ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ နိုင်ငံတကာခရီးသွားများ ၃.၄၇ ရာခိုင်နှုန်း ကျဆင်း

          ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် ရှေး‌ဟောင်းအန်ကောဝပ် ရှေးဟောင်းသုတေသန ဥယျာဉ်သို့ ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း နိုင်ငံတကာဧည့်သည် ၈၆၇,၁၉၅ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၃.၄၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ၁.၁၂.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ UNESCO  ၏  ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းဝင်သည့် ဤဥယျာဉ်သည် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လက်မှတ်ရောင်းချမှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀.၄၈ သန်း ရရှိခဲ့ပြီး ၃.၄၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း နိုင်ငံပိုင် Angkor Enterprise ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ် နိုဝင်ဘာလတွင် ဥယျာဉ်သို့ နိုင်ငံခြားခရီးသွား ၁၀၁,၆၇၇ ဦးလာရောက်လည်ပတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၉ သန်း ရရှိခဲ့ပြီး ယခင်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားကြောင်း ထုတ်ပြန်ထားသည်။ Pacific-Asia ခရီးသွားအသင်း ကမ္ဘောဒီးယားဌာနခွဲ၏ ဥက္ကဋ္ဌ Thourn Sinan က လက်ရှိပထဝီနိုင်ငံရေးအခြေအနေနှင့် ကမ္ဘာလုံးဆိုင်ရာခရီးသွားလာမှုကို ထိခိုက်စေသော အမျိုးမျိုးသော အကျပ်အတည်းများကြောင့် ယခုနှစ်တွင် အန်ကောဝပ်ဘုရားကျောင်းသို့ ခရီးသွားဧည့်သည်လာရောက်မှု မြင့်တက်လာရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

Source: Khmertime                                                                   

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် နယူးဇီလန်တို့သည် ကုန်သွယ်ရေးဆက်ဆံရေးကို နက်ရှိုင်းစေရန် ကတိပြုခဲ့ကြ

      ၃၀-၁၁-၂၀၂၅ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ငြိမ်းချမ်းရေးနန်းတော်တွင် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Winston Peters က ဝန်ကြီးချုပ် Hun Manet အား ဂါရဝပြုတွေ့ဆုံပြီးနောက် ကမ္ဘောဒီးယားနှင့် နယူးဇီလန်နိုင်ငံတို့သည် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင် တိုးချဲ့ရန် ကတိပြုခဲ့ကြသည်။ တွေ့ဆုံမှုအတွင်း Winston Peters က Hun Manet ၏ ဦးဆောင်မှုအောက်တွင် ကမ္ဘောဒီးယား၏ တည်ငြိမ်သော တိုးတက်မှုကို ချီးကျူးဂုဏ်ပြုကြောင်း၊ ရေရှည်မိတ်ဖက်ဆက်ဆံရေးနှင့် ခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေးအပေါ် နယူးဇီလန်၏ ကျေနပ်မှုကို အလေးပေး ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုကိုအားဖြည့်ရန် ကတိပြု ထားကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် Hun Manet က Winston နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ပြီး ဤခရီးစဉ်သည် နှစ်နိုင်ငံအကြား ခိုင်မာပြီးဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်မှုများကို မြှင့်တင်ရန် ပံ့ပိုးကူညီသည့်အနေဖြင့် Hun Manet က ကမ္ဘောဒီးယားသည် နယူးဇီလန်တွင် ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ်ရုံးခွဲတစ်ခု တည်ထောင်ထားပြီး ပုဂ္ဂလိကကဏ္ဍ ချိတ်ဆက်မှုကို မြှင့်တင်ရန်နှင့် စီးပွားရေးအခွင့်အလမ်းအသစ်များကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ကြောင်း ကိုယ်စားလှယ်အဖွဲ့အား ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် နှစ်ဖက်စလုံးသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်းဖလှယ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ မူဘောင်များအတွင်း ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: Khmertime                                                                   

DOCA (ရန်ကုန်)

ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန် MoU လက်မှတ်ရေးထိုးခဲ့သည့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန

          ၂၉.၁၁.၂၀၂၅ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (MoT) သည် ဝန်ကြီးဌာန၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း ၃၀.၁၁.၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် MoT ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak နှင့်အတူ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် Royal Group ၏ CEO ဖြစ်သူ Kith Meng နှင့် PRAVINYA ဘုတ်အဖွဲ့ဥက္ကဋ္ဌ Meas Sopheroth တို့မှ ဦးဆောင်ခဲ့ကြသည်။ နားလည်မှုစာချွန်လွှာ(MoU) ကို ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကိုယ်စားပြု အတွင်းရေးမှူး Neang Mao၊ CAMG SM (Cellcard) ကိုယ်စားပြု Cellcard ၏ CEO Yap Kok Leong နှင့် PRAVINYA ဘုတ်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Meas Sophearom တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။ အခမ်းအနားတွင် ဝန်ကြီးဌာန အကြီးတန်းအရာရှိများ၊ ပြည်တွင်းနှင့် နိုင်ငံတကာဧည့်သည်များ၊ CAMG SM (Cellcard) နှင့် PRAVINYA မှ ကိုယ်စားလှယ်များအပါအဝင် ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဝန်ကြီး Huot Hak က မိန့်ခွန်းပြောကြားရာတွင် မိတ်ဖက်အဖွဲ့အစည်းသည် ခရီးသွားလုပ်ငန်းကဏ္ဍကို ခေတ်မီအောင်လုပ်ဆောင်ရန် ဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးမည်ဟု အလေးပေးပြောကြားခဲ့သည်။  ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ကြီးဌာနနှင့် PRAVINYA တို့သည် “Visit Cambodia” ဝက်ဘ်ဆိုက်နှင့် “Visit Cambodia App (Super App)” ကို မကြာမီကာလအတွင်း မိတ်ဆက် မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ Cellcard နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် မြှင့်တင်ထားသော PRAVINYA ၏ Super App မှတစ်ဆင့် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ပေါင်းစပ်အသုံးပြုသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံတကာခရီးသွားများအတွက် ပိုမိုအဆင်ပြေစေပြီး တန်ဖိုးမြှင့်တင်ပေးမည်ဖြစ်ကြောင်း Hout Hak က မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: Khmertime                                                                    

DOCA (ရန်ကုန်)

ဖိလစ်ပိုင်၏ တင်သွင်းမှုဆိုင်းငံ့ခြင်းက ဈေးနှုန်းများသိသာစွာကျဆင်းစေနိုင်သည်ဟု ဗီယက်နမ် ဆန်တင်ပို့သူများပြောကြား

    ဗီယက်နမ်နိုင်ငံ၌ ဝန်ကြီးချုပ်နှင့် တောင်သူလယ်သမားများ၏ ၂၀၂၅ ခုနှစ် တွေ့ဆုံဆွေးနွေး ပွဲတွင် လယ်ယာစိုက်ပျိုးရေးကုမ္ပဏီကြီးတစ်ခုဖြစ်သော Intimex Group မှ ဥက္ကဋ္ဌဖြစ်သူ Do Ha Nam က ဗီယက်နမ်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၈ သန်းခန့် တင်ပို့နိုင်ဖွယ်ရှိပြီး ကမ္ဘာ့ ဒုတိယအများဆုံး ဆန်တင်ပို့သူနေရာကို ရရှိနိုင်သော်လည်း  များစွာသော စိန်ခေါ်မှုများကိုလည်း  ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

    ဗီယက်နမ်သည် ယခုနှစ်အတွင်း ဖိလစ်ပိုင်သို့ ဆန်တန်ချိန် သုံးသန်းခန့် တင်ပို့ခဲ့ပြီး ယင်း သည် ဗီယက်နမ်၏ အကြီးဆုံးသော ပို့ကုန်စျေးကွက်ဖြစ်လာကြောင်း Mr. Nam က ပြောကြားခဲ့ သည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံသည် လွန်ခဲ့သည့် သုံးလအတွင်း ဆန်တင်သွင်းမှုကို ရပ်ဆိုင်းထားပြီး နောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ဖွင့်ပေးမည်ဟု မျှော်လင့်ရပြီး ဆန်တန်ချိန် ၃၀၀၀၀၀ ခန့်ကို တင်သွင်းပြီးပါက ထပ်မံရပ်ဆိုင်းထားဖွယ်ရှိကြောင်း သိရသည်။

    တစ်ချိန်တည်းမှာပင် ဗီယက်နမ်နိုင်ငံသည် လာမည့် ဆောင်းနှင့် နွေဦး စပါးသီးနှံရာသီမှ ဆန် တန်ချိန် (၄) သန်းခန့် ထွက်ရှိရန် မျှော်မှန်းထားသည်။ အကယ်၍ ဖိလစ်ပိုင်စျေးကွက် ဆက်လက် ပိတ်ထားပါက ပြည်တွင်း ဆန်စျေးနှုန်းများ ကျဆင်းနိုင်ပြီး တင်ပို့သူများသည်လည်း စျေးကွက်ရရှိ ရန်အတွက် ရုန်းကန်ရဖွယ်ရှိသည်။

     စျေးကွက်ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် ဗီယက်နမ်အစိုးရ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဆန်စျေးနှုန်းများ ထပ်မံကျဆင်းမှုကို တားဆီးရန်အတွက် ကုမ္ပဏီကြီးများ နှင့် နိုင်ငံပိုင်လုပ်ငန်းများက ဆန်ဝယ်ယူပြီး ၆ လအထိ သိုလှောင်ထားခြင်းကို ခွင့်ပြုရန် Mr. Nam က တောင်းဆိုခဲ့သည်။ ထို့အပြင် အီရတ်နှင့် ဆီးရီးယားကဲ့သို့သော အနောက်အာရှ စျေးကွက်များနှင့် အာဖရိကနိုင်ငံ အများအပြားသို့လည်း အာရုံစိုက်၍ ပြောင်းလဲတင်ပို့ရန် ၎င်းက အဆိုပြုခဲ့သည်။

     အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၁၁ လအတွင်း ဆန်တန်ချိန် ၇.၅၃ သန်းကျော် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံ ရရှိခဲ့သည်။ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏမှာ ၁၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ ၂၇.၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

     စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံ သည် ဗီယက်နမ်၏ အကြီးဆုံး ဆန်စျေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း တင်ပို့မှု၏ ၃၉.၈ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။ ၎င်းနောက်တွင် ဂါနာက ၁၂.၈ ရာခိုင်နှုန်းနှင့် အိုင်ဗရီ ကို့စ်က ၁၁.၅ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည်နေကြသည်။

     ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုတန်ဖိုးမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၄.၉ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့သည်။ အခြား သော စျေးကွက်များတွင်လည်း ကျဆင်းမှုများရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မှုမှာ ၉၆.၄ ရာခိုင် နှုန်း နီးပါးနှင့် မလေးရှားနိုင်ငံသို့ တင်ပို့မှုမှာ ၃၂.၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း မှတ်တမ်း များအရ သိရသည်။

     ဆန့်ကျင်ဘက်အနေဖြင့် ဂါနာနိုင်ငံသို့ တင်ပို့မှု ၅၂.၆ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသို့ ၁၆၅.၁ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၃၈.၅ ဆနီးပါးနှင့် ဆီနီဂေါနိုင်ငံသို့ အဆ ၇၀ ကျော်အထိ အသီးသီး တိုးတက်လာခဲ့ရာ ယင်းသို့ တိုးမြှင့်တင်ပို့နိုင်မှုများသည် အင်ဒိုနီးရှား၊ ကျူးဘားနှင့် မလေးရှား နိုင်ငံတို့ဘက်တွင် ကျဆင်းခဲ့သည့် ပမာဏများကို ပြန်လည် အစားထိုးပေးနိုင်ခဲ့သည်။

Source: SS Rice News, 15 December 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးသည် ခိုင်မာသော အခြေခံများပေါ်တွင် ရပ်တည်နေဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးသည် ခိုင်မာသော အခြေခံများပေါ်တွင် ရပ်တည်နေ

            ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ မသေချာမှုများကြားတွင် ဆက်လက်တိုးတက်လျက်ရှိပြီး ခိုင်မာသော အခြေခံများပေါ်တွင် ခံနိုင်ရည်ရှိနေဆဲဖြစ်ကြောင်း စီးပွားရေး၊ စီမံကိန်းနှင့် ဖွံဖြိုးတိုးတက်ရေးဌာန အတွင်းဝန် Arsenio Balisacan က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

           Balisacan က စီးပွားရေးသည် ယခုနှစ် ပထမ သုံးလပတ်အတွင်း ပျမ်းမျှ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခေါင်းစီးငွေကြေးဖောင်းပွမှုမှာ အစိုးရမှ ၂ ရာခိုင်နှုန်း နှင့် ၄ ရာခိုင်နှုန်း အတွင်း ပစ်မှတ်ထားခဲ့သော်လည်း ၁.၇ ရာခိုင်နှုန်းသို့ သိသိသာသာ လျော့ကျသွားခဲ့ပါသည်။

       အလုပ်သမားဈေးကွက် အခြေအနေများသည်လည်း ခိုင်မာနေဆဲဖြစ်ပြီး ပျမ်းမျှအလုပ်လက်မဲ့ နှုန်းသည် ၄.၅ ရာခိုင်နှုန်းရှိပြီး အလုပ်လက်မဲ့မဖြစ်သော်လည်း အလုပ်အပြည့်အဝမရရှိသူနှုန်းသည် ၁၄.၂ ရာခိုင်နှုန်းရှိပါသည်။

          ဘဏ်စနစ်သည် ကောင်းမွန်နေဆဲဖြစ်ပြီး စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးတက်စေသည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ၏ ၅ ရာခိုင်နှုန်း အထိ ဘဏ္ဍာရေးလိုငွေ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၌ ဆန်တန်ချိန် ၃.၆ သန်းမှ ၃.၈ သန်းအထိ ဖိလစ်ပိုင် တင်သွင်းရဖွယ်ရှိ

      ပြည်တွင်းဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှ စံချိန်တင်ထွက်ရှိနိုင်မည်ဟု ခန့်မှန်းချက်နှင့်အတူ ၂၀၂၆ ခုနှစ်၌ ဆန်တင်သွင်းရမည့် ပမာဏသည်လည်း တန်ချိန် ၄ သန်းအောက်သို့ လျော့ကျဖွယ်ရှိ ကြောင်း၊ လက်ရှိကာလတွင် ဆန်တင်သွင်းမှု ယာယီဆိုင်းငံ့ထားခြင်းကို ဇန်နဝါရီ ၁ ရက်နေ့၌ ပြန် လည် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် ယခင်နှစ်တွင် ဈေးနှုန်းများကြီးမြင့်နေမှုကို ထိန်းသိမ်း နိုင်ရေးအတွက် သွင်းကုန်အခွန်အား ၁၅ ရာခိုင်နှုန်းသို့ လျှော့ချထားပေးခဲ့ခြင်းကို ၂၀ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

      အဆိုပါ ထုတ်ပြန်ချက်၌ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထား တိုးမြှင့်ရခြင်းသည် များစွာသော အကြောင်းအချက်များကို ထင်ဟပ်လျက်ရှိကြောင်း၊ မကြာ‌သေးမီကဖြစ်ပေါ်ခဲ့သော ပီဆိုငွေကြေး တန်ဖိုးကျဆင်းမှုနှင့် ကမ္ဘာ့ဆန်ဈေးကွက်သို့ ဖိလစ်ပိုင်နိုင်ငံက ပြန်လည်ဝင်ရောက်ချိန် တွင် ဈေးနှုန်းများ မြင့်တက်လာရန် အလားအလာရှိမှု စသည့်အချက်များ အပါအဝင်ဖြစ်ကြောင်းဖြင့် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ပြောဆိုထားသည်။

    ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် စက်တင်ဘာလမှစတင်၍ ၄ လကြာ တင်သွင်းမှုဆိုင်းငံ့ထားခဲ့သဖြင့် ယခုနှစ် ဆန်တင်သွင်းမှုမှာ ၂၀၂၄ ခုနှစ်၌ စံချိန်တင် တင်သွင်းခဲ့သည့် တန်ချိန် ၄.၈ သန်းအောက်သို့ များစွာ လျော့နည်းလျက် တန်ချိန် ၃.၅ သန်းခန့်သာ ရှိနိုင်မည်ဟု ခန့်မှန်းရသည်။ ပြည်တွင်းရှိ လယ်သမားများအတွက် သင့်တင့်မျှတသော စပါးဈေးနှုန်းများရရှိမှု သေချာအောင် ဆောင်ရွက်နေ ချိန်၌ စားသုံးသူများအတွက်လည်း လက်ခံနိုင်ဖွယ်ရာ ဆန်ဈေးနှုန်းဖြစ်အောင် ထိန်းသိမ်းထားနိုင် ရေး ဆန်တင်သွင်းသည့်ပမာဏကို စီမံခန့်ခွဲရန် နည်းလမ်းရှာဖွေလျက်ရှိသည်ဟု စိုက်ပျိုးရေးဌာနက ပြောဆိုထားသည်။

    ယခင်နှစ်၌ ပြည်တွင်းဈေးနှုန်းများ ကြီးမြင့်မှုနှင့် စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုများကို ထိန်းသိမ်းနိုင်ရန် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ အစိုးရ က လျှော့ချခဲ့သည်။

     လယ်သမားများ၏စပါးရောင်းချမှုဈေးနှုန်းများအပေါ် ထိခိုက်မှုမရှိစေပဲ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် ၂၀၂၆ ခုနှစ်၌ တင်သွင်းရမည့်ဆန်ပမာဏသည် တန်ချိန် ၃.၆ သန်းမှ ၃.၈ သန်းအကြား ရှိနိုင်ကြောင်း၊ ပြည်တွင်း၌ စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်၌ စံချိန်တင်နိုင်ခဲ့သော တန်ချိန် ၂၀.၀၆ သန်းကို ကျော်လွန်လျက် ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၂၀.၃ သန်းအထိ ထွက်ရှိပြီး စံချိန်အသစ်တင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ဌာနအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဆန်တင်သွင်းသူများနှင့် တွေ့ဆုံလျက် တင်သွင်းရမည့်ပမာဏကို ချိန်ညှိရန် အစီအစဉ် များ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ပြောကြားထားသည်။

    အဆိုပါဌာန၏ ပြောကြားချက်အရ စိုက်ပျိုးရေးလုပ်ငန်းဗျူရိုသည် ယခုနှစ်ကုန်ပိုင်း၌ ဆန် တင်သွင်းမှု ပြန်လည်စတင်ခြင်း မပြုမီတွင်ပင် တိရစ္ဆာန်နှင့်အပင် ကျန်းမာရေးနှင့် ပိုးမွှားကင်းစင်မှု ဆိုင်ရာ သွင်းကုန်ရှင်းလင်းမှု (SPSIC) လက်မှတ်လျှောက်ထားခြင်းကို လက်ခံဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များအပေါ် ငွေကြေးလည်ပတ်မှု ဖိအားမဖြစ်ပေါ်စေရေးအတွက် ၎င်း SPSIC လက်မှတ်ထုတ်ပေးရာ၌ ၁၀ ရာခိုင်နှုန်း ကြိုတင်ငွေပေးသွင်းရခြင်းကိုလည်း ဖယ်ရှား ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

    အစိုးရသည် လိုအပ်ပါက ဈေးကွက်အတွင်း ဝင်ရောက်ထိန်းကျောင်းမှုကို လုပ်ဆောင်နိုင်ရန် အတွက် Food Terminal Inc. ကဲ့သို့သော အစိုးရအေဂျင်စီများလက်ဝယ်၌ အရန်ထားရှိမည့် ဆန် တန်ချိန် ၅၀၀၀၀ အပါအဝင် စုစုပေါင်းဆန်တန်ချိန် ၅၀၀၀၀၀ ခန့် တင်သွင်းရန် ခွင့်ပြုမိန့်များ ထုတ် ပေးမည်ဖြစ်သည်။ နွေစပါးစတင်ရိတ်သိမ်းချိန်၌ စပါးဈေးနှုန်းများအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိစေရေးအတွက် ထိုသို့ တင်သွင်းခွင့်ပြုသည့် ဆန်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလလယ် နောက်ဆုံးထား၍ ဖိလစ်ပိုင်ပြည်တွင်းသို့ ရောက်ရှိစေရမည်ဖြစ်သည်။ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း ဆန်တင်သွင်းခြင်းကို သတ်မှတ်ထားသည့် ဆိပ်ကမ်း ၁၇ ခုမှ တင်သွင်းခွင့်ပြုမည်ဖြစ် သည်။

    စိုက်ပျိုးရေးအတွင်းဝန် Tiu Laurel က ဆန်တင်သွင်းရာတွင် ဗီယက်နမ်နိုင်ငံတစ်ခုတည်းအပေါ် မှီခိုခြင်းမပြုပဲ ကမ္ဘောဒီးယား၊ မြန်မာနှင့် အခြားသော သမားရိုးကျ ဆန်တင်ပို့ခြင်းမရှိသည့် နိုင်ငံများထံမှ ဖြန့်ကျက်၍ ရယူတင်သွင်းရန် သွင်းကုန်လုပ်ငန်းရှင်များသို့ တိုက်တွန်းထားသည်။ ၂၀၂၄ ခုနှစ်၌ ဆန်တန်ချိန် ၁.၂ သန်းကို ထပ်တိုးတင်သွင်းခဲ့ခြင်းနှင့် ယခုနှစ်၏ အစောပိုင်းကာလ များတွင် ၎င်းဆန်များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်ခဲ့ခြင်းတို့ကြောင့် စပါးဈေးနှုန်းများ ကျဆင်း မှုကို ဖြစ်ပေါ်စေပြီး လယ်သမားများ၏ ဝင်ငွေရရှိမှုအပေါ် ဆိုးကျိုးသက်ရောက်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

    ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်အနေဖြင့် ဆန်တန်ချိန် ၅.၅ သန်းခန့်အထိ တင်သွင်းရဖွယ်ရှိ သည်ဟု အမေရိကန် စိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက် ထုတ်ပြန်ထားခြင်းနှင့်ပတ်သက်၍ ထိုကဲ့သို့ ပမာဏ များပြားလာဖွယ်မရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ပြောကြားခဲ့သည်။

Source: Manila Times, 17 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဩစတြေးလျ၏ အမဲသားထုတ်လုပ်မှုသည် စံချိန်တင်

        အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ခိုင်မာသော ပို့ကုန်ဝယ်လိုအားကြောင့် ဩစတြေးလျ၏ ၂၀၂၅ ခုနှစ် အမဲသားထုတ်လုပ်မှုသည် စံချိန်တင်ပမာဏဖြင့် စတင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ထုတ်ပြန်သော စက်မှုလုပ်ငန်းအစီရင်ခံစာအရ သိရှိရပါသည်။

          စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှုပေးသူ Rabobank ၏ RaboResearch ဌာနခွဲက ၂၀၂၅ ခုနှစ် ဩစတြေးလျအမဲသားထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်ထက် ၁၁ ရာခိုင်နှုန်းတိုးလာကာ မက်ထရစ်တန်ချိန် ၂.၉ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး စံချိန်သစ်တင်မည်ဖြစ်သည်။

        အမဲသားတင်ပို့မှုသည်လည်း ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတာကာလအတွက် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး တင်ပို့ခဲ့သည့် အလေးချိန် မက်ထရစ်တန် ၁.၃ သန်းအထိ ရောက်ရှိခဲ့ကြောင်း Rabobank ၏ Q4 2025 Global Beef Quarterly မှ သိရသည်။

         အမေရိကန်ပြည်ထောင်စုသည် အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ဩစတြေးလျမှ အမဲသားတင်ပို့မှု၏ ၂၉ ရာခိုင်နှုန်းကို ရယူထားကြောင်း အစီရင်ခံစာ၏ ဦးဆောင်ရေးသားသူ၊ RaboResearch မှ အကြီးတန်းတိရစ္ဆာန်ပရိုတင်းဆိုင်ရာ လေ့လာဆန်းစစ်သူ Angus Gidley-Baird က ပြောကြားခဲ့သည်။

           တရုတ်နိုင်ငံသို့ တင်ပို့သည့် ပမာဏသည် ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတာကာလအတွက် ၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံသို့ အမဲသားတင်ပို့မှု ၅၈ ရာခိုင်နှုန်း ခုန်တက်ခဲ့ခြင်းက မြှင့်တင်ပေးခဲ့ကြောင်း Gidley-Baird က ပြောကြားခဲ့သည်။ ရာသီဥတုအခြေအနေများသည် ဩစတြေးလျနွားဈေးကွက်၏ အဓိကလက်ရှိမောင်းနှင်အားဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မလေးရှား၏ ယခုနှစ်စားအုန်းဆီထုတ်လုပ်မှု တန်ချိန် သန်း ၂၀ သို့ စံချိန်တင် ရောက်ရှိနိုင်

      မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုသည် ရိတ်သိမ်းခူးဆွတ်မှု ပိုမိုထိရောက်စွာ လုပ် ဆောင်နိုင်ခြင်း၊ လုပ်သားအင်အားရရှိလွယ်မှု တိုးတက်လာခြင်းနှင့် အရွယ်ရောက်သည့် ဆီအုန်း စိုက်ခင်းများမှ သီးနှံထွက်ရှိလာခြင်းတို့၏ ထောက်ပံ့ပေးမှုအရ ယခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် တန်ချိန် သန်း ၂၀ ကျော်အထိ ထုတ်လုပ်နိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ် သည်ဟု သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့သည်။

       ကမ္ဘာ့ ဒုတိယအကြီးဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော မလေးရှားနိုင်ငံ၌ ထုတ်လုပ်မှု စံချိန် တင်မြင့်တက်ခြင်းသည် သိုလှောင်မှုလက်ကျန်ပမာဏကို တိုးမြင့်လာစေမည်ဖြစ်ပြီး ၅ လတာ ကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိနေသည့် မလေးရှားစားအုန်းဆီစံပြုကြိုတင်အရောင်းဈေးနှုန်း များအပေါ် ဖိအားသက်ရောက်ဖွယ်ရှိသည်။

      ရာသီဥတု၏ မျက်နှာသာပေးမှုနှင့်အတူ သီးနှံရိတ်သိမ်းခူးဆွတ်ခြင်းကို ဆက်လက်၍ ထိ ရောက်စွာ လုပ်ဆောင်နိုင်မှုအရ မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှုသည် ယခုနှစ်၌ တန်ချိန် သန်း ၂၀ မှ ၂၀.၅ သန်းအတွင်း ရှိလိမ့်မည်ဟု ခန့်မှန်းရကြောင်း မလေးရှားစားအုန်းဆီ ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (MPOB) ၏ ညွှန်ကြားရေးမှူးချုပ် Datuk Dr Ahmad Parveez Ghulam Kadir က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

      နိုဝင်ဘာလသည် ဒုတိယမြောက် စားအုန်းဆီထုတ်လုပ်မှု အမြင့်ဆုံးလအဖြစ် စံချိန်တင်မှု နှင့်အတူ ပြည်ပသို့ တင်ပို့မှုအားနည်းနေခဲ့ရာ ၎င်းလအတွက် မလေးရှား၏ စားအုန်းဆီ သိုလှောင်မှု လက်ကျန်ပမာဏသည် ခြောက်နှစ်ခွဲ ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့ MPOB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

      စားအုန်းဆီတန်ချိန် သန်း ၂၀ ကို ကျော်လွန်ထုတ်လုပ်မှုသည် စာရင်းအင်းအချက်အလက် အရ အောင်မြင်မှုတစ်ခုအဖြစ်သာမက ဈေးကွက်ထောက်ပံ့ပေးလျက်ရှိသည့် အခြေအနေများနှင့် စိုက်ခင်းပိုင်း ထုတ်လုပ်နိုင်စွမ်းတွင် အခြေခံကျသည့် တိုးတက်မှုများရရှိသည်ကို ထင်ဟပ်ဖော်ပြ သော သမိုင်းမှတ်တိုင်တစ်ရပ်လည်းဖြစ်ကြောင်း၊ သိုလှောင်မှု လက်ကျန်ပမဏ မြင့်တက်လာခြင်း သည် ပို့ကုန်ကဏ္ဍ၌ လေဆန်ခရီးနှင့် ဆက်လက်ကြုံတွေ့နေရသည်ကို ဖော်ပြနေကြောင်း၊ ပို့ကုန် အခွန်နှုန်းထား နိမ့်ကျမှုအရ အင်ဒိုနီးရှား၏ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း အားကောင်းလာခြင်းသည် မလေးရှား၏ စားအုန်းဆီတင်ပို့မှုများအပေါ် ဖိအားများ သက်ရောက်ခဲ့ပြီး သိုလှောင်မှုလက်ကျန် မြင့်တက်စေသည့် အကြောင်းတစ်ရပ်ဖြစ်ခဲ့ကြောင်း Mr. Ahmad Parveez က ပြောဆိုခဲ့သည်။

      အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီကြမ်း တစ်တန်တင်ပို့မှုအပေါ် စည်းကြပ်သော အခွန် နှုန်းထားကို နိုဝင်ဘာလ၌ ၁၂၄ အမေရိကန်ဒေါ်လာနှုန်း သတ်မှတ်ထားရာမှ ဒီဇင်ဘာလတွင် ၇၄ အမေရိကန်ဒေါ်လာနှုန်းသို့ လျှော့ချခဲ့သည်။

     တရုတ်နှစ်သစ်ကူး အကြိုကာလတွင် ဝယ်ယူစုဆောင်းမှုများအရ ပို့ကုန်အပေါ် ဝယ်လိုအား တိုးတက်ကောင်းမွန်မှုရှိမည်ဟု မျှော်မှန်းရသော်လည်း ဒီဇင်ဘာလကုန်၌ စားအုန်းဆီ လက်ကျန် ပမာဏသည် ပိုမိုမြင့်မားလာနိုင်သည်ဟု Mr. Ahmad Parveez က ခန့်မှန်းထားသည်။ စားအုန်းဆီ အဓိကဝယ်လက်ဖြစ်သော တရုတ်နိုင်ငံ၌ နှစ်သစ်ကူးရာသီ အကြိုကာလတွင် အကြော်အလှော်နှင့် မုန့်မျိုးစုံ ဝယ်လိုအား တိုးတက်မှုအရ ပုံမှန်အားဖြင့် တင်သွင်းမှု မြင့်တက်လေ့ရှိသည်။ ဝယ်လိုအား ပြန်လည်ကောင်းမွန်မှုသည် ပုံမှန်ဖြစ်နေကျထက် နှေးကွေးနေပါက သို့မဟုတ် စားအုန်းဆီ တင်ပို့မှု သည် ခန့်မှန်းထားသည်ထက် တင်ပို့နိုင်စွမ်း ဆက်လက်အားနည်းနေပါက ကုန်လက်ကျန်မြင့်မားမှု ဆီသို့ ဦးတည်သော ဘေးအန္တရာယ် သို့မဟုတ် လက်ကျန်တန်ချိန် ၃ သန်းကို အနည်းငယ်မျှ ကျော် လွန်နိုင်မည့် အခြေအနေကို လုံးဝပစ်ပယ်ထား၍ မရနိုင်ကြောင်း Mr. Ahmad Parveez က ပြော ကြားခဲ့သည်။

Source: The Edge Malaysia, 10 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တူရကီနိုင်ငံ၏ စီးပွားရေး တတိယသုံးလပတ်တွင် ၃.၇ ရာခိုင်နှုန်း တိုးတက်

       တူရကီနိုင်ငံ၏ စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ၄.၉ ရာခိုင်နှုန်းနှင့် ပထမသုံးလပတ်တွင် ၂.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် တတိယသုံးလပတ်တွင် ယခင်နှစ် အလားတူကာလ ထက် ၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တူရကီစာရင်းအင်းဌာနက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

       ဘဏ္ဍာရေးဝန်ကြီး Mehmet Simsek က စတုတ္ထသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုသည် အသင့်အတင့် ဆက်လက်ရှိနေမည်ဟု မျှော်လင့်ရပြီး ၂၀၂၅ ခုနှစ်အတွက် စစ်မှန်သော GDP တိုးတက်မှု ၃.၃ ရာခိုင်နှုန်းထက် အနည်းငယ်ကျော်လွန်မည်ဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သော ဘဏ္ဍာရေးအခြေအနေများနှင့် ပံ့ပိုးကူညီသော ကမ္ဘာ့ပတ်ဝန်းကျင်သည် ၂၀၂၆ ခုနှစ်တွင် ပိုမိုအားကောင်းသည့် စီးပွားရေးလုပ်ဆောင်မှုကို ဦးတည်စေသင့်ပြီး၊ ထိုတိုးတက်မှုသည် ငွေကြေးဖောင်းပွမှုကျဆင်းခြင်းကို ဆက်လက်ကူညီမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

         Simsek က GDP တွင် စိုက်ပျိုးရေးကဏ္ဍသည် နှင်းခဲနှင့် မိုးခေါင်မှုကြောင့် ကျုံ့သွားခဲ့ပြီး၊ အလုံးစုံတိုးတက်မှုကို ပြင်းထန်စွာကန့်သတ်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ စိုက်ပျိုးရေးတန်ဖိုး ထပ်တိုးမှုသည် ယခင်သုံးလပတ်က ၅.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် ယခုနှစ်ကာလတူတွင် ၁၂.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် စိုက်ပျိုးရေးမဟုတ်သော တိုးတက်မှုသည် ၅.၆ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

      စက်မှုတိုးတက်မှုသည် ၆.၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး၊ နည်းပညာမြင့်ထုတ်လုပ်မှုက ထင်ရှားခဲ့သည်။ ဆောက်လုပ်ရေးကဏ္ဍတွင်လည်း အားကောင်းသောတိုးတက်မှု ဆက်လက်ရှိနေခဲ့ပြီး၊ ငလျင်ဒဏ်သင့်ဒေသများရှိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများက ပံ့ပိုးပေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ်၌ ဆိပ်ကမ်းသစ် အဆင့်မြှင့်တင်ဖော်ဆောင်သွားမည်

       မလေးရှားနိုင်ငံသည် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် ထောက်ပံ့ရေးကွင်းဆက်ခိုင်မာစေရေးတို့အတွက်  အာရုံစိုက်ကာ  ဂျိုဟာပြည်နယ်တွင် ဆိပ်ကမ်းသစ်တစ်ခု အဖြစ်အဆင့်မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း   မလေးရှားဝန်ကြီးချုပ်   အန်ဝါအီဘရာဟင်က နိုဝင်ဘာ ၂၉ ရက်တွင်  ပြောသည်။

     အဆိုပါ ဆိပ်ကမ်းသည် အလုပ်အကိုင်အခွင့်အလမ်းများ  ဖန်တီးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ  ပါဝင်လာမည်ဖြစ်ပြီးအလုပ်အကိုင်အခွင့်အလမ်းပေါင်း  ၄၅၀၀၀   ဖန်တီးပေးနိုင်မည်ဟု  မျှော်လင့်ထားသည်။

    ထို့ပြင် စက်မှုလုပ်ငန်းများကို ဆွဲဆောင်ကာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပါဝင်နိုင်ရန် တံခါးဖွင့်ထားသည်ဟု မဟာရာနီ လွတ်လပ်သော ဆိပ်ကမ်းစတင်သည့်အခမ်းအနားတွင် ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ သည်။

     မလက္ကာရေလက်ကြားတစ်လျှောက်  ဆိပ်ကမ်း၏  မဟာဗျူကျသည့် အနေအထားကြောင့် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒေသဆိုင်ရာ  ကုန်သွယ်မှုအတွက် ဗဟိုအချက် အချာကျပြီး အင်ဒို-ပစိဖိတ် ဒေသ၏စီးပွားရေးကို အရှေ့အလယ်ပိုင်း၊ ဥရောပဈေးကွက်တို့ နှင့် ချိတ် ဆက်ပေးနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

      မဟာရာနီ အင်နာဂျီဂိတ်ဝေးမှ အဆင့်မြှင့်တင်ဆောင်ရွက်ထားသော အဆိုပါဆိပ်ကမ်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၈ ဘီလီယံ ဆွဲဆောင်နိုင် မည်ဟု ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ပါဝင်သည်။ မဟာရာနီ လွတ်လပ်သော ဆိပ်ကမ်းစီမံကိန်းတွင် ဟတ်တာ ၁၂၉၅ ကျယ်ဝန်းသည့် မြေပါဝင်ပြီး လူလုပ်ကျွန်းသုံးခု ပါဝင်သည်။ 

     အဆိုပါကျွန်းများတွင် အဓိကအစိတ်အပိုင်း လေးခုပါဝင်ပြီး  မဟာရာနီစွမ်းအင်ဗဟိုချက်၊ မဟာရာနီ ရေနက်ဆိပ်ကမ်း၊မဟာရာနီ  လွတ်လပ်သောဆိပ်ကမ်း စက်မှုဇုန်နှင့် မဟာရာနီ လွတ်လပ်သော ဆိပ်ကမ်းဘဏ္ဍာရေးဗဟိုချက်တို့ ဖြစ်သည်။ 

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

 

 

 

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ