ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထုတ်လုပ်မှုနှင့် တင်ပို့မှု ကွာဟချက်အရ မလေးရှား၏ စားအုန်းဆီလက်ကျန် ကျဆင်းဖွယ်ရှိ

          ရာသီအလိုက် စားအုန်းဆီထုတ်လုပ်မှု နှေးကွေးကျဆင်းခြင်းသည် ပွဲတော်ရာသီကာလ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် တင်ပို့မှုများ မြင့်တက်လာချိန်နှင့် တိုက်ဆိုင်နေမှုအရ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်များသည် လာမည့်လများအတွင်း ကျဆင်းလျက် နှစ်ကုန် ဆုံးချိန်၌ လက်ကျန်တန်ချိန် ၁.၇ သန်း ဝန်းကျင်ခန့်ရှိမည်ဟု စားအုန်းဆီ ကြီးကြပ်မှု အာဏာပိုင်က ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖော်ပြ ပါသည်။

          အင်ဒိုနီးရှား၏နောက်၌ ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံ တွင် ဆီလက်ကျန်ပမာဏများ ကျဆင်းဖွယ်ရှိခြင်းက မကြာသေးမီကာလအတွင်း ပြိုင်ဘက် ပဲပုပ်ဆီများ၏ စျေးနှုန်းသက်သာဖြင့် ပေးသွင်းနိုင်မှုကြောင့် ဖိအားများအောက်၌ ရှိနေခဲ့သော စားအုန်းဆီ၏ စံပြုကြိုပွိုင့်ဈေးနှုန်းများကို ခိုင်မာအောင် ပံ့ပိုးပေးနိုင်ခြေရှိသည်။

          စားအုန်းဆီ ထုတ်လုပ်မှုသည် တဖြည်းဖြည်းကျဆင်းလျက်ရှိပြီး ပွဲတော်ရာသီ ဝယ်လိုအား ကြောင့် လာမည့်လများတွင် တင်ပို့မှုတိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) မှ ညွှန်ကြားရေးမှူးချုပ် Mr. Ahmad Parveez Ghulam Kadir က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

          မလေးရှား၏ စားအုန်းဆီ ထုတ်လုပ်မှုသည် ပုံမှန်အားဖြင့် စက်တင်ဘာလ၌ အားကောင်း ပြီးနောက် နှစ်ကုန်ဆုံးချိန်တိုင်အောင် တဖြည်းဖြည်း ကျဆင်းသွားလေ့ရှိသည်။ စားအုန်းဆီ လပိတ် လက်ကျန်ပမာဏသည် သြဂုတ်လတွင် ၄.၁၈ ရာခိုင်နှုန်း မြင့်တက်လျက် တန်ချိန် ၂.၂ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း အမြင့်ဆုံးလက်ကျန်ပမာဏဖြစ်ကြောင်း MPOB ၏ အချက်အလက်များအရ သိရသည်။

          မကြာသေးမီ ရက်သတ္တပတ်များအတွင်း၌ ပဲပုပ်ဆီဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့ရာ စားအုန်းဆီကို ဈေးနှုန်းပိုမိုမြင့်မားမှု ဖြစ်စေပြီး ဖိအားများအောက်တွင် ရောက်ရှိနေစေခဲ့သည်။ ယင်းအခြေအနေက စားအုန်းဆီ ထိပ်တန်းဝယ်ယူတင်သွင်းသည့် အိန္ဒိယနိုင်ငံ အနေဖြင့် ရှေ့လာ မည့် လများအတွက် ပဲပုပ်ဆီ တိုးမြှင့်ဝယ်ယူမှုကို တွန်းအားပေးခဲ့သည်။

          သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ ရောင်းလိုအားသည် မသေချာ မရေရာသည့် အခြေအနေများ ရှိနေခြင်းကြောင့် စားအုန်းဆီဈေးနှုန်းသည် လာမည့်လများတွင် ဆက်လက် တည်ငြိမ်နိုင်ဖွယ်ရှိသည်ဟု Mr. Kadir က ပြောကြားသည်။ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောစပ် အသုံးပြုမည့် ဇီဝဒီဇယ်အစီအစဉ် (B50) အား အကောင်အထည်ဖော်မှုနှင့် ဆီအုန်းစိုက်ခင်းများကို အစိုးရက သိမ်းယူခြင်းတို့သည် အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုအပေါ် ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

          အင်ဒိုနီးရှားအစိုးရသည် လက်ရှိကာလ၌ ဇီဝဒီဇယ်ထုတ်လုပ်မှုတွင် စားအုန်းဆီ ၄၀ ရာခိုင် နှုန်း ပါဝင်ရောစပ်သုံးစွဲရန် ပြဋ္ဌာန်းထားပြီး လာမည့်နှစ်မှ စတင်၍ ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင် ဆောင်ရွက်ရန် စီစဉ်နေသည်။ ထို့အပြင် ဆီအုန်းစိုက်ခင်း ၆၇၄၁၇၈ ဟက်တာ (ဧက ၁.၇ သန်း) ကို နိုင်ငံပိုင် ဆီအုန်းလုပ်ငန်းကုမ္ပဏီဖြစ်သော Agrinas Palma Nusantara ထံ ယခုလ အစောပိုင်း ၌ လွှဲပြောင်းပေးအပ်ခဲ့ရာ ၎င်းထံသို့ လုပ်ကိုင်ခွင့်ပေးအပ်ခဲ့သော ဧရိယာ စုစုပေါင်းမှာ ဟက်တာ ၁.၅ သန်း (ဧက ၃.၇ သန်း) ရှိပြီကြောင်း သိရှိရပါသည်။

          မလေးရှားတွင် ဆီအုန်းပင် ပြန်လည်စိုက်ပျိုးခြင်းသည် နှေးကွေးလျက်ရှိရာ အဆိုပါ ကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် ယခုနှစ်၌ ရင်းဂစ် သန်း ၁၀၀ ခွဲဝေသုံးစွဲရာမှ ၂၀၂၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ရင်းဂစ် ၂၈၀ သန်းအထိ တိုးမြှင့်ခွဲဝေသုံးစွဲရန် MPOB ကတိုက်တွန်းထားသည်ဟု Mr. Kadir ကပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 29th Sep 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုအပေါ် မှတ်ပုံတင်ကြေး တစ်တန်လျှင် ရှစ်ရူပီးနှုန်း အိန္ဒိယ အစိုးရ စည်းကြပ်မည်

          ပြည်ပသို့ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့ရာတွင် ကုန်အရောင်းစာချုပ်များကို မဖြစ်မနေ မှတ်ပုံတင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ ဆန်မျိုးများကို အိန္ဒိယ၏ ထုတ်ကုန် အမှတ်တံဆိပ်တစ်ခုအဖြစ် မြှင့်တင်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ဆန်ပို့ကုန် တစ်တန်လျှင် ၈ ရူပီးနှုန်းဖြင့် မှတ်ပုံတင်ကြေး စည်းကြပ်ကောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

          လက်ရှိကာလတွင် ဘာစမာတီမဟုတ်သော ဆန်မျိုးကွဲများစွာကို ကုန်အမှတ်တံဆိပ် မပါပဲ ဝမ်းပုံစနစ်ဖြင့် တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများ၌ တင်သွင်းသူများက ပြန်လည်ထုပ်ပိုး၍ လက်လီ ရောင်းချလျက်ရှိရာ အိန္ဒိယဆန်မျိုးများမှာ ကိုယ်ပိုင်အမှတ်လက္ခဏာ ဆုံးရှုံးလျက်ရှိသည်။

          မကြာသေးမီက မှတ်ပုံတင်ကြေး တိုးမြှင့်ကောက်ခံမှုကို ကြုံတွေ့ခဲ့ရသော ဘာစမာတီဆန် တင်ပို့သည့် လုပ်ငန်းနယ်ပယ်နှင့် ကွဲပြားခြားနားလျက် ဘာစမာတီမဟုတ်သောဆန်များ တင်ပို့မှု ပြုသည့် ပို့ကုန်လုပ်ငန်းရှင် အသင်းအဖွဲ့ ၃ ခုလုံးက အစိုးရ၏ ယခုကဲ့သို့လုပ်ဆောင်ချက်အပေါ် ထောက်ခံအားပေးခဲ့ကြပြီး သိသာထင်ရှားသော အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့် လျက်ရှိကြသည်။

          ချတ္တီဂါပြည်နယ်ရှိ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (TREACG) မှ ဥက္ကဋ္ဌ Mukesh Jain က လုပ်ငန်းနယ်ပယ်ရှိ သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုအဆင့်တွင် အဆိုပါ ဆုံးဖြတ်ချက် ကို တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အရောင်းစာချုပ်များ မှတ်ပုံတင်ရမည့် အစီ အစဉ်ကို စက်တင်ဘာ ၂၄ ရက်၌ ထုတ်ပြန်ကြေညာခြင်းမပြုမီ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့သည့် ကုန်သည်အသင်း ၃ ခုလုံးက ထောက်ခံခဲ့ကြကြောင်း ပြောဆိုခဲ့သည်။

          မကြာသေးမီက လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် ဘာစမာတီဆန် အရောင်းစာချုပ်များ မှတ်ပုံတင် ကြေးကို ဆန်တစ်တန်လျှင် ရူပီး ၃၀ နှုန်း ကောက်ခံရာမှ ရူပီး ၇၀ နှုန်းသို့ မြှင့်တင်ခဲ့သည်။ ထိုကဲ့သို့ နှုန်းထားမြင့်မားစွာ တိုးမြှင့်ခြင်းအပေါ် ၎င်းတို့အနေဖြင့် သီးသန့်တောင်းဆိုပိုင်ခွင့်ရှိကြောင်း ဖော် ပြလျက် ဟာရီယာနာပြည်နယ်အခြေစိုက် ဆန်တင်ပို့သူများက ကန့်ကွက်ခဲ့ကြသည်။ သို့သော် မူလက ဆန်တစ်တန်လျှင် ရူပီး ၁၀၀ နှုန်းအထိတိုးမြှင့်ရန် အဆိုပြုခဲ့သည့် ယခုကဲ့သို့ မှတ်ပုံတင် ကြေး တိုးမြှင့်မှုအပေါ် မည်သည့် ဘာစမာတီဆန်တင်ပို့သူကမျှ သီးသန့်အခွင့်အ‌ရေး တောင်းဆို ခြင်း မရှိကြောင်း တရားဝင်သတင်းအမြစ်များက ပြောဆိုထားကြသည်။

          ဘာစမာတီဆန် လုပ်ငန်းနယ်ပယ်၌ စာချုပ်မှတ်ပုံတင်ခြင်းကို ကာလကြာမြင့်စွာကပင် လုပ်ဆောင်လာခဲ့ခြင်းဖြစ်၍ ယခုကဲ့သို့ လုပ်ဆောင်မှုသည် APEDA အာဏာပိုင်အဖွဲ့အတွက် ဘာစမာတီမဟုတ်သောဆန်နှင့်ပတ်သက်သည့် အချို့သော အချက်အလက်များကို ရရှိစေနိုင်မည် ဖြစ်ကြောင်း၊ APEDA သည် စာချုပ်မှတ်ပုံတင်လုပ်ငန်းမှတစ်ဆင့် မည်သည့် ဝယ်လက်နိုင်ငံများသို့ ကုန်စည်မည်မျှ ထွက်ရှိသည်ကို ခြေရာခံနိုင်မည်ဖြစ်ကြောင်း၊ ပေးပို့တင်ပြလာသည့် ကုန်အရောင်း စာချုပ်များကို အလွန်လျင်မြန်စွာ အတည်ပြုပေးနိုင်သည်နှင့်အမျှ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုအတွက် ယခုစနစ်သည် ကောင်းမွန်မှုရှိကြောင်း၊ ၎င်းအာဏာပိုင်အဖွဲ့ အနေဖြင့် ကောက်ခံ ရရှိသော မှတ်ပုံတင်ကြေးငွေများကို ဘာစမာတီမဟုတ်သောဆန် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ် ဆောင်ရာ၌ အသုံးပြုရန် ရည်ရွယ်ထားသဖြင့် ယခုလုပ်ဆောင်ချက်မှာ ကြိုဆိုရမည့် အဆင့် တစ်ရပ်ပင်ဖြစ်ကြောင်း စသည်ဖြင့် ဆန်တင်ပို့သူများအသင်း (TREA) ၏ ဥက္ကဋ္ဌ BV Krishna Rao က ပြောကြားခဲ့သည်။

          အိန္ဒိယ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ် (IREF) ၏ ဥက္ကဋ္ဌ Prem Garg ကလည်း ဘာစမာတီမဟုတ်သောဆန် အရောင်းစာချုပ်များ မှတ်ပုံတင်ရန် အစပြုဆောင်ရွက်ချက်သည် တိုးတက်မှု အဆင့်တစ်ရပ်ဖြစ်ပြီး ကြိုဆိုလက်ခံရမည်ဖြစ်ကြောင်း၊ APEDA ၏ ယခုစနစ်ကို အကောင်အထည်ဖော်ဆောင်မှုနှင့်အတူ ပို့ကုန်လုပ်ငန်းရှင်များသည် တစ်တန်လျှင် ၈ ရူပီးနှုန်း ပေးဆောင်လျက် အင်တာနက်ကွန်ရက်မှတစ်ဆင့် မှတ်ပုံတင်လက်မှတ် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းနှုန်းထားသည် ဝန်ထုပ်ဝန်ပိုး မဖြစ်စေပဲ ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယဆန်များဝင်ရောက်မှုကို မြှင့်တင်ရာတွင် သုံးစွဲမည့် ဆန်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေသို့ ထည့်ဝင်မှုဖြစ်စေမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

          Mr. Garg ၏ အဆိုအရ ၎င်းစနစ်သည် အမှန်တကယ်တင်ပို့သော ဆန်ပမာဏကို ထိန်းချုပ် မှုနှင့် စောင့်ကြည့်ကြပ်မတ်မှုတွင် ပိုမိုကောင်းမွန်အောင် အထောက်အပံ့ပြုမည်ဖြစ်ပြီး ဘက်စုံ လွှမ်းခြုံမှုရှိသည့် ပို့ကုန်ဈေးကွက်ဆိုင်ရာ အချက်အလက်စနစ်ကိုလည်း ဖန်တီးပေးစွမ်းနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ပွင့်လင်းမြင်သာမှုရှိခြင်းက အိန္ဒိယ၏ ဆန်ကုန်သွယ်မှုအပေါ် ယုံကြည်လက်ခံ နိုင်စွမ်းကို ကောင်းမွန်စေသည့်အပြင် မူဝါဒချမှတ်ဆောင်ရွက်ရာတွင်လည်း ခိုင်မာသည့် အခြေခံ အချက်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆန်ကုန်သွယ်ရောင်းဝယ်ရာတွင် ရောင်းသူ သို့မဟုတ် ဝယ်သူဘက်မှ လုပ်ဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းတို့ ဖြစ်ပေါ်ပါက ဖြေရှင်းပေး နိုင်ရေးအတွက် သက်ဆိုင်သူများအနေဖြင့် မှတ်ပုံတင်ထားသည့် မှတ်တမ်းမှတ်ရာများနှင့်အတူ IREF အသင်းသို့ ချဉ်းကပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ပို့ကုန်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်အတွက် ထိုကဲ့သို့သော အမှုကိစ္စများ ပေါ်ပေါက်လာပါက IREF သည် APEDA အာဏာပိုင်အဖွဲ့နှင့်အတူ ဖြေရှင်းဆောင်ရွက်မည်ဖြစ်သည်။

          IREF အသင်းချုပ်၏ တောင်းဆိုမှုအရ ညွှန်ကြားချက်အပေါ် လိုက်နာဆောင်ရွက်မှု လွယ် ကူချောမွေ့စေရေးနှင့် ပိုမိုကျယ်ပြန့်စွာ ပါဝင်လုပ်ဆောင်လာစေရေးအတွက် APEDA အာဏာပိုင် အဖွဲ့သည် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အသစ်နှင့် စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်များကို လမ်းညွှန် ပြသပေးမည့် အသိပညာပေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 25 Sept 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အီသနောထုတ်ရန် ပြောင်းများ အမေရိကန်ထံမှ အိန္ဒိယ ဝယ်ယူဖွယ်ရှိ

          အိန္ဒိယနိုင်ငံ အနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရန်အတွက် စေ့စပ် ကမ်းလှမ်းမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် အမေရိကန်ထံမှ စွမ်းအင်ထုတ်ကုန်များ အမြောက် အမြား ဝယ်ယူခြင်းအပြင် အီသနောထုတ်လုပ်ရာ၌ အသုံးပြုရန် ပြောင်းများကိုလည်း ဝယ်ယူဖွယ် ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

          အိန္ဒိယနိုင်ငံ၏ ရုရှားရေနံများဝယ်ယူနေခြင်းသည် ယူကရိန်းနှင့် ဖြစ်ပွားလျက်ရှိသော စစ်ပွဲ အတွက် အကူအညီပေးအပ်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံက ပြောဆိုလျက် ပြစ်ဒဏ်အဖြစ် သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခြင်းကို ဖယ်ရှားပေးရန် အိန္ဒိယဘက်မှ တောင်းဆိုထားသည်။ အမေရိကန်နှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းရာတွင် ကမ်းလှမ်းချက်အသစ် ပြုလုပ်ခဲ့ကြောင်း၊ အီသနောလောင်စာ ထုတ်လုပ်ရာ၌ အသုံးပြုရန် အမေရိကန်ပြောင်းများကို ဝယ်ယူရေး ဆွေးနွေး လျက်ရှိကြောင်းဖြင့် အိန္ဒိယအစိုးရ အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ မျိုးဗီဇပြုပြင်ထားသည့် သီးနှံ များနှင့်စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်ပေါ်မှုအကြောင်းပြချက်ဖြင့် အိန္ဒိယဘက်မှ ငြင်းဆိုထားသော် လည်း ၎င်း၏ ပဲပုပ်စေ့နှင့် ပြောင်းများကို ဝယ်ယူရန် အမေရိကန်က အိန္ဒိယသို့ တွန်းအားပေး နေချိန်၌ ထိုကဲ့သို့ ကမ်းလှမ်းလုပ်ဆောင်ခြင်းသည် အရေးပါမှုရှိသည်ဟု ယူဆရသည်။ 

          သို့ရာတွင် လယ်သမားများကို အကာအကွယ်ပေးရန် သို့မဟုတ် မျိုးဗီဇပြုပြင်ထားသော ထုတ်ကုန်များ စားနပ်ရိက္ခာကွင်းဆက်တွင် ပါဝင်လာခြင်းကို ဟန့်တားရန်အတွက် အိန္ဒိယအစိုးရ သည် လယ်ယာကဏ္ဍ၌ ဈေးကွက်ဝင်ရောက်ခွင့်နှင့်စပ်လျဉ်း၍ အလျှော့ပေးခြင်းမပြုမည့် မူဘောင် ကို ကိုင်စွဲထားသည်။

          ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်ဆဲဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သတ်မှတ်ထားသည့် နောက်ဆုံးနေ့ရက်မတိုင်မီ သဘောတူညီမှုရရှိရန် ကြိုးပမ်းနေကြောင်း၊ သို့သော် မည်သည့်နေ့ရက်၊ မည်သည့်နေရာတွင် နောက်တစ်ကြိမ် ဆွေးနွေးပွဲကျင်းပမည်ဆိုသည့်အချက်ကို မသတ်မှတ်ရ သေးကြောင်း၊ ဆွေးနွေးမှုများကို အသုတ်လိုက် ပြုလုပ်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် စတင်ထားခဲ့ သည့် လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်းဖြင့် အခြား အိန္ဒိယအရာရှိ တစ်ဦးကလည်း ပြောကြားခဲ့သည်။

          အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Jamieson Greer နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sergio Gor တို့နှင့် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များ သည် သဘောတူညီချက်ရရှိရန် ဖြစ်တန်ခြေရှိသော ကောက်ကြောင်းများအပေါ် ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ကို ဆောလျင်စွာချမှတ်နိုင်ရေး ဆက်လက်တွေ့ဆုံမှုများ လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန က စက်တင်ဘာ ၂၄ ရက်နေ့၌ ထုတ်ဖော်ပြောကြားထားသည်။

          ထိုကဲ့သို့ လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးပွဲသည် ဩဂုတ် ၂၇ ရက်နေ့၌ အမေရိကန်ဘက်မှ ပြစ်ဒဏ်အဖြစ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်ဆောင်း၍ အိန္ဒိယမှ တင်ပို့သည့် ကုန်စည်များအပေါ် သွင်းကုန်အခွန်ကို ၅၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ချိန်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ နှစ်ဖက်ကိုယ်စားလှယ်များသည် နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက်တစ်ရပ် ချမှတ် နိုင်ရေး ညှိနှိုင်းလျက်ရှိပြီး ၎င်း၏ ပထမအပိုင်းကို ဆောင်းဦးရာသီကာလတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားသည်။ လက်ရှိအချိန်အထိ ဆွေးနွေးပွဲပေါင်း ငါးကြိမ် ပြုလုပ်ထားရှိခဲ့ပြီး ဩဂုတ် ၂၅ မှ ၂၉ ရက်အတွင်း ကျင်းပရန် စီစဉ်ထားခဲ့သော ဆဋ္ဌမအကျော့ ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

Source: Economic Times, 27 Sept 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၂၃.၉ ရာခိုင်နှုန်း ကျဆင်း

          ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ (၈)လအတွင်း သိသိသာသာ ကျဆင်းခဲ့ ပြီး ကမ္ဘာ့စျေးကွက်တွင် ထုတ်လုပ်မှုပိုလျှံခြင်း၊ သွင်းကုန်ဝယ်လိုအား ကျဆင်းခြင်းနှင့် ထိုင်းဘတ် ငွေ တန်ဖိုးတက်လာခြင်းတို့ကြောင့် ဆန်တင်ပို့မှုပမာဏနှင့် ဈေးနှုန်းတို့ ကျဆင်းခဲ့သည်။

          နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၅.၀၄ သန်းရှိပြီး ယခင်နှစ် အလားတူကာလ၌ တင်ပို့ခဲ့သော တန်ချိန် ၆.၆၃ သန်းနှင့်နှိုင်းယှဉ်ပါက ၂၃.၉၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆန်ပို့ကုန်တန်ဖိုးအရမူ ယခင်နှစ်၌ အမေရိကန်ဒေါ်လာ ၄.၃၀ ဘီလီယံ (ဘတ်ငွေ ၁၅၃.၉၁ ဘီလီယံ) ရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၉၈ ဘီလီယံ (ဘတ်ငွေ ၉၉.၀၆ ဘီလီယံ) သို့ ၃၀.၅၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

          မိုးလေဝသကောင်းမွန်ပြီး ရိတ်သိမ်းမှုပမာဏ သိသိသာသာ တိုးတက်ခဲ့သောကြောင့် အဓိကတင်ပို့သူနှင့် တင်သွင်းသူနိုင်ငံများအားလုံး၏ ထုတ်လုပ်မှု မြင့်တက်လာခြင်းက ဆန်ပို့ကုန် တန်ဖိုးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ ဆန်ပိုလျှံမှုကို ဖြစ်ပေါ်စေပြီး ဈေးနှုန်းများအပေါ် သက်ရောက်၍ ကျဆင်းစေခဲ့သည်။ ထို့အပြင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကဲ့သို့သော အဓိကဝယ်လက်ကြီးများက ၎င်းတို့၏ တင်သွင်းမှုကို နှေးကွေးစေခဲ့ သည့်အတွက် ဝယ်လိုအားသည် ထပ်မံ၍ ကျဆင်းသွားခဲ့ရသည်။

          ထိုင်းဘတ်ငွေ အားကောင်းလာမှုကလည်း ဖိအားတစ်ရပ် ပိုမိုဖြစ်ပေါ်စေခဲ့ပြီး ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင် ထိုင်းနိုင်ငံ၏ ဈေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းသွားခဲ့သောကြောင့် ဖြစ်သည်။

          ယင်းကဲ့သို့ စိန်ခေါ်မှုများ ရှိသော်လည်း ထိုင်းနိုင်ငံသည် ယခုနှစ်တွင် အရည်အသွေးမြင့် ဆန်အမျိုးအစားများဖြစ်သော စပယ်ဆန်၊ ပေါင်းဆန်၊ ကောက်ညှင်းဆန်နှင့် ဆန်လုံးညိုတို့အား တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ တောင်အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပ ဈေး ကွက်များသို့ တင်ပို့မှုပမာဏ မြှင့်တင်နိုင်ခဲ့သည်။ သို့သော်လည်း ပြင်းထန်သော ဈေးနှုန်းယှဉ်ပြိုင် မှုများကြောင့် ဆန်ဖြူနှင့် ထိုင်းရနံ့မွှေးဆန် တင်ပို့မှုများသည် ကျဆင်းခဲ့သည်။

          နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ဂျပန်နှင့် တရုတ်နိုင်ငံ စသော အဓိကစီးပွားဖက် များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းအပါအဝင် ဆန်တင်ပို့မှုကို ရေရှည်တည်တံ့စေရန်နှင့် မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Arada က ပြောကြား ခဲ့သည်။ အစိုးရအချင်းချင်းအကြား သဘောတူညီချက်အရ ကျန်ရှိနေသေးသော တန်ချိန် ၂၈၀,၀၀၀ အတွက် တရုတ်နိုင်ငံ ဆီနှင့် အစားအစာကော်ပိုရေးရှင်း (COFCO)နှင့် ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများမှာ အပြုသဘောဆောင်သော ရလဒ်များ ရရှိထားကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ် စတုတ္ထ သုံးလပတ်အတွက် နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် အမှာစာများ ရရှိရန် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ စီစဉ်ထားသည့် အစီအစဉ်များအနက် နိုဝင်ဘာလတွင် ဟောင်ကောင် ဆန်တင်သွင်းသူများ ကိုယ်စားလှယ်အဖွဲ့ကို အိမ်ရှင်အဖြစ်လက်ခံတွေ့ဆုံခြင်း၊ အီရတ်နှင့် ဆော်ဒီအာရေးဗီးယားရှိ ဆန်ဖြူနှင့် ပေါင်းဆန်များ အတွက် ဈေးကွက်သစ်များ ရှာဖွေခြင်းနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးကို အားကောင်း စေရန် စင်္ကာပူနှင့် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခြင်းတို့ ပါဝင်သည်။

          ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှုအခွင့်အလမ်းများ တိုးမြှင့်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လက် များ၏ ယုံကြည်မှု ခိုင်မာအားကောင်းရန်အတွက် Foodex Saudi၊ ဂျာမနီနိုင်ငံရှိ Anuga နှင့် China International Import Expo (CIIE) အပါအဝင် အဓိက ကုန်စည်ပြပွဲများတွင် ၎င်းတို့၏ ဆန်များ ကို ပြသသွားမည်ဖြစ်သည်။

Source: The Nation Thailand, September 29, 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

လေ့ကျင့်ခန်းလုပ်ခြင်းက မှတ်ဉာဏ်လျော့ကျခြင်းကိုကာကွယ်နိုင်

   မစ်ဆိုရီတက္ကသိုလ်မှသုတေသနပညာရှင်များက ကျန်းမာရေးနဲ့ပတ်သက်ပြီး အချက် အလက် တစ်ခုကို ရှာဖွေဖော်ထုတ်လိုက်နိုင်ပါတယ်။ အဲဒီအချက်အလက်က တော့ လေ့ကျင့်ခန်း လုပ်ခြင်းက ဦးနှောက် ရဲ့ကျန်းမာရေးကိုကောင်းစေတယ်ဆိုတာပါပဲ။ အထူးသဖြင့် မှတ်ဉာဏ် လျော့နည်း ကျဆင်းမှုကို ကာကွယ်ပေးနိုင်တယ်ဆို တဲ့အချက်ဖြစ်ပါတယ်။

          ဦးနှောက်ကိုစွမ်းအင်ပေးနိုင်ဖို့အတွက် လူ့ခန္ဓာကိုယ်မှာ ဂလူးကို့(စ်)ထုတ်လုပ်မှုနည်းပါးတဲ့ အခါ အသည်းကနေ ကီတုန်းကိုထုတ်ပေးပါတယ်။ အကယ်၍အသည်းကအားနည်းပြီး ကီတုန်း တွေကို မထုတ်လုပ်နိုင်ဘူးဆိုရင်တောင်မှ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းစေတယ်ဆိုပြီးတော့ သုတေသနပညာရှင်များက တွေ့ရှိထားတာ ဖြစ်ပါတယ်။ 

DOCA (ဧရာဝတီ)

နှလုံးအစားထိုးမယ့်ကလေးများကို အသက်ဆက်ပေးမယ့် ဝက်နှလုံး

    နှလုံးအစားထိုးကုသဖို့လိုအပ်လာတဲ့ ကလေးငယ်များဟာ  တစ်ခါတစ်ရံမှာ အစားထိုး ရမယ့်နှလုံးကိုစောင့်ဆိုင်းရင်း သေဆုံးသွားခဲ့ရပါတယ်။ အကြောင်းရင်းကတော့အစားထိုးရမယ့် နှလုံးရှားပါးမှုကြောင့်ပါ။ ဒါကြောင့်  ပညာရှင်များက ကလေးများအတွက်နည်းလမ်း တစ်ခုကို ကြံစည်စဉ်းစားလာကြပါတယ်။ ဒီနေရာမှာ   သူတို့တွေ့ရှိလိုက်တဲ့ နည်းလမ်းကတော့နှလုံး အစားထိုး ကုသမယ့်ကလေးတွေကိုဝက်ရဲ့နှလုံးခေတ္တအစားထိုး ပေးမယ့်နည်းလမ်းဖြစ်ပါတယ်။

    ပညာရှင်များက ဝက်ရဲ့နှလုံးကိုဘာဘွန်း မျောက်တွေမှာထည့်သွင်းပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တာပါ။ ဒီစမ်းသပ်မှုမှာ စံချိန် တင်လောက်တဲ့ အသက်ရှင်သန်မှုနှုန်းကို မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ အစား ထိုးထားတဲ့နှလုံးရဲ့ ရှင်သန်နိုင်ချိန်ကရက်ပေါင်း ၆၂၀ အထိရှိတာကြောင့် ဒါဟာ အံ့အားသင့်ဖွယ်ဖြစ်ပါတယ်။ 

DOCA (ဧရာဝတီ)

နှလုံးရပ်ခြင်းကိုပြောင်းပြန်ဖြစ်စေမယ့် မျိုးရိုးဗီဇကုထုံး စမ်းသပ်အောင်မြင်

   လူတစ်ယောက်ဟာ ရုတ်တရက်သေဆုံးသွားရတယ်ဆိုတာ အကြောင်းရင်း များစွာရှိနိုင်ပါတယ်။ အဲဒီအကြောင်းရင်း တွေတစ်ခုမှာ ရုတ်တရက်နှလုံးရပ်ခြင်း လည်းပါဝင်ပါတယ်။ အခုအဲဒီလိုမျိုးနှလုံး ရပ်ခြင်းကို ပြန်လည်ကောင်းမွန်စေမယ့် ကုထုံးတစ်ခုကို ပညာရှင်များကဖော်ထုတ် လိုက်နိုင်ပါပြီ။ အဲဒီကုထုံးကိုတော့ မျိုးရိုး ဗီဇကုထုံးလို့ခေါ်ပါတယ်။ လက်ရှိ ဒီကုထုံး ကိုတိရစ္ဆာန်တွေနဲ့စမ်းသပ်ရာမှာ အောင် မြင်မှုတွေရနေတယ်ဆိုတာကိုတွေ့ရတယ်လို့ဆိုပါတယ်။

   ဒီကုထုံးနဲ့စမ်းသပ်ရာမှာ နှလုံးအနေနဲ့ သွေးကိုပိုမိုညှစ်ထုတ်ပေးနိုင်ပြီး အသက် ရှင်သန်နိုင်စွမ်းကိုလည်း ပိုမိုတိုးမြင့်လာ စေတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း ဒီကုထုံးရဲ့ရလဒ်ကို မျှော်လင့်မထားတဲ့ ပြန်လည်နာလန်ထူမှုလို့ခေါ်ကြောင်း npj Regenerative Medicine ဆိုတဲ့ဂျာနယ် မှာဖော်ပြထားပါတယ်။   

DOCA (ဧရာဝတီ)

အူလမ်းကြောင်းကိုထိခိုက်စေမယ့် စားနေကျနံနက်စာများ

   မြောက်ကာရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှသုတေသနပညာရှင်များလုပ်တဲ့ သုတေသန တစ်ခုမှာ လူအများစုစားနေကျဖြစ်တဲ့ နံနက်စာများဟာ မိမိတို့ရဲ့အူလမ်းကြောင်းကို ထိခိုက်စေ တယ်လို့ တွေ့ရှိ ထားပါတယ်။

          အထူးသဖြင့် နွားနို့၊ ကြက်ဥ၊ ပဲနဲ့ပဲပိစပ်လိုမျိုးအရာတွေကနေရရှိတဲ့ပရိုတိန်း တွေက စမ်းသပ်ခံကြွက်တွေရဲ့အူလမ်း ကြောင်းအပေါ် ကြီးစွာသောသက်ရောက် မှုရှိစေတယ်ဆိုတာကို သုတေသီများက တွေ့ရှိထားတာဖြစ်ပါတယ်။ အူလမ်းကြောင်းထဲမှာရှိတဲ့ ဇီဝပစ္စည်းများက အမျိုးမျိုးသောကျန်းမာရေးအပေါ်သက်ရောက်မှုရှိပါတယ်။ အခုစမ်းသပ်မှုက နေထွက်လာတဲ့ ရလဒ်က ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ လူသန်းပေါင်းများစွာခံစားနေရသော အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကို ကာကွယ်ခြင်းနဲ့ကုသခြင်းတို့အတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။

DOCA(ဧရာဝတီ) 

ဦးနှောက်ကို မြန်ဆန်စွာပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်

   သုတေသနပညာရှင်များအနေနဲ့ ၁၆ နှစ်ကြာလုပ်ဆောင်ထားတဲ့ သုတေ သနတစ်ခု အရဆိုရင် သွေးတိုး ခြင်းအပါအဝင် အခြားသော ကျန်းမာရေးအန္တရာယ်ငါးခု က ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။ အခုသုတေသနကို တရုတ်ပညာရှင်များက လုပ်ထားတာပါ။ ဦးနှောက်ကိုမြန်ဆန်စွာပျက်စီးစေနိုင်တဲ့အန္တရာယ်ငါးသွယ်ထဲမှာ ပါဝင်တာ တွေက သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခရီတီနိုင်းပမာဏ မြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ပညာရည် နိမ့်ပါးခြင်းတို့ဖြစ်ပါတယ်။

       အဲဒီထဲမှာ သွေးတိုးခြင်းက ဦးနှောက်ပျက်စီးခြင်းကို အဖြစ်စေ နိုင်ဆုံးသော အကြောင်း ရင်း ဖြစ်တယ်လို့ ပညာရှင်များ ကပြောပါတယ်။ ဒီလိုအကြောင်းရင်းငါးချက်မဖြစ်အောင် ရှောင်ရှားမယ်ဆိုရင် ဦးနှောက်ကျန်းမာရေးကိုကောင်းစေနိုင် ကြောင်းပညာရှင်များက ပြောထား ပါတယ်။    

DOCA (ဧရာဝတီ)

သက်လတ်ပိုင်းမှာ အကြားအာရုံချို့ယွင်းမှုနဲ့ဆက်စပ်နေတဲ့ မှတ်ဉာဏ်ကျဆင်းမှု

    ရှစ်နှစ်ကြာသုတေသနပြုလေ့လာမှုတစ်ခုမှာ အကြားအာရုံကျန်းမာရေးကမှတ်ဉာဏ် ကျဆင်းမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အချက် တစ်ချက်ကို ပညာရှင်များကတွေ့ရှိလိုက်ပါတယ်။ ပညာရှင်များက ဘရာဇီးနိုင်ငံသား ၈၀၅ ဦးကိုရှစ်နှစ်ကြာလေ့လာမှု တွေလုပ်ခဲ့တာပါ။ သူတို့ရဲ့ လေ့လာမှု အရတွေ့ရှိချက်မှာတော့ အသက် ၅၀ ကျော်လာချိန် သက်လတ်ပိုင်းမှာတွေ့ကြုံရတဲ့ အကြားအာရုံချို့ယွင်းမှုက အသက်အရွယ်ရလာချိန်မှာ မှတ်ဉာဏ်ကျဆင်းမှုဖြစ်ပေါ်စေနိုင်တယ် ဆိုတဲ့အချက် ကိုဖော်ပြထား တာ တွေ့ရပါတယ်။

      ဒီတွေ့ရှိချက်ဟာ သက်ကြီးပိုင်းတွေမှာ ဒီမန်းရှား လို့ခေါ်တဲ့ ရောဂါကြောင့်ဖြစ်သော စိတ်ဖောက်ပြန်မှု ဖြစ်ပွားခြင်းကို ကာကွယ်နိုင်ဖို့အတွက် အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခု ဖြစ်ပါ တယ်။ ဒီမန်းရှားဆိုတာက မှတ်ဉာဏ်တို့၊ တွေးခေါ်မှုတို့၊ ဆင်ခြင်တုံတရားရှိမှု တို့ကျဆင်းသွားတဲ့ အခြေအနေကိုခေါ်တာပါ။ ဒီအခြေ အနေကြောင့် နေ့စဉ်လူမှုဘဝနေထိုင်ရေးမှာအဟန့် အတား အနှောင့်အယှက်ဖြစ်စေတာ ဖြစ်ပါတယ်။

          သုတေသနအရဆိုရင်လူအများစုဟာ အသက် ၅၀ ကျော်လာချိန်မှာ အကြားအာရုံချို့ယွင်း လာတတ်တယ်လို့ဆိုပါတယ်။ ဆောင်ပေါင်လိုဆေးကျောင်းမှ ပါမောက္ခတစ်ဦး ဖြစ်တဲ့   ကလော် ဒီယာဆူအီမိုတို့ ဦးဆောင်တဲ့ပညာရှင်များရဲ့သုတေသန အရဆိုရင် အခု လိုအကြားအာရုံချို့ယွင်း လာခြင်းက ဒီမန်းရှား ဖြစ်ခြင်းနဲ့ဆက်စပ်နေရတဲ့ အကြောင်းရင်းနှစ်ရပ်ရှိတယ်လို့ သိရပါတယ်။ ပထမအကြောင်းရင်းတစ်ခုက သောတအာရုံဆိုတာ ဦးနှောက်ဆီသတင်းအချက်အလက်ပေးပို့ဖို့ အတွက် အဓိကကျ တဲ့လမ်းကြောင်း တစ်ခုဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

        အကြားအာရုံရရှိနေခြင်းကြောင့် ဦးနှောက်ဆီကနေတုံ့ပြန်မှု တွေကို   ပြန်လည်ရရှိနေတာ ဖြစ်ပါတယ်။ အကယ်၍များ အကြားအာရုံမရတဲ့အခါမှာ ဦးနှောက်ကလည်း သူသိရှိထားတဲ့ မှတ်ဉာဏ်တွေကိုပြန်ဖော် ထုတ်ဖို့ အားနည်းလာပါတယ်။ ဒါကြောင့်ပဲ အကြား အာရုံချို့ယွင်းခြင်း က မှတ်ဉာဏ်ကျဆင်းရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်လာပါတယ်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ