ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းကျဆင်းလာသောမြင်းခြံမြို့၏သံပုယိုသီး

        မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်ကျေးရွာ၊ တလုပ်ကျေးရွာနှင့် လေးအိမ်တန်းကျေးရွာများတွင် သံပုယိုသီးများကို စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ အပင်ပြုစုပြီး ရေသွင်းစိုက်ပျိုးပါ၍ မြေဩဇာကျွေးပါက နှစ်ပါတ်လည် အသီးထွက်အားကောင်းကြောင်း၊ စိုက်ခင်းများမှထွက်ရှိသော သံပုရာသီးများကို တောင်သူများကိုယ်တိုင် ‌အေးမြသီတာဈေးနှင့် စံပြဈေးများသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ သံပုယိုသီးကြီးစတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် သံပုယိုသီးအစစုံ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ဒေသတွင်း သံပုယိုသီးများထွက်ပေါ်ချိန်ဖြစ်၍ အသီးအထွက်နှုန်း ကောင်းသောကြောင့် သံပုယိုသီးဈေးနှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း၊ သုံးစွဲသူများသောကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း သံပုယိုစိုက်ဝောာင်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ထားဝယ်ဒေသထွက် မုန်လာဥဖြူစျေးနှုန်း

    မုန်လာဥဖြူသည် ဆောင်းရာသီတွင်ထွက်ရှိသော ဆောင်းသီးနှံဖြစ်သောကြောင့် ယခုအချိန် တွင် အရောင်းအဝယ်ပိုမိုဖြစ်ထွန်းလျက်ရှိပါသည်။ ထားဝယ်မြို့ အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် အိမ်ခြံမြေများတွင် မုန်လာဥဖြူများအား အများအပြားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့အတွင်းရှိစျေးများတွင် မုန်လာဥဖြူများ ရောင်းချကြပါသည်။

     ယခု ဒီဇင်ဘာလ ပထမပတ်တွင် မုန်လာဥဖြူများသည် အသင့်အတင့်ပေါများနေသော်လည်း စျေးနှုန်းများမှာ တစ်စည်းလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့်‌ ရောင်းချလျက်ရှိရာ ရောင်းချသူများ အနေဖြင့် စျေးကောင်းရရှိနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့တွင်ရောင်းချနေသော မန်ကျည်သီးအစိမ်း၊ အမှည့်စျေးနှုန်း

     မန်ကျည်းသီးသည် အပူပိုင်းဒေသများများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် များစွာ ပေါက်ရောက်ကြပါသည်။ သစ်မာပင်အမျိုးအစာြဖစ်ပြီး အသီးမှာအမျှင်ဓါတ်ကြွယ်ဝသောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေး၊ စည်ပင်သာယာစျေးနှင့်ရပ်ကွက်ကုန်စုံဆိုင်များတွင် ဒေသထွက် အသီးအရွက်များဖြစ်သည့် မန်ကျည်းသီးအစိမ်းနှင့် အမှည့်များရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

      ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ထားဝယ်မြို့ကမ်းနားပျံကျစျေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းစျေးနှုူန်းမှာ နို့ဆီဗူး(၁)ဗူးလျှင် (၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီး အမှည့်အစေ့လွတ်(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်ဒေသထွက် ကွမ်းရွက် ဈေးနှုန်း/ဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကွမ်းရွက်ဈေးနှုန်း မြင့်တက်မှုကြောင့် ကွမ်းရွက်စိုက်ပျိုး သူများ ပိုမိုအဆင်ပြေလျက် ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ ကွမ်းရွက်ပင်အစ စိုက်ပျိုးချိန်၌ အပင်ငယ်စဉ်တွင် ကြီးထွားမှုအတွက် တိုင်များစိုက်၍ စနစ်တကျစိုက်ပျိုးရခြင်း၊ လေဒဏ်၊ နေဒဏ်ခံနိုင်ရန်အကာအကွယ်များ၊ ရေကောင်းစွာရရှိသော နေရာများတွင် စိုက်ပျိုးရကြောင်းသိရှိရပြီး ဒေသထွက်ကွမ်းရွက်များကို သရက်ချောင်းမြို့မစျေးနှင့် ထားဝယ်မြို့ပေါ်သို့ တင်ပို့ရောင်းချကြကြောင်းနှင့်  ကွမ်းရွက်အသေးတစ်စည်းလျှင် (၂၀၀၀-၂၅၀၀ ) ကျပ် နှင့် အကြီးတစ်စည်းလျှင် (၃၅၀၀-၄၀၀၀ ) ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း

   စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးသည် ပူနွေးသောရာသီတုဥကို ကြိုက်နှစ် သက်သည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် အနှံ့အပြားစိုက်ပျိုးကြသလို အိမ်ရှင်မများအတွက် အလွန်အသုံးဝင်သည့် သီးနှံဖြစ်ပါသည်။ မြန်မာဟင်းအမျိုးမျိုးချက်ပြုတ်ရာတွင်လည်း အလွန်အသုံး ဝင်သည့် သီးနှံဖြစ်သည့်အတွက် ချတ်ပြုတ်၍ဖြစ်စေ၊ အစိမ်းလိုက်ဖြစ်စေ အလွယ်တကူ စားသုံးနိုင် သည့် သီးနှံဖြစ်ပါသည်။ ခရမ်းချဉ်သီးများကိုထားဝယ်မြို့ ကျေးရွာများရှိ ခြံမြေများနှင့် လယ်ယာမြေ များတွင် စီးပွားဖြစ် ဟင်းသီးဟင်းရွက်အဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ရန်ကုန်၊ မန္တလေးပွဲရုံ များမှ ကားလမ်းဖြင့်ဝင်ရောက်လျက်ရှိရာ ရောင်းချသူများအနေဖြင့် ထားဝယ်မြို့ရှိ ကမ်းနားပျံကျ စျေး၊ ညနေစျေးများတွင် သယ်ယူရောင်းချကြပြီး ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဈေးနှုန်းဖြင့် ရောင်းချကြကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၏ ထွက်ကုန်ဖြစ်သော ဝဥအကြမ်း၊ အခြောက် စျေးနှုန်း/စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များပေါများပြီး အဆိုပါ တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ၊ တောင်ကြားလွင်ပြင်များတွင် ဝဥများသည် သဘာဝ အလျောက်ပေါက်ရောက်ကြပြီး ယခုအခါ စီးပွားဖြစ်စိုက်ပျိုးကြရာ ဒေသအခေါ်(ပိန်းဥ)ဟူ၍ခေါ်ကြ သည်။ ဝဥများအား ဇူလိုင်လမှ အောက်တိုဘာလများကဲ့သို့ မိုးကောင်းသောအချိန်များတွင် တူးဖော် ရရှိပြီး ယခုနှစ် ဝဥပေါ်ချိန်တွင် တူးဖော်ရရှိသော ဝဥအကြမ်းများအား ထားဝယ်မြို့ပေါ်ရှိ အဝယ်ဒိုင် များမှတစ်ပိဿာလျှင် (၃၆၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဝဥ ကုန်ကြမ်းများ အား ရေး၊ မန္တ‌လေး၊ တရုတ်ဝယ်လက်ကုန်သည်များသို့တစ်ဆင့် ပြန်လည်ရောင်းချပြီး ၎င်းတို့မှ တစ်ဆင့် တရုတ်ပြည်သို့တင်‌ပို့ရောင်းချ၍ ဒေသတွင်းအလုပ်ရုံများဖြင့် ဝဥအကြမ်းများအား ရေဆေး သန့်စင်ကာ လှီးစက်ဖြင့်(Chip) ပြားများပြုလုပ်အခြောက်ခံပြီး အရည်အသွေးကောင်းမွန်သော ဝဥခြောက် များအား တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း သိရပါသည်။ ယခုအခါ ဝဥအခြောက်များအား တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ဂေါ်ရခါးသီး စျေးနှုန်း

        ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ဂေါ်ရခါးသီးသည် ကိုယ်ခံ စွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရနှင့်သတ္တုဓါတ်များစွာ ပါဝင် သဖြင့် ဂေါ်ရခါးသီးအား အသားနှင့်တွဲဖက် ချက်ပြုတ်စားသောက်ခြင်း၊ ကြော်စားခြင်း၊ ဟင်းချို ချက်စားခြင်း၊ သုတ်စားခြင်း၊ အတို့အမြှပ်အဖြစ်စားသုံးခြင်း၊ ကျန်းမာရေးလိုက်စားသူအချို့သည် ဂေါ်ရခါးသီးအား ဖျော်ရည်အဖြစ် ဖျော်သောက်ခြင်းများအပြင် အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။

          ထားဝယ်မြို့ပေါ်တွင်ဂေါ်ရခါးသီးအား ရှမ်းပြည်နယ်မှတိုက်ရိုက်ဝယ်ယူရောင်းချခြင်း၊ ရန်ကုန် ၊ မန္တလေးပွဲရုံများမှ တစ်ဆင့်ဝယ်ယူရောင်းချသည့်အပြင် ထားဝယ်မြို့အနီးရှိ  မြေအစိုဓါတ်ရှိသည့် အချို့သောကျေးရွာများတွင် ဂေါ်ရခါးသီးပင်အား စိုက်ပျိုးကြပြီး ပွင့်သီးထွက်ရှိလာသော ဂေါ်ရခါး သီး များအား အိမ်စားသုံးခြင်း၊ ကျေးရွာစျေးများတွင်ရောင်းချခြင်း၊ ထားဝယ်မြို့ပေါ်ရှိ စျေးများတွင် ရောင်း ချကြခြင်းဖြင့် ဒေသတွင်းမိသားစု ဝင်ငွေများရရှိလျက်ရှိပါသည်။ ယခုဒီဇင်ဘာလ ဒုတိယအပတ် အတွင်း ထားဝယ်မြို့ပေါ်ရှိ ကုန်စိမ်းစျေးနှင့် ကမ်းနားစျေးတို့တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် ၅၀၀ ကျပ် ဖြင့်ရောင်းချပြီး အခြားကိုယ်ပိုင်စျေးငယ်များတွင် တစ်လုံးလျှင် ၆၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း အဆိုပါစျေးများရှိ ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၏ ထွက်ကုန်တစ်မျိုးဖြစ်သော ကွမ်းသီး စျေးနှုန်း/စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များပေါများပြီး အဆိုပါ တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ၊ တောင်ကြားလွင်ပြင်များတွင် စီးပွားဖြစ်နှစ်ရှည် သီးပင် များအား အများဆုံးစိုက်ပျိုးကြရာ ကွမ်းသီးပင်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ကွမ်းသီး ပင်များအား တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းခရိုင်ရှိ ဥယျာဥ်ခြံ များတွင် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိပါသည်။

      ကွမ်းသီးပင်သည် စိုက်ပျိုးပြီး ၈ နှစ်သားခန့်တွင် အသီးများစတင်ဆွတ်ခူးရရှိပါသည်။ ကွမ်းသီး ဆွတ်ခူးချိန်သည် ကွမ်းသီးမှည့်စတင်ထွက်ရှိသည့် အောက်တိုဘာလဝန်းကျင်မှ ဧပြီလကုန်အထိ ဖြစ်ပါသည်။ ယခုဒီဇင်ဘာလဒုတိယအပတ် ကွမ်းသီးစျေးနှုန်းမှာ အခွံပါကွမ်းသီးအမှည့် တစ်လုံးလျှင် ၅၀ ကျပ်၊ အခွံမပါကွမ်းသီး အခြောက်အလုံး/အခြမ်း တစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်၊ ကျပ်ဖြင့် ထားဝယ်မြို့ပေါ်ရှိ ကွမ်းသီးဒိုင်များမှဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ကွမ်းသီးအမှည့် များ၊ ကွမ်းသီးအခြောက်အလုံး/အခြမ်းများအား မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ကွမ်းသီးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ အဆိုပါစျေးနှုန်းများသည် ထားဝယ်မြို့ပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော စျေးနှုန်းများဖြစ်ပြီး မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းခရိုင်ရှိ စျေးနှုန်းများမှာ အနည်းငယ်ကွာခြားနိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ဘူးသီးနှင့် ရွှေဖရုံသီး

    ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင်  ရာသီပေါ် သီးနှံများ၊ အသားငါးများကိုရောင်းချလျက်ရှိရာ ရာ သီအလိုက်ပေါ်သည့် အသီးအနှံများအပြင် နေ့စဉ် စိုက်ပျိုးထွက်ရှိသည့် အသီးများကိုလည်း ရောင်းချ လျက်ရှိပါသည်။ ဘူးသီးကို မိမိတို့အိမ်များ၊ ခြံဝန်းများတွင် စိုက်ပျိုးကြပြီး ရွှေဖရုံသီးကို ရွှေဘို မြို့နယ်အပြင် အခြားရွာများမှလည်း လာရောက်ရောင်းချကြကြောင်း၊ ဆောင်းရာသီဖြစ်သော ကြောင့် ဘူးသီးနှင့်ဖရုံသီးမှာ နှင်းကျ၍ အထွက်နည်းကြောင်း၊  ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော ဘူးသီးဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ်မူတည်၍ ဘူးသီး(၁) လုံးလျှင် (၁၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ထိ ရောင်းချလျက်ရှိပြီး  ရွှေဖရုံသီး (၁)လုံးလျှင် အရွယ် အစားအကြီးအသေးပေါ်မူတည်၍ (၁)လုံးလျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချ လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တောင်သူများသည် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ဗုံတို၊ ဘုမ္မနိုးကျေးရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ဘုမ္မနိုး ကျေးရွာတွင် စိုက်ဧက (၁၀) ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

    ခရမ်းချဉ်စိုက်ပျိုးရာတွင် တစ်ဧကကို မျိုးစေ့(၆)ထုပ်ကုန်ကျပြီး တစ်ထုပ်လျှင် ၄၂၀၀၀ ကျပ် နှုန်းဖြင့် ပေးဝယ်ရပါကြောင်း၊ မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင် တစ်လသားကျော် အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင် စနစ်ဖြင့်စိုက်ပျိုး၍ စိုက်ပျိုးပြီး နှစ်လအကြာတွင် အသီးများ စတင်ဆွတ်ခူးနိုင်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၀ သိန်းခန့် ကုန်ကျကြောင်း သိရသည်။

    အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးကို အမှည့်ရောင်းချခြင်းမပြုဘဲ၊ အစိမ်းကောက် ရောင်းချပါကြောင်း၊(၇)ရက်တစ်ပတ် တစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်တွင် ခရမ်းချဉ် သီးအစို ပိဿာချိန် ၃၅၀-၄၀၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှစ၍ တစ်ဧကလျှင် စုစုပေါင်း ပိဿာချိန် ၃၅၀၀-၄၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်း ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ခရမ်းချဉ်သီးအစိမ်း လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀-၃၀၀၀၊ လက်လီ တစ်ပိဿာလျှင် ၃၅၀၀ နှုန်းဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရောင်းချမှုများရှိသည့်အပြင် မုံရွာမြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့၊ ကုန်စိမ်းဒိုင်များသို့ တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်  သိန်း (၆၀)ကျော်ခန့် ရရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း