ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အာဆီယံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါးအထိ တိုးမြင့်

      ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမ (၈) လတွင် ကန်ဒေါ်လာ ၁၀.၉၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄.၅ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်အစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတော်သည် ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း အခြားအာဆီယံနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့မှုမှာ ကန်ဒေါ်လာ ၃.၉၈ ဘီလီယံဖိုးရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၆ ရာခိုင်နှုန်း မြင့်တက်လာကာ စုစုပေါင်း တင်သွင်းမှုပမာဏမှာ ကန်ဒေါ်လာ ၆.၉၈ ဘီလီယံရှိပြီး ၁.၁၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာဆီယံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှု ပမာဏသည် ၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း နိုင်ငံတော်၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၂၅.၆၂ ရာခိုင်နှုန်းဖြစ်သည်။ အာဆီယံတွင် နိုင်ငံတော်၏ ထိပ်တန်းကုန်သွယ်ဖက်ငါးနိုင်ငံသည် ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ MoC ၏ထုတ်ပြန်ချက်များအရ အာဆီယံသို့ တင်ပို့သည့် အဓိက ထုတ်ကုန် များမှာ အဝတ်အထည်၊ ဖိနပ်၊ ခရီးသွား ကုန်ပစ္စည်းများ၊ အိတ်များ၊ ဆိုလာပြားများ၊ ကားတာယာ၊ လျှပ်စစ်ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဆန်၊ သီဟိုဠ်စေ့၊ ရော်ဘာ အစေး၊ ပီလောပီနံ၊ ဒူးရင်းနှင့် ငှက်ပျောသီးတို့ ပါဝင်သည်။

 

Source: Khmer Times  

DOCA (ရန်ကုန်)

P Vihear ပြည်နယ်တွင် အော်ဂဲနစ်စိုက်ပျိုးရေး မြှင့်တင်ရန် စာချုပ်ပါ လယ်ယာစိုက်ပျိုးရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး

      ကမ္ဘောဒီးယားနိင်ငံ၊ Preah Vihear ပြည်နယ်ရှိ စိုက်ပျိုးရေးသမဝါယမ၊ Amru Rice (Cambodia) Co., Ltd. နှင့် ကမ္ဘောဒီးယားစိုက်ပျိုးရေးသမဝါယမကော်ပိုရေးရှင်း (CACC) တို့ Preah Vihear ပြည်နယ်တွင် အော်ဂဲနစ်စိုက်ပျိုးရေး မြှင့်တင်ရန် ၁၆-၉-၂၀၂၅ ရက်နေ့က သဘောတူညီခဲ့ကြသည်။ အဆိုပါသဘောတူညီချက်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ အော်ဂဲနစ် စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ပြီး ပြည်တွင်းတောင်သူလယ်သမားများ အတွက် တည်ငြိမ်သောစျေးကွက်ရရှိရေးနှင့် ကမ္ဘာ့ဈေးကွက်များတွင် နိုင်ငံ၏ရပ်တည်ချက်ကို ခိုင်မာစေမည်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသောစီးပွားရေးပုံစံကြောင့် လူသိများသော Amru Rice ကုမ္ပဏီသည် အသေးစားတောင်သူလယ်သမားများနှင့် တိုက်ရိုက် အလုပ်လုပ်ပြီး တောင်သူများအား နည်းပညာအကူအညီနှင့် ၎င်းတို့၏ အော်ဂဲနစ်ထုတ်ကုန်များ အတွက် အာမခံချက်ရှိသော စျေးကွက်တစ်ခု ပံ့ပိုးပေးလျက်ရှိသည်။ လယ်ယာထွက်ကုန် ကဏ္ဍစုံတွင် အဓိကပါ၀င်သည့် ကမ္ဘောဒီးယား လယ်ယာစိုက်ပျိုးရေး သမဝါယမကော်ပိုရေးရှင်း သည် အသေးစားတောင်သူလယ်သမားများကို စွန့်ဦးတီထွင်သူများအဖြစ်သို့ အသွင်ပြောင်း နိုင်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ CACC နှင့် Amru Rice တို့သည် စိုက်ပျိုးရေးသမဝါယမများအား နည်းပညာအကူအညီ၊ စျေးကွက်ရရှိရေးနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ပံ့ပိုးပေးကာ ၎င်းတို့၏ ကောက်ပဲသီးနှံများအတွက် တန်ဖိုးနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု တိုးတက်စေရန် ကူညီပေးခဲ့ကြောင်း CACC ဘုတ်အဖွဲ့ဥက္ကဋ္ဌ Song Saran က ပြောကြားခဲ့သည်။  ၂၀၂၅ ခုနှစ် ပထမ (၈) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တင်ပို့မှု သိသိသာသာ တိုးတက်လာခဲ့ပြီး ဆန်တန်ချိန် ၄၇၂,၈၀၃ တန် (ကန်ဒေါ်လာ ၃၄၈ သန်း) နှင့် ဆန်စိုစပါးတန်ချိန် ၄.၈၄ သန်း (ကန်ဒေါ်လာ ၁ ၁၁၄ ဘီလီယံ) တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ် (CRF)  မှ ထုတ်ပြန််ထားသည်။ ကမ္ဘောဒီးယားရှိ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများအကြား အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှု၏ အားကောင်း သည့် စံနမူနာတစ်ခုအဖြစ် Preah Vihear တွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသည် ကမ္ဘာ့ဈေးကွက်တွင် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍအတွက် ပြတ်သားသော လမ်းကြောင်း ပြသနိုင်မည်ဖြစ်ကြောင်း Song Saran က ဆက်လက်ပြောကြားခဲ့သည်။

Source: Khmer Times  

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် စီးပွားရေးအရ ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာရန် သဘောတူညီခဲ့ကြ

     ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယ ဝန်ကြီးချုပ် Sun Chanthol နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး Wang Yi တို့သည် ကုန်သွယ်မှုနှင့် ရေရှည် စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၏ အခြေခံ အဆောက်အအုံများ အတွင်းသို့ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်း မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြသည်။ Chanthol ၏အဆိုအရ ဆွေးနွေးမှုများသည် အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာများ အပါအဝင် နယ်ပယ် များစွာပါဝင်သည်။ ဆွေးနွေးမှုတွင် အဓိက မီးမောင်းထိုးပြခဲ့သည့် စီမံချက်များတွင် Funan Techo Canal (FTC)၊ Kampot-Veal Renh နှင့် Ramat-Trapeang Krieအမျိုးသားအဆင့် လမ်းများဖောက်လုပ်ခြင်း၊ Preah Sihanouk ရေဆိုးသန့်စင်ရေးစနစ် ခေတ်မီရေး၊ တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား တင်ပို့မှု တိုးချဲ့ရေးနှင့် ငါးနှင့် ဆန်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်သည်။ တွေ့ဆုံစဉ် Chanthol က ကမ္ဘောဒီးယား၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံ၏ ဆက်လက်ပံ့ပိုးကူညီမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Plus Summit 2025 (SCO Plus 2025) ကို အောင်မြင်စွာ လက်ခံကျင်းပ နိုင်ခဲ့သည့်အတွက် တရုတ်နိုင်ငံအား ဂုဏ်ပြုဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။ Wang Yi က ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ယင်းပူးပေါင်းဆောင်ရွက်မှု သည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်ခံ့စေပြီး တူညီသောကံကြမ္မာနှင့် အပြန်အလှန်အကျိုး ခံစားခွင့် ရှိသော အသိုက်အဝန်းကို မြှင့်တင်ပေးကြောင်း အလေးပေးပြောကြားခဲ့သည်။ အထူးစီးပွားရေးဇုန်များ (SEZ) သည် FDI ဆွဲဆောင်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုထားသည့် အထူးစီးပွားရေးဇုန် ၅၇ ခုတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးဆောင်သည့် ၁၁ ခု ပါဝင်ကာ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ အဆိုပါဇုန်များတွင် စီမံကိန်းပေါင်း ၄၀၀ ခန့်ကို တည်ထောင်ထားကြောင်း Chanthol က ထပ်လောင်းပြောကြားခဲ့သည်။

Source: Khmer Times   

DOCA (ရန်ကုန်)

ယဉ်ကျေးမှုဝန်ကြီးဌာနသည် လာမည့်နှစ်တွင် တရုတ်နိုင်ငံ မိုဘိုင်းလ်ပြပွဲတွင် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်လျက်ရှိ

      ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာ ဝန်ကြီး Phoeurng Sackona သည် တရုတ် အနုပညာပြပွဲမှ ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံပြီး ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် တရုတ်ကိုယ်စားလှယ်များက ကမ္ဘောဒီးယား၏ ရှေးဟောင်းပစ္စည်းများကို တရုတ်နိုင်ငံတွင် ပြုလုပ်မည့်ပြပွဲအတွက် ငှားရမ်းပေးရန်တောင်းဆိုခဲ့သည်။ Phoeurng Sackona က ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံ၌ကျင်းပရန် စီစဉ်ထားသော မိုဘိုင်းပြပွဲ တွင် ပူးပေါင်းလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်ဘက်မှ လည်း ၎င်း၏ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းရန် ကမ္ဘောဒီးယား၏ကြိုးပမ်း အားထုတ်မှုများ ကို ဆက်လက်ပံ့ပိုးကူညီရန် တောင်းဆိုခဲ့သည်။ ကမ္ဘောဒီးယားနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ယဉ်ကျေးမှုပစ္စည်းများ လုယက်ခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း နှစ်ဖက်စလုံးမှ နှစ်ဖက်အပြန်အလှန် အမြင်ချင်းဖလှယ်ခဲ့ကြပြီး နိုင်ငံခြားမှ ပြန်လည်လွှဲပြောင်းပေးသည့် ရှေးဟောင်းပစ္စည်းများ ပြန်လည်ရယူခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြသည်။ 

Source: Khmer Times   

DOCA (ရန်ကုန်)

Mindoro သို့စွမ်းအားထောက်ပံ့ရန်အတွက် ပီဆို ၃ ဘီလီယံတန်ကြေးရှိသာ ‌ရေအောက်ကြိုးများ ပြုလုပ်ရန် မျက်စိကျနေသည့် DMCI

       Consunji မိသားစုဝင်ဖြစ်သော DMCI စွမ်းအားကော်ပိုရေးရှင်းသည် Mindoro သို့ ၁၀၀ မီဂါဝပ် လျှပ်စစ်စွမ်းအားပေးစွမ်းနိုင်သော ပီဆို ၃ ဘီလီယံတန်ကြေးရှိသာ ရေအောက်ကြိုးများကို Semirara ကျွန်းတွင် တပ်ဆင်ရန် စီစဥ်နေကြောင်း သိရပါသည်။ DMCI သည် Semirara နှင့် Mindoro ကြားတွင် ၂၀ ကီလိုမီတာအရှည်ရှိသော ရေအောက်ကြိုးများ သွယ်ရန်အတွက် စည်းမျဥ်း အတည်ပြုချက်များကို ရှာဖွေနေကြောင်း သိရပါသည်။ DMCI မှ ဥက္ကဌဆိုသူ Isidro Consunji က ကုမ္ပဏီသည် Mindoro တွင် စွမ်းအားထောက်ပံ့လိုကြောင်းနှင့် အဆိုပါ ပြည်နယ်သည် စျေးကြီးသော စွမ်းအင်အရင်းအမြစ်များဖြစ်သော ဒီဇယ်များအပေါ် မှီခိုနေရ ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ စွမ်းအင်ဦးစီးဌာနမှ အကြီးအကဲဟောင်းဆိုသူ Raphael Lotilla က Consunji အား ၎င်းအနေဖြင့် ရေအောက်ကြိုးများတပ်ဆင်မှုပြီးမြောက်ပါက Mindoro ပြည်နယ်တွင် စျေးကွက်များ ပွင့်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါတွင် DOE သည် DMCI ကို ခွင့်ပြုချက် ပေးလိုက်ကြောင်း သိရပါသည်။ Consunji က Mindoro ပြည်နယ်၏ စွမ်းအင်ပြတ်လပ်မှုကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် စွမ်းအင် စျေးကွက်တွင် အခွင့်အလမ်း များကို တွေ့မြင်နေ ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ရေအောက်ကြိုးများသည် ပီဆို ၂ ဘီလီယံမှ ၃ ဘီလီယံ အတွင်းကုန်ကျမည်ဖြစ်ကြောင်း ကျောက်မီးသွေး၊ ဆိုလာ နှင့် လေအားစွမ်းအားများပေါင်းစပ်ပြီး ရရှိသော ၁၀၀ မီဂါဝပ်ကို အဆိုပါ ကြိုးများတွင် တပ်ဆင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Consunji သည် ၎င်းအနေဖြင့် အဆိုပါ စီမံကိန်းသည် စီးပွား‌ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အလား အလာများရှိလာနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ DMCI သည်လည်း ဖိလစ်ပိုင် အစိုးရထံမှ Taguig City သို့ ဆက်သွယ်ထားသည့် Metro Manila ရထားလမ်းစီမံကိန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ခွင့်ပြုချက်ရရှိရန် မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။

Source: Philstar                                                                        

DOCA (ရန်ကုန်)

Bepza စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁၈.၆ သန်း ရင်းနှီးမြှုပ်နှံတော့မည့် တရုတ်နိုင်ငံမှ KMK ကုမ္ပဏီ

    Bepza စီးပွားရေးဇုန်သည် လေယာဥ်အသုံးအဆောင်အိတ်နှင့် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများလက်ခံတော့မည် ဖြစ်ကြောင်း သိရပါသည်။ တရုတ် နိုင်ငံမှ KMK စက်မှုကုမ္ပဏီသည် Bepza စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁၈.၆၀ သန်းခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းနှင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်လူမျိုး ၁၂၃၁ ဦး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ပြည်ပပို့ကုန်ပြုလုပ်ရေးဇုန်အဖွဲ့အစည်း (Bepza) နှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ Bepza က အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ စက်မှုလုပ်ငန်းအခြေခံကို ကွဲပြားစေရန်အတွက် ပထမဆုံးခြေလှမ်း ဖြစ်ကြောင်းနှင့် အဆိုပါကုမ္ပဏီသည် အာဏာပိုင်အဖွဲ့များ၏ စက်မှု လုပ်ငန်းဇုန်အတွင်းတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံသည့် လေယာဥ် အသုံးအဆောင်အိတ်နှင့် အသုံးအဆောင်ပစ္စည်းကုမ္ပဏီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bepza နှင့် KMK ကုမ္ပဏီတို့သည် စက်တင်ဘာလ ၁၄ ရက်နေ့ တွင် သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီသည် ကနဦး အနေဖြင့် လေယာဥ်အသုံးအဆောင်အိတ်များကို စတင်ထုတ်လုပ်မည်ဖြစ်ပြီး အိမ်သုံးပစ္စည်းများ ဖြစ်သော ခြေအိတ်၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများအပြင်၊ နားကြပ်နှင့် USB ကြိုးများကဲ့သို့ လျှပ်စစ်ပစ္စည်းများကိုပါ တိုးချဲ့ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် Bepza မှ ဥက္ကဌဆိုသူ Abul Kalam Mohammad Ziaur Rahman က အဆိုပါစီမံကိန်းသည် ၎င်းတို့၏ ပြည်ပပို့ကုန် အခြေပြု စက်မှုလုပ်ငန်း များအတွက် ကွဲပြားစေရန် ၎င်းတို့၏ အစဥ်မပြတ်အားစိုက်မှု၏ မှတ်တိုင်တစ်ခု အဖြစ် ကိုယ်စားပြုကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံသို့ ငါးသလောက်ငါးတန်ချိန် ၃၇.၄၆ တန်ချိန်ခန့် တင်ပို့ခဲ့သည့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ

       ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ငါးသလောက်ငါးတန်ချိန် ၃၇.၄၆ တန်ချိန်ခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါငါးသလောက်များကို အကောက်ခွန်နှင့် သန့်ရှင်းရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် Benapole ဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ အရာရှိဆိုသူ Sajib Saha က ပြောကြားခဲ့ပါသည်။ တင်ပို့သည့် ငါးအများစု၏ အလေးချိန်သည် ၆၀၀ ဂရမ်မှ ၇၀၀ ဂရမ်အတွင်း ရှိကြောင်း သိရပါသည်။ အစောပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စက်တင်ဘာလ ၁၆ ရက်နေ့နှင့် အောက်တိုဘာလ ၅ ရက်နေ့အတွင်းတွင် Durga Puja မြို့တော်အတွက် အိန္ဒိယနိုင်ငံသို့ ငါးသလောက်တန်ချိန် ၁၂၀၀ တန်ခန့် တင်ပို့ရန် တင်ပို့သူ ၃၇ ဦးအား အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ တင်ပို့သည့် ငါးသလောက်များကို တစ်ကီလိုလျှင် ၁၂.၅ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရပါသည်။ အလေးချိန် ၆၀၀ ဂရမ်မှ ၁ ကီလိုရှိသော ငါးသလောက်များကို အမျိုး အစားသီးသန့်ခွဲထားပြီး ‌ရေခဲများဖြင့် ထိန်းသိမ်းလျက်ရှိကြောင်း သိရပါသည်။ Tanisha လုပ်ငန်းမှ ဝန်ထမ်းဖြစ်သူ Mohammad Babor က ၎င်းတို့အနေဖြင့် စျေးကွက်ထဲတွင် ငါးသလောက် ရရှိမှုကျဆင်းမှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့အတွက် ငါးသလောက်တန်ချိန် တစ်ဝက်ခန့်သာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး တိရိစ္ဆာန်အစာတင်ပို့သူအဖြစ် မြှင့်တင်ခဲ့သည့် ထိုင်းနိုင်ငံ

       ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၆၇ ဘီလီယံ (ဘတ် ၈၅.၀၃ ဘီလီယံခန့်) တန်ကြေး ရှိသော ခွေးစာနှင့် ကြောင်စာတင်ပို့မှုနှင့်အတူ ကမ္ဘာ့စျေးကွက်တွင် ၂၉ ရာခိုင်နှုန်းခန့် တိုးတက် လျက်ရှိကာ ကမ္ဘာ့ဒုတိယအကြီးဆုံး တိရိစ္ဆာန်အစာ တင်ပို့သည့်နိုင်ငံဖြစ်လာကြောင်း သိရပါသည်။ ကုန်သွယ်ရေးမူဝါဒနှင့် စာရင်းအင်းဦးစီးဌာန (TPSO) မှ ညွှန်ကြားရေးမှူးချုပ်ဆိုသူ Poonpong Naiyanapakorn က ထိုင်းနိုင်ငံ၏ တိရိစ္ဆာန်အစာ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၂၉ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပြီး ထိုင်းနိုင်ငံအား ကမ္ညာ့ဒုတိယအကြီးဆုံးတင်ပို့သူအဖြစ် ရောက်ရှိ စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ဒေါ်လာ ၂.၅၂ ဘီလီယံတန်ကြေး ရှိသော ရှယ်ယာ ၉.၄ ရာခိုင်နှုန်းနှင့်အတူ ကမ္ဘာ့စျေးကွက်တွင် ဦး‌ဆောင်ရပ်တည်လျက်ရှိပြီး ပိုလန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၄၀ ဘီလီယံခန့်၊ ရှယ်ယာ ၉ ရာခိုင်နှုန်းကိုင်ဆောင်ထား ပြီး ပြင်သစ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၃၀ ဘီလီယံခန့်၊ ရှယ်ယာ ၈.၆ ရာခိုင်နှုန်း ကိုင်ဆောင်ထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့တိရိစ္ဆာန်အစာ တင်သွင်းမှုစျေး ကွက်သည် တန်ကြေး အမေရိကန်ဒေါ်လာ ၂၆.၄၆ ဘီလီယံခန့်တန်ကြေးရှိပါသည်။ ထိပ်သီး တင်သွင်း၅ နိုင်ငံမှာ ဂျာမနီနိုင်ငံမှ အမေရိကန်ဒေါ်လာ၂.၄၃ ဘီလီယံခန့်၊ အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂.၂၁ ဘီလီယံခန့်၊ ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံခန့်၊ ပိုလန်နိုင်ငံမှ အမေရိကန် ‌ဒေါ်လာ ၁.၅၃ ဘီလီယံခန့်၊ ကနေဒါနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံခန့် တင်သွင်းလျက် ရှိကြောင်း သိရပါသည်။ Poonpong က ထိုင်းနိုင်ငံ၏ ယှဥ်ပြိုင်နိုင်မှုသည် အရည်အသွေးနှင့် အပြည်ပြည်ဆိုင်ရာစံနှုန်းများ အပေါ် မူတည်နေကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ၎င်းက သုံးစွဲသူ များသည် တိရိစ္ဆာန်များ၏ ကျန်းမာရေးနှင့် အာဟာရ ဓာတ်အတွက် အလေးထားထုတ်လုပ်ထားသော အဆင့်မြင့်တင်သွင်းကုန်များကိုသာ ရွေးချယ် ဝယ်ယူကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံမှ ထုတ်လုပ်သူများသည် တိရိစ္ဆာန်လေးများ၏ ကျန်းမာရေးဦးစာပေးနှင့် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာရရှိစေရန်ပြုလုပ်ထားသော အစာများ ကိုသာ အလေးထားထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။ အသုံးပြုရလွယ်ကူသော ထုတ်ပိုးမှု နှင့် ရေရှည်ခိုင်မြဲသောထုတ်လုပ်မှုများသည် ထိုင်းနိုင်ငံအား အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများ၊ တရုတ်၊ ဂျပန်နိုင်ငံများကဲ့သို့သော အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပစျေးကွက်များအကြား ယှဥ်ပြိုင်မှုတွင် ပိုမိုအားသာစေနိုင်ကြောင်း  သိရပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ ၇ လအတွင်းတွင် အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံခန့်တန်ကြေးရှိသော တိရိစ္ဆာန်အစားအစာများ ကို တင်ပို့လျက်ရှိပြီး ယခင်နှစ်ကာလထက် ၁၀.၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။ သို့ရာတွင် ပြည်တွင်းလိုအပ်ချက်များတွင် အခက်အခဲများရှိနေပြီး Poonpong က ထိုင်းတင် ပို့သူများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစား‌‌ပေးရန်အတွက် ပြည်တွင်းကုန်ကြမ်း များကို ပိုမိုအသုံးပြုသင့်ကြောင်းနှင့် တိရိစ္ဆာန်ကျန်းမာရေး ဦးစားပေးထုတ်ကုန်များကို ပိုမိုဆန်းသစ်တီထွင်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

Source: Nation Thailand                                                            

DOCA (ရန်ကုန်)

                                                         

အာဖဂန်နစ္စတန်နိုင်ငံသည် နယ်စပ်ကုန်သွယ်မှုကို မြှင့်တင်ရန် ရထားလမ်းတည်ဆောက်

            အာဖဂန်နစ္စတန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၄ သန်းကျော်တန်ဖိုးရှိသော Herat-Khaf ရထားလမ်း၏ စတုတ္ထပိုင်း ဒုတိယအဆင့်ကို စတင်တည်‌ဆောက်လျက်ရှိပါသည်။

          ၎င်းသည် အီရန်နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကွန်ရက်များသို့ နိုင်ငံ၏ ရထားလမ်း ချိတ်ဆက်မှုကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း အစိုးရရုံးက ပြောကြားခဲ့ပါသည်။

           Herat ပြည်နယ်အနောက်ပိုင်းတွင် ကျင်းပသော အခမ်းအနားတစ်ခုတွင် ဘုရင်ခံ Sheikh Mawlana Islamjar က အာဖဂန်နစ္စတန်မှ အီရန်သို့ ရထားလမ်းဆက်သွယ်မှုဖော်ဆောင်ကာ ဥရောပ အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ၄၇ ကီလိုမီတာအပိုင်းသည် ရထားလမ်းကို Herat ပြည်နယ်၏ စက်မှုဇုန်များနှင့် လေဆိပ် သို့ ပိုမိုနီးကပ်စေမည်ဖြစ်ပြီးကုန်စည်စီးဆင်းမှုကို ချော့မွေ့စေမည်ဖြစ်ပါသည်။ အနီးအနား ရှိဒေသခံများကို စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။

           အဆိုပါ ရထားလမ်းသည် ၂၂၅ ကီလိုမီတာ ရှည်လျားသော နယ်စပ်ဖြတ်ကျော် စီမံကိန်းဖြစ်ပြီး အီရန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံ Herat တို့ကိုဆက်သွယ်ထားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ အိမ်စျေးနှုန်းကျဆင်းမှု သြဂုတ်လတွင် ဆက်လက်ကျဉ်းမြောင်းလာ

      တရုတ်နိုင်ငံ၏ အကြီးစားနှင့် အလတ်စားမြို့ကြီး ၇၀ ရှိ လူနေအိမ်ရာစျေးနှုန်းများသည် သြဂုတ်လတွင် ယခင်နှစ်ကထက်ကျဆင်းမှု ဆက်လက်ကျဉ်းမြောင်းလာပြီးလစဉ် စျေးနှုန်းများ လည်း ကျဆင်းခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်‌နေ့က ထုတ်ပြန်သော တရားဝင်အချက် အလက် များအရသိရှိရပါသည်။

          နိုင်ငံ၏ ထိပ်တန်းမြို့ကြီးလေးမြို့ဖြစ်သည့် ဘေးဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ရှန်ကျန်းတို့ရှိ အိမ်သစ်စျေးနှုန်းများသည် တစ်နှစ်တာကာလအတွင်း ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇူလိုင်လတွင် ၁.၁ ရာခိုင်နှုန်းကျဆင်းခြင်းထက်လျော့နည်းသော ကျဆင်းမှုဖြစ်ကြောင်း သိရှိရပါသည်။ နိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ရှန်ဟိုင်းတွင် ၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

          အခြားအဓိက မြို့ကြီးများတွင်လည်းကျဆင်းမှုနှုန်းနှေးကွေးကြောင်းသိရှိရပြီး ဒုတိယ အဆင့် မြို့များရှိ အိမ်အသစ်စျေးနှုန်းများသည် ၂.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဇူလိုင်လတွင် ကျဆင်း ခဲ့သည့် ၂.၈ ရာခိုင်နှုန်း ထက်လျော့နည်းခဲ့ပြီး တတိယ မြို့များတွင် ယခင်လက ၄.၂ ရခိုင်နှုန်းကျဆင်း ခဲ့သည်နှင့်နှိုင်းယှဉ်ပါက ၃.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

          တစ်လချင်းအလိုက်ကြည့်လျှင် အိမ်အသစ်စျေးနှုန်းများ ကျဆင်းမှုသည် ပထမနှင့် ဒုတိယ အဆင့်မြို့များတွင် နှေးကွေးခဲ့သော်လည်း တတိယအဆင့်မြို့များတွင်ကျဆင်းမှု ပိုမိုကျယ်ပြန်ခဲ့ ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ