ဂျပန်နိုင်ငံတွင် ကြက်သားနှင့် ကြက်ဥစျေးနှုန်းများ စံချိန်တင် မြင့်တက်လာ

Powered by Drupal

       ဂျပန်နိုင်ငံ၏ ဇွန်လအတွင်း ကြက်သားနှင့် ကြက်ဥ လက်လီစျေးနှုန်းများသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ၂၀၀၃ ခုနှစ် ဩဂုတ်လတွင် စတင်အချက်အလက် ကောက်ယူခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရပါသည်။ နိုင်ငံ တစ်ဝန်း ကြက်သား ပျမ်းမျှစျေးနှုန်းမှာ ယခင်လထက် ၁၀၀ ဂရမ်လျှင် ၁ ယန်း မြင့်တက်လာပြီး ၁၀၀ ဂရမ်လျှင် ၁၅၅ ယန်း ဖြစ်လာကြောင်း ဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

        ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေချိန်တွင် စျေးနှုန်းအသင့်အတင့်ရှိသော ကြက်သားကို ဝယ်ယူလိုသည့် ဝယ်လိုအားမှာ ခိုင်မာလျက်ရှိပြီး ပြည်ပမှတင်သွင်းသော ကြက်သားစျေးနှုန်းများ မြင့်တက်လာခြင်းက ပြည်တွင်းဖြစ် ထုတ်ကုန်များအပေါ် ဝယ်လိုအားကို ပိုမိုမြင့်တက်စေခဲ့ပြီး ခြုံငုံရလျှင် ကြက်သားစျေးနှုန်းများကို မြင့်တက်လာစေခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

          ကြက်ဥ ၁၀ လုံးပါ တစ်ကတ်၏ နိုင်ငံတစ်ဝန်း ပျမ်းမျှစျေးနှုန်းမှာ ၃၀၉ ယန်းတွင် ရှိနေပြီး မတ်လနှင့် မေလတို့တွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးစံချိန်နှင့် တူညီနေကြောင်း သိရပါသည်။ အဆိုပါ စျေးနှုန်းမြင့်တက်မှုမှာ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် ကြက်များကို သုတ်သင်ရှင်းလင်းခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

          စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် စျေးနှုန်းများ မကြာခဏ အဆမတန် မြင့်တက်လေ့ရှိသည့် ကြက်ဥကို တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်တစ်ရပ်ကို ကြေညာခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်ချက် များတွင် ကြက်များကို အစုလိုက်အပြုံလိုက် သုတ်သင်ရမှုကို အနည်းဆုံးဖြစ်စေရန် ကြက်မွေးမြူ ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို မြှင့်တင်ခြင်းနှင့် ရောဂါကူးစက်ခံထားရသော ကြက်များကို စောစီးစွာ စစ်ဆေးတွေ့ရှိနိုင်မည့် နည်းလမ်းများအတွက် အစိုးရ-ပုဂ္ဂလိက ပူးတွဲလေ့လာရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ လစဉ်ကောက်ယူသော စစ်တမ်းသည် ပျမ်းမျှစျေးနှုန်းကို တွက်ချက်ရန်အတွက် တစ်နိုင်ငံလုံးရှိ ဆိုင်ပေါင်း ၄၇၀ ကို လွှမ်းခြုံကောက်ယူခြင်းဖြစ်ပြီး နောက်ဆုံးစစ်တမ်းကို ဇွန်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

Source: Japantimes                                                                  

DOCA (ရန်ကုန်)