ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမြင့်တက်လာသောမြင်းခြံမြို့၏စားဖိုဆောင်ခရမ်းသီး

                   မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးနှင့် စံပြဈေးများတွင်ရောင်းချနေသောခရမ်းသီးများကို ဈေးကွက်လိုအပ်ချက်အရ ပုပ္ပါးမြို့နှင့် ကျောက်ဆည်မြို့တို့မှ မှာယူရောင်းချကြောင်း၊ လက်လီလက်ကားရောင်းချသော အေးမြသီတာဈေးတွင် စားဖိုဆောင် အုပ်စုဝင်သီးနှံဖြစ်သော ခရမ်းသီးများကို မှာယူ၍ဒေသတွင်းတင်သွင်း ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ခရမ်းသီးတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ တတိယပတ်တွင် ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက် ခရမ်းသီး တစ်ပိဿာလျှင်(၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများတက်ခဲ့ကြောင်း၊ထိုသို့ဈေးနှုန်းမြင့်တက်ခဲ့ခြင်းမှာဒေသထွက်ခရမ်းသီးများ ထွက်ပေါ်ချိန်ကုန်ဆုံးပြီး ရှားပါးလာသောကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း၊ စားဖိုဆောင်ခရမ်းသီးသည် အိမ်ရှင်မများဝယ်ယူစားသုံးမှုများ၍ အရောင်း အဝယ်ကောင်းကြောင်း၊ နေ့စဉ်ကုန်ချိန်ပိဿာ (၃၀-၄၀)ခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချ သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ဈေးနှုန်းများကျဆင်းလာသောမြင်းခြံဆောင်းကြက်သွန်နီတင်ပို့မှုအခြေအနေ

              မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော တလုပ်ရွာ၊ တောပု၊ နနွင်းတော်ဘိုး၊ကံဆွယ်၊ ကံဆင့်၊လက်ဝဲနှင့် မြင်းနီကျေးရွာတို့သည် ဆောင်းကြက်သွန်နီများကို စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း၊  ၎င်းကျေးရွာမှ ထွက်ရှိသော ဆောင်းကြက်သွန်နီများသည် အရည်အသွေးကောင်ပြီး၊ သိုလှောင်ခံ၍ ပထမတန်းစား ကြက်သွန်နီဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းလည်းရရှိကြောင်း၊ဆောင်းကြက်သွန်နီများကိုဧပြီလမှစက်တင်ဘာလအထိသိုလှောင်ကြပြီး၊ သိုလှောင်ကာလ(၆)လကြာသိုလှောင်နိုင်၍ ဒီဇင်ဘာလတွင်ဆောင်းကြက်သွန်နီများ ရာသီချိန်ကုန်ဆုံးမည် ဖြစ်ကြောင်း သိရှိရသည်။

            မြင်းခြံမြို့ရှိ ပွဲရုံများတွင်  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်၌ ရောင်းချလျှက် ရှိသော ကြက်သွန်နီကြီးစတစ်ပိဿာလျှင်(၉၀၀-၁၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၇၀၀-၈၀၀)ကျပ်ခန့် ၊အသေးစတစ်ပိဿာလျှင် (၅၀၀-၆၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါကယခုလတွင်ဆောင်းကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ရာသီချိန်ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် အရည်အသွေးကျဆင်းပြီး ဈေးနှုန်းများကျဆင်းခြင်းဖြစ် ကြောင်းသိရှိရသည်။စိုက်ပျိုးထွက်ရှိရာကျေးရွာများမှမြို့ပေါ်ရှိပွဲရုံများသို့နေ့စဉ်ကုန်ချိန်  (၅၀၀၀၀-၇၀၀၀၀)  ပိဿာခန့် တောင်သူများကိုယ်တိုင်လာရောက် ရောင်းချကြောင်း၊ ထိုပွဲရုံများမှ တဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များသို့တင်ပို့ကြောင်း၊ ယခု အောက်တိုဘာလ၊ တတိယပတ်တွင်ကုန်ချိန်ပေါင်း (၁၈၇၃၉၁) ပိဿာခန့်၊ တန်ချိန် (၃၀၆) တန် တင်ပို့နိုင်ခဲ့ကြောင်း ကြက်သွန်အရောင်းအဝယ် လုပ်ကိုင်သူကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

မြင်းခြံကုန်စည်ဒိုင်တွင်အရောင်းအဝယ်ဖြစ်လျက်ရှိသောပဲမျိုးစုံ၊ပြောင်း၊ဆီထွက်သီးနှံဈေးနှုန်းများ

          မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ၂၀၂‌၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ လယ်ယာထွက်ကုန်ပဲမျိုးစုံ၊ ပြောင်းနှင့်ဆီထွက်သီးနှံဈေးနှုန်းများမှာ  ပဲစဉ်းငုံနီတစ် တင်းလျှင် (၈၁၀၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၅၀၀၀) ကျပ်၊ ပဲဇီးကွက် တစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်၊ ထောပတ်ပဲဖြူကြီးတစ်တင်းလျှင် (၉၁၀၀၀) ကျပ်၊ ကုလားပဲV2 တစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၇၈၀၀၀) ကျပ်၊ ကုလားပဲဝါ အထွက်တိုး တစ်တင်းလျှင် (၈၁၀၀၀) ကျပ်၊ ပဲပုပ်တစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ ပဲဘိစပ်တစ်တင်းလျှင် (၃၄၀၀၀) ကျပ်၊ စီပီပြောင်း တစ်တင်းလျှင် (၂၄၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၁၀၀၀)ကျပ်၊ မြေပဲ S1လုံးဆံတစ်တင်းလျှင် (၁၀၈၀၀၀) ကျပ်နှင့် မြေပဲဆီဆံတစ်တင်းလျှင်(၁၀၃၀၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ်သီးနှံမျိုးစုံ အိတ်အရောင်း  အဝယ်အနေဖြင့် အိတ်(၁၀၀-၂၀၀) အထိအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲမျိုးစုံပြောင်း တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်‌နောင်ပွဲရုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့များသို့ တင်ပို့ကြောင်း၊ နှမ်းတင်ပို့မှုအနေဖြင့် မကွေးမြို့သို့လည်း တင်ပို့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ကျောက်ပန်းတောင်းမြို့နယ်၏ ကင်ပွန်းချဉ်ဈေးနှုန်း

      ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း(၃၉၉)ရွာရှိသည့်အနက်မှ ဆည်ပေါက်၊ ညောင်ကန်၊ အင်ချောင်း၊ ရေထွက်၊ ညောင်ဖြူပင်၊ လဲဂွ စသည့်ကျေးရွာများ၌ ကင်ပွန်းချဉ်ပင်ကို အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြပြီး ဒေသဈေးကွက်သို့ရောင်းချလျက်ရှိသလို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နှင့်ရေနံချောင်းမြို့နယ်များဘက်မှလည်း မှာယူပြီး မြို့မစည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် ကင်ပွန်းချဉ်တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ကင်ပွန်းချဉ်တစ်ဆယ်ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ဒေသထွက်မျှင်ငါးပိများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

   ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ငပုတောမြို့နယ်၌  မျှင်ငါးပိများ  ဝယ်လိုအားကေင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်မှ    ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ငပုတောမြို့နယ်၌  သြဂုတ်လဒုတိယပတ်မှစ၍ ဒေသထွက် မျှင်ငါးပိများ  ဝယ်လိုအားကောင်းမွန်လာသဖြင့်  အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊  တစ်ရက် လျှင်  မျှင်ငါးပိ  ပိဿာ ၄၅၀၀ မှ ၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။

" မျှင်ငါးပိတွေကဒေသတွင်းမှာ  အရောင်းအဝယ်ကောင်းနေတာပါ။  မျှင်ငါးပိရောင်းဝယ် ရေး လုပ်ငန်းလုပ်ကိုင်သူတွေက   ဒေသထွက်မျှင်ငါးပိတွေကို မှာယူတဲ့ဒေသတွေ အထိ ပို့ဆောင်ပေး တာပါ။  ဒေသထွက်မျှင်ငါးပိတွေက  အရည်အသွေးကောင်းတော့  ဝယ်ယူမှုများတယ်။ အခုလိုအရောင်း အဝယ်တွေကောင်းလာတော့  ရေလုပ်ငန်းလုပ်ကိုင်သူတွေ၊ ကုန်သည်တွေ နဲ့အလုပ်သမား တွေ  အဆင်ပြေလာပါတယ်" ဟု ငါးပိလုပ်ကိုင်ရောင်းချသူများထံမှ သိရှိရပါ သည်။

   ငပုတောမြို့နယ်၌ ငါးပိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက်မျှင်ငါးပိ များကို  တခြားဒေသများသို့ စနစ်တကျထုပ်ပိုး၍ တင်ပို့ရောင်းချကြောင်း၊ အဆိုပါမျှင်ငါးပိ များ  အရောင်းအဝယ် ကောင်းလာသည့်အတွက် ရေလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများနှင့် လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပြည်တွင်းမှထွက်ရှိသော Hass ထောပတ်သီးများကို ပြည်ပသို့ တင်ပို့ရန်လျာထား

   ယခုနှစ်တွင် ပြည်တွင်းမှထွက်ရှိမည့် အရည်အသွေးမြင့် Hass ထောပတ်သီး များ ကို   စင်ကာပူနှင့်   ထိုင်းနိုင်ငံတို့သို့ အဓိကထား တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ပြည်တွင်း၌  Hass  ထောပတ်သီးစိုက် ဧကပေါင်း  ၂၀၀၀၀   ခန့်ရှိပြီး   နှစ်စဉ် စက်တင်ဘာလ မှ  ဒီဇင်ဘာလအတွင်း Hass ထောပတ်သီးများ လှိုင်လှိုင်ထွက်ရှိကာ ပြည်တွင်း စားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။ ထိုသို့ ထောပတ်သီး များ တင်ပို့ရာတွင်    Hass ထောပတ်သီးများအပြင် Buccaneer၊ 034၊ Booth 7  နှင့် အမရာ စသော ထောပတ် သီးမျိုးများကို လည်း တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ  Hass  ထောပတ်သီး ကို ဧက ၂၀၀၀၀ လောက် စိုက်ပျိုးထား တာဖြစ်တဲ့ အတွက်  ပြည်ပစျေးကွက်ကို ကြိုးစားရှာဖွေရပါတယ်။   ဒီနှစ်မှာထွက် မယ့်  Hass ထောပတ်သီး တွေကိုတော့ စင်ကာပူနဲ့ထိုင်းနိုင်ငံကို အဓိကထားတင်ပို့ ဖို့ စီစဉ်ထား တယ်။ တရုတ်နိုင်ငံကိုလည်း မြန်မာ့ထောပတ်သီးအများအပြား တရားဝင်တင်ပို့နိုင်အောင် GACC လက်မှတ်ရရှိဖို့ စိုက်ပျိုးရေး ဦးစီးဌာနနဲ့  မြန်မာနိုင်ငံ ထောပတ်သီး    စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့    ပူးပေါင်း ဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံ ထောပတ် သီး   စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ     တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ် ထောပတ်သီးရာသီက အရည်အသွေးမြင့်  Hass  ထောပတ်သီး တန်ချိန်  ၃၀၀၀  ခန့်ထွက်ရှိခဲ့ပြီး   ယခုနှစ်တွင် ပိုမိုထွက်ရှိရန် မျှော်မှန်းထားကာ ပြည်တွင်း စားသုံးမှုအပြင်  ပြည်ပနိုင်ငံ များသို့လည်း  တင်ပို့ရောင်းချမည်ဖြစ် ကြောင်း၊  ပြည်တွင်း၌ အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထော ပတ်သီးများနှင့် Buccaneer ထောပတ်သီး များကို ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီး များက  အဓိကထား   စားသုံးကြသဖြင့် နှစ်စဉ် အမြောက်အမြားတင်ပို့ရောင်းချရ ကြောင်း သိရသည်။

ယခုအခါ    မြန်မာ့ထောပတ်သီးများ သည် ပြည်တွင်းပြည်ပဈေးကွက်တွင် ဝယ်လိုအား ကောင်းလာ၍ ထောပတ်သီး စိုက်ပျိုးသော   တောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက် ရှိသော ထောပတ်မျိုးကို ဦးစားပေးစိုက်ပျိုးကြရန် မြန်မာနိုင်ငံ  ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ တိုက်တွန်းထားကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ငပုတောမြို့နယ်မှ ထွက်ရှိသော ခရမ်းသီးများ ဒေသတွင်းဈေးကွက်၌ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေလျက်ရှိ

        ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ငပုတောမြို့နယ်မှ ထွက်ရှိသော   ခရမ်းသီးများ ဒေသတွင်း ဈေးကွက်၌  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်၌ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ   များထံမှ သိရှိရပါသည်။ ငပုတောမြို့နယ်၌  ယခုနှစ် သြဂုတ်လနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ ခရမ်းသီးများ ဝယ်လိုအားကောင်းကာ အရောင်းအဝယ် ကောင်းမွန်နေပြီး တစ်ရက်လျှင် ခရမ်းသီး အလုံး ၄၀၀၀၀ မှ ၅၅၀၀၀အထိ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ 

“ဒေသထွက်ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ပါတယ်။ ဒီနှစ်ခရမ်းသီးတွေက   အရည်အသွေးကောင်းမွန်သလို    အထွက်နှုန်းလည်း ကောင်းမွန်ပါတယ်။ လက်ရှိ ခရမ်း အဝိုင်းသီးရော     အရှည်သီးပါ အရောင်းအဝယ်ကောင်းမွန်နေတာဖြစ်ပါတယ်။ ဒေသထွက် ခရမ်းသီးတွေ အရောင်းအဝယ်ကောင်းလာတော့  စိုက်ပျိုးသူတွေ စီးပွားရေး အဆင်ပြေလာပါတယ်” ဟု စိုက်ပျိုးသူများနှင့် ရောင်းချသူများ၏ ပြောစကားများအရ သိရှိ ရပါသည်။

   အဆိုပါဒေသထွက်ခရမ်းသီးအပါအဝင်    တခြားကုန်စိမ်းများကို    ကျောင်းကုန်း ဈေးကွက်အပြင် မော်လမြိုင်ကျွန်း မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့သို့လည်း တင်ပို့ ရောင်းချကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့ပေါ်ရှိ ရိုးရာမုန့်ဖက်စလစ်(မုန့်ပြားသလက်)ဒေသခေါ် မုန့်ဖက်စလက်ဈေးနှုန်း

      မြိတ်မြို့တွင်ဒေသထွက်ကုန်များနှင့် ပင်လယ်ထွက်ကုန်များအပြင် ရိုးရာအစားအစာမုန့်အချို များလည်း ပြုလုပ်ရောင်းချလျက်ရှိပါသည်။ လက်လုပ်မုန့်များထဲ့မှ မုန့်ဖက်စလစ်သည် လူကြိုက် များလျက်ရှိသည်။ ရိုးရာမုန့်ဖက်စလစ် (မုန့်ပြားသလက်)ပြုလုပ်ရာတွင်ဂျုံ၊ကြက်ဥ၊ပျား ၊သကြား၊ အုန်းသီး၊ပဲစေ့၊ ကောက်ညှင်းတို့ပါဝင်၍ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြသော ရိုးရာအစား အစာမုန့်တစ်မျိုးဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလပထမပတ် မြိတ်မြို့တွင် ရောင်းချလျက်ရှိသော ရိုးရိုးမုန့်ဖက်စလက် (၁)ခုလျှင်(၅၀၀)ကျပ်နှင့် ကြက်ဥမုန့်ဖက်စလက်(၁)ခုလျှင်(၁၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။    

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ရင်ကန်းချိုသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။ အခြားပြည် နယ်များမှတင်သွင်းလာသော ရင်ကန်းချိုသီးများလည်း မြိတ်မြို့ပေါ်ရှိဈေးများပေါ်တွင် ရောင်းချလျက်ရှိပါသည်။ အပြင်ခွံမှာအနီရောင်ဆူးများပါရှိ၍ အခွံပါးဖြင့်ဖုံးအုပ်ထားပြီး အတွင်းအသားများမှာ တစ်ခုနှင့်တစ်ခု ရင်ချင်းပူးကပ်နေ၍ ဒေသအခေါ်(ရင်ကပ်သီး)ရင်ကန်းသီး ဟုခေါ်ကြပါသည်။ ချိုချိုချဉ်ချဉ်အရသာရှိ၍ အအေးဖျော်သောက်ကြသလို ငပိဖြင့်သုပ်စားကြပါသည်။

  ၂၀၂၅ ခုနှစ်၊  နိုဝင်ဘာလပထမပတ်အတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းအနေဖြင့် ၁ပိဿာ လျှင်(၁၆၀၀၀)ကျပ်နှင့် ၅၀သားလျှင်(၈၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ရင်ကန်းသီးကို အသုပ်ဆိုင်များ၊ အအေးဆိုင်များတွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ ဘိလပ်မြေစျေးနှုန်းစျေးကွက်

 

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းချနေသည့် အရောင်းဆိုင်များသို့သွားရောက်၍ ပစ္စည်းဝင်ရောက်နေမှု အခြေအနေနှင့် စျေးနှုန်းများအား  ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစုံစမ်းချက်အရ မြိတ်မြို့တွင်  ဘိလပ်မြေ ကြံ့နှင့် အယ်လ်ဖာ တံဆိပ်များအား ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိပြီး ကြံ့ဘိလပ်မြေ တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်နှင့် အယ်လ်ဖာ ဘိလပ်မြေ တစ်အိတ်လျှင် (၂၇၅၀၀) ကျပ်ရှိကြောင်း၊ ဘိလပ်မြေ ပြတ်လပ်မှုမရှိစေရေးနှင့် ဒေသတွင်းဖြစ်သင့် ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း