ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဂျပန်နိုင်ငံမှ သရက်သီးတင်သွင်းမှုများကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ သရက်သီးဈေးကွက် အကျပ်အတည်းနှင့် ကြုံတွေ့နေ

          အိန္ဒိယနိုင်ငံ၏ ပေါင်သန်းပေါင်းများစွာ တန်ဖိုးရှိသော သရက်သီးကုန်သွယ်မှုလုပ်ငန်းသည် ပြင်းထန်သော ရာသီဥတုဖောက်ပြန်မှုများ၊ ကုန်သွယ်မှုကန့်သတ်ချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရပါသည်။

         ကမ္ဘာ့သရက်သီးထွက်ရှိမှု၏ ထက်ဝက်နီးပါးကို အိန္ဒိယနိုင်ငံမှ ထုတ်လုပ်ပေးနေပြီး၊ ယခင်နှစ်က အဆိုပါကဏ္ဍမှ ဝင်ငွေ ဒေါ်လာ ၅၆ သန်းကျော်ရရှိခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသသည် အိန္ဒိယသရက်သီးကို အများဆုံး ဝယ်ယူနေဆဲဖြစ်သော်လည်း၊ ယူကေနိုင်ငံနှင့် ဂျပန်နိုင်ငံကဲ့သို့သော ဈေးကွက်များသည် ပိုမိုမြင့်မားသောဈေးနှုန်းနှင့် တင်းကျပ်သည့် အရည်အသွေး စံချိန်စံညွှန်းများအတွက် အဓိကကျသော ဈေးကွက်များဖြစ်ပြီး ယခုအခါ သရက်သီးဘုရင်ဟု တင်စားခေါ်ဆိုကြသော အယ်ဖွန်ဆို(Alphonson) သရက်သီး အမျိုးအစားများသည် ကမ်းရိုးတန်းဒေသဖြစ်သော ကွန်ကန်(Konkan) ဒေသတွင် ကြီးမားသော ဆုံးရှုံးမှုူများနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

        စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသည်များ၏ အဆိုအရ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် စံချိန်တင် အပူလှိုင်းများသည် သရက်ခြံများကို ပျက်စီးစေခဲ့ပြီး ဆောင်းရာသီတွင် အပူချိန် အတက်အကျ ပြင်းထန်းမှုများကြောင့် အပွင့်၊ အဖူးများပျက်စီးစေခဲ့ရသလို၊ ဧပြီလနှင့် မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သောအပူချိန်ကြောင့် ကျန်ရှိနေသော အသီးအများစုမှာလည်း ပျက်စီးသွားခဲ့ပြီး အဓိက စိုက်ပျိုးသည့် ဒေသအချို့တွင် တောင်သူများ မျှော်မှန်းထားသည့် အထွက်နှုန်း၏ ၉၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ရပြီး ဒေသတွင်းစီးပွားရေး၏ ကျောရိုးဖြစ်သော တောင်သူများသည် လုပ်ငန်းများလည်ပတ်နိုင်ရန် လုံလောက်သော သရက်သီးများကိုပင် စုဆောင်းရန် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

          ထို့အပြင် ဂျပန်နိုင်ငံမှ ရုတ်တရက် တင်သွင်းမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင်း အိန္ဒိယ သရက်သီးဈေးကွက်အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး ဂျပန်နိုင်ငံမှ စစ်ဆေး‌ရေးအဖွဲ့သည် သရက်သီးသန့်စင်သည့် စက်ရုံများသို့ သွားရောက်စစ်ဆေးကာ လိုအပ်သော စံချိန်စံညွှန်းများနှင့် မကိုက်ညီကြောင်း တွေ့ရှိခဲ့ကြပြီး မတ်လအတွင်း Uttar Pradesh ဒေသရှိ စက်ရုံတစ်ခုတွင် ပြုလုပ်ခဲ့သော စစ်ဆေးမှုအရ သရက်သီးယင်ကောင်များကို ဖယ်ရှားရန်အတွက် အသုံးပြုသည့် ဓာတုဗေဒကင်းစင်သော “Vapour Heat Treatment” (ရေနွေးငွေ့ဖြင့် အပူပေးသန့်စင်ခြင်း) လုပ်ငန်းစဉ်တွင် ချို့ယွင်းချက်များရှိနေကြောင်း တွေ့ရှိခဲ့ရသောကြောင့် ဂျပန်နိုင်ငံမှ အိန္ဒိယ သရက်သီးအမျိုးအစားများ အားလုံးကို ၂၀၂၆ခုနှစ်အတွက် တင်သွင်းမှုများ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပြီး ထိုရပ်ဆိုင်းမှုသည် နှစ်ပေါင်းနှစ်ဆယ်ကြာ တည်ငြိမ်ခဲ့သော ကုန်သွယ်မှု ဆက်ဆံရေးအတွက် အတားအဆီးတစ်ခုဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့အပြင် အနောက်အာရှဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကုန်သင်္ဘောခများမှာ နှစ်ဆကျော်မြင့်တက်လာပြီး၊ ပုပ်သိုးလွယ်သော ကုန်ပစ္စည်းများပို့ဆောင်မှုမှာ ပိုမိုကုန်ကျ စရိတ်များပြားလာပြီး ပင်လယ်ကွေ့ဒေသများသို့ ပို့ဆောင်မှုများတွင် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများကြောင့် တင်ပို့မှု ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့ကပြောကြားခဲ့ပြီး ဂျပန်နိုင်ငံသို့ တင်ပို့မှုများရပ်ဆိုင်းသွားခြင်းနှင့် ပင်လယ်ကွေ့ ပို့ဆောင်ရေးလမ်းကြောင်းများ ဖိအားများလာခြင်းတို့ကြောင့် သရက်သီးများ ပြည်တွင်းဈေးကွက်သို့ ပြန်လည်ပို့ဆောင်နေရပြီး၊ ပြည်တွင်းတွင် သရက်သီး အလွန်အကျွံပိုလျှံကာ ဈေးနှုန်းများ ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

Source: Zee News

DOCA(ရန်ကုန်) 

ဥဇဘက်ကစ္စတန်နိုင်ငံနှင့် စားသောက်ကုန်ကုန်သွယ်မှု ဆက်ဆံရေး ပိုမိုခိုင်မာစေရန် လုပ်ဆောင်နေသည့် မလေးရှားနိုင်ငံ

          မလေးရှားနိုင်ငံသည် ရေရှည်စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ရန်နှင့် ကုန်ပစ္စည်းတင်သွင်းသည့် ရင်းမြစ်များကို ပုံစံမျိုးစုံခွဲဝေရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဥဇဘက်ကစ္စတန်အပြင် ပိုမိုကျယ်ပြန့်သော အာရှအလယ်ပိုင်းဒေသနှင့်ပါ စားသောက်ကုန် ကုန်သွယ်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခိုင်မာစေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

        မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ဥဇဘက်ကစ္စတန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Ibrokhim Abdurakhmonov ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သွားရောက်ခဲ့သည့် ၆ ရက်ကြာ တရားဝင်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြသည့် အဓိကကဏ္ဍများထဲတွင် အဆိုပါကိစ္စရပ်လည်းပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

         ၎င်းက နှစ်နိုင်ငံမှ ကုမ္ပဏီများအကြား စီးပွားရေးလုပ်ငန်းအချင်းချင်း (Business-to-Business) ပူးပေါင်းဆောင်ရွက်မှုများ စတင်နေပြီဖြစ်ပြီး၊ အထူးသဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံမှ ချယ်ရီသီးများနှင့် အခြောက်ခံစားသောက်ကုန်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းများ ပါဝင်နေ ကြောင်း သိရပါသည်။ 

          စားသောက်ကုန်ကုန်သွယ်မှုအပြင် စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ရေလုပ်ငန်း (ငါး၊ ပုစွန်မွေးမြူရေး) နှင့် စားသောက်ကုန်နည်းပညာကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံလုံးက လေ့လာရှာဖွေလျက်ရှိကြောင်း Mohamad က ပြောကြားခဲ့ပါသည်။

         အဆိုပါခရီးစဉ်အတွင်း ၎င်းသည် ဥဇဘက်ကစ္စတန်သမ္မတ Shavkat Mirziyoyev ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည့် တရှ်ကန့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ် (Tashkent International Investment Forum - TIIF) ၂၀၂၆ ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်း ဆန်စပါးထုတ်လုပ်မှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံသည် လက်ရှိတွင် ၅၅ ရာခိုင်နှုန်း ခန့်သာရှိသေးသည့် ဆန်စပါးကိုယ်တိုင်ဖူလုံမှုအဆင့်ကို မြှင့်တင်ရန် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း Mohamad က ပြောကြားခဲ့ပါသည်။

          အစိုးရအနေဖြင့် ဆာဘား (Sabah)၊ ဆာရာဝက် (Sarawak)၊ ပါဟန်း (Pahang) နှင့် အခြားပြည်နယ်အချို့တွင် စိုက်ပျိုးမြေအသစ်များ ဖော်ထုတ်ခြင်းဖြင့် ပြည်တွင်းဆန်စပါး ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အရှေ့အလယ်ပိုင်းဒေသ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် သင်္ဘောလိုင်းလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းရာတွင် Mohamad က ထိုဒေသတွင်း တင်းမာမှုများကိုလျှော့ချရန် ကြိုးပမ်းမှုများကို မလေးရှားနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

          အယ်လ်နီညို (El Niño) ဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှုတွင် အနှောင့်အယှက်များ ကြုံတွေ့ရပါက စားနပ်ရိက္ခာထောက်ပံ့မှု လုံလောက်စွာရှိစေရန်အတွက် လယ်သမားများကို လမ်းညွှန်မှုပေးခြင်းနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း အပါအဝင် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေကြောင်း Mohamad က ပြောကြားခဲ့ပါသည်။

           လောလောဆယ်တွင် မလေးရှားနိုင်ငံ၏ စားနပ်ရိက္ခာထောက်ပံ့မှုမှာ လုံလောက်မှုရှိနေဆဲဖြစ်ပြီး အမျိုးသားစားနပ်ရိက္ခာဖူလုံမှုကို ကာကွယ်စောင့်ရှောက်ရန်အတွက် အစိုးရအနေဖြင့် လိုအပ်သော အစီအမံများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါသည်။ ပဉ္စမအကြိမ်မြောက် TIIF ဖိုရမ်ကို "ရင်းနှီးမြှုပ်နှံမှု ကြံ့ကြံ့ခံနိုင်ရည်ရှိမှု- နယ်ပယ်သစ်များ၊ မိတ်ဖက်အဖွဲ့အစည်းသစ်များ" ဟူသော ဆောင်ပုဒ်ဖြင့် ဇွန်လ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

       အဆိုပါဖိုရမ်တွင် ပြည်တွင်းထုတ်လုပ်သူ ၁၀၀ ကျော် ပါဝင်သည့် အကြီးစားစက်မှု ကုန်စည်ပြပွဲတစ်ခုအပြင်၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B) နှင့် စီးပွားရေးလုပ်ငန်းနှင့် အစိုးရအကြား (B2G) တွေ့ဆုံဆွေးနွေးပွဲများ ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရပါသည်။

Source: New Strait Times                                                          

DOCA (ရန်ကုန်)

ဂျပန်နိုင်ငံတွင် ကြက်သားနှင့် ကြက်ဥစျေးနှုန်းများ စံချိန်တင် မြင့်တက်လာ

       ဂျပန်နိုင်ငံ၏ ဇွန်လအတွင်း ကြက်သားနှင့် ကြက်ဥ လက်လီစျေးနှုန်းများသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ၂၀၀၃ ခုနှစ် ဩဂုတ်လတွင် စတင်အချက်အလက် ကောက်ယူခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရပါသည်။ နိုင်ငံ တစ်ဝန်း ကြက်သား ပျမ်းမျှစျေးနှုန်းမှာ ယခင်လထက် ၁၀၀ ဂရမ်လျှင် ၁ ယန်း မြင့်တက်လာပြီး ၁၀၀ ဂရမ်လျှင် ၁၅၅ ယန်း ဖြစ်လာကြောင်း ဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

        ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေချိန်တွင် စျေးနှုန်းအသင့်အတင့်ရှိသော ကြက်သားကို ဝယ်ယူလိုသည့် ဝယ်လိုအားမှာ ခိုင်မာလျက်ရှိပြီး ပြည်ပမှတင်သွင်းသော ကြက်သားစျေးနှုန်းများ မြင့်တက်လာခြင်းက ပြည်တွင်းဖြစ် ထုတ်ကုန်များအပေါ် ဝယ်လိုအားကို ပိုမိုမြင့်တက်စေခဲ့ပြီး ခြုံငုံရလျှင် ကြက်သားစျေးနှုန်းများကို မြင့်တက်လာစေခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

          ကြက်ဥ ၁၀ လုံးပါ တစ်ကတ်၏ နိုင်ငံတစ်ဝန်း ပျမ်းမျှစျေးနှုန်းမှာ ၃၀၉ ယန်းတွင် ရှိနေပြီး မတ်လနှင့် မေလတို့တွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးစံချိန်နှင့် တူညီနေကြောင်း သိရပါသည်။ အဆိုပါ စျေးနှုန်းမြင့်တက်မှုမှာ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် ကြက်များကို သုတ်သင်ရှင်းလင်းခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

          စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် စျေးနှုန်းများ မကြာခဏ အဆမတန် မြင့်တက်လေ့ရှိသည့် ကြက်ဥကို တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်တစ်ရပ်ကို ကြေညာခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်ချက် များတွင် ကြက်များကို အစုလိုက်အပြုံလိုက် သုတ်သင်ရမှုကို အနည်းဆုံးဖြစ်စေရန် ကြက်မွေးမြူ ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို မြှင့်တင်ခြင်းနှင့် ရောဂါကူးစက်ခံထားရသော ကြက်များကို စောစီးစွာ စစ်ဆေးတွေ့ရှိနိုင်မည့် နည်းလမ်းများအတွက် အစိုးရ-ပုဂ္ဂလိက ပူးတွဲလေ့လာရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ လစဉ်ကောက်ယူသော စစ်တမ်းသည် ပျမ်းမျှစျေးနှုန်းကို တွက်ချက်ရန်အတွက် တစ်နိုင်ငံလုံးရှိ ဆိုင်ပေါင်း ၄၇၀ ကို လွှမ်းခြုံကောက်ယူခြင်းဖြစ်ပြီး နောက်ဆုံးစစ်တမ်းကို ဇွန်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

Source: Japantimes                                                                  

DOCA (ရန်ကုန်)

ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာမှုကြောင့် ရေထွက်ကုန်လုပ်ငန်းများ အကျပ်အတည်း ၂ ဆ ဖြစ်ပေါ်နေ

        ၂၀၂၆ ခုနှစ် မေလအစပိုင်းကတည်းက နိုင်ငံတကာ သင်္ဘောသယ်ယူပို့ဆောင်ရေး စျေးကွက်တွင် အဓိကလမ်းကြောင်း အများအပြား၌ သယ်ယူပို့ဆောင်ရေးစရိတ်များ သိသိသာသာ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အာရှနှင့် မြောက်အမေရိက၊ ဥရောပတို့ကို ချိတ်ဆက်ထားသည့် လမ်းကြောင်းများတွင် ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်လုပ်ငန်းအတွက်မူ ယင်းမှာ စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်လာသည်။ အကြောင်းမှာ ပို့ကုန်စျေးနှုန်းဖွဲ့စည်းပုံတွင် ထောက်ပံ့ပို့ဆောင်ရေးစရိတ်သည် အမြဲတမ်းအကြီးမားဆုံး ကုန်ကျစရိတ်များထဲမှ တစ်ခုဖြစ်နေ သောကြောင့်ဖြစ်ကြောင်း သိရသည်။

         ဗီယက်နမ် ရေထွက်ကုန် ပြုပြင်ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချသူများအသင်း (VASEP) ၏ အဆိုအရ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးစရိတ်များသည် မေလအစပိုင်းတွင် စတင်မြင့်တက်ခဲ့ပြီး ဇွန်လ ဒုတိယဝက်တွင် ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။ ဗီယက်နမ်ရေထွက်ကုန်များအတွက် အရေးပါသောစျေးကွက်များဖြစ်သည့် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့သို့ သွားသည့်လမ်းကြောင်းများတွင် အများဆုံး မြင့်တက်ခဲ့ကြောင်း သိရသည်။

      အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းသို့ သွားသည့် သင်္ဘောလမ်းကြောင်းတွင် ဇွန်လ ၁၅ ရက်မှ ၃၀ ရက်အတွင်း Los Angeles ဆိပ်ကမ်းသို့ သယ်ယူခမှာ ကွန်တိန်နာအပြည့် (FCL) လျှင် အမေရိကန်ဒေါ်လာ ၆,၅၀၀ ခန့်အထိ ရှိခဲ့ပြီး ယင်းမှာ ၂၀၂၆ ဇွန်လ ပထမဝက်နှင့် နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ မေလ ဒုတိယဝက်နှင့် နှိုင်းယှဉ်ပါကမူ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

        အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်း လမ်းကြောင်းသည်လည်း ဤအတိုင်းပင် ဖြစ်သည်။ ဇွန်လဒုတိယဝက်တွင် နယူးယောက်သို့ သင်္ဘောသယ်ယူခမှာ ကွန်တိန်နာအပြည့် (FCL) လျှင် ဒေါ်လာ ၇,၉၀၀ ခန့် ရှိခဲ့ပြီး လဆန်းပိုင်းထက် ၂၃ ရာခိုင်နှုန်းနှင့် မေလဒုတိယဝက်ထက် ၇၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။

          ဥရောပစျေးကွက်တွင်လည်း ကုန်ကျစရိတ်ဖိအားများ မြင့်တက်နေသည်။ ရော့တာဒမ် (Rotterdam)၊ ဟမ်းဘတ် (Hamburg) နှင့် ဖီးလစ်စတိုး (Felixstowe) ကဲ့သို့သော အဓိကဆိပ်ကမ်းများသို့ သယ်ယူခမှာ ဇွန်လပထမဝက်တွင် ကွန်တိန်နာအပြည့်လျှင် ဒေါ်လာ ၄,၇၀၀ ဝန်းကျင်ရှိခဲ့ပြီး လကုန်ပိုင်းတွင် ဒေါ်လာ ၁,၀၀၀ ကျော် ထပ်မံမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

          အထူးသဖြင့် ကနေဒါလမ်းကြောင်းတွင် ပိုမိုဆိုးရွားစွာ မြင့်တက်ခဲ့သည်။ Toronto) နှင့် Montreal သို့ သယ်ယူခမှာ လက်ရှိတွင် ကွန်တိန်နာအပြည့်လျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော်သွားပြီဖြစ်ရာ မေလကုန်ပိုင်းထက် ၇၃ ရာခိုင်နှုန်း မြင့်တက်လာပြီး နှစ်ဆန်းပိုင်းကထက် နှစ်ဆကျော် ရှိလာခဲ့သည်။

       တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံသို့ သယ်ယူခမှာမူ ကွန်တိန်နာအပြည့်လျှင် ဒေါ်လာ ၄၅၀ မှ ၇၇၀ ကြားတွင်သာရှိပြီး အတော်အတန် တည်ငြိမ်နေသည်။ ယင်းက ဂျပန်သို့ တင်ပို့မည့် အော်ဒါများရှိသော လုပ်ငန်းများအတွက် ရေတိုကုန်ကျစရိတ်ဖိအားကို အတိုင်းအတာတစ်ခုအထိ သက်သာစေကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထား

      ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသော်လည်း ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ၁၀ ရာခိုင်နှုန်းရရှိရန် ဆက်လက်သန္နိဋ္ဌာန်ချထားကြောင်း Vietnam News Agency က ဇွန်လ ၁၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။

          အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေး တင်းမာမှုများ၊ ရေနံစျေးနှုန်း မတည်ငြိမ်မှုများနှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှု ဖိအားများကြားမှ ယခုနှစ် ပထမ ၅ လအတွင်း စီးပွားရေးတိုးတက်မှုသည် ၁.၈၃ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ပြီး ယင်းမှာ အပြုသဘောဆောင်သည့် ရလဒ်တစ်ခုဖြစ် သော်လည်း လျာထားသည့် လမ်းကြောင်းအောက်တွင်မူ ရှိနေသေးကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထိုနေ့တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

      သတ်မှတ်ထားသော တိုးတက်မှုရည်မှန်းချက် ပြည့်မီစေရန် ဒေသန္တရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီနိုင်မည့် သင့်လျော်သော မူဝါဒရေးရာ အစီအမံများကိုချမှတ်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်း၍ တိုးတက်မှုအခြေ အနေများကို ပြန်လည်သုံးသပ်လျက်ရှိသည်။

     ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ ဇန်နဝါရီမှ မေလအထိ ကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ယခင်နှစ် အလားတူကာလ ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄၅.၁ ဘီလီယံအထိ ရှိခဲ့ကြောင်း၊ ထိုကာလအတွင်း ကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၁၃.၈ ဘီလီယံ ရှိခဲ့ပြီး ဇွန်လ ၇ ရက်နေ့အထိတွင်မူ ၁၅.၃၆ ဘီလီယံအထိ ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ ကြက်သွန်ဖြူ တင်သွင်းမှုရပ်ဆိုင်းရန် ရည်မှန်း

         သမ္မတ Prabowo Subianto ၏ စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံသည် လာမည့် ၃ နှစ်မှ ၄ နှစ်အတွင်း ကြက်သွန်ဖြူ ပြည်ပမှတင်သွင်းနေမှုကို ရပ်ဆိုင်းရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဆိုင်ရာ ဒုတိယဝန်ကြီး Sudaryono က ဇွန်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

        အင်ဒိုနီးရှားနိုင်ငံ၏ ကြက်သွန်ဖြူ လိုအပ်ချက် ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရခြင်းဖြစ်ပြီး စိန်ခေါ်မှုအဓိကမှာ စိုက်ပျိုးရန် သင့်တော်သော ကုန်းမြင့်ဒေသများရှာဖွေရန်နှင့် ဒေသတွင်း ရာသီဥတုနှင့် ကိုက်ညီမည့် မျိုးစေ့များ ထုတ်လုပ်ရန်ဖြစ်ကြောင်း ဂျကာတာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ Sudaryono က ထည့်သွင်းပြောကြားခဲ့သည်။

        ၎င်းအပြင် ကြက်သွန်ဖြူ ဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးမြေ ဟက်တာ ၁၀၀,၀၀၀ ခန့် လိုအပ်မည်ဖြစ်ပြီး ယင်းပမာဏမှာ ဆန်စပါး ဖူလုံရေးကြိုးပမ်းမှုများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းကြောင်း ၎င်းက ဆိုသည်။

         အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ ပြည်ပမှ တင်သွင်းမှုပမာဏကို တဖြည်းဖြည်း လျှော့ချမသွားမီ ပထမဦးစွာ မျိုးစေ့ထုတ်လုပ်ရေးနှင့် အခြားသော ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများကို ဦးစားပေးအာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံတွင် ဒူးရင်းသီးအထွက်နှုန်း များပြားလွန်းသဖြင့် စျေးနှုန်းများ ထိုးကျသွား

            မလေးရှားနိုင်ငံရှိ ပြည်နယ်အများအပြားတွင် ဒူးရင်းသီးအထွက်နှုန်း အဆမတန် များပြားနေခြင်းကြောင့် ဒူးရင်းသီးစျေးနှုန်းများ ထိုးကျသွားခဲ့ရာ ‘ဆူးနက်’ (Black Thorn) ဒူးရင်းသီး အမျိုးအစားသည် တစ်ကီလိုဂရမ်လျှင် မလေးရှားရင်းဂစ် ၁၃ ရင်းဂစ် (စင်ကာပူဒေါ်လာ ၄ ဒေါ်လာ) အထိ အနိမ့်ဆုံးစျေးနှုန်းသို့ ရောက်ရှိသွားကြောင်း သိရပါသည်။

         ပီရတ် (Perak)၊ ပါဟန်း (Pahang) နှင့် ဂျိုဟိုး (Johor) စသည့် ပြည်နယ်များတွင် ဒူးရင်းသီးဆွတ်ခူးမှုမှာ အထွက်နှုန်းအကောင်းဆုံး ရာသီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်သောကြောင့် လာမည့်ရက်သတ္တပတ်တွင် စျေးနှုန်းများ နောက်ထပ် ၁၀ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်းသွားနိုင်ကြောင်း သိရပါသည်။

            ကဒါး (Kedah) ပြည်နယ်ရှိ ‘668 Durian King’ ဒူးရင်းသီးဆိုင်ပိုင်ရှင် လိုင်ကျင်းချွန်းက ၎င်း၏ဆိုင်ရှိ ‘ဆူးနက်’ ဒူးရင်းသီးစျေးနှုန်းများသည် လက်ရှိတွင် အရွယ်အစားအပေါ်မူတည်၍ တစ်ကီလိုဂရမ်လျှင် ၁၃ ရင်းဂစ်မှ ၁၅ ရင်းဂစ်ကြားသာ ရှိတော့ကြောင်း ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။ သစ်သီးစိုက်ပျိုးသူနှင့် ဒူးရင်းသီးရောင်းချသူတစ်ဦးဖြစ်သူ လိုင်ဆိုသူက ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းများသည် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်းနှင့် ၎င်းမှာ မကြာသေးမီနှစ်များအတွင်း တွေ့ရခဲသည့် အနိမ့်ဆုံးစျေးနှုန်း ဖြစ်သောကြောင့် ဒူးရင်းသီးစားသုံးရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရပါသည်။

         ယခုကဲ့သို့ စျေးနှုန်းကျဆင်းရခြင်းမှာ ရာသီဥတုအခြေအနေနှင့် အထွက်နှုန်းတိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု လိုင်က သုံးသပ်ခဲ့ပြီး “ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဒူးရင်းပင်တွေ အပွင့်ပွင့်တာနဲ့ အသီးသီးတာ အရမ်းကောင်းခဲ့တယ်” ဟု ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်လက  Fairprice သည် ၎င်း၏ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော လျှပ်တပြတ်အထူးလျှော့စျေးကို စတင်ခဲ့ပြီး ကမ်ပုန်း ဒူးရင်းသီးတစ်လုံးလုံး (၆၀၀ ဂရမ်မှ ၈၀၀ ဂရမ်အထိ) ကို ၁.၉၅ ဒေါ်လာတည်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ ယခုနှစ် အရောင်းပွဲတော်ကို ရက်သတ္တပတ် သုံးပတ်အတွင်း မတူညီသော နေရာသုံးခု၌ တိုးချဲ့ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Source: Asiaone                                                                        

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနမှ တောင်သူလယ်သမားများအတွက် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြုလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်

         ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားမြှင့်တင်ရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များအတွက် ဈေးကွက်ချိတ်ဆက်မှု ခိုင်မာအားကောင်းစေရေးဆိုင်ရာ အစီအမံများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများသည် ကျေးရွာ၊ ရပ်ကွက်အဆင့် စိုက်ပျိုးရေးအရာရှိများ၏ စွမ်းဆောင်ရည်နှင့် လုပ်ငန်းစွမ်းဆောင်မှုကို မြှင့်တင်ပေးခြင်းအပေါ် အဓိကထားဆောင်ရွက်လျက်ရှိပြီး ၎င်းအရာရှိများသည် တောင်သူလယ်သမားများထံသို့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် အကြံပေးဝန်ဆောင်မှုများကို တိုက်ရိုက်ပေးအပ်သော ရှေ့တန်းစိုက်ပျိုးရေး တိုးချဲ့ဝန်ထမ်းများအဖြစ် တာဝန်ယူဆောင်ရွက်နေကြပါသည်။

         ထို့အပြင် တောင်သူများအား စိုက်ပျိုးရေးသမဝါယမများတွင်ပါဝင်ရန် ကူညီအားပေးကြပြီး၊ ထိုမှတစ်ဆင့် တောင်သူများသည် သက်တမ်းအခွင့်အလမ်းများ၊ ငွေကြေးထောက်ပံ့မှုများနှင့် ပုဂ္ဂလိကကုမ္ပဏီများနှင့် စိုက်ပျိုးရေးစာချုပ်များ ချုပ်ဆိုနိုင်စေရန် အထောက်အကူပြုပေးပြီး အစိုးရ၏ စိုက်ပျိုးရေးမူဝါဒများကို ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဈေးကွက်ရရှိစေရန်ဖေးမကူညီပေးခြင်း၊ ထုန်လုပ်မှုဆိုင်ရာ စိန်ခေါ်မှုများကို အချိန်မီတုန့်ပြန်နိုင်ရန်နှင့် မူဝါဒဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဒေသတွင်း စိုက်ပျိုးရေးအချက်အလက် များကောက်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ Tbong Khmum ပြည်နယ်၌ ဒူးရင်းနှင့် သစ်သီးဝလံပြပွဲကျင်းပပြုလုပ်

          ကမ္ဘောဒီးယားနိုင်ငံ၊ Tbong Khmumပြည်နယ်တွင် ဇွန်လ ၁၂ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “ဒူးရင်းနှင့် သစ်သီးဝလံပြပွဲ ၂၀၂၆”သည် ဒေသတွင်း စိုက်ပျိုးရေး ထုတ်ကုန်များကို မြှင့်တင်ရန်နှင့် တောင်သူများအတွက် ဈေးကွက်တိုက်ရိုက်ရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရှိရပြီး ပြပွဲတွင် အရည်အသွေးမြင့် ဒူးရင်းသီး ၁၀ တန်ကျော်ကို အခမဲ့မြည်းစမ်းခွင့်ပေးကာ၊ ဒေသထွက်ကုန်များကို ပြည်တွင်းစားသုံးမှုမြှင့်တင်ရန်နှင့် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက်‌ စိုက်ပျိုးရေးနည်းစနစ်များ၊ ထုတ်ပိုးမှုနှင့် အရည်အသွေးစံချိန် စံညွှန်းများကို မြှင့်တင်ရန် တာဝန်ရှိသူများက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

          ထို့အပြင် Tbong Khmumပြည်နယ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒူးရင်းစိုက်ပျိုးဧရိယာ ၃၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားပြီး အဆိုပါပြပွဲသည် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ကာ ဒေသခံ တောင်သူများ၏ လူနေမှုဘဝကို တိုးတက်စေရန်နှင့် တင်သွင်းကုန်များအပေါ် မှီခိုမှုကို လျှော့ချရန်အတွက် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ရှုမြင်လျက်ရှိပြီး တာဝန်ရှိသူများကလည်း ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ရန်နှင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရည်အသွေးမပြည့်မီသော တင်သွင်းကုန်များကို တင်ကျပ်တားဆီးရန် လမ်းညွှန်ထားကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကုန်သွယ်ရေးချိတ်ဆက်မှုနက်ရှိုင်းရန် အယ်လ်ဂျီးရီးယားနှင့် ဗီယက်နမ်ကြိုးပမ်း

         အယ်လ်ဂျီးရီးယားနှင့် တူနီးရှားနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် တူနီးရှားစက်မှု၊ ကုန်သွယ်ရေးနှင့် လက်မှုလုပ်ငန်းရှင်များသမဂ္ဂ (UTICA) နှင့် ပူးပေါင်း၍ ဇွန် ၇ ရက်မှ ၁၂ ရက် အထိ Tunis မြို့၌ အလုပ်သဘောခရီးစဉ်အတွင်း Hybrid Business Matching Conference တစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နှင့် တူနီးရှားကုမ္ပဏီ ၃၀ ခန့် တက်ရောက်ခဲ့သည့် အဆိုပါပွဲတွင် UTICA အမျိုးသားအမှုဆောင်ကော်မတီ အဖွဲ့ဝင် Abdessalem Loued က နှစ်စဉ်ကျင်းပသည့် စီးပွားရေးချိတ်ဆက်ပွဲများသည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု တိုးတက်စေရန် ထိရောက်သော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
         ၎င်းက ဗီယက်နမ်နှင့် တူနီးရှားတို့သည် ပထဝီဝင်အနေအထားအရ အကွာအဝေးရှိသော်လည်း မိမိတို့ဒေသများတွင် မဟာဗျူဟာကျသည့် တည်နေရာများ၊ ကျွမ်းကျင်လုပ်သားအင်အားများနှင့် နိုင်ငံတကာကုန်သွယ်ရေး တိုးချဲ့လိုသည့် စိတ်ဆန္ဒများကို မျှဝေထားကြောင်း၊ ထိုအချက်များက ရေရှည်တည်တံ့ပြီး အပြန်အလှန်အကျိုးရှိသော မိတ်ဖက်ဆက်ဆံရေးအတွက် အခြေခံကောင်း တစ်ရပ် ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် လူဦးရေ သန်း ၁၀၀ ကျော်ရှိသည့် ပြည်တွင်း ဈေးကွက်နှင့် ခိုင်မာသောစက်မှုအခြေခံများကိုအခြေခံ၍ အာရှ၏အလျင်မြန်ဆုံး တိုးတက်နေသော စီးပွားရေးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာကြောင်း၊ တစ်ဖက်တွင် တူနီးရှားနိုင်ငံသည် မဟာဗျူဟာကျသော ပထဝီဝင်တည်နေရာ၊ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်လုပ်ငန်းများကြောင့် ဥရောပ၊ အာဖရိကနှင့် မြေထဲပင်လယ်ဒေသသို့ ဝင်ပေါက်တံခါးအဖြစ် ရပ်တည်နေကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍ များမှာ အစားအသောက်ထုတ်လုပ်ခြင်း၊ အီလက်ထရွန်နစ်အစိတ်အပိုင်းများ၊ အထည်ချုပ် လုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ထောက်ပံ့ပို့ဆောင် ရေးဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စသည့်နယ်ပယ်များဖြစ်ကြောင်းနှင့် တူနီးရှား၏ အဓိကထုတ်ကုန်တစ်ခုဖြစ်သည့် သံလွင်ဆီကို ဗီယက်နမ်ဈေးကွက်သို့ တင်ပို့ရန် အလားအလာ ကောင်းရှိကြောင်းပြောကြားခဲ့ပါသည်။ တူနီးရှားသည် ကမ္ဘာ့ထိပ်တန်း သံလွင်ဆီထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး သံလွင်ပင်ပေါင်း သန်း ၁၀၀ ကျော် စိုက်ပျိုးထားကာ နိုင်ငံတကာဆုများစွာ ရရှိထားသည့် အရည်အသွေးမြင့် သံလွင်ဆီများ ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် တူနီးရှားနိုင်ငံသည် နှစ်စဉ် Robusta ကော်ဖီစေ့ကြမ်းတန်ချိန် ၃၀,၀၀၀ ခန့်၊ ဆန် တန်ချိန် ၃၀,၀၀၀ နှင့် သကြား တန်ချိန် ၃၆၀,၀၀၀ ခန့် တင်သွင်းလျက်ရှိကြောင်း သိရပါသည်။ ထိုကုန်ပစ္စည်းများကို ယခင်ကအစိုးရတင်ဒါစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုခဲ့ သော်လည်း ၂၀၂၄ ခုနှစ်မှစ၍ ဥပဒေအမှတ် ၁၂၀ အရ လိုင်စင်ရ ပုဂ္ဂလိကကုမ္ပဏီများအား တင်သွင်းခွင့်ပြုထားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်-တူနီးရှား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ အထိ ရောက်ရှိခဲ့ပြီး ၎င်းအနက် တူနီးရှားက ဗီယက်နမ်မှ Robusta ကော်ဖီစေ့ တန်ချိန် ၁၀,၀၀၀ ကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ဖိုး ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ပထမငါးလအတွင်း ဗီယက်နမ်မှ တူနီးရှားသို့ ကော်ဖီစေ့ ကြမ်း တန်ချိန် ၈,၅၀၀ တင်ပို့ခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။ ဗီယက်နမ်ကုန်သွယ်ရေး အကြံပေး Hoang Duc Nhuan က ဗီယက်နမ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပို့ကုန်-သွင်းကုန် မူဝါဒများနှင့် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများကို မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နှင့် တူနီးရှားတို့သည် ၁၉၉၄ ခုနှစ်တွင် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အပြန်အလှန် Most-Favoured-Nation (MFN) အဆင့်အတန်း ပေးအပ်ခဲ့ကြကြောင်း သိရပါသည်။ ထို့အပြင် နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေး သုံးကြိမ်ကျင်းပခဲ့ပြီး နောက်ဆုံးအကြိမ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင် Tunis မြို့၌ ကျင်းပခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် ဗီယက်နမ်က တူနီးရှားသို့ ဖိနပ်၊ မိုဘိုင်းဖုန်း၊ ကော်ဖီ၊ ငရုတ်ကောင်း၊ သီဟိုဠ်စေ့၊ အုန်းသီးခြောက်၊ ရေထွက်ကုန်၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ချည်မျှင်၊ လျှပ်စစ်ကြိုးများ၊ ထရန်စဖော်မာများ၊ အထည်အလိပ်နှင့် ပလတ်စတစ်ထုတ်ကုန်များ တင်ပို့ လျက်ရှိကြောင်း သိရပါသည်။ တူနီးရှားမှမူ ရေထွက်ကုန်များ၊ ဆေးဘက် ဆိုင်ရာပစ္စည်းများ၊ တိရစ္ဆာန်အစာကုန်ကြမ်းများ၊ စွန်ပလွံသီး ၊ Figs၊ ဝါဂွမ်း၊ ပလတ်စတစ် ကုန်ကြမ်းများ၊ သားရေနှင့် အထည်အလိပ်များကို ဗီယက်နမ်သို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက အကောက်ခွန်လျှော့ချခြင်း၊ နှစ်နိုင်ငံ စီးပွားရေးကောင်စီ ဖွဲ့စည်းခြင်းနှင့် Export Credit Insurance အသုံးပြုမှု တိုးချဲ့ခြင်းတို့မှ တစ်ဆင့် ဈေးကွက်ဝင်ရောက်မှု လွယ်ကူစေရန် တိုက်တွန်းခဲ့ကြကြောင်း သိရပါသည်။ Business Matching Session အတွင်း တူနီးရှားကုမ္ပဏီအချို့သည် ဗီယက်နမ်ဘက်မှ ကော်ဖီကုန်ကြမ်း၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆန်၊ ရေထွက်ကုန်များ၊ စက္ကူထုတ်ကုန်များနှင့် ပလတ်စတစ်ကုန်ကြမ်းများ တင်ပို့နိုင်သည့် မိတ်ဖက်ကုမ္ပဏီများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးက အနာဂတ်တွင် ကုန်သွယ်ရေးမြှင့်တင်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရန်၊ အဓိကပြပွဲများတွင် ပါဝင်တက်ရောက်မှုကို အားပေးရန်နှင့် စီးပွားရေးအကြံပေးဝန်ဆောင်မှုများ၊ အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ