်းမပေါ်ရှိ ကျုံစုတ်ကျေးရွာ ရေလမ်းနှင့် ကုန်းလမ်းဆုံရာနေရာဖြစ်ပြီး အဆိုပါနေရာတွင် နှစ်စဉ် လှေထိုးစပါးများ စုစည်းရောင်း ဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

       လှေထိုးစပါးစိုက်ပျိုးမှုသည် ရေတက်ကွင်းများကို ထိရောက်စွာ အသုံးချ၍ စပါးထုတ်လုပ်နိုင်သည့် ဒေသအလိုက် ထူးခြားသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ရပ်ဖြစ်သည့်အပြင် တောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းနှင့် ဒေသတွင်း ဆန်စပါးဈေးကွက်အတွက်လည်း အထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)                                                                       

ဘိုကလေးမြို့နယ်ရှိ ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး  အသိပညာပေးဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၆ခုနှစ် ဩဂုတ်လ(၁၀)ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင် (၃၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုဟောပြောပွဲတွင် ခရိုင်ဦးစီးမှုးမှ ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဥပဒေ အခန်း(၁၀)ပုဒ်မ (၂၁)မှာ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များမှာ ကုန်စည်(သို)ဝန်ဆောင်မှု၏ အာမခံချက် သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှတ်ကန်စွာဆက်ဆံခြင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း စသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား ရှင်းလင်းပြောကြားခြင်း၊ ဆီလုပ်ငန်းရှင်(၃၅)ဦးအား မှန်(၆)မှန် ဖြင့် ဗွီနိုင်းများချိတ်ဆွဲ၍ ပြည့်သူများအား ရောင်းချပေးရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ် ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် ၂၀၂၆ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်တာဝန်ခံရုံး၌ ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်အသင်း(ယာယီ)နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ)ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၁၁)ဦးဖြင့် ဥက္ကဌ၊ ဒုဥက္ကဌ၊ဘဏ္ဍာရေးမှူး၊ စာရင်းစစ်အမှုဆောင်အဖွဲ့ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ မြို့နယ်အနေဖြင့် ဆီလက်လီ/လက္ကား ကိုယ်စားလှယ်များအား ကျေးရွာရပ်ကွက်အိမ်ထောင်စုများ ဆီစာအုပ်များဖြင့် ရောင်းချရာတွင် မှန်(၆)မှန်ဖြင့် ရောင်းချရေးနှင့် ကစားရန်အလိုဌာ သိုလှောင်ခြင်းများကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ပြည်သူများထံသို ရောင်းချပေးရန် အသိပေး/ သတိပေးဆောင်ရွက်သွားရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားမှုများအရ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ အပတ်စဉ် လစဉ်ကွင်းဆင်းရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို စားသုံးသူများ စိတ်ကျေနပ်စွာ ရောင်းချပေးကြရန် ဆီအသင်းမှ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ