သင်္ကြန်ကာလနီးပြီဖြစ်သဖြင့် အတာအိုးများဈေးတက်

Powered by Drupal

              သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်များတွင် နှစ်ဦးတွင်အစောဆုံးကျင်းပသည့် ပွဲတော် ဖြစ်သည့်အပြင် ရေပတ်၍ကစားကြသောပွဲဖြစ်၍ ထူးခြားလှသောပွဲတော်ဖြစ်ပါသည်။ သင်္ကြန် ဆိုသည်မှာ ကူးပြောင်းခြင်းဟုအဓိပ္ပါယ်ရပြီး နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသော အဓိပ္ပါယ်ဖြစ်ပါသည်။ အတာသည်လည်း ကူးပြောင်းခြင်းဟုအဓိပ္ပါယ်ရပြီး နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအဓိပ္ပါယ်ဖြစ်ပြီး သင်္ကြန်ကိုအတာသင်္ကြန်ဟုလည်း ခေါ်ဆိုကြပါသည်။ အိမ်တိုင်းတွင်သင်္ကြန်မကျမီ သင်္ကြန်ကိုကြိုဆိုသောအားဖြင့် အတာအိုးများဖြင့်ကြိုဆိုလေ့ရှိပြီး အတာအိုးတွင်နေ့သင့်နံသင့်ပန်းများ ထည့်၍ကြိုဆို ကြပါသည်။ နှစ်ဟောင်းမှအညစ်အကြေးများအား သင်္ကြန်ရေဖြင့်ဆေးကြောပစ်ပြီး နှစ်သစ်အစဖြစ်သော နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ခြင်း၊ သက်ကြီးရွယ်အိုများအားပြုစုကန်တော့ခြင်း၊ ငါးလွှတ်ပွဲ၊ နွားလွှတ်ပွဲများကျင်းပခြင်းစသည့် ကောင်းမှုကုသိုလ်များပြုလုပ်ကြပါသည်။

          တောင်ငူမြို့နယ်တွင် အတာအိုးနှင့်အခြားသောက်ရေအိုးများ ရောင်းချလျှက်ရှိရာ ယခင်လက အတာအိုး(အကြီး)တစ်အိုးလျှင် (၁၅၀၀)ကျပ်၊ အတာအိုး(အသေး)တစ်အိုးလျှင် (၁၂၀၀)ကျပ်၊ စဉ့်အိုး ကြီး တစ်အိုးလျှင် (၁၀၀၀၀)ကျပ်၊ စဉ်အိုးသေးတစ်အိုးလျှင် (၈၀၀၀)ကျပ်၊ သောက်ရေအိုး အလှတစ်အိုးလျှင် (၄၅၀၀)ကျပ်၊ သောက်ရေအိုးအကြမ်းတစ်အိုးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာမှ ယခုလ တွင် အခြားသောက်ရေအိုးများမှာ ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး အတာအိုးအကြီးတစ်အိုးလျှင် (၁၇၀၀) ကျပ်၊ အတာအိုးအသေးတစ်အိုးလျှင် (၁၅၀၀)ကျပ်အထိမြင့် တက်လာသဖြင့် အတာအိုးအကြီး တစ်အိုး လျှင် (၂၀၀)ကျပ်၊ အတာအိုးအသေးတစ်အိုးလျှင် (၂၀၀)ကျပ်မြင့်တက်သွားကြောင်း အတာအိုးနှင့် သောက်ရေအိုး ရောင်းချသူဒေါ်အေးမူ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)