ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့၏ရာသီပေါ်ခံသီးသီးနှံဈေးနှုန်းအခြေအနေ  

               ခံသီးပင်သည် အပူပိုင်းဒေသများတွင် ပေါက်ရောက်ကြောင်း၊ တစ်နှစ်လျှင်နှစ်ရာသီ အသီးများထွက်ရှိကြောင်း၊ ဆောင်းဦးကာလ၌ အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ တို့တွင် အသီးများထွက်ပေါ် ရင့်မှည့်ကြောင်း၊ အရသာမှာ ချိုချဉ်အရသာရှိကြောင်းသိရှိရသည်။ မြင်းခြံမြို့နယ် အတွင်းရှိ ရပ်ကွက်အချို့နှင့် ကျေးရွာများတွင်မိမိတို့၏ ခြံဝင်းများအတွင်း၌ ခံသီးပင်များကို စီးပွားဖြစ်တစ်နိုင်တပိုင်စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြသီတာဈေးတွင် ရောင်းချနေသော ခံသီးအသီးနှံ(၂၅) ကျပ်သားလျှင်(၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင်(၇၀၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးနှုန်းအနည်းငယ် မြင့်တက် လျက်ရှိကြောင်း၊ အသီးအရွယ်အစားနှင့် လတ်ဆတ် မှုအပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊  ဆေးဖက်ဝင်သော ကြောင့် ဒေသအတွင်း ဈေးကွက်၌ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ခံသီးရောင်းချသူ တစ်ဦးပြောပြချက် အရသိရ သည်။ အမျှင်ဓာတ်ကြွယ်ဝသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကိုကောင်းမွန်ကြောင်း၊ စိတ်ဖိစီးမှုနှင့် အိပ်မပျော်ခြင်းကိုသက်သာစေပြီး သဘာဝအိပ်ဆေး အဖြစ် အသုံးပြုကြောင်း၊ ခံသီးပင်သည် အသီးအပြင် အခေါက်၊ အရွက်နှင့် အမြစ်များအားလုံးသည် ပဥ္စငါးပါးအတွက် ဆေးဖက်ဝင်ပြီး မြန်မာတိုင်းရင်းဆေးဖော်ရာတွင် လည်းအသုံးပြုကြကြောင်း သိရှိရပြီး၊ ဝင်ငွေရ၍ ဆေးဖက်ဝင်သော ခံသီးပင်များအား ပိုမိုစိုက်ပျိုးထားကြောင်းသိရှိရသည်။

DOCA(မန္တလေး)       

 

မန္တလေးစျေးကွက်တွင် မယ်ဇလီဖူးစျေးကျ

         မန္တလေးစျေးကွက်သို့ နတ်တော်လဆန်းအတွင်း   မယ်ဇလီးဖူးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မယ်ဇလီပင်များမှာ အများဆုံးတွေ့ရှိရသည့် အပင်များဖြစ်ပြီး၊ အညာဒေသနှင့် ခွဲခြား၍မရသည့်ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ မယ်ဇလီးဖူးများအား အစိမ်းအတိုင်းရောင်းချခြင်းနှင့် ပြုတ်၍ရောင်းချခြင်းတို့ တွေ့ရှိရပြီး၊ နှစ်မျိုးစလုံးအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ စတုတ္ထပတ်အတွင်း မန္တလေးစျေးကွက်အတွင်း မယ်ဇလီးဖူးများအား လက္ကားစျေးတစ်ပြည်စျေးမှာ ၄၅၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊ လက်လီစျေးတစ်ဗူးလျှင် ၆၀၀ ကျပ်နှင့် ၈၀၀ ကျပ်စျေးတို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

MSMEလုပ်ငန်းဖြစ်သောမြင်းခြံမြို့၏မုန့်ဖတ်များဈေးနှုန်းမြင့်တက်လာခြင်း

                MSMEလုပ်ငန်းများဖြစ်သော မုန့်ဖတ်(မုန့်တီ၊မုန့်ဟင်းခါး) လုပ်ငန်းများကို မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ယခုနိုဝင်ဘာလ၌ မုန့်ဖတ် (ဆန်ပြား၊မုန့်တီ၊မုန့်ဟင်းခါးဖတ်) ၅၀ ကျပ်သား လျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်အောက်တိုဘာလ၌  မုန့်ဖတ် (ဆန်ပြား၊မုန့်တီ၊မုန့်ဟင်းခါးဖတ်) ၅၀ ကျပ်သား လျှင်(၁၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်း ယှဉ်ပါက ယခုလတွင် မုန့်တီ၊ မုန့်ဟင်းခါးဖတ် (၅၀)ကျပ်သားလျှင် (၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်ကြမ်းများ သယ်ယူစရိတ် မြင့်တက်သောကြောင့် မုန့်ဖတ်ဈေးနှုန်းမြင့် တက်ခြင်းဖြစ်ကြောင်း၊ နေ့စဉ်ပုံမှန်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့်ရောင်း ကုန်ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မု့န်တီ၊မုန့်ဟင်းခါး ရောင်းချသူများမှလည်းဝယ်ယူကြောင်း၊ အလှူပွဲ၊ မွေးနေ့ပွဲ၊ ဘုရားပွဲများတွင် အော်ဒါအမှာရှိပါက မုန့်ဖက်များပိုမိုထုတ်လုပ်ရောင်းချရကြောင်း MSME လုပ်ငန်းဖြစ်သောမုန့်ဖတ်  ထုတ်လုပ်မှုလုပ်ငန်းသည် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်ကြောင်း မုန့်ဖတ်ထုတ်လုပ်သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)      

         

ငါန်းဇွန်မြို့နယ်၏ နိုဝင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

              ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၉၀)ကျပ်၊ 95 Octance(၂၈၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၄၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၈၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၁-၁၁-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။   

DOCA(မန္တလေး)       

                                                         

မန္တလေးစျေးကွက်တွင် ဇီးဖြူသီးစျေးမြင့်တက်

        မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်အသီးများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့်ဇီးဖြူသီးများ ဝင်ရောက်မှုလျော့နည်းကာ စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ၂၀၂၅  ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၅၀၀ ကျပ်နှင့် ၁၇၀၀ကျပ်၊အလုံး(လတ်) ၁၂၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ အလုံး(သေး) ၈၀၀ကျပ်နှင့် ၉၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာ  အချဉ်သုတ်၍ ရောင်းချသူများမှ သုံးစွဲမှုများပြားသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

နဂါးမောက်သီးစျေးအနည်းငယ် မြင့်တက်လျက်ရှိ

        စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့် နဂါးမောက်သီးများဝင်ရောက်မှု လျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ စျေးကွက်တွင်  နဂါးမောက်သီးအတွင်းသား အဖြူရောင်၊ ခရမ်းရောင်နှင့် မရမ်းရောင်တို့ တွေ့ရှိရပြီး၊ အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်သစ်သီးရောင်းချသည့် စျေးတန်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ (လုံးကြီး) (အတွင်းသားဖြူ) ၂၅၀၀၀ကျပ်နှင့် ၃၅၀၀၀ ကျပ်၊(လုံးလတ်)၁၃၀၀၀ကျပ်နှင့်၁၅၀၀၀ကျပ်၊ (လုံးသေး) ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ကျပ်စျေး၊ အတွင်းသားခရမ်းရောင်နှင့်မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၅၀၀၀ ကျပ်နှင့်၁၈၀၀၀ ကျပ်၊ အလုံးသေး ၅၀၀၀ကျပ်နှင့် ၁၀၀၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ထန်းပင်မြစ်များ မန္တလေးစျေးကွက်အတွင်း စတင်ဝင်ရောက်

       စျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်း တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့မှ ထွက်သည့်ထန်းပင်မြစ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှထွက်သည့် ထန်းပင်မြစ်များစတင်ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း မုံရွာဒေသမှထွက်ရှိသည့် ရွံ့စေးကပ်သည့်ရုက္ခစိုးထန်းမြစ်မှာ အသားထူ၍ ဝယ်ယူသူများကြိုက်နှစ်သက်‌ကာ အခြားဒေသထွက်ထန်းပင်မြစ်ထက် စျေးအနည်းငယ်မြင့်ကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသည့် ထန်းပင်မြစ်စျေးနှုန်းများမှာ ၁စီး(၃၀ချောင်းပါ)လျှင် ၄၅၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်ဖြစ်ပေါ်လျက်ရှိပြီး မုံရွာရွံ့စျေးကပ်(ရုက္ခစိုး)များမှာ ဒီဇင်ဘာလမှစတင်ဝင်ရောက်မည်ဖြစ်ကြောင်း ထန်းပင်မြစ် ကုန်သည်တစ်ဦး၏ ပြောပြချက်အရ  သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်သို့ စတင်ဝင်ရောက်လာသည့်ပဲမြစ်

       ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲမြစ်များ စတင်ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။ မန္တလေးစျေးကွက်အတွင်း တံတားဦးမြို့နယ်၊ မကျီးတောဒေသမှ ထွက်ရှိသည့်ပဲမြစ်မှာ အတွင်းသားအလယ်အမြစ်ပါဝင်မှုနည်းသည့်အတွက် အခြားဒေသထွက်ပဲမြစ်နှင့် မတူဘဲ စျေးအနည်းငယ်ပိုပြီး၊ ဝယ်ယူသူများကြိုက်နှစ်သက်‌ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသည့် ပဲမြစ်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၇၅၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ လက်လီစျေး ၈၅၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဝင်ရောက်မှုများပြားလျက်ရှိသည့် မန္တလေးပန်းကုံးစျေးကွက်

          နတ်တော်လရာသီအချိန်ဖြစ်၍ မန္တလေးပန်းစျေးကွက်အတွင်း ပန်းကုံးမျိုးစုံဝင်ရောက်မှု များပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းကုံး လက်လီပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၂၀၀ဝိ/-နှင့် ၂၃၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါး ပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊နှင်းဆီပန်း(ဗမာ) ၁၀ ကုံး လျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ငရုတ်သီးစိမ်းငြိမ်လျက်ရှိ

         ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့် ပန်းငရုတ်ပွနှင့် ငရုတ်သီးစိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ နတ်တော်လဆန်းတွင် ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်နေကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းဝင်ရောက်လျက်ရှိသည့် ငရုတ်သီးစိမ်းအမျိုး အစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီးများတွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေးများအား အလုံးအရွယ်အစားအလိုက် ရောင်းချကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွ (လုံးသေး) စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကား စျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေး ၈၀၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ်၊ မိုးထောင်ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊ လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း