ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်တွင်ဖြစ်ပေါ်နေသော ကုလားပဲသီးနှံဈေးနှုန်း အခြေအနေ

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်တွင် ကုလားပဲသီးနှံကို ဒီဇင်ဘာလကုန်တွင်စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍ (၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင်(၈၀၀၀၀) ကျပ် ၊ ကုလားပဲ(929)(၁)တင်းလျှင်(၈၃၀၀၀) ကျပ်နှင့် ကုလားပဲ(V2)(၁)တင်းလျှင် (၈၇၀၀၀) ကျပ်ဖြင့် အရောင်းဝယ်ဖြစ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလပထမပတ်တွင် ကုလားပဲထိုင်ဝမ်(၁) တင်းလျှင် (၇၀၀၀၀)ကျပ် ၊ ကုလားပဲ(929)(၁)တင်းလျှင်(၇၈၀၀၀) ကျပ်နှင့် ကုလားပဲ(V2)(၁)တင်း လျှင်(၈၁၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခုပတ်တွင်ကုလားပဲထိုင်ဝမ်(၁)တင်းလျှင်(၁၀၀၀၀) ကျပ်၊ကုလားပဲ(929)(၁)တင်းလျှင်(၅၀၀၀)ကျပ်နှင့်ကုလားပဲ(V2)(၁)တင်းလျှင်(၆၀၀၀)ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

               ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဖေဖေါ်ဝါရီပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးနှင့် ပဲတီစိမ်းထွက်တိုး ဈေးနှုန်းများတည်ငြိမ်နေကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ပဲစဉ်းငုံဈေးနှုန်းအခြေအနေ

            မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိက စိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထား နှင့်အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း သိရသည်။

           ပဲစဉ်းငုံသီးနှံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၉၀၀၀၀ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၈၇၀၀၀ကျပ်ရှိခဲ့ရာ ဖေဖေါ်ဝါရီလပထမပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၃၅၀၀ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၇၇၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၆၅၀၀ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၉၅၀၀ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း ၊ ဒေသထွက်ပဲစဉ်းငုံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်း ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ  တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

              အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်း ရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလပထမပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ် (၂၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အစ့ထုတ်ပြောင်းတစ်တင်းလျှင်(၁၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာ ကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

          နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း နေကြာတစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖေါ်ဝါရီလပထမပတ်အတွင်း နေကြာတစ်တင်းလျှင် (၅၅၀၀၀)ကျပ်ဖြင့်ရောင်း ဝယ်လျက်ရှိသောကြောင့် ဆီနေကြာ(၁)တင်းလျှင် (၅၀၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ကျွဲကောသီးနှင့် သခွားမွှေး ဈေးနှုန်းဈေးကွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် ကျွဲကောသီးနှင့် သခွားမွှေးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ ကျွဲကောသီးနှင့် သခွားမွှေးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူ ရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

          ကျွဲကောသီးနှင့် သခွားမွှေးသည် အရည်ရွမ်းသော အသီးဖြစ်သောကြောင့်  အဖျော်ရည် ပြုလုပ်၍လည်းကောင်း၊  သရေစာအဖြစ်လည်း စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျွဲကောသီး(၁)လုံးလျှင်  (၃၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ သခွားမွှေး(အဝါ) သီး(၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် သခွားမွှေး (အစိမ်း)သီး(၁)လုံးလျှင် (၇၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသည့်စတော်ဘယ်ရီသီး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် စတော်ဘယ်ရီသီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် စတော်ဘယ်ရီများကို  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ  ဝယ်ယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

           စတော်ဘယ်ရီကို သရေစာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း ရောင်းချနေ သောစတော်ဘယ်ရီသီးဈေးနှုန်းများမှာ စတော်ဘယ်ရီသီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် စတော်ဘယ်ရီသီး (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ရှိခဲ့ရာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း စတော်ဘယ်ရီသီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်အ တွင်းစတော်ဘယ်ရီသီးဈေးနှုန်းများ တည်ငြိမ်လျက်ကြောင်း၊  လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသောသစ်သီး ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့တွင်ရောင်းချနေသည့် နှင်းသီး(ခေါ်)လောင်ကန်သီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။နှင်းသီး(ခေါ်)လောင်ကန်သီးများကို  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှဝယ်ယူ ရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

          နှင်းသီး(ခေါ်)လောင်ကန်သီးသည် အရည်ရွှမ်း၍ ချိုပြီးအရသာရှိသော အသီးဖြစ်သောကြောင့်သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း    နှင်းသီး(ခေါ်)လောင်ကန်သီးဈေးနှုန်းမှာ နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်)လောင်ကန်သီး (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်ရှိခဲ့ရာ ဖေဖော်ဝါရီ လပထမပတ်အတွင်း နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် နှင်းသီး (ခေါ်)လောင်ကန်သီး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်း များနှင့်ယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၄၂၀)ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၀၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၅၀)ကျပ်၊ ငုံးဥ(၉)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းကြက် ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများမှမိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ်ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးနှင့်အာလူးသီး ဈေးနှုန်းဈေးကွက်အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

            စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များ မှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ခရမ်းချဉ်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၄၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၁၅၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေ ကျပ်(၁၀၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး (၁)ပိဿာလျှင် ငွေကျပ်(၃၀၀)ဈေးနှုန်းကျဆင်း၍ အားလူးသီး(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်း မြင့်လာပြီး ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း