ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာဈေးကွက်တွင် မုန်ညှင်းစိမ်းများအရောင်းသွက်

    မိတ္ထီလာမြို့ရှိ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် မုန်ညှင်းစိမ်းများဝင်ရောက်လာကာ အရောင်း သွက်ကြောင်းသိရသည်။ မုန်ညှင်းတွင် မုန်ညှင်းဖြူ(အထုပ်) များဈေးကွက်သို့ ရှမ်းပြည်နယ် တောင် ပိုင်းမှ ဝင်ရောက်လာကာ ရာသီမရွေးတွေ့ရသော်လည်း မုန်ညှင်းစိမ်းမှာ ဆောင်းရာသီ၌သာ ဈေး ကွက်တွင် ပေါပေါများများ ရောင်းချလေ့ရှိပါသည်။ မုန်ညှင်းစိမ်းကို မိတ္ထီလာမြို့နယ်ရှိ ကျေးရွာများ တွင်လည်း စိုက်ပျိုးမှုရှိပြီး ဈေးကွက်သို့ မိတ္ထီလာ၊ ရမည်းသင်းမြို့နယ်ရှိကျေးရွာများနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့မှ ဝင်ရောက်ကြောင်းသိရသည်။ ဈေးကွက်သို့ ဝင်ရောက်စဖြစ်ပြီး အဝင်နည်းသေး သည့်အတွက် တစ်စီးလျှင် လက်ကားဈေး (၄၀၀) ကျပ်၊ လက်လီဈေး (၆၀၀) ကျပ်ဈေးရှိပါသည်။ မုန်ညှင်းစိမ်းမှာ နူးညံ့ပြီးချိုသောအရသာရှိသည့်အတွက်ကြော်၍လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍ လည်းကောင်း အမျိုးမျိုးစားသုံးကြရာ ဈေးကွက်တွင် အရောင်းသွက်ကြောင်းသိရသည်။

DOCA(မန္တလေး)

ဈေးကွက်ဝင်စမေမြို့ပန်းများအရောင်းသွက်

   မိတ္ထီလာမြို့ရှိ ဘုရားပန်းဈေးကွက်သို့ နိုဝင်ဘာလကုန်ပိုင်းမှစ၍ မေမြို့ပန်းများဝင်ရောက် လာကြောင်း သိရသည်။ ဈေးကွက်တွင်း နှင်းဆီပန်း၊ ဂန္ဓာပန်း၊ သပြေပန်းစသည်တို့မှာ ရာသီမရွေး တွေ့ရသော်လည်း မြေမြို့ပန်းမှာ ဆောင်းရာသီကာလတွင်သာ တွေ့ရလေ့ရှိပါသည်။ မေမြို့ပန်းကို ဘုရာပန်းကပ်လှူရန်အတွက် ဝယ်လိုအားများခြင်းကြောင့် ဒေသနေတောင်သူများက စိုက်ပျိုးကြပါ သည်။ မိတ္ထီလာဈေးကွက်သို့ မိတ္ထီလာမြို့၊ မြို့သစ်ရပ်ကွက်အနောက်ပိုင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ကာ မြို့သစ်ဈေးမှတစ်ဆင့် မြို့ပေါ်ဈေးများသို့ ပြန်လည်ရောင်းချကြောင်းသိရသည်။ မေမြို့ပန်းတစ် စီးလျှင် (၁၀၀၀) ကျပ်ဈေးဖြင့် ရောင်းချနေရာ ရာသီပေါ် ဘုရားပန်းအနေဖြင့် အရောင်းသွက်ကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)

ဈေးကျလာသည့် ထောပတ်ပဲစိမ်းများ အရောင်းသွက်

    မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလဆန်း၌ ထောပတ်ပဲစိမ်းများဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသောထောပတ်ပဲမှာ ပဲအခြောက်အနေနှင့်သာမက ပဲစိမ်းအ နေနှင့်ဖြင့် ဝယ်လိုအားရှိသော သီးနှံဖြစ်ပါသည်။ ထောပတ်ပဲကိုပဲခြောက်အနေဖြင့် ဒေသတွင်းစားသုံး သူ များက စားသုံးမှုနည်းကာ ပဲအစိုကိုနှပ်၍လည်းကောင်း၊ ပဲအစိုကိုပြုပ်ကာထောင်းပြီးနောက် မျှစ် ချဉ်၊ ချဉ်ပေါင်သီး/အရွက်တို့နှင့်လည်း ချဉ်ရည်ဟင်းချက်ကာ စားသုံးတက်ကြပါသည်။ ထိုသို့ စားသုံးမှု များသော ထောပတ်ပဲစိမ်းကို တစ်ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ဖြင့် ကုန်စိမ်းပွဲစားများသို့ ရောင်း ချရပါသည်။ တစ်ပိဿာလျှင် နို့ဆီဗူး (၉) ဗူးခန့်ရှိကာ လက်လီရောင်းချသူများက နို့ဆီတစ်ဗူးလျှင် ယခင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချကြပြီး၊ ယခုအခါ ဈေးကွက်အဝင်များလာသည့်အတွက် နို့ဆီဗူး (၂) ဗူးလျှင် (၁၅၀၀) ကျပ်ဖြင့် အရောင်းသွက်ကြောင်းသိရသည်။

DOCA(မန္တလေး)

ပဲစောင်းလျားသီး ဈေးနှုန်း /ဈေးကွက်

   မိတ္ထီလာမြို့ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ရာသီပေါ်သီးနှံများကိုစိုက်ပျိုးရောင်းချ လျက်ရှိရာ ယခုအခါပဲစောင်းလျားသီးများကို မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း ၊ မိမိပိုင်ယာ တောများ တွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိတ္ထီလာမြို့မဈေး ၊ ဘဲကန်(ကုန်စိမ်း)ဈေး နှင့်မြို့ပေါ် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်းသိရပါသည်။

          ဈေးနှုန်းအနေဖြင့် မိတ္ထီလာဈေးကွက် ဒီဇင်ဘာလပထမပတ်တွင် ရောင်းချလျက်ရှိသော ပဲစောင်းလျားသီးဈေးနှုန်းမှာ(၂၅)ကျပ်သားလျှင် (၈၀၀-၁၀၀၀)ကျပ် ဖြင့်လည်းကောင်း ၊ ၁ပိဿာလျှင်(၃၀၀၀-၃၅၀၀)ကျပ် ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်းကုန်စိမ်းရောင်းချသူများ ထံမှ သိရပါသည်။ 

DOCA(မန္တလေး)

 

မိတ္ထီလာမြို့ မှ မန်ကျည်းသီးမှည့် ဈေးနှုန်း

မိတ္ထီလာမြို့မဈေးကွက်တွင် စားဖိုဆောင်သီးနှံများနှင့် ပဲအမျိုးမျိုး ၊ မန်ကျည်းသီးမှည့်များကို ကုန်စုံဆိုင်များ ၊ ရပ်ကွက် ဈေးများတွင် ရောင်းချလျက်ရှိကြောင်းသိရပါသည်။ မန်ကျည်းသီးမှည့်ကို ဟင်းချက်ရာတွင် အများဆုံးအသုံးပြုရ၍ အိမ်ရှင်မများအတွက် အသုံးဝင်တဲ့သီးနှံတစ်မျိုးဖြစ်ပါသည်။

          ဈေးနှုန်းအနေဖြင့် မိတ္ထီလာမြို့မဈေးကွက် ဒီဇင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ် ဖြင့်လည်းကောင်း ၊ ၁ပိဿာလျှင် (၁၁၅၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)

 

ကန့်ဘလူခရိုင်၏ အပတ်စဉ်စက်သုံးဆီပြောင်းလဲမှုအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (၂၈.၁၁.၂၀၂၅)ရက်နေ့တွင် ဓာတ်ဆီ(92)၊ ဓာတ်ဆီ(95)၊ ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၆၄၅ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၇၂၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၆၆၅ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၈၅ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ (၂၇၈၅)ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ (၂၈၇၅)ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ (၂၈၁၅)ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ (၃၃၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  ယခင်နိုဝင်ဘာ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပထမပတ်အတွင်း 92 Octance၊ 95 Octance ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်ပရီမီယံ စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဈေးကွက်အတွင်း ကျွဲဂေါင်းသီးဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးများ၌ ရာသီပေါ်ကျွဲဂေါင်းသီးများဝင်ရောက်လာပြီး ရောင်းဝယ်လျက်ရှိကြောင်း၊ မြေပြန့်ဒေသ များတွင် ထွက်ရှိမှုနည်းပါးပြီး တောင်ပေါ်ဒေသများမှ အများဆုံးထွက်ရှိကြောင်း၊ ကျွဲဂေါင်းသီး အစိမ်း ဈေးနှုန်းအနေဖြင့် ယခုလတွင် လက်ကားတစ်ပြည်လျှင် (၅၀၀၀/-)ကျပ်၊ လက်လီတစ်ပြည် လျှင် (၆၀၀၀/-) ကျပ်ခန့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကျွဲဂေါင်းသီးကို အစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ ဖြစ်စေ၊ အခွံနွှာပြီးလျှင် စားကြကြောင်း၊ အတွင်းသား အရသာမှာ ချိုအေး၍ အရည်ရွှမ်း ကြောင်း၊ စားသုံးသူများမှ ရာသီပေါ်လည်းဖြစ် သရေစာလည်းဖြစ် ဆေးဖက်လည်းဝင်တာကြောင့် ဝယ်ယူစားသုံး ကြကြောင်း၊ ကျွဲဂေါင်းသီးမှာ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်အစရှိသော ဓာတ်များပါဝင်ပြီး လည်ပင်းကြီး ရောဂါနှင့် သိုင်းရိုက်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း၊ တခြားသော အာဟာရဓာတ် တွေ ပါဝင်သည့်အတွက် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုကြကြောင်း၊ အရေပြားခြောက်သွေ့ခြင်းနှင့် နှုတ်ခမ်းကွဲခြင်းတို့ကိုလည်း လျော့နည်းစေကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ စားသုံးရန်သင့်သော အသီးတစ်မျိုးလည်း ဖြစ်ကြောင်း၊ ကျွဲဂေါင်းသီးမှာ ကောင်းကျိုးတွေရှိသည့်အပြင် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း အလွန်အကျွံမစားသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ဈေးအတွင်းအရောင်းသွက်နေသော ရွှေပဲသီးများ”

   ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ရွှေပဲသီးတောင့်များ ဝင်ရောက်လျက်ရှိရာ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ပင်းတယ နှင့် ရွာငံ ၊ ရေဦး မြို့များမှ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ ရွှေပဲသီးကို အစိမ်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကုန်းဘောင်ကြီး ကြော်စသည့် ဟင်းလျာများတွင် ထည်းသွင်းချက်ပြုတ်လျက်ရှိကြောင်း၊ ရွှေပဲသီးတွင် ဗီတာမင်အေ၊ စီ၊ အမျှင်ဓာတ်တွေနဲ့ သံဓာတ်၊ ဗီတာမင်အေတို့ပါဝင်တဲ့အပြင် အခြား အာဟာရ ဓာတ်တွေလည်း ပါဝင်သောကြောင့် နှလုံးကျန်းမာစေရုံသာမက ဝိတ်ကိုထိန်းနိုင်စေပြီး အရိုးတွေကိုလည်း ကျန်းမာ စေကြောင်း၊ အမျှင်ဓာတ် မြင့်မားစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကူညီပေးနိုင်ကြောင်း၊ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပြီး အမျှင်ဓာတ်ကြောင့် အစာခြေလွယ်ပြီး ဝိတ်လည်း ထိန်းနိုင်ကြောင်း၊ ရွှေပဲသီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက္ကားစျေး (၁၀၀၀၀/-)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် (၁၂၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဆောင်းဦးရာသီရှိ ရွှေပဲသီးတောင့် ကုန်စိမ်းမှာအရောင်းသွက်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါ သည်။

DOCA(မန္တလေး)

နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် ကြက်ကင်၊ ငါးကင်နှင့် အကင်စုံ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေးတစ် ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင် ()ကင်လျှင်(၅၈၀၀)ကျပ်၊ ကြက်ရင်ပုံ()ကင်လျှင် (၈၅၀၀)ကျပ်၊ ကြက်သဲမြစ်()ချောင်း (၅၀၀) ကျပ်၊ ကြက်ခြေထောက်()ချောင်း(၂၀၀၀)ကျပ်၊ ရုံးပတီသီး()ကင်(၅၀၀)ကျပ်နှင့် အသားတုကင် (၁၀)ချောင်း (၁၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလ ပထမပတ်အတွင်း ကြက်ရင်ပုံ()ကင်လျှင် (၃၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း  အကင်မျိုးစုံရောင်းချသည့်ဆိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဗမာခရမ်းချဉ်သီးများဈေးကောင်းရလျက်ရှိ”

   ပြင်ဦးလွင်မြို့မှဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိသဖြင့် ခရမ်းချဉ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာ အချို့တွင်လည်း ဗမာခရမ်းချဉ်သီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည် မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် အေးမြကြည်လင်ဈေးတို့တွင် ရောင်းချသည့် ဟင်းသီးဟင်းရွက်အများစုမှာ မြို့နယ် အတွင်းကျေးရွာများ နှင့် ရွာငံဒေသမှ လာရောက်တင်သွင်း ရောင်းချခြင်းများဖြစ်ပြီး ခရမ်းချဉ်သီး၊ မုန်လာဥ၊ ချဉ်ပေါင်ရွက်၊ ခရမ်းသီး၊ ပဲသီး၊ ဆလပ်ရွက်၊ ပန်းမုံလာ၊ ငရုပ်သီး၊ အာလူး၊ကြက်သွန်၊ ဗူးသီး၊ဂေါ်ဖီထုပ်နှင့် ဘုရားပန်းများလာရောက်ရောင်းချလျှက်ရှိပါသည်။ ယခင်နှစ် ခရမ်းချဉ်သီး စိုက်တောင်သူများ အရှုံးပေါ်ခဲ့သည့်အတွက် စိုက်သူများလာသဖြင့် ခရမ်းချဉ်သီး ထွက်နှုန်းများ ကျဆင်းပြီး ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတကာ ခရမ်းချဉ်သီး ဈေးကွက်ဆက်တိုက် ဈေးတက် လျက်ရှိကြောင်း၊ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ဗမာခရမ်းချဉ်သီးအနေဖြင့် ယခင်လ ဈေးနှုန်းမှာ (၁)ပိဿာလျှင် လက်ကားဈေး(၄၀၀၀)ကျပ်ရောင်းချပြီး ၊လက်လီဈေးအနေဖြင့်(၁)ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ယခုလတွင် လက်ကားဈေးနှုန်း (၁)ပိဿာလျှင် (၆၀၀၀/-) ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် (၁)ပိသာလျှင် (၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ မိုးအကုန် ဆောင်းအကူးဖြစ်သောကြောင့် အထွက်နှုန်းနည်းပါးသောကြောင့် ယခင်လနှင့်နှိုင်းယှဉ်ပါ က ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း