
ကမ္ဘောဒီးယားနိုင်ငံ၊ Tbong Khmumပြည်နယ်တွင် ဇွန်လ ၁၂ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “ဒူးရင်းနှင့် သစ်သီးဝလံပြပွဲ ၂၀၂၆”သည် ဒေသတွင်း စိုက်ပျိုးရေး ထုတ်ကုန်များကို မြှင့်တင်ရန်နှင့် တောင်သူများအတွက် ဈေးကွက်တိုက်ရိုက်ရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရှိရပြီး ပြပွဲတွင် အရည်အသွေးမြင့် ဒူးရင်းသီး ၁၀ တန်ကျော်ကို အခမဲ့မြည်းစမ်းခွင့်ပေးကာ၊ ဒေသထွက်ကုန်များကို ပြည်တွင်းစားသုံးမှုမြှင့်တင်ရန်နှင့် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များ၊ ထုတ်ပိုးမှုနှင့် အရည်အသွေးစံချိန် စံညွှန်းများကို မြှင့်တင်ရန် တာဝန်ရှိသူများက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် Tbong Khmumပြည်နယ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒူးရင်းစိုက်ပျိုးဧရိယာ ၃၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားပြီး အဆိုပါပြပွဲသည် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ကာ ဒေသခံ တောင်သူများ၏ လူနေမှုဘဝကို တိုးတက်စေရန်နှင့် တင်သွင်းကုန်များအပေါ် မှီခိုမှုကို လျှော့ချရန်အတွက် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ရှုမြင်လျက်ရှိပြီး တာဝန်ရှိသူများကလည်း ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ရန်နှင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရည်အသွေးမပြည့်မီသော တင်သွင်းကုန်များကို တင်ကျပ်တားဆီးရန် လမ်းညွှန်ထားကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
