ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်လျက်ရှိ”

   နွေ ၊ မိုး ၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များအား စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီး သီးနှံကို ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိပါသည် ။ ယခုအချိန်တွင် ရှမ်းပြည်နယ်၊အောင်ပန်း ၊ အင်းလေးမှထွက်ရှိသော ခရမ်းချဉ်သီးများ ကျောက်ဆည်ခရိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိသလို ၊ မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများလည်း အနည်းငယ်ထွက်ပေါ်နေပြီး ခရမ်းချဉ်သီး‌ စျေးနှုန်း အနေဖြင့် နိုဝင်ဘာလနောက်ဆုံးပတ်တွင် (၁)ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ် ရှိခဲ့ရာမှ ဒီဇင်ဘာလ ပထမပတ်တွင် (၁)ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ် နှင့် ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လာကြောင်း ၊ ခရမ်းချဉ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် အောင်ပန်း ၊ အင်းလေးမြို့များမှ ဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်း နှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA( မန္တလေး)

“ငရုတ်သီးအစိမ်းစျေးနှုန်းစျေးကွက်”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိရာ ခရိုင်အတွင်းထွက်ရှိသော ငရုတ်ကို အမှည့် အစိုများအား အခြောက်ခံ၍ ပိဿာ၊တင်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ငရုတ်သီးအစိမ်းအနေဖြင့် ရောင်းချမှုမရှိကြောင်း ၊ စျေးကွက်အတွင်း စားသုံးသူများအတွက် ငရုတ်သီးအစိမ်းများဝင်ရောက် လျက်ရှိရာ အောင်ပန်းဒေသမှအများဆုံးဝင်ရောက်လျှက်ရှိကြောင်း ၊ ဝင်ရောက်သော ငရုတ်သီးစိမ်း အမျိုးအစားများမှာ လျှာဂျွန်းထိုး ၊ ကုလားအော် ၊ ငရုတ်ရှည် နှင့် ငရုတ်ပွသီးများဖြစ်ပြီး ငရုတ်သီး အစိမ်းကို (၁)ရက်လျှင် ပိဿာ(၅၀၀ မှ ၁၀၀၀)ကျော်အထိ စျေးကွက်အတွင်းသို့ ဝင်ရောက်လျက် ရှိကြောင်း ၊ လျှာဂျွန်းထိုး ငရုတ်သီးအစိမ်း (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ်  ၊ ကုလားအော် ငရုတ်သီး အစိမ်း (၁)ပိဿာလျှင် (၁၀၀၀၀/-)ကျပ် ၊ ငရုတ်ပွသီး အစိမ်း (၁)ပိဿာလျှင်(၈၀၀၀/-)ကျပ် ၊ ငရုတ်ရှည်သီးအစိမ်း (၁)ပိဿာလျှင် (၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း ၊ စားသုံးသူများမှာ ငရုတ်သီးအစိမ်းသီးနှံကို ပိုမိုစားသုံးကြသဖြင့် အရောင်းသွက်ကြောင်း၊ ငရုတ်သီး အစိမ်းရောင်းချသော စျေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“အာလူးစျေးနှုန်းများတည်ငြိမ်လျက်ရှိ”

   ကျောက်ဆည်မြို့ရှိ ‌အေးမြကြည်လင်စျေး နှင့် မြို့မဈေးများသို့ အာလူးသီးများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်နယ် အောင်ပန်း ၊ ပင်းတယ နှင့် ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ အာလူးသီး သီးနှံကို စားသုံးသူပြည်သူများက အလွန်ကြိုက်နှစ်သက်သောကြောင့် ဝယ်လိုအားရှိ ကြောင်း၊ အာလူးစျေးနှုန်း အနေဖြင့် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် လက်လီ(၁)ပိဿာလျှင် အသေး(၄၅၀၀/-)ကျပ်၊ အလတ်(၅၅၀၀/-)ကျပ်၊ အကြီး(၆၅၀၀-)ကျပ်စျေးနှုန်းများဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ပထမပတ်တွင် လက်လီ(၁)ပိဿာလျှင် အသေး(၄၅၀၀/-)ကျပ်၊အလတ် (၅၅၀၀/-)ကျပ်၊အကြီး(၆၅၀၀-)ကျပ်စျေးနှုန်းများဖြင့် ‌ရောင်းဝယ်လျက်ရှိပြီး စျေးနှုန်းများတည်ငြိမ် နေကြောင်း အာလူးရောင်းချသည့် ဈေးသည်များထံမှသိရှိရပါသည် ။ အာလူးကို ဟင်းချက်၍ သော်လည်းကောင်း၊ အာလူးကို အသားများနှင့်ရောပြီး ချက်ပြုတ်စားသောက်၍ သော်လည်းကောင်း၊  အာလူးကိုကြော်စား၍ သော်လည်းကောင်း၊ အသုတ်များတွင်လည်းထည့်၍ သော်လည်းကောင်းစားသုံး ကြပါသည် ။ အာလူးသီးနှံတွင် ဗီတာမင် C ပါဝင်သောကြောင့် အရေပြားကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ကြောင်း ကျန်းမာရေး စာစောင်များမှသိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာချဉ်ပေါင်ဖူးဈေးနှုန်း

   မန္တလေးမြို့၊ နန်းရှေ့ဈေး၌ ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိသည့်အနက် စားဖိုဆောင်သီးနှံဖြစ်သော ချဉ်ပေါင်ဖူးသီးနှံများကိုလည်း ‌ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ချဉ်ပေါင်ဖူး ၂၅ ကျပ်သားလျှင်(၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ရာသီပေါ်ဖြစ်၍ စားသုံးမှုများပြားပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ချဉ်ပေါင်ဖူးသည် အာဟာရကြွယ်ဝပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးခြင်း၊ ကိုလက်စထရော နှင့် သွေးတွင်းအဆီများကျစေပြီး တုပ်ကွေးနှင့် အအေးမိရောဂါကို ကာကွယ်ပေးကြောင်း၊ ဗီတာမင်စီကြွယ်ဝသောကြောင့် အသားအရေကြည်လင်ဝင်းပကြောင်း၊ စားသုံးမှုအနေဖြင့် ချဉ်ပေါင် ဖူးကိုမြေပဲထောင်း၊ ပဲကျက်မှုံ၊ဆီချက်တို့ဖြင့် သုပ်စားခြင်း၊ ပုစွန်တို့ဖြင့်ကြော်ချက်စားခြင်း၊ ထောင်းစားခြင်း၊ ချဉ်ပေါင်ဖူးဖျော်ရည်ခြင်း၊ ဟင်းရည်ချက်ခြင်းနှင့်  ရေနွေးကြမ်းအနေဖြင့်လည်း သုံးဆောင်နိုင်ကြောင်း အမျိုးမျိုးပြုလုပ်စားသုံးကြသောကြောင့် ဈေးကွက်တစ်ခုအဖြစ် ရောင်းဝယ် လျက်ရှိသည်။

 DOCA(မန္တလေး)

သွေးသားသန့်စင်သောကန်စွန်းရိုးနီ

   ကန်စွန်းရိုးနီပြုတ်ရည်သည်  ငွေကုန်သက်သာပြီး ခန္ဓာကိုယ်အတွက် အကျိုးများစေ၍ သွေသားသန့်စင်သလို ကိုယ်တွင်းအပူကင်းစင်ပြီး အသားအရည်ကြည်လင်လာခြင်းကြောင့်  ကျားမ မရွေးသောက်သုံးရန်လိုအပ်ကြောင်း၊  ရေနှင့်စင်ကြယ်စွာဆေးကြောပြီးသော ကန်စွန်းရိုးနီနှစ်စည်း ခန့်ကို ဆားအနည်းငယ်၊ ထန်းလျက်နှစ်လုံးခန့်၊ မန်ကျည်းသီးမှည့်အနည်းငယ်နှင့် ရေတစ်လီ တာခန့် ထည့်ပြီး မီးဖိုပေါ်တွင်ဆူပွက်အောင်မိနစ် ၂၀ ခန့်ကြာအောင်တည်ပါ။ ၎င်းပြုတ်ရည်အား မနက်တစ်ခွက်၊ အိပ်ခါနီးအစာနဲ့ဝေးချိန်တစ်ခွက်၊ တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်၊ ၃ ရက်လောက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားကိုကောင်းစေကြောင်း၊ ကိုယ်တွင်းအဆိတ်အတောက် များကိုဖယ်ရှားပေးကြောင်း၊ သွေးသားကိုသန့်စင်စေပြီး မီးယပ်သွေးဆုံးဝေဒနာများကို သက်သာ စေကြောင်း၊ ဆီးပူခြင်းနှင့် ဆီးကျောက်တည်ခြင်းများကို သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ် အတွက်လိုအပ်သော သံဓာတ်ကိုဖြည့်တင်းပေးကြောင်း၊ ကန်စွန်းရိုးနီသည် လယ်ကန်သင်းရိုးများတွင် အလေ့ကျပေါက်‌သလို  စိုက်ခင်းများတွင်လည်း ရေသွင်း၍စနစ်တကျ စီးပွားဖြစ် စိုက်ပျိုး‌‌ ရောင်း ချကြောင်း ၂၀၂၅ခုနှစ်၊ ယခု ဒီဇင်ဘာလဆန်းပိုင်းတွင်‌ ရောင်းချနေသော ကန်စွန်းရိုးနီတစ်စည်းလျှင် ၂၀၀/၃၀၀ ကျပ်၊ ပေါက်ဈေး များဖြင့်ရောင်းချကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရသည်။  

DOCA(မန္တလေး)

ကျွဲကောသီးဈေးနှုန်းအခြေအနေ

   မန္တလေးမြို့၊ နန်းရှေ့ဈေး၌ရောင်းချနေသော ကျွဲကောသီးများကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့တို့မှဝယ်ယူ၍ ‌ ရောင်းချကြောင်း သိရှိရသည်။ ကျွဲကောသီး ဝယ်ယူစားသုံးပါက တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့တို့မှ ထွက်ရှိသောအသီးသည် အရည်အသွေး ကောင်းပြီး ရွေးချယ်ဝယ်ယူစားသုံးပါက အကောင်းဆုံးဖြစ်ကြောင်း၊  ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော ကျွဲကောသီးလက်လီတစ်လုံးလျှင် (၄၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်များသောကြောင့် ကိုယ်အလေး ချိန် ထိန်းသိမ်းရန် အထောက်အကူပြုခြင်းကြောင့် စားသုံးမှုများကြောင်း၊ ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ကျွဲကောသီးတစ်လုံးှင် (၅၀၀၀/၆၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း သစ်သီး‌ရောင်းချ သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

မုန့်ဖတ်များဈေးနှုန်းမြင့်တက်လာခြင်း

    MSMEလုပ်ငန်းများဖြစ်သော မုန့်ဖတ်(မုန့်တီ၊မုန့်ဟင်းခါး) လုပ်ငန်းများကို မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ယခုနိုဝင်ဘာလ၌ မုန့်ဖတ် (ဆန်ပြား၊မုန့်တီ၊မုန့်ဟင်းခါးဖတ်) ၅၀ ကျပ်သား လျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်အောက်တိုဘာလ၌  မုန့်ဖတ် (ဆန်ပြား၊မုန့်တီ၊မုန့်ဟင်းခါးဖတ်) ၅၀ ကျပ်သား လျှင်(၁၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ နေ့စဉ်ပုံမှန်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့်ရောင်း ကုန်ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိရပ်ကွက်များမှ  ဝယ်ယူစားသုံးကြကြောင်း၊ မု့န်တီ၊မုန့်ဟင်းခါး ရောင်းချသူများမှလည်း ဝယ်ယူကြောင်း၊ အလှူပွဲ၊ မွေးနေ့ပွဲ၊ ဘုရားပွဲများတွင် အော်ဒါအမှာရှိပါက မုန့်ဖက်များပိုမိုထုတ်လုပ်ရောင်းချရကြောင်း MSME လုပ်ငန်းဖြစ်သော မုန့်ဖတ်ထုတ်လုပ်မှုလုပ်ငန်းသည် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ် ကြောင်း မုန့်ဖတ်ထုတ်လုပ်သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြကြောင်း၊ ဆီတို့ဟူးသည် ခံတွင်းမြိန်စေသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ဆီတို့ဟူးလက်လီ(၁)သေတ္တာလျှင် (၄၂၀၀) ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် (၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒီဇင်ဘာ ပထမပတ်အတွင်း ဆီတို့ဟူး(၁)သေတ္တာလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပေါက်ပန်းဖြူ၊ နီ အသုံးဝင်ပုံနှင့်ဈေးနှုန်း

   ပေါက်ပန်းဖြူရွက်သည် ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ဟင်းချက်စား၍လည်းကောင်း၊ အပွင့်ကိုကြော်စားသော်လည်းကောင်း၊ ချက်စားခြင်းဖြင့်လည်းကောင်း ဆီးရောဂါသက်သာ စေနိုင်ခြင်း၊ အရွက်နှင့်အပွင့်ကို မကြာခဏ ပြုတ်ပြီးတို့စားပေးလျှင် သည်းခြေရောဂါ၊ ကျောက်ကပ် တွင်ကျောက်ရှိသူများ သက်သာစေခြင်း၊ ပေါက်ပန်းဖြူပွင့်ကို သုပ်စားခြင်းဖြင့် မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါ သက်သာစေခြင်း ပေါက်ပန်းဖြူရွက် သတ္တုရည်ကိုအုံပေးပါက အပူလောင် တာသက်သာစေခြင်း၊ ပေါက်ပန်းဖြူအပွင့်၏ သတ္တုရည်ကိုမျက်စိခပ်ပေးပါကမျက်စိမှုန်၊ မျက်စိဝေ သက်သာစေခြင်း၊ အဆစ်ရောင်ရောဂါဝေဒနာခံစားနေရပါက ပေါက်ပန်းနီ၏အမြစ်ကို သွေးလိမ်း ပေးခြင်းဖြင့် သက်သာစေခြင်း၊အပွင့်သို့မဟုတ်အရွက်ကိုအရည်ညှစ်ယူ၍ အရည်ကိုခေါင်းမကိုက် သော တစ်ဘက်ရှိ နှာခေါင်းမှရှူပေးပါကပျောက်ကင်းစေခြင်း၊ အပွင့်ကိုပြုတ်စားပါက ကြက်မျက် သင့်ရောဂါပျောက် ကင်းစေခြင်း၊ အရွက်၏သတ္ထုရည်တွင် ဂျင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့ကို အတူရော၍ ရှူပေးပါက စိတ်ပျံ့လွင့်မှုသက်သာစေခြင်း တုတ်ကွေးဖျားရိုးရိုးဖျားခြင်းများအတွက် ပေါက်ပန်းဖြူ အရွက် ကို ကြက်သွန်နီနှင့် ကြော်စားပေးပါက သက်သာစေနိုင်ကြောင်း စာပေများမှ ဖတ်ရှုလေ့လာသိရှိရပြီး၊ မြင်းခြံမြို့အေးမြသီတာဈေးတွင် ရောင်းချသော ပေါက်ပန်းဖြူဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလတွင် ဈေးမြင့်တက်လာသောကွမ်းရွက်

   မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ ကွမ်းများလည်းစိုက်ပျိုးကြောင်း၊ ဆေးရွက်ကြီးများလည်း စိုက်ပျိုး ကြောင်း သိရသည်။ ကွမ်းရွက်သည် အမိုးအကာဖြင့် အထူးဂရုစိုက်ရသော အပင်ဖြစ်ပြီး အသန့် အရှင်းလည်း ကြိုက်သောအပင် ဖြစ်ပါသည်။ မြင်းခြံမြို့နယ်တွင် ကွမ်းစိုက်သောကျေး ရွာများမှာ   သမုန်းကိုင်း၊ ဘောလုံးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ဆောင်းရာသီ ရောက်ပြီဖြစ်သောကြောင့် ကွမ်း အထွက်နှုန်း နည်းလာပြီဖြစ်၍ ဈေးနှုန်းမြင့်တက်လာကြောင်း ကွမ်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရသည်။ မြင်းခြံမြို့ရှိ ကွမ်းပွဲရုံများသို့ တင်ပို့ရောင်း ချကြောင်း၊ အချို့ ပွဲစားများသည် ရွာအရောက်လာရောက်ဝယ်ယူကြကြောင်း၊ အချို့မှာ မြို့ပေါ်ရှိ ကွမ်းယာဆိုင်များသို့ တိုက်ရိုက်ဖောက်သည်ပေး ရောင်းချကြောင်း  သိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင် သာယာဈေးနှင့် စံပြဈေးတို့တွင် ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသောဈေးနှုန်းမှာ ကွမ်းတစ်ပိဿာလျှင် (၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ကျပ်) ထိ  ဈေးမြင့်တက်လာကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း