ကုန်သွယ်ရေးချိတ်ဆက်မှုနက်ရှိုင်းရန် အယ်လ်ဂျီးရီးယားနှင့် ဗီယက်နမ်ကြိုးပမ်း

Powered by Drupal

         အယ်လ်ဂျီးရီးယားနှင့် တူနီးရှားနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် တူနီးရှားစက်မှု၊ ကုန်သွယ်ရေးနှင့် လက်မှုလုပ်ငန်းရှင်များသမဂ္ဂ (UTICA) နှင့် ပူးပေါင်း၍ ဇွန် ၇ ရက်မှ ၁၂ ရက် အထိ Tunis မြို့၌ အလုပ်သဘောခရီးစဉ်အတွင်း Hybrid Business Matching Conference တစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နှင့် တူနီးရှားကုမ္ပဏီ ၃၀ ခန့် တက်ရောက်ခဲ့သည့် အဆိုပါပွဲတွင် UTICA အမျိုးသားအမှုဆောင်ကော်မတီ အဖွဲ့ဝင် Abdessalem Loued က နှစ်စဉ်ကျင်းပသည့် စီးပွားရေးချိတ်ဆက်ပွဲများသည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု တိုးတက်စေရန် ထိရောက်သော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
         ၎င်းက ဗီယက်နမ်နှင့် တူနီးရှားတို့သည် ပထဝီဝင်အနေအထားအရ အကွာအဝေးရှိသော်လည်း မိမိတို့ဒေသများတွင် မဟာဗျူဟာကျသည့် တည်နေရာများ၊ ကျွမ်းကျင်လုပ်သားအင်အားများနှင့် နိုင်ငံတကာကုန်သွယ်ရေး တိုးချဲ့လိုသည့် စိတ်ဆန္ဒများကို မျှဝေထားကြောင်း၊ ထိုအချက်များက ရေရှည်တည်တံ့ပြီး အပြန်အလှန်အကျိုးရှိသော မိတ်ဖက်ဆက်ဆံရေးအတွက် အခြေခံကောင်း တစ်ရပ် ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် လူဦးရေ သန်း ၁၀၀ ကျော်ရှိသည့် ပြည်တွင်း ဈေးကွက်နှင့် ခိုင်မာသောစက်မှုအခြေခံများကိုအခြေခံ၍ အာရှ၏အလျင်မြန်ဆုံး တိုးတက်နေသော စီးပွားရေးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာကြောင်း၊ တစ်ဖက်တွင် တူနီးရှားနိုင်ငံသည် မဟာဗျူဟာကျသော ပထဝီဝင်တည်နေရာ၊ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်လုပ်ငန်းများကြောင့် ဥရောပ၊ အာဖရိကနှင့် မြေထဲပင်လယ်ဒေသသို့ ဝင်ပေါက်တံခါးအဖြစ် ရပ်တည်နေကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍ များမှာ အစားအသောက်ထုတ်လုပ်ခြင်း၊ အီလက်ထရွန်နစ်အစိတ်အပိုင်းများ၊ အထည်ချုပ် လုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ထောက်ပံ့ပို့ဆောင် ရေးဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စသည့်နယ်ပယ်များဖြစ်ကြောင်းနှင့် တူနီးရှား၏ အဓိကထုတ်ကုန်တစ်ခုဖြစ်သည့် သံလွင်ဆီကို ဗီယက်နမ်ဈေးကွက်သို့ တင်ပို့ရန် အလားအလာ ကောင်းရှိကြောင်းပြောကြားခဲ့ပါသည်။ တူနီးရှားသည် ကမ္ဘာ့ထိပ်တန်း သံလွင်ဆီထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး သံလွင်ပင်ပေါင်း သန်း ၁၀၀ ကျော် စိုက်ပျိုးထားကာ နိုင်ငံတကာဆုများစွာ ရရှိထားသည့် အရည်အသွေးမြင့် သံလွင်ဆီများ ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် တူနီးရှားနိုင်ငံသည် နှစ်စဉ် Robusta ကော်ဖီစေ့ကြမ်းတန်ချိန် ၃၀,၀၀၀ ခန့်၊ ဆန် တန်ချိန် ၃၀,၀၀၀ နှင့် သကြား တန်ချိန် ၃၆၀,၀၀၀ ခန့် တင်သွင်းလျက်ရှိကြောင်း သိရပါသည်။ ထိုကုန်ပစ္စည်းများကို ယခင်ကအစိုးရတင်ဒါစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုခဲ့ သော်လည်း ၂၀၂၄ ခုနှစ်မှစ၍ ဥပဒေအမှတ် ၁၂၀ အရ လိုင်စင်ရ ပုဂ္ဂလိကကုမ္ပဏီများအား တင်သွင်းခွင့်ပြုထားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်-တူနီးရှား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ အထိ ရောက်ရှိခဲ့ပြီး ၎င်းအနက် တူနီးရှားက ဗီယက်နမ်မှ Robusta ကော်ဖီစေ့ တန်ချိန် ၁၀,၀၀၀ ကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ဖိုး ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ပထမငါးလအတွင်း ဗီယက်နမ်မှ တူနီးရှားသို့ ကော်ဖီစေ့ ကြမ်း တန်ချိန် ၈,၅၀၀ တင်ပို့ခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။ ဗီယက်နမ်ကုန်သွယ်ရေး အကြံပေး Hoang Duc Nhuan က ဗီယက်နမ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပို့ကုန်-သွင်းကုန် မူဝါဒများနှင့် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများကို မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နှင့် တူနီးရှားတို့သည် ၁၉၉၄ ခုနှစ်တွင် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အပြန်အလှန် Most-Favoured-Nation (MFN) အဆင့်အတန်း ပေးအပ်ခဲ့ကြကြောင်း သိရပါသည်။ ထို့အပြင် နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေး သုံးကြိမ်ကျင်းပခဲ့ပြီး နောက်ဆုံးအကြိမ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင် Tunis မြို့၌ ကျင်းပခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် ဗီယက်နမ်က တူနီးရှားသို့ ဖိနပ်၊ မိုဘိုင်းဖုန်း၊ ကော်ဖီ၊ ငရုတ်ကောင်း၊ သီဟိုဠ်စေ့၊ အုန်းသီးခြောက်၊ ရေထွက်ကုန်၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ချည်မျှင်၊ လျှပ်စစ်ကြိုးများ၊ ထရန်စဖော်မာများ၊ အထည်အလိပ်နှင့် ပလတ်စတစ်ထုတ်ကုန်များ တင်ပို့ လျက်ရှိကြောင်း သိရပါသည်။ တူနီးရှားမှမူ ရေထွက်ကုန်များ၊ ဆေးဘက် ဆိုင်ရာပစ္စည်းများ၊ တိရစ္ဆာန်အစာကုန်ကြမ်းများ၊ စွန်ပလွံသီး ၊ Figs၊ ဝါဂွမ်း၊ ပလတ်စတစ် ကုန်ကြမ်းများ၊ သားရေနှင့် အထည်အလိပ်များကို ဗီယက်နမ်သို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက အကောက်ခွန်လျှော့ချခြင်း၊ နှစ်နိုင်ငံ စီးပွားရေးကောင်စီ ဖွဲ့စည်းခြင်းနှင့် Export Credit Insurance အသုံးပြုမှု တိုးချဲ့ခြင်းတို့မှ တစ်ဆင့် ဈေးကွက်ဝင်ရောက်မှု လွယ်ကူစေရန် တိုက်တွန်းခဲ့ကြကြောင်း သိရပါသည်။ Business Matching Session အတွင်း တူနီးရှားကုမ္ပဏီအချို့သည် ဗီယက်နမ်ဘက်မှ ကော်ဖီကုန်ကြမ်း၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆန်၊ ရေထွက်ကုန်များ၊ စက္ကူထုတ်ကုန်များနှင့် ပလတ်စတစ်ကုန်ကြမ်းများ တင်ပို့နိုင်သည့် မိတ်ဖက်ကုမ္ပဏီများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးက အနာဂတ်တွင် ကုန်သွယ်ရေးမြှင့်တင်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရန်၊ အဓိကပြပွဲများတွင် ပါဝင်တက်ရောက်မှုကို အားပေးရန်နှင့် စီးပွားရေးအကြံပေးဝန်ဆောင်မှုများ၊ အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)