Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  အသိပညာပေးဟောပြောခြင်း

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်းလိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များကို အွန်လိုင်းလုပ်ငန်းများအား မှတ်ပုံတင်ရယူရေး ဆောင်ရွက်စေရန်အတွက် အသိပညာပေးဟောပြောခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူသွယ်လင်း (ဦးစီးမှူး) ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၉-၇-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့ရှိ နာရီအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင် (၂)ဦးတို့အား မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်၏အဓိပ္ပာယ်၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၅၀/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်လုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချ ခြင်းလုပ်ငန်း၏အဓိပ္ပာယ်၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၂၃အရ  မှတ်ပုံတင်လျှောက်ထားခြင်းနှင့် လျှောက်ထားမှုအတွက် သတ်မှတ်ချက် များအကြောင်း၊ မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့် အချက်အလက်များနှင့် မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ eComReg System ၏ Report နှင့်ပတ်သက် သည့် အသုံးပြုရန်နည်းလမ်းများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများအကြောင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အွန်လိုင်းရောင်းချမှုကဏ္ဍများတွင် စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာခဲ့ပါက တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက် ပေးနေမှုအခြေအနေ၊ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများတွင် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီပြည့်စုံသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေး ခဲ့ပြီး “မိမိတို့ အွန်လိုင်းဆိုင်တွေကို ဘယ်မှာဘယ်လို မှတ်ပုံတင်ရမှာလဲ” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ပညာခတ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး လုံခြုံစိတ်ချရသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရွေးချယ်အသုံးပြုနိုင်စေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် ပညာခေတ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ ၃၀၀ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

       ဟောပြောပွဲတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ အသိပညာပေးဟောပြောရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခြေခံအခွင့်အရေးများ၊ စားသောက်ကုန်နှင့် လူသုံးကုန်များ ဝယ်ယူရာတွင် သတိပြုစစ်ဆေးရမည့် အချက်များ၊ ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုနားလည်အသုံးပြုနည်း၊ သက်တမ်းကုန်ဆုံးရက် (Expiry Date) နှင့် ထုတ်လုပ်သည့်ရက်စွဲ (Manufacturing Date) ကို စိစစ်ဝယ်ယူရန် လိုအပ်ချက်များ၊ မလုံခြုံသောကုန်ပစ္စည်းများနှင့် ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် Consumer call center 1535 ဆက်သွယ်တိုင်ကြားနိုင်မှု နည်းလမ်းများကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

          ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၉-၇-၂၀၂၆ ရက်နေ့ ၁၀:၃၀နာရိအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ လက်လီရောင်းချသော ဦးခေါရုံး(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရရှိမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “Yoshi” အမှတ်တံဆိပ်ပါ စတော်ဘယ်ရီနို့ဒိန်ချဉ် (နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး)တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထား သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက် (၇)ချက်အနက် အစားအသောက်များ  ကုန်စည်အုပ်စုရှိ   နို့နှင့်နို့ထွက်ပစ္စည်း    အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထား ကြောင်း၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူ ရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး (ရုံးအုပ်) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၉-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကဝါးခရပ်ကွက်ရှိ လက်လီရောင်းချလျက်ရှိသော Sunn(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “PREMIER” အမှတ်တံဆိပ်ပါ သဘာဝကော်ဖီမှုန့်စစ်စစ် (အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး) တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက်များ ကုန်စည်အုပ်စုရှိ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ် အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်ဖြစ်၍ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ ပြည်စုံစွာပါရှိကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန် တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၁၀-၇-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ်(၃၁၁၁)၊ စေတနာလမ်း၊ ရေဆင်းရပ်ကွက်၊  ဇေယျာသီရိမြို့နယ်ရှိ “ ဆွေသဟာ တိရစ္ဆာန်ဆေးဝါး၊ အစာနှင့် ဆက်စပ်ပစ္စည်းဆိုင် ” သို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသော လက်လီ/လက္ကားကုန်စုံ ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ( ၉ ) ရက်နေ့၊ နေ့လယ် ( ၁၄:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခဲ့ပြီး ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုး မျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များ၌ ရောင်းချနေသော အရန်သင့်အစားအစာ အများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေ ဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အရန်သင့်အစားအစာများကို သာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအား  အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကယား)

ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော အဖျော်ယမကာနှင့် အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

        ပြည်သူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော အဖျော်ယမကာနှင့် အချိုရည်များကို ဝယ်ယူစားသုံးနိုင်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် မြို့နယ်အတွင်းရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော အဖျော်ယမကာနှင့် အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် ဖော်ပြထားမှု၊ စားသုံးရန်သင့်လျော်သော အခြေအနေရှိ/ မရှိ၊ သိုလှောင်ရောင်းချမှု အခြေအနေနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့အပြင် အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ သက်တမ်းလွန်နှင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို မရောင်းချရန်နှင့် စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်းခတ်မှုန့်၊ အရသာမှုန့်နှင့် ဆပ်ပြာအမျိုးမျိုးအား ကုန်အညွှန်းနှင့် အလေးချိန်ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

        ပြည်သူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်စေရေးအတွက် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် ပန်းတနော်မြို့နယ် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဟင်းခတ်မှုန့်၊ အရသာမှုန့်နှင့် ဆပ်ပြာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုနှင့် အလေးချိန် မှန်ကန်ပြည့်မီမှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ ကုန်ပစ္စည်းများပေါ်တွင် ထုတ်လုပ်သူအမည်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် အသုံးပြုရန်အညွှန်းများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ စိစစ်ခဲ့သည်။ ထို့ပြင် ထုပ်ပိုးဖော်ပြထားသည့် အလေးချိန်နှင့် အမှန်တကယ်ပါရှိသော အလေးချိန်ကို တိုင်းတာစစ်ဆေးခဲ့ပြီး သတ်မှတ်အလေးချိန် ပြည့်မီစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စစ်ဆေးမှုအတွင်း ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အလေးချိန်မပြည့်မီသော ကုန်ပစ္စည်းများ မရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စားသုံးသူအခွင့်အရေးကို အလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ဘေးကင်းလုံခြုံသော အစားအသောက်များ စားသုံးနိုင်စေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တာကွေ့ကျေးရွာရှိ ကျောင်းမုန့်ဈေးတန်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ ရောင်းချလျက်ရှိသော စားသောက်ကုန်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိ၊ ကုန်ပစ္စည်း၏ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် ဖော်ပြထားမှု၊ သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်းရှိ/ မရှိ၊ ကုန်ပစ္စည်းများကို သန့်ရှင်းလုံခြုံစွာ သိုလှောင်ရောင်းချထားခြင်း ရှိ/ မရှိ တို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထို့အပြင် ဈေးရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော စားသောက်ကုန်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျ စိစစ်ရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဌာနပေါင်းစုံ စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ပေါ်ရှိ ဆေးရောင်းချသောဆိုင်များကို စံမမှီဆေးဝါးများ မှတ်ပုံတင်မထားသောဆေးဝါးများ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိကို ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊  FDA၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဇူလိုင်လ ၉ရက်နေ့ နံနက် ၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးမှု ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးက စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြည်သူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ဆေးဝါးများ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ဆေးဆိုင်လိုင်စင် ရှိ/ မရှိ၊ သက်တမ်းတိုးထားမှုအခြေအနေ၊ ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက်၊ မှတ်ပုံတင်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု၊ သိုလှောင်သိမ်း ဆည်းမှုအခြေအနေနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် ဆေးဆိုင်ပိုင်ရှင်များအား သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာရောင်းချရန်နှင့် စားသုံးသူအခွင့်အရေးကို အလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ