Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Terminal – M (Ocean Super Center) သို့ ကွင်းဆင်းစစ်ဆေးခြင်း

            (၂၂.၉.၂၀၂၅)ရက်နေ့ နေ့လည် (၁:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာဒုံမြို့နယ်ရှိ Terminal – M (Ocean Super Center)ရှိ ဆန်အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး နှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိ/မရှိစစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက် များကို စစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းဖြင့်  1 Kg မှ 24 Kg ထိ ဈေးနှုန်း ကပ်ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ Ocean Super Center ဆန်အရောင်းကောင်တာသို့ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် အမှတ်(၂၄၆)၊ မက္ခရာ မင်းသားကြီး မောင်ပျိုလမ်း၊ စက်မှုဇုန်(၂)လှိုင်သာယာမြို့နယ်ရှိ Ocean Super Center ဆန် အရောင်းကောင်တာသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် Ocean Super Center မှ တာဝန်ခံက ပူးပေါင်းပါဝင်လျက် ဆန် အရောင်းကောင်တာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချ ဖြန့်ဖြူး ခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

     DOCA (ရန်ကုန်)

အင်္ဂပူမြို့နယ် စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၉.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်း မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက ဦးမိုးကျော်က ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သော ဆီများ ထုတ်ယူသုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူ သုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော  ဆီလိုအပ် ချက်များတင်ပြရာတွင် မိမိတို့အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန်၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများ ထားရှိစေ‌ရေး၊ မိမိတို့ လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ထို့နောက်လုပ်ငန်းရှင်တစ်ဦးချင်း မိမိတို့နေ့စဉ်သုံးစွဲလျက်ရှိသော ဆီလို အပ်ချက်စာရင်းများအား မေးမြန်းခဲ့ပြီး စနစ်တကျစာရင်းခွဲဝေ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရှင် (၃၅)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၅:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သိရှိရပါသည်။

EYDNS(DOCA ဧရာဝတီ)

 “စုစံ” စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၉.၂၀၂၅) ရက်နေ့ နံနက်(၁၁:၁၅)အချိန်တွင် အမှတ်(၁၁)၊ ဆိပ်ကမ်းသာလမ်း၊ ရွှေပြည်သာစက်မှုဇုန်ရှိ  စုစံစက်သုံးဆီဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန်၊ (PPRD)စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ်နှင့်အလေးချိန်မှန်ကန်မှုရှိ/မရှိ စစ်ဆေးရာ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စက်သုံးဆီအရောင်း ဆိုင်များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။   

  DOCA (ရန်ကုန်)

မနီအိမ်ခြံမြေရောင်းဝယ်ရေး အကျိုးဆောင်လုပ်ငန်းအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မနီအိမ်ခြံမြေရောင်းဝယ် ရေးအကျိုးဆောင်လုပ်ငန်းအား အိမ်အမှတ် (၂၂၄၅)၊ လှော်ကားလမ်း၊ ၁၄၆ ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်) 

မင်္ဂလာဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

           (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အသံလွှင့်ရုံလမ်း၊ အနန်းပင်ရပ်ကွက်၊ လေယာဉ်ဆီဌာနအနီး ရှိ မင်္ဂလာဒုံမြို့နယ်ရှိ Royal Victory စက်သုံးဆီဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

          အဆိုပါ အရောင်းဆိုင်တွင် ရောင်းဈေးတစ်လီတာလျှင် (92 - ၂၈၉၅ ကျပ်)၊ (95 - ၂၉၇၀ ကျပ်) (HSD – ၂၅၇၅ ကျပ်)၊ (PHSD - ၃၁၇၀ ကျပ်)တို့ဖြင့် စက်သုံးဆီများ သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပြီး ဆီဝင်ရောက်မှုနှင့်ဆီလက်ကျန်အခြေအနေများ၊ အလေးချိန် မှန်ကန်မှုရှိ/မရှိနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး များ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ရန်ကုန်)

         

ကြံခင်းမြို့နယ် အွန်လိုင်းစနစ်ဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး  TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၉.၉.၂၀၂၅)ရက်နေ့ နေ့လယ်  (၁၅:၀၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဆိုင်ရာအသိပညာပေးTalk Showအစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက  ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါးဈေးနှုန်း ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်‌ရေး၊ ဆန်စပါးသိုလှောင်ရုံတည်ရှိမှုအခြေအနေများကို စနစ် တကျစာရင်း ပြုစု မှတ် တမ်းတင်နိုင်ရေး၊ သိုလှောင်ရုံကုန်အမှတ်လက်ခံရေးတို့ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ www.myro. com.mm တွင် မှတ်ပုံတင်နိုင်ကြောင်း အသိပေးကြေငြာထားပြီး ဖြစ်ပါသည်။ ဆန်စပါးလုပ်ငန်း ရှင်များအနေဖြင့် မိမိတို့သိုလှာင်ရုံသည် ဆန်တန်ချိန်အားဖြင့် ၅၀ တန်၊ စပါးတင်းအနေဖြင့် ၅၀၀၀ အိတ် အထက်မှစ၍ သိုလှောင်ရုံမှတ်ပုံတင်ရမည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှ စ၍ ဆန်တန်ချိန် (၂၅)နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူများပါ သတ်မှတ်ထားသည်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

EYDNS (DOCA ဧရာဝတီ)

One Stop Mart ၌ ကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးပါ (၃)ဦး တို့သည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၅၀)အချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၅၂)၊ လှိုင်မြစ် လမ်းမပေါ်ရှိ  One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် One Stop Mart တာဝန်ခံ ဒေါ်နှင်းမွန်အောင် ပါဝင်လျက် ဈေးကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်း(၃)မျိုး၊ အသင့်သောက်အချိုရည်(၃)မျိုး၊ အရန်သင့် အစားအစာများ(၇)မျိုး၊ အဟာရဖြည့်စွက်စာများမှ (၂)မျိုးနှင့် လူသုံးကုန်ပစ္စည်းများမှ (၃)မျိုးခန့် အား စစ်ဆေးခဲ့ရာ ယခင်အပတ်ထက်၊ ယခုအပတ်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ပစ္စည်းများ လည်းပြတ်လပ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တာဝန်ခံအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့် အချက်များကို သေချာစွာ လိုက်နာဆောင်ရွက်သွားရန်တို့ကို အသိပေးပြောကြားခဲ့ ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

အင်္ဂပူမြို့နယ် Online ရောင်းချသူလုပ်ငန်းရှင်အား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁၉) ရက် နေ့တွင် အင်္ဂပူမြို့နယ်၊ ပတ္တမြားလမ်း၊ အမှတ်(၁)ရပ် ကွက်၊ ထူးကြီးမြို့ရှိ  THET Cosmetics Online ရောင်းချသူ ဒေါ်အိသက်ဝေမွန်နှင့်တွေ့ဆုံ၍ Online ရောင်းချမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည် များကို အသိပညာပေးဟောပြောဆောင်ရွက်ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအချက်များပြည့်စုံစွာဖော်ပြနိုင်ရေး လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ ရောင်း ချသည့် ကုန်ပစ္စည်းများအပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိစေခြင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေတွင်ဖော်ပြထားသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)၊ ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ(ဋ) စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအား အသေးစိတ်နားလည်သဘောပေါက်စေရန် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် အင်းစိန်မြို့နယ်၊ အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်ရှိ သန့်စင်စတိုးသို့ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် သန့်စင်စတိုးမှ ဦးဟိန်းမင်းဇော် တာဝန်ခံမှ ပူးပေါင်းပါဝင်လျက် ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန် အသင့်သောက်အချိုရည်၊ အရံသင့်အစား အစာများ၊ အာဟာရဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများရှိ ကုန်ပစ္စည်းအမျိုးအမည်၊ အမှတ် တံဆိပ်၊ အရွယ်အစား၊ ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းများကို စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိပဲ ဈေးနှုန်းမှာလည်း ယခင်ဈေးနှုန်းအတိုင်း ဈေးနှုန်းမြှင့်တက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ယခင်ဈေး၊ ယခုဈေးများမြှင့်တက်ခြင်း မရှိစေရေး ပစ္စည်းများလည်း ပြတ်လပ်မှုရှိစေရေးတို့အား အထူးအလေးထားဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ