ရေစကြိုမြို့နယ်တွင် ဝါသီးနှံများ စိုက်ပျိုးလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြပါသည်။ ရေစကြိုမြို့နယ်အနေဖြင့် ဝါသီးနှံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် (၄၅၆၈) ဧက လျာထားကြောင်း၊ ပခန်းကြီး၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်းကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း စည်သာကျေးရွာနေ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

        ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် အများအားဖြင့် သီးသန့်စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ငွေချည်-၁၁၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါများကို ဇွန်လ၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြကြောင်း၊  မိမိအနေဖြင့် ယခင်နှစ် က (၃) ဧက စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် (၅) ဧက စိုက်ပျိုးထားရှိကြောင်း၊ (၁) ဧက အနေဖြင့် မျိုးစေ့ (၃) ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းတို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၁၀) သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁) ဧကလျှင် (၄၅၀) ပိဿာ ထွက်ရှိပြီး (၁) ပိဿာလျှင် ကျပ်(၄၅၀၀) ခန့်ရောင်းရ၍ အကျိုး အမြတ်အနေဖြင့်ကျပ် (၁၀) သိန်းခန့်ရရှိခဲ့ကြောင်း သိရှိရပါသည်။ 

          ဝါသီးနှံသည် မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကြကာ မိုးကြိုက်သောသီးနှံဖြစ်ပြီး မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ပါကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ပဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများစိုက်ပျိုးပြီး အပင်ပေါက်ဖြစ်ထွန်းမှုကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)