ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘာ့ LNG တင်ပို့မှုနှင့် စျေးကွက်စျေးနှုန်းအခြေအနေ

            LNG အများဆုံးသုံးစွဲသည့် အာရှဒေသများအတွင်း၌ ဝယ်လိုအား ခိုင်မာနေပြီး ဥရောပမှ တင်သွင်းမှ စံချိန်တင်လျက်ရှိသော်လည်း အာရှရှိသဘာဝဓာတ်ငွေ့ရည် (LNG) လက်ငင်းပေါက်စျေးနှုန်းများသည် ဆက်လက်ကျဆင်းလျက်ရှိသည်။ ယခုကဲ့သို့ အခြေအနေနှင့် စျေးနှုန်းများ အကြားကွဲလွဲနေရခြင်း၏ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ ထောက်ပံ့မှုအပိုင်း (အထူးသဖြင့် အမေရိကန်နိုင်ငံမှ) သိသိသာသာတိုးတက်လာခြင်းကြောင့်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး LNG ဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံ၏ ဝယ်လိုအား (Spot demand) အေးစက်နေခြင်းကြောင့်လည်း ဖြစ်သည်။ ၂၀၂၆ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကုန်ဆုံးသည့် သီတင်းပတ်အတွင်း အာရှဒေသ၏ LNG လက်ငင်းပေါက်စျေးသည် (၁) ယူနစ် (mmBtu) လျှင် ၁၀.၆၀ ဒေါ် လာသို့ အနည်းငယ် ကျဆင်းသွားခဲ့သည်။ ၎င်းသည် ယခင်အပတ်ပေါက်စျေး ၁၀.၆၅ ဒေါ် လာထက် ကျဆင်းသွား ခြင်းဖြစ်ပြီး ၂၀၂၆ ဇန်နဝါရီလ ၃၀ ရက်က ရောက်ရှိခဲ့သည်။ ယခုနှစ်၏ အမြင့်ဆုံးစျေးနှုန်းဖြစ်သော ၁ ယူနစ် ၁၀.၆၀ ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၈.၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရသည်။ လက်ရှိပေါက်စျေးမှာ ဧပြီလတွင် တင်ပို့မည့် LNG များအတွက်ဖြစ်ပြီး မြောက်ကမ္ဘာခြမ်း၏ ဆောင်းရာသီကုန်ဆုံးသွားပြီး နွေရာသီမစတင်မီကြားကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် ဝယ်လိုအား အားပျော့မှုကို ထင်ဟပ်နေခြင်းဖြစ်သည်။ အာရှ၏ LNG တင်သွင်းမှုမှာ အခြေခံအားဖြင့် တည်ငြိမ်နေပြီး ကုန်စည်ခွဲခြမ်းစိတ်ဖြာရေးအဖွဲ့ဖြစ်သည့် Kpler ၏ အချက်အလက်များအရ ၂၀၂၆ ဖေဖော်ဝါရီလအတွင်း တင်သွင်းမှုမှာ မတ်ထရစ်တန် ၂၁.၁၂ သန်းရှိရာ၊ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလက တင်သွင်းခဲ့သည့် ၂၀.၇၅ သန်းထက် အနည်းငယ်သာမြင့်တက်လာခဲ့သည်။

          သို့သော်လည်း တရုတ်နိုင်ငံ၏ သွင်းကုန်ပမာဏမှာ ယခု ဖေဖော်ဝါရီလအတွင်း ၃.၃၈ သန်းအထိ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။ ယင်းမှာ Kpler ၏ အချက်အလက်များအရ ၂၀၁၈ ခုနှစ် ဧပြီလနောက်ပိုင်း အနိမ့်ဆုံး လစဉ်တင်သွင်းမှုပမာဏဖြစ်ပြီး၊ ယခင်နှစ် ဖေဖော်ဝါရီလက တင်သွင်းခဲ့သည့် ၄.၄၇ သန်းအောက် သိသိသာသာ လျော့နည်းသွားခြင်းဖြစ်သည်။ "လက်တွေ့တွင် တရုတ်နိုင်ငံသည် လက်ငင်းအရောင်းအဝယ်ဈေးကွက် (Spot market) မှ ဝယ်ယူမှုများကို ရှောင်လွှဲနေပြီး တင်သွင်းမှုအများစုကို ရေရှည်စာချုပ်များ (Long-term contracts) အရသာ မှာယူနေခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ တရုတ်နိုင်ငံ တစ်ဝန်းတွင် ဆောင်းရာသီမှာ ပုံမှန်ထက် ပိုမိုနွေးထွေးနေသဖြင့် LNG ဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ဖြစ်သကဲ့သို့၊ တစ်ဖက်တွင်လည်း လက်ငင်းပေါက်ဈေး (၁) ယူနစ်လျှင် ၁၀ ဒေါ်လာ အထက် ရှိနေခြင်းက ပြည်တွင်းဖြစ်သဘာဝဓာတ်ငွေ့ သို့မဟုတ် ပိုက်လိုင်းမှလာသည့် ဓာတ်ငွေ့များနှင့် ယှဉ်လျှင် LNG ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေသောကြောင့် ဖြစ်ကြောင်သိရသည်။ Kpler ၏ ခန့်မှန်းချက်အရ ဖေဖော်ဝါရီလအတွင်း ဥရောပ၏ တင်သွင်းမှုသည် မက်ထရစ်တန် ၁၄.၂၀ သန်းအထိရှိပြီး စံချိန်သစ်တင်နိုင်မည်ဟုဆိုသည်။ ဤပမာဏသည် ယခုနှစ် ဇန်နဝါရီလက ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးစံချိန် ၁၃.၆၇ သန်းကို ကျော်ဖြတ်သွားမည်ဖြစ်သလို၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက တင်သွင်းခဲ့သည့် ၁၁.၆၃ သန်းထက်လည်း ၂၂ ရာခိုင်နှုန်း ပိုမိုများပြားနေသည်။ ဥရောပသို့ LNG အများဆုံး တင်ပို့နေသည်မှာ အမေရိကန်နိုင်ငံဖြစ်ပြီး Kpler ၏ အချက်အလက်များအရ ဖေဖော်ဝါရီလတွင် တင်သွင်းမှု ၈.၀၅ သန်း (သို့မဟုတ် စုစု ပေါင်းတင်သွင်းမှု၏ ၅၇ ရာခိုင်နှုန်းခန့်) မှာ အမေရိကန်မှဖြစ်ကြောင်း သိရှိရပါသည်။

Source :Reuters                                                                        

DOCA(ရန်ကုန်)

ကုန်သွယ်မှု သဘောတူညီချက်အရ အမေရိကန်နိုင်ငံမှ မျိုးဆက်ပွား ကြက်ကောင်ရေ ၅၈၀,၀၀၀ ဝယ်ယူရန် အင်ဒိုနီးရှားနိုင်ငံ သဘောတူ

          အင်ဒိုနီးရှားနိုင်ငံသည် မကြာသေးမီက နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် အပြန်အလှန်ကုန်သွယ်မှု သဘောတူညီချက် (Reciprocal Trade Agreement) ၏ တစ်စိတ်တစ်ပိုင်း အဖြစ် အမေရိကန်နိုင်ငံထံမှ Grandparent Stock (GPS) ဟု ခေါ်ဆိုသော အရည်အသွေးမြင့် မျိုးဆက်ပွားကြက် (မျိုးသန့်ကြက်) ကောင်ရေ ၅၈၀,၀၀၀ ကို တင်သွင်းရန် စီစဉ်နေသည်။ အဆိုပါ တင်သွင်းမှုသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် တန်ဖိုးရှိမည် ဖြစ် သည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Haryo Limanseto က လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၌ မရှိသေးသည့် အဆင့်မြင့်ကြက်မျိုးရိုး ဗီဇ ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်တွင်းမွေးမြူရေးသမားများ၏ အရေးပေါ် တောင်းဆိုမှုအရ ယခုကဲ့သို့ တင်သွင်းရခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ သည်။ GPS (မျိုးဆက်ပွားကြက်) များသည် မျိုးရိုးဗီဇဆိုင်ရာ အရင်းအမြစ်အဖြစ် ပြည်တွင်းကြက် မွေးမြူရေး သမားများအတွက် အလွန်အမင်း လိုအပ်နေခြင်းဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံတွင် GPS မျိုးပွားထုတ် လုပ်သည့် စက်ရုံနှင့် အဆောက်အအုံများ မရှိသေးပါ' ဟု Haryo က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ မျိုးဆက်ပွားကြက်များအပြင် အင်ဒိုနီးရှားနိုင်ငံသည် အခြား သော အမေရိကန် တိရစ္ဆာန်ထွက်ကုန် အမျိုးမျိုးအတွက်လည်း ဈေးကွက်တံခါး ဖွင့်လှစ်ပေးသွား မည် ဖြစ်သည်။ ယင်းတို့တွင် မျိုးပွားနွားများ၊ အသားတိုးနွားများနှင့် အသားစားနွားများအပြင် ဝက်၊ မြင်း၊ သိုးနှင့် ဆိတ်များလည်း ပါဝင်သည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံသည် ဝက်အူချောင်းနှင့် နဂ္ဂတ် (nuggets) ကဲ့သို့သော အသင့်စား အစားအစာ ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ကုန် ကြမ်းအဖြစ် အသုံးပြုရန် အရိုးနွှင်ပြီးသား အသား (mechanically deboned meat) တန်ချိန် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ ကြားကို နှစ်စဉ် ပုံမှန်တင်သွင်းသွားရန်လည်း ကတိပြုထားသည်။ ယခု ကုန်သွယ်မှု သဘောတူညီချက်အရ တင်သွင်းမှုများ တိုးမြှင့်လိုက်ခြင်းသည် ပြည်တွင်းမွေးမြူရေး ထုတ်လုပ်သူများကို ထိခိုက်စေမည်မဟုတ်ကြောင်း Haryo က အလေးပေး ပြောကြားခဲ့သည်။ အကြောင်းမှာ အစိုးရအနေဖြင့် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် နိုင်ငံတွင်း အသားထောက်ပံ့မှု မျှတစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ဖြစ်သည်။ အစိုးရအနေဖြင့် ပြည်တွင်း မွေးမြူရေးသမားများကို ကာကွယ်ရန်နှင့် နိုင်ငံတွင်း ကြက်သားထောက်ပံ့မှုနှင့် ဈေးနှုန်းမျှတမှုကို ထိန်းသိမ်းရန် ဆက်လက်ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး၊ ပြည်တွင်းလုပ်ငန်းများကို အနစ်နာခံစေမည့် မည်သည့်မူဝါဒမျိုးမျှမရှိကြောင်း ၎င်းကာင်းအဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

Source :Xinhua                                                                         

DOCA(ရန်ကုန်)

ထိုင်ဝမ်၏ နဂါးမောက်သီး၊ လိုင်ချီးသီးနှင့် ဇီးသီး (Jujube) တို့ကို ဥရောပသမဂ္ဂသို့ တင်ပို့ခွင့်ရရှိ

            ထိုင်ဝမ်၏ သစ်သီးဝလံတင်ပို့မှုတွင် နောက်ထပ် အောင်မြင်မှုတစ်ခု ရရှိခဲ့ပြီး၊ ဇီးသီး (Jujubes)၊ နဂါးမောက်သီးနှင့် လိုင်ချီးသီးများကို ဥရောပသမဂ္ဂ (EU) သို့ တင်ပို့ရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက မနေ့က ပြောကြားခဲ့သည်။ တိရစ္ဆာန်နှင့် အပင် ကျန်းမာရေး စစ်ဆေးရေးအေဂျင်စီသည် ကြာသပတေးနေ့တွင် ဥရောပသမဂ္ဂထံမှ အဆိုပါ ခွင့်ပြု ချက်အတွက် တရားဝင် အကြောင်းကြားစာ လက်ခံရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန် သည်။ ဤဆုံးဖြတ်ချက်သည် ထိုင်ဝမ်သစ်သီးဝလံ ထုတ်လုပ်သူများအတွက် ဥရောပ၏ အရည် အသွေးမြင့် ဈေးကွက်များသို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကို ပိုမိုကျယ်ပြန့်စေမည် ဟု မျှော် လင့်ရသည်။ ဝန်ကြီးဌာန၏ အချက်အလက်များအရ ထိုင်ဝမ်သည် ယခင်နှစ်က လိုင်ချီးသီး တန် ချိန် ၁၂၆ တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၄၈ သန်း ရှိ ကြောင်း သိရသည်။ ယင်းအနက် တန်ချိန် ၁၀၂ တန်မှာ ဂျပန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး အခြား တင်ပို့သည့် နိုင်ငံများ မှာ နယူးဇီလန်၊ ဟောင်ကောင်၊ အမေရိကန်နှင့် ဩစတြေးလျတို့ ဖြစ် သည်။ ဇီးသီး (Jujube) တင်ပို့မှုမှာ တန်ချိန် ၁၀၃ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅၁၄,၀၀၀ ရှိကာ အဓိက အားဖြင့် တရုတ်၊ ဟောင်ကောင်၊ ကနေဒါနှင့် ဂျပန်နိုင်ငံတို့ သို့ တင်ပို့ခဲ့သည်။ နဂါးမောက်သီး တင်ပို့မှုမှာ တန်ချိန် ၁၄၃ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၅၀၆, ၀၀၀ ရှိကာ ဟောင်ကောင်၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့သည် အဓိက ဈေးကွက်များ ဖြစ်ကြသည်။ ပြည်ပ ဈေးကွက်များ ချဲ့ထွင်ရန်အတွက် ကြာရှည်စွာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ဥရောပ သမဂ္ဂ (EU) သည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထိုင်ဝမ်၏ ကိုယ်စားလှယ်ရုံးထံ တရားဝင် အကြောင်းကြားခဲ့သည်။ အကြောင်းမှာ ထိုင်ဝမ်တွင် စိုက်ပျိုး သော ဇီးသီး၊ နဂါးမောက် သီး (အဖြူနှင့် အနီရောင် အမျိုးအစားနှစ်မျိုးလုံး) နှင့် လိုင်ချီးသီးတို့ ကို တင်သွင်းရန် ခွင့်ပြုချက် ပေးလိုက်ကြောင်းနှင့် ယင်းခွင့်ပြုချက်မှာ ချက်ချင်းအကျိုး သက် ရောက်မှု ရှိမည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ (EU) ၏ သစ်သီးဝလံထုတ်လုပ်မှုမှာ သမ ပိုင်းရာသီဥတုတွင် ဖြစ်ထွန်းသော သစ်သီးမျိုးစိတ်များကိုသာ အဓိကထား၍ စိုက်ပျိုးလေ့ရှိသဖြင့် ဇီးသီး (Jujubes)၊ နဂါးမောက်သီးနှင့် လိုင်ချီးသီးတို့ကဲ့သို့ အပူပိုင်းဒေသ သစ်သီးဝလံများကို ၎င်းတို့ဒေသတွင် စိုက်ပျိုးမှု နည်းပါးကြောင်း အေဂျင်စီက ဆိုသည်။ ၎င်းသစ်သီးများ၏ အရည်အ သွေးမြင့်မားမှုနှင့် ထူးခြားသောအရသာတို့ကြောင့် ဥရောပဈေးကွက်တွင် အလားအလာ ကောင်းများစွာရှိနေသည်ဟုလည်း ဖော်ပြထားကြောင်း သိရှိရပါသည်။

Source :Dailynews                                                                     

DOCA(ရန်ကုန်)

တန်ဇန်းနီးယားပျားရည် နိုင်ငံတကာ အရည်အသွေးစစ်ဆေးမှု အောင်မြင်

        တန်ဇန်းနီးယား သစ်တောဝန်ဆောင်မှုအေဂျင်စီ (TFS) သည် နိုင်ငံတကာအသိအမှတ်ပြု ဂျာမနီနိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုသို့ ပေးပို့စစ်ဆေးခဲ့သော ပျားရည်နမူနာများ၏ ရလဒ်များကို ထုတ်ပြန်ခဲ့သည်။ စစ်ဆေးမှုရလဒ်အရ ပျားရည်နမူနာ ၉၆ ရာခိုင်နှုန်းသည် ကမ္ဘာ့ အရည်အသွေး စံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။ ဤစစ်ဆေးမှုရလဒ်သည် တန် ဇန်းနီးယားနိုင်ငံအတွက် ဥရောပသမဂ္ဂ (EU) ဈေးကွက်သို့ ဆက်လက်ဝင်ရောက်ခွင့် ရရှိစေပြီး၊ ဥရောပနိုင်ငံများသို့ ပျားရည်များ ဆက်လက်တင်ပို့နိုင်စေမည်ဖြစ်သည်။ TFS ၏ ထိန်း သိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ပါမောက္ခ Dos Santos Silayo က ဖေ ဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်ပြီး ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၂၆ ခုနှစ်တွင် ပြီးဆုံးမည့် Morogoro ဒေသ၌ ကျင်းပသော TFS ခေါင်းဆောင်များနှင့် စခန်းမှူးများ၏ စတုတ္ထအကြိမ် မြောက် အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးကို သဘာဝသယံဇာတနှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာ Ashatu Kijaji ကိုယ်စား ဒုတိယ ဝန်ကြီး Hamad Chande က ဖွင့်လှစ်ပေးခဲ့သည်။ ပါမောက္ခ Silayo က အေဂျင်စီအနေဖြင့် ပျားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဦးစားပေး ဆောင်ရွက်နေကြောင်းနှင့် နိုင်ငံအတွင်း ပျားထွက်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကြွယ်ဝသော သယံဇာတများ ရှိ ကြောင်း ပြောကြားခဲ့သည်။ အရည်အသွေးကို သေချာစေရန်အတွက် အေဂျင်စီသည် တန်ဇန်း နီးယားပျားရည်၏ မြင့်မားသောစံနှုန်းများကို သက်သေပြနိုင်ရန်အတွက် နိုင်ငံတကာအသိ အမှတ်ပြု ဓာတ်ခွဲခန်းများတွင် နှစ်စဉ် အထူးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရှင်းပြခဲ့ သည်။ ၎င်းက ခရိုင်ပေါင်း ၃၄ ခုမှ ပျားရည်နမူနာ ၇၀ ကို စုဆောင်း၍ ဂျာမနီနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း ပြောကြားခဲ့သည်။ စစ်ဆေးချက်အရ ၉၆ ရာခိုင်နှုန်းသည် နိုင်ငံတကာ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီသောကြောင့် တန်ဇန်းနီးယားသည် ဥရောပ သမဂ္ဂဈေးကွက်သို့ ပျားရည်များကို ဆက်လက်တင်ပို့နိုင်မည်ဖြစ်သည်။ ၎င်းက ပျားရည် ထုတ်လုပ်သူများကို အရည်အသွေးမမီသော စက်ကိရိယာများဖြင့် ထုတ်လုပ်ခြင်းနှင့် အရည်အသွေး ညံ့သော ကွန်တိန်နာများတွင် သိုလှောင်ခြင်းများကို ရှောင်ကြဉ်ပြီး လိုအပ်သည့် အရည် အသွေးစံနှုန်းများကိုသာ ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ပါမောက္ခ Silayo က အသေးစား၊ အလတ်စားနှင့် အကြီးစား ပျားရည်ထုတ်လုပ်ရေးစက်ရုံများ တည် ထောင်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး၊ လက်ရှိတွင် နိုင်ငံ၌ အလတ်စားနှင့် အကြီးစား စက်ရုံ ၉၇ ခုရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ ပျားမွေးမြူရေး ကဏ္ဍ တွင် တန်ဖိုးမြှင့်တင်ရန် ကြိုးပမ်းမှုအနေဖြင့် အေဂျင်စီသည် Tabora ဒေသ၊ Nzega တွင် ပျား ရည်ထုတ်လုပ်ရေးစက်ရုံသစ်တစ်ခု တည်ဆောက်ခြင်းကို အပြီးသတ်နေကြောင်း၊ ထို့အပြင် Manyoni ခရိုင်နှင့် Mafinga ခရိုင်ရှိ Sao Hill သစ်တောစိုက်ခင်းတို့တွင် စက်ရုံနှစ်ရုံကို ပြန် လည်မွမ်းမံနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ တစ်ဖက်တွင်လည်း အေဂျင်စီသည် ပျား ထွက်ပစ္စည်းထုတ်လုပ်မှုကို တန်ချိန် ၃၁,၁၇၉ မှ တန်ချိန် ၃၃,၈၆၁ အထိ (၈ ရာခိုင်နှုန်း တိုးတက်မှု) ရရှိအောင် တိုးမြှင့်နိုင်ခဲ့ပြီး၊ ပျားရည်တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ၉၃.၃ ဘီလီယံ ရှိသည့် တန်ချိန် ၉,၅၀၀ အထိ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ TFS ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး Chiku Gallawa က အေဂျင်စီအနေဖြင့် နိုင်ငံ၏ စီးပွားရေးတွင် သစ်တောကဏ္ဍ၏ ပံ့ပိုးကူညီမှုကို တိုးမြှင့်ရန်အတွက် သစ်တောသယံဇာတများကို ရေရှည် တည်တံ့အောင် အသုံးပြုမှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source :Dailynews                                                                     

DOCA(ရန်ကုန်)

တောင်ကိုရီးယား၏ ပို့ကုန်များ တိုးတက်လာ

            ပြည်တွင်းထုတ် ဆီမီးကွန်ဒတ်တာများအပေါ် ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် ဖေဖော်ဝါရီလ ပထမ ၂၀ ရက်အတွင်း တောင်ကိုရီးယား၏ ပို့ကုန်သည် နှစ်လုံးဂဏန်းအထိ တိုးတက်လာခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြသခဲ့သည်။

          ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှု၏ အဆိုအရ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်အတွင်း ပြည်ပသို့ တင်ပို့မှုသည် ယခင်နှစ်ကထက် ၂၃.၅ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၄၃.၅၂ ဘီလီယံ ရှိခဲ့သည်။ ရက် ၂၀ အတွင်းတွင် နေ့စဉ်ပျမ်းမျှတင်ပို့မှုသည် ၄၇.၃ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၃.၃၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

          ဆီမီးကွန်ဒတ်တာ တင်ပို့မှုသည် ဒေါ်လာ ၁၅.၁၂ ဘီလီယံအထိ နှစ်ဆကျော် မြင့်တက်လာခဲ့သော်လည်း မော်တော်ကား တင်ပို့မှုမှာ ၂၆.၆ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၂.၆၅ ဘီလီယံသာ ရှိခဲ့သည်။

      ရေနံထွက်ပစ္စည်းများ၊ သင်္ဘောများနှင့် မိုဘိုင်းစက်ပစ္စည်းများအတွက် ပို့ကုန်မှာ ဂဏန်း နှစ်လုံးဖြင့် မြင့်တက်လာခဲ့သော်လည်း မော်တော်ကားအစိတ်အပိုင်းများနှင့် တိကျသော စက် ပစ္စည်းများအတွက် တင်ပို့မှုမှာ ဂဏန်းနှစ်လုံးဖြင့် ကျဆင်းသွားခဲ့သည်။ ဖေဖော်ဝါရီလ၏ ပထမ ၂၀ ရက်အတွင်း သွင်းကုန်များသည် ၁၁.၇ ရာခိုင်နှုန်း တိုးလာပြီး ဒေါ်လာ ၃၈.၅၇ ဘီလီယံ ရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေမှာ ဒေါ်လာ ၄.၉၅ ဘီလီယံ ရှိခဲ့သည်။

          ချစ်ပ်များ၊ ဆီမီးကွန်ဒတ်တာကိရိယာများ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ မော်တော်ကားများနှင့် မိုဘိုင်းစက်ပစ္စည်းများအတွက် တင်သွင်းမှုသည် နှစ်လုံးဂဏန်းတိုးတက်မှုကို မှတ်တမ်းတင်ခဲ့သော်လည်း စက်ယန္တရားတင်သွင်းမှုမှာ တစ်လုံးဂဏန်းဖြင့် လျော့ကျသွားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua     

DOCA (ရန်ကုန်)       

ထိုင်းနိုင်ငံ၏ ပို့ကုန်များမြင့်တက်

          အီလက်ထရွန်နစ်ပစ္စည်းများအပေါ် ကမ္ဘာတစ်ဝန်း ဝယ်လိုအား ဆက်လက်ရှိနေမှုကြောင့် စက်မှုထုတ်ကုန်တင်ပို့မှုများ မြင့်တက်လာခဲ့ပြီး ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ပို့ကုန်များ ၁၉ လဆက်တိုက် တိုးတက်လာခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင် အချက်အလက်များအရ သိရသည်။

         အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားဖြစ်သော ပို့ကုန်ကဏ္ဍသည် ပြီးခဲ့သည့်လတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄.၄ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁.၆ ဘီလီယံအထိ ရှိလာ ခဲ့ကာ ၎င်းမှာ လေးနှစ်အတွင်း အားအကောင်းဆုံး တိုးတက်မှုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

        တယ်လီဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် ကွန်ပျူတာများ၊ ကိရိယာများနှင့် အပို ပစ္စည်းများ ရောင်းချရမှု အားကောင်းခြင်းကြောင့် စက်မှုထုတ်ကုန် တင်ပို့မှုများသည် ယခင်နှစ်က ထက် ဇန်နဝါရီလတွင် ၂၉.၈ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပြီး ၂၂ လဆက်တိုက် တိုးတက်မှုကို မှတ်တမ်း တင်နိုင်ခဲ့သည်။

        တစ်ချိန်တည်းမှာပင် အထူးသဖြင့် ဆန်နှင့် ရော်ဘာကဲ့သို့သော အဓိက ထွက်ကုန်များ သိသိသာသာ ကျဆင်းသွားသည့်အတွက် လယ်ယာထွက်ကုန် ပို့ကုန်များ ၁.၈ ရာခိုင်နှုန်း ကျဆင်း  ခဲ့ပြီး လယ်ယာအခြေခံ စက်မှုထုတ်ကုန်များမှာ ၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

       ဇန်နဝါရီလအတွင်း သွင်းကုန်များမှာလည်း ယခင်နှစ်ကထက် ၂၉.၄ ရာခိုင်နှုန်း တိုးလာ ကာ ဒေါ်လာ ၃၄.၉ ဘီလီယံအထိ ရှိခဲ့သည့်အတွက် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃.၃ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ အချက်အလက်များက ဖော်ပြထားသည်။

         ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများဆီသို့ ကမ္ဘာလုံးဆိုင်ရာ အသွင်ကူးပြောင်းမှု အပြင် AI ဒေတာစင်တာများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းတို့၏ အထောက်အပံ့ဖြင့် ထိုင်းနိုင်ငံ၏ ပို့ကုန်များသည် ၂၀၂၆ ခုနှစ်တွင် ဆက်လက်မြင့် တက်မည့် အလားအလာရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)       

ဆန်တင်ပို့မှုမြှင့်တင်ရေး ပို့ကုန်အခွန်နှင့် ဈေးနှုန်းကန့်သတ်ချက် ပါကစ္စတန် ဖြေလျော့

     ပါကစ္စတန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန်အတွက် အခွန် နှင့် အခွန်ကောက်ခံငွေ ပြန်လည်‌လျော့ချပေး‌‌သည့် အစီအစဉ် (Duty and Taxes Remission for Export - DLTL) ကို အကြီးစား ဆန်တင်ပို့သူများ၏ စိုးရိမ်မှုများကို ဖြေရှင်းရန်နှင့် နိုင်ငံတကာ ဈေးကွက်တွင် ပါကစ္စတန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်လာစေရန် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။ ပြင်ဆင်ထားသော အစီအစဉ်သစ်သည် ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ နောက်ကြောင်းပြန် အကျိုး သက်ရောက်မှုဖြင့် အကျုံးဝင်မည်ဖြစ်ပြီး ဆန်တံဆိပ်အမျိုးမျိုးအတွက် သတ်မှတ်ထားသော စံနှုန်း ထားများနှင့်  ထောက်ပံ့ငွေများအတွက် ခန့်မှန်း‌ခြေ ပါကစ္စတန်ရူပီး ၁၅ ဘီလီယံခန့် ခွဲဝေချထား ပေးမည် ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

     အစီအစဉ်သစ်တွင်  အရေးကြီးသောပြောင်းလဲမှုတစ်ခုမှာ  ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၂၇၅ နှုန်း သတ်မှတ်ထားသော ဈေးနှုန်းအကန့်အသတ်ကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကန်ဒေါ်လာ ၇၅၀ နှင့် အထက်ရှိသော ဆန်များအတွက် FOB တန်ဖိုး၏ ၉ ရာခိုင်နှုန်းကို ဆန်တင် ပို့သူများသည် ရရှိနိုင်မည်ဖြစ်သည်။ အထူးသဖြင့် Saudi Arabia၊ UAE၊  US၊ EUနှင့်  UK တို့ကဲ့သို့ စျေးကွက်များတွင် တင်ပို့သူများအကြား ပိုမိုမြင့်မားသော အရောင်းစာရင်းတင်ပြမှုကို တိုးမြှင့်လုပ်ဆောင်ရန် လှုံ့ဆော်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။

    သို့ရာတွင် ဤဆုံးဖြတ်ချက်သည် အချို့သောစိုးရိမ်စရာ အချက်များ ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် ဘာစမာတီဆန် တင်ပို့သူများအနေဖြင့် အရောင်းတန်ဖိုးကို  အမှန်တကယ်ထက် ပိုမို မြှင့်တင်၍ စာရင်းတင်ပြခြင်း လုပ်ဆောင်နိုင်ခြေ ရှိလာနိုင်သည်ဟု စိုးရိမ်နေကြသည်။ အကြောင်း မှာ အိန္ဒိယဆန်တင်ပို့သူများသည် ဘာစမာတီဆန်ကို ပုံမှန်အားဖြင့် တစ်တန်လျှင် ဒေါ်လာ ၉၀၀ မှ ၉၇၅ ဒေါ်လာကြား လျှော့ဈေးဖြင့် ရောင်းချနေခြင်းကြောင့် ဖြစ်သည်။

    ထို့အပြင် ပြည်တွင်း ဈေးနှုန်းဖောင်းပွမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေသည်။ ဒေသခံ လယ်သမားများသည် ဘာစမာတီ စပါးကို ၄၀ ကီလိုဂရမ်လျှင် ၅၅၀၀ မှ ၆၀၀၀ ရူပီး အတွင်း ရောင်းချထားပြီးဖြစ်သော်လည်း စပါးကို စုဆောင်းသိုလှောင်ထားသူများက ၄၀ ကီလို ဂရမ်လျှင် ပါကစ္စတန်ရူပီး ၆၄၀၀ ထိ တောင်းဆိုနေကြသည်။ အသစ်ထည့်သွင်းထား‌သော အထောက်အပံ့ငွေ အစီအစဉ်ကြောင့် ပါကစ္စတန်၏ ဘာစမာတီဆန် အသားတင် တင်ပို့မှုစျေးနှုန်း သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ဝန်းကျင်အထိ ရောက်ရှိနိုင်ပြီး ဈေးနှုန်း သိသိ သာသာနိမ့်ကျနေသည့် အိန္ဒိယနှင့် ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်းစေနိုင်သည်။

     အဆိုပါပြင်ဆင်ချက်သည် ပိုမိုမြင့်မားသောထောက်ပံ့ကြေးများ တောင်းခံရန် ပြည်ပတင်ပို့ သည့် ကုန်သည်ကြီးများ အထူးသဖြင့် ပြည်ပ၌ လုပ်ငန်းအခြေစိုက်သူများ၏ ပို့ကုန်များကို လမ်းကြောင်းပြောင်းစေမည်ကို စိုးရိမ်သူများအကြား သတိပေးချက်အဖြစ် ထွက်ပေါ်လာခဲ့သည်။ ဆန်လုပ်ငန်း သတင်းအရင်းအမြစ်များအရ Saudi Arabia၊  UAE၊ US နှင့် Africa တို့ကဲ့သို့ ဈေးကွက်များတွင် လုပ်ကိုင်နေ‌သော ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ပြန်လည်ပေးချေ ငွေများကို အမြင့်ဆုံးမြှင့်တင်ရန်အတွက် ပြေစာတန်ဖိုးကို တိုးမြင့်စေနိုင်မည် ဖြစ်သည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jam Kamal Khan ထံသို့ ပေးပို့သောစာ တစ်စောင်တွင် ပါကစ္စတန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FPCCI) မှ ဈေးနှုန်းအကန့်အသတ် (DLTL) ကို ဖယ်ရှားလိုက်ခြင်းကြောင့်  အသေးစားပို့ကုန်လုပ်ငန်းရှင်များ အား (DLTL) အကျိုးခံစားခွင့်မှ ဖယ်ရှားခံရနိုင်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ FPCCI ဥက္ကဋ္ဌ Atif Ikram Sheikh က ဆန်တင်ပို့မှုဈေးကွက်သည် အပြိုင်အဆိုင်မြင့်မားလာပြီး မတည်ငြိမ်မှု များရှိသည့် ဈေးကွက်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် တင်းကျပ်သောစျေးနှုန်း အကန့် အသတ်များသည် စျေးကွက်အခြေအနေများကို မှားယွင်းစေနိုင်ပြီး အသေးစားဆန် တင်ပို့သူ များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြခဲ့သည်။

Source: Pakistan Today, February 19, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ကမ္ဘောဒီးယား၏ ကားတာယာတင်ပို့မှု ဇန်နဝါရီလ၌ ၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့

    ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာထုတ်လုပ်မှုအနေဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့လျက်ရှိ ရာ ယခင်နှစ်ကာလတူ၌ ဒေါ်လာ ၉၃ သန်းရရှိခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလတွင် ၇၁ ရာခိုင်နှုန်း တိုးတက်လျက် ဝင်ငွေ ဒေါ်လာ ၁၅၉ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယား၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

     ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ်များ စဉ်ဆက်မပြတ် တိုးမြှင့်ဝင်ရောက်လာခြင်းကြောင့် မော်တော်ကား တာယာထုတ်လုပ်မှုသည် နိုင်ငံ၏ ပြည်ပပို့ကုန်တိုးချဲ့တင်ပို့ရာတွင် အရေးပါသော မောင်းနှင်အားတစ်ခု ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် လက်ရှိတွင် Svay Rieng ၊  Preah Sihanouk နှင့် Kratie စသည့် ခရိုင်များ၌ မော်တော်ကားတာယာထုတ်လုပ်သည့် စက်ရုံ ၇ ရုံအား တည်ဆောက်ခွင့်ပေးထားကြောင်းသိရှိရသည်။

     မကြာသေးမီက Svay Rieng တွင်ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တာယာ စက်ရုံ ဖွင့်ပွဲအခမ်းအနားတစ်ခု၌ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်မှု ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Sun Chanthol က မော်တော်ကားတာယာထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံ တိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ကားတာယာ ထုတ်လုပ် မှုတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ်များ များပြားလာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ အနာဂတ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အောင်မြင်မှုပြယုဂ်ဖြစ်ကြောင်း၊ ယခု ကဲ့သို့ အောင်မြင်တိုးတက်နေခြင်းသည် ထုတ်ကုန်အမယ်များစွာ ထုတ်လုပ်ရေးနှင့် ဒေသတွင်း စီးပွားရေးတိုးချဲ့မှုကို အားပေးမြှင့်တင်ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ အပေါ် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ပြောကြားထားပါသည်။

     ကားတာယာတင်ပို့မှုအနေဖြင့် ၂၀၂၄ ခုနှစ်၌ ဒေါ်လာ ၈၇၄ သန်းရရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅၇.၈၆ ရာခိုင်နှုန်းတိုးတက်ပြီး ‌ဒေါ်လာ ၁.၃၈ ဘီလီယံအထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းကြောင့် အောင်မြင်တိုးတက်မှု အရှိန်အဟုန် ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

     ပြည်ပတင်ပို့မှုတိုးမြှင့်ခဲ့သော်လည်း ကုန်ကြမ်းကဏ္ဍတွင် အပြောင်းအလဲကို ရင်ဆိုင်ခဲ့ရ ကြောင်း၊ သဘာဝရော်ဘာစေး ထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်က ၁၂.၃ ရာခိုင်နှုန်းဖြင့် တန်ချိန် ၃၄၄၀၀၀ နီးပါးကျဆင်းခဲ့ကြောင်း ရော်ဘာလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော် ပြထားပါသည်။ သဘာဝရော်ဘာစေး ထုတ်လုပ်မှုမှ အခွန်ရငွေ ဒေါ်လာ ၆၀၃ သန်းဖြင့် ၉ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

     ကမ္ဘောဒီးယားနိုင်ငံသည် အဓိကအားဖြင့် ရော်ဘာကုန်ကြမ်းကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ် နိုင်ငံများသို့ စဉ်ဆက်မပြတ်တင်ပို့လျက်ရှိသည်။ သို့ရာတွင် ကုန်ကြမ်းတင်ပို့မှု ကျဆင်းလာမှုသည် ပြီးခဲ့သည့်နှစ်က ပြည်တွင်းရော်ဘာစေး အသုံးပြုမှု စုစုပေါင်း တန်ချိန် ၁၂၄၀၀၀ ဖြင့် ၁၄၆ ရာခိုင်နှုန်းတိုးတက်မှုနှင့် ညီမျှခဲ့ကြောင်း၊ နိုင်ငံ၏ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှုပိုမိုများပြားလာမှုသည် ပြည်တွင်းတွင် ထုတ်လုပ်နေသည့် ကားတာယာစက်ရုံများကို များစွာထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။

Source : Khmer Times, February 21, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

သဘာဝရော်ဘာဈေးနှုန်းများ ၂၀၂၆ ခုနှစ်၌ မြင့်တက်မည်ဟု ANRPC ခန့်မှန်း

    ၂၀၂၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာဝယ်လိုအားသည် ခြောက်နှစ်ဆက် တိုက် ထုတ်လုပ်မှုပမာဏကို ကျော်လွန်သွားဖွယ်ရှိပြီး ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မော်တော် ယာဉ်ကဏ္ဍတွင် အရှိန်အဟုန်မြင့်တက်လာမှုက ရော်ဘာသုံးစွဲမှုကို တွန်းအားပေးလျက်ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။

    ကမ္ဘာ့သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်း အသင့်အတင့်သာ တိုးတက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်တွင် ၂.၄ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၁၅.၂ သန်းသို့ ရောက်ရှိ ရန် ခန့်မှန်းထားကြောင်း သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) က  ရိုက်တာ သတင်းဌာနထံသို့ အီးမေးလ်ဖြင့် ပြန်ကြားခဲ့မှုအပေါ် သိရှိရသည်။

    ANRPC ၏ပြောကြားချက်အရ ထုတ်လုပ်မှုတိုးတက်နှုန်းသည် ၂၀၂၅ ခုနှစ်မှစ၍ တောင်သူ လက်ခံရရှိသည့်ဈေးနှုန်းများ မြင့်တက်လာသော်လည်း ရာသီဥတုဆိုးရွားခြင်း၊ ရော်ဘာပင်အိုများ ပြန်လည်စိုက်ပျိုးမှု အကန့်အသတ်ရှိခြင်း၊ နှစ်ပေါင်းများစွာ ဈေးနှုန်းကျဆင်းမှုဒဏ်ကြောင့် အသေးစားတောင်သူများအကြား ကုန်ထုတ်စွမ်းအား အဆက်မပြတ်နိမ့်ကျနေခြင်းနှင့် မြေယာ အသုံးချမှုဆိုင်ရာ အပြောင်းအလဲများကြောင့် မျှော်မှန်းချက်ထက် နောက်ကျကျန်နေဆဲဖြစ်သည် ဟု သိရှိရသည်။

    ANRPC က ရော်ဘာစိုက်ခင်းများတွင် ရွက်ကြွေစေသည့် ရောဂါဖြစ်ပွားမှုနှင့် အဓိက ရင်ဆိုင်နေရပြီး ယင်းရောဂါသည် ရော်ဘာထုတ်လုပ်သော နိုင်ငံအများအပြားသို့ ပျံ့နှံ့ကာ အချို့ ဒေသများတွင် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ မြင့်မားသော ရော်ဘာအထွက်နှုန်း ဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    လက်ရှိ ၂၀၂၆ ခုနှစ်တွင် တရုတ်၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့၌ ရော်ဘာဝယ် လိုအား တိုးတက်မှုသည် အနည်းငယ်မျှသာ ပြန်လည်နာလန်ထူလာမည်ဟု မျှော်လင့်ရကြောင်း၊ အဆိုပါအခြေအနေသည် အီးယူ၌ မော်တော်ယာဉ်အသစ်များ မှတ်ပုံတင်မှု မြင့်တက်လာခြင်း၊ အမေရိကန်တွင် တာယာတင်ပို့မှု ခန့်မှန်းချက် ပိုမိုအားကောင်းလာခြင်း၊ ရော်ဘာထုတ်ကုန်များ နှင့် သက်ဆိုင်သည့် အီးယူ-အိန္ဒိယနှင့် အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေး သဘောတူညီချက်များ နှင့် တရုတ်နိုင်ငံတွင် လျှပ်စစ်ကားဝယ်ယူမှုအတွက် အစိုးရ၏ ဆက်လက်မက်လုံးပေးမှုများ ကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု ANRPC က ဆက်လက်ပြောကြားခဲ့သည်။

    ၂၀၂၆ ခုနှစ်တွင် စုစုပေါင်းဝယ်လိုအားသည် ၁.၇ ရာခိုင်နှုန်း တိုးတက်ကာ ၁၅.၆ သန်းတန် သို့ ရောက်ရှိရန် ခန့်မှန်းထားပြီး ကမ္ဘာ့အကြီးဆုံး သဘာဝရော်ဘာ သုံးစွဲသူများဖြစ်သော တရုတ် နှင့် အိန္ဒိယနိုင်ငံတို့၏ ဝယ်လိုအားသည် ၁.၇ ရာခိုင်နှုန်းနှင့် ၃.၆ ရာခိုင်နှုန်းသို့ အသီးသီး တိုးတက် ရန် ခန့်မှန်းထားကြောင်း ANRPC က ထည့်သွင်းပြောကြားခဲ့သည်

    အဆိုပါအခြေအနေသည် ကမ္ဘာ့စျေးနှုန်းများ တည်မြဲနေစေရန် အထောက်အကူပြုနိုင်ဖွယ် ရှိကြောင်း၊ တိုကျို၏ ရော်ဘာရည်ညွှန်းနှုန်းထားသည် ၂၀၂၅ ခုနှစ်တွင် ကျဆင်းခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်တွင် ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း၊ ရော်ဘာသည် ၂၀၂၄ ခုနှစ်တွင် ကုန်စည်ဈေးကွက် များအကြား အမြတ် ၄၆ ရာခိုင်နှုန်းဖြင့် အမြတ်အများဆုံး ရရှိခဲ့သည့် ကုန်စည်များထဲမှ တစ်ခုဖြစ် ခဲ့သည်။

   သုံးစွဲမှုနှင့်ထုတ်လုပ်မှုအကြား မညီမျှမှုသည် စျေးနှုန်းများ မြင့်တက်မှုအပေါ်  အားပေးနေ ပြီး ကမ္ဘာ့သဘာဝရော်ဘာဈေးကွက်ဖွဲ့စည်းပုံဆိုင်ရာ တင်းကျပ်မှုကို ဆက်လက်တည်မြဲစေရန် မျှော်လင့်ကြောင်း ANRPC က ပြောကြားခဲ့သည်။

     ကမ္ဘာ့အကြီးဆုံး ရော်ဘာထုတ်လုပ်သည့် ထိုင်းနိုင်ငံ၏ ၂၀၂၆ ခုနှစ် ထုတ်လုပ်မှုမှာ ယခင် အတိုင်း ဆက်လက်တည်ငြိမ်နေမည်ဟု ခန့်မှန်းရပြီး ဒုတိယအကြီးဆုံး ထုတ်လုပ်သူ အင်ဒိုနီးရှား နိုင်ငံကမူ စျေးနှုန်းနိမ့်ကျမှု၊ ရော်ဘာရွက်ရောဂါများနှင့် ဆီအုန်းစိုက်ခင်းများအဖြစ် မြေယာအသွင် ပြောင်းလဲမှုတို့ကြောင့် ၂၀၂၂ ခုနှစ်မှစတင်ကာ ထုတ်လုပ်မှု ဆက်လက်ကျဆင်းနိုင်ကြောင်း ANRPC က ပြောကြားခဲ့သည်။

     အိုင်ဗရီကို့စ်နိုင်ငံသည် ရော်ဘာစိုက်ဧက စဉ်ဆက်မပြတ် တိုးချဲ့နိုင်ခြင်းနှင့် အသေးစား စိုက်ခင်းများ၏ ထုတ်လုပ်နိုင်စွမ်း မြင့်မားခြင်းတို့ကြောင့် ဗီယက်နမ်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့ တတိယအကြီးဆုံး ရော်ဘာထုတ်လုပ်သည့်နိုင်ငံအဖြစ် ပေါ်ထွက်လာရန် အသင့်ရှိနေကြောင်း အဆိုပါအဖွဲ့က ထပ်မံပြောကြားခဲ့သည်။

Source: Reuters, 19 February 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘရာဇီးနှင့် လယ်ယာထွက်ကုန် ကုန်သွယ်မှုတိုးမြှင့်ရန် အိန္ဒိယ ဆွေးနွေး

      အိန္ဒိယနိုင်ငံ အနေဖြင့် ၎င်း၏ သလဲသီး၊ ကြက်သွန်ဖြူ၊ စပျစ်သီးနှင့် စပျစ်သီးခြောက်များကို ဘရာဇီးဈေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်ခွင့်ရရှိနိုင်ရေးအတွက် တောင်းဆိုခဲ့သည်ဟု ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ဘရာဇီး စိုက်ပျိုးရေးဝန်ကြီး Luiz Paulo Teixeira Ferreira နှင့် တွေ့ဆုံ ဆွေးနွေးပွဲအပြီးတွင် အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ပြောဆိုခဲ့သည်။

      အိန္ဒိယ၏ အဆိုပါ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုနှင့် စပ်လျဉ်း၍ ဘရာဇီးနိုင်ငံတွင် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ဈေးကွက်ဝင်ရောက်ခွင့်နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များစွာကို ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ အိန္ဒိယ စိုက်ပျိုးရေး သုတေသနကောင်စီ (ICAR) နှင့် ဘရာဇီး Embrapa စိုက်ပျိုးရေးသိပ္ပံအဖွဲ့အစည်းတို့ သည် လယ်ယာစိုက်ပျိုးရေးနှင့် အခြားဆက်စပ်သည့် ကဏ္ဍအများအပြား၌ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း ဝန်ကြီး Chouhan က ပြောကြားခဲ့ခြင်းဖြစ်သည်။

      ဘရာဇီးနိုင်ငံအနေဖြင့် လက်ရှိကာလ၌ လက်ဖက်၊ ပဲစင်းငုံနှင့် အခြားလယ်ယာထွက်ကုန် များ တင်ပို့နိုင်ရေး အိန္ဒိယအရာရှိများနှင့် ဆွေးနွေးလျက်ရှိပြီး အိန္ဒိယနိုင်ငံတွင် Centre of Excellence ခေါ် အထူးပြုသိပ္ပံဌာနတစ်ခုကို ထူထောင်ရန် သဘောတူညီထားသည်။ ထို့အပြင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ခြင်းနှင့် ဘက်စုံစုပေါင်းလယ်ယာ စိုက်ပျိုးမှုစနစ်တို့တွင် ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူညီထားသည်။

      ပြန်လည်ရှင်သန်ကြီးထွားသည့် စိုက်ပျိုးရေးစနစ်ကို မြှင့်တင်ရန် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး ဌာနက တိုးမြှင့်လုပ်ဆောင်လျက်ရှိသော သဘာဝနှင့်အော်ဂဲနစ် လယ်ယာစိုက်ပျိုးမှုစနစ်မှ အကျိုး ကျေးဇူးရရှိရန် ဘရာဇီးနိုင်ငံဘက်မှ မျှော်မှန်းလျက်ရှိသည်။ ဘရာဇီး စိုက်ပျိုးရေးဝန်ကြီး Ferreira သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိ ICAR ၏ လက်အောက်ခံ အိန္ဒိယ လယ်ယာစိုက်ပျိုးမှုစနစ် သုတေသနဌာနသို့ သွားရောက်ပြီး အိန္ဒိယ၏ သဘာဝအခြေခံ စိုက်ပျိုး ရေးရာ အဖြေရှာဆောင်ရွက်မှု အတွေ့အကြုံများကို လေ့လာခဲ့သည်။

    သွင်းကုန်အတွက် နိုင်ငံအနည်းငယ်အပေါ်၌သာ အမှီပြုနေရခြင်းမှ ဖြန့်ကျက်ဆောင်ရွက် နိုင်ရေးအတွက် အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော ၂ နှစ်ကျော်ကာလမှစတင်၍ ဘရာဇီးထံမှ မတ်ပဲနှင့် ပဲပုပ်ဆိများကို ဝယ်ယူတင်သွင်းခဲ့သည်။ ထိုသို့ အစပြုလုပ်ဆောင်မှုသည် အိန္ဒိယပြည်တွင်း၌ သီးနှံ ထောက်ပံ့မှုပြတ်လပ်ခြင်းကို ဖြည့်ဆည်းပေးရန် ပေါင်းကူးပေးမည်ဟု မျှော်လင့်ခြင်းနှင့်အတူ ဘရာဇီး၏ Embrapa စိုက်ပျိုးရေးအဖွဲ့အစည်းမှတစ်ဆင့် ပဲမျိုးစုံ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည့် နည်းပညာများ ရရှိမည်ဟု မျှော်မှန်းလျက်ရှိသည်။

    သတင်းအရင်းအမြစ်များ၏ အဆိုအရ ဘရာဇီး၏ ပဲစင်းငုံတင်ပို့လိုကြောင်း ကမ်းလှမ်းချက် သည် အဆိုပါ သီးနှံဝယ်ယူတင်သွင်းရန် မြန်မာ၊ တန်ဇန်နီးယားနှင့် မာလာဝီတို့ကဲ့သို့သော နိုင်ငံ များအပေါ် သိသာစွာ မှီခိုနေရသည့် အိန္ဒိယနိုင်ငံအတွက် လက်ခံစဉ်းစားဖွယ်ဖြစ်ကြောင်း သိရှိ ရသည်။

Source: Financial Express, 20 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ