ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒီဇင်ဘာလတွင် ဂေါ်ရခါးသီးဈေးနှုန်း

    မြင်းခြံမြို့ မြစ်ကမ်းဘေးကျေးရွာများသည် စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် ဖောက်သည်ပေး၍ လည်းကောင်း၊ ကိုယ်တိုင်နံနက်ဈေး၊ ညနေခင်းဈေးများသို့ လာရောက်ရောင်းချကြောင်း သမုန်းကိုင်းကျေးရွာ ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရသည်။ ဒေသတွင်း ဟင်းသီး ဟင်းရွက်များအပြင် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ပခုက္ကူမြို့၊ ပုပ္ပားမြို့တို့မှလည်း ဝယ်ယူ ရောင်းချကြောင်း သိရသည်။ ဒီဇင်ဘာလ ပထမပတ် မြင်းခြံမြို့ အေးမြသီတာဈေးတွင်  ဂေါ်ရခါးသီး ဈေးနှုန်းမှာ (၁)လုံးလျှင် (၃၅၀/၄၀၀)ကျပ်ဖြင့် ပြင်ဦးလွင်မြို့မှ ဝယ်ယူရောင်းချကြောင်း သိရသည်။ ဂေါ်ရခါးသီးကို အတို့အမြှပ်အနေဖြင့် ပြုတ်၍လည်းကောင်း၊ ဂေါ်ရခါးသီးနှင့် ကြက်ဥ ရောကြော်၍ လည်းကောင်း၊ သီးနှံစုံ ကြော်ချက်စား၍ လည်းကောင်း စားသောက်သုံးစွဲကြသဖြင့် ပုံမှန်အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ ငါန်းဇွန်မြို့၏ ဖူးစားပြောင်း(မိုး) ရိတ်သိမ်းမှု

     ငါန်းဇွန်မြို့နယ်သည် ၂၀၂၅-၂၀၂၆ ခုနှစ် ဖူးစားပြောင်း(မိုး) လျာထားဧက ( ၂၇၇၈)ဧကရှိပြီး၊ စိုက်ပျိုး ဧက(၂၈၇၂ဧက စိုက်ပျိုးပြီး၊ ဒီဇင်ဘာလဆန်းထိ ရိတ်သိမ်းမှုမှာ (၁၃၈)ဧကအထွက်နှုန်းမှာ (၁၂၀၀၀.၀)ဖူး၊ အထွက်နှုန်းပေါင်း (၁၆၅၆၀၀၀)ဖူးဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးမှာ ဒေသခေါ် သူတော်မျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မျိုး၊သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၅) သိန်းကျပ်ဝန်းကျင်ခန့် ကုန်ကျပါကြောင်း၊ ပေါ်စချိန်တွင် (၂၅၀/၃၀၀)ကျပ်ခန့် ဖောက်သည်ဈေးဖြင့် ရောင်းချရပါကြောင်း၊ မန္တလေးမြို့နှင့် ငါန်းဇွန်မြို့မဈေးသို့ ရောင်းချကြပါကြောင်း သိရှိရသည်။ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် နွားစာအဖြစ် ပြောင်းရိုးများကိုလည်း ပြန်လည်ရောင်းချရသည့်အတွက် တွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

DOCA(မန္တလေး)

ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဂျင်း(ချင်း)တက်နှင့် ဂျင်းပေါက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၇၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်း များလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်ရေစိမ်(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် ဂျင်းပေါက်ရေလွတ်(၁) ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာ ပထမပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင်(၅၀၀)ကျပ် မြင့်တက်လာကြောင်း ဂျင်းတက်နှင့် ဂျင်းပေါက်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ခရမ်းချဉ်သီးနှင့် အာလူးသီး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြသည့်အတွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်၊ အာလူးသီး(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ် ၏ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလ ပထမပတ်အတွင်း အာလူးသီး(၁)ပိဿာလျှင် (၅၀၀) ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူများ ဝင်ငွေရရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံးအနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

         ကောက်ရိုးမှိုစိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင်  ဈေးကွက်ဝင်မှိုတွေကို နှုတ်ယူရောင်းချနိုင်ကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမ ပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ကောက်ရိုးမှို(၁)ပိဿာလျှင် လက်လီဈေး(၁၀၂၀၀)ကျပ်၊ လက်ကားဈေး (၁၀၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်၏ နှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာ ပထမပတ်အတွင်း ကောက်ရိုးမှို(၁)ပိဿာ လျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူ ဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဒီဇင်ဘာလ ဘိုစားပဲဈေးနှုန်း

    မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့သည် ကုန်စိမ်း ၊ ကုန်ခြောက်၊ ဟင်းသီး ဟင်းရွက်မျိုးစုံ၊ ဆန်ဆီ၊ ပဲအမျိုးမျိုး စသည်တို့ စုံလင်စွာ ရောင်းချသော မြို့တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများလည်း ဖွံ့ဖြိုးသော မြို့လည်းဖြစ်ပါကြောင်း သိရသည်။ မြို့မစည်ပင်သာယာဈေး၊ စံပြဈေး၊ အေးမြသီတာ ဈေးတွင် ရောင်းချသောအသီးအနှံများသည် ဒေသတွင်း ထွက်ရှိသော စားဖိုဆောင် သီးနှံများအပြင် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ အောင်ပန်းမြို့၊ ဟိုပုံးမြို့၊ မိတ္ထီလာမြို့၊ ပုပ္ပားမြို့၊ ပခုက္ကူမြို့များမှလည်း ဝင်ရောက်ကြောင်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်တွင် အေးမြသီတာဈေးတွင် ရောင်းချနေသော ဘိုစားပဲသီး(ခေါ်) ပဲစိတ်တို ဈေးနှုန်းမှာ (၂၅) ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၉၀၀၀)ကျပ် ဖြင့်ရောင်းချကြောင်း၊ ဘိုစားပဲသီးကို ပြင်ဦးလွင်မြို့၊ ဟိုပုံးမြို့နှင့် အောင်ပန်းမြို့များမှ ဝယ်ယူရောင်းချရပါကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်တွင် ဝါသီးနှံများ စတင်ခူးဆွတ်

 မြင်းခြံမြို့နယ်သည် ဝါစိုက်ဧက (၈၉၀၈) ဧကရှိရာ ယခုဒီဇင်ဘာလကုန်တွင် (၃၉၅)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်း(၅၃၅.၃၂)ပိဿာထွက်ရှိပြီး အထွက်ပေါင်း ( ၁၆၇၃၆၉)ပိဿာ ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုးသော မျိုးများမှာ ဝါကြီးမျိုး၊ မလှိုင်ဝါ နှင့် ခ.မ.ရ ဝါ မျိုးများကို စိုက်ပျိုးကြောင်း သိရသည်။ မြင်းခြံမြို့၊ စက်မှုဇုန်ရှိ သိန်းရာဇာ စက်ရုံသို့ ဝါများ အရောင်းအဝယ်  ဖြစ်လျက်ရှိကြောင်း၊ ပေါ်စချိန်တွင် တစ်ပိဿာလျှင် (၄၀၀၀/၄၅၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အချိန် (၅၀၀/၁၀၀၀) ပိဿာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ဝါစေ့ တစ်ပိဿာ လျှင် (၁၄၀၀)ကျပ် ဖြင့် ဈေးနှုန်းရှိကြောင်း သိရသည်။ ဝယ်ယူသောဝါများကို အခြောက်လှန်းခြင်းပြုလုပ်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ကြိတ်ခွဲခြင်း မရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ မြင်းခြံမြို၏ ချဉ်ပေါင်သီးဈေးနှုန်း

   မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စားဖိုဆောင်သီးနှံဖြစ်သော ချဉ်ပေါင်သီးနှံကိုလည်း ယာခင်းများတွင် သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြခြင်း၊ သီးသန့်ပက်ကြဲစနစ်ဖြင့် လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြား ချက်အရ သိရပါသည်။ ချဉ်ပေါင်သီးကို ငရုတ်သီးဖြင့်ထောင်းစား၍ လည်းကောင်း၊ ချဉ်ပေါင်ဟင်း ချက်စား၍လည်းကောင်း၊ အမဲသားနှင့် ငပိချက် ချက်စား၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်း အဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု ဒီဇင်ဘာလ ပထမ ပတ်တွင် ချဉ်ပေါင်သီးများ ခူးဆွတ်ရာသီဖြစ်ပါသဖြင့် ဈေးနှုန်းမှာ (၁၀)ကျပ်သား လျှင်  (၁၀၀၀) ကျပ်နှင့် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဈေး ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျှက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက် သွန်နီအလုံးကြီး(၁)ပိဿာလျှင် (၁၈၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ အသေး(၁) ပိဿာလျှင် (၁၃၀၀)ကျပ်၊ ကြက်သွန်ဖြူဗမာသေး(၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ အကြီး(၁)ပိဿာ လျှင်(၉၅၀၀)ကျပ်နှင့် ရှမ်းဖြူ(၁)ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒီဇင်ဘာလ ပထမပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ လျှင်(၃၀၀)ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဒီဇင်ဘာလ မြင်းခြံမြို၏ ဂျူးမြစ်ဈေးနှုန်း

မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေး၊ စံပြဈေးတို့ရှိ ကုန်စိမ်းရောင်း ဝယ်မှုများသည် ဒေသထွက်သီးနှံများ ပေါ်ထွက်မှုမရှိလျှင် မန္တ‌လေးမြို့၊ ပြင်ဦးလွင်၊ အောင်ပန်း မြို့များမှ ဝယ်ယူရောင်းချကြောင်း သိရသညိ။ ဂျူးမြစ်ကို အချဉ်ရည်ဟင်း/ သီးစုံချည်ရည် များတွင်ထည့်၍ လည်းကောင်း၊ ငရုတ်သီးစိမ်းဖြင့် အစိမ်းထောင်း၍လည်းကောင်း၊ ကြက်သွန်ဖြူနှင့် ကြော်၍လည်းကောင်း၊ အချည်တယ်၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု ဒီဇင်ဘာလ ပထမပတ်တွင် ဂျူးမြစ် ဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင်  (၂၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဈေး ရောင်းချ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း