ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နှင့် အီရတ်သည် ဗီယက်နမ်၏ ဆန်တင်ပို့မှု မြင့်တက်လာစေသည့် တွန်းအားဖြစ်လာ

    စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (MAE) ၏ အဆိုအရ ဇူလိုင်လ အစော ပိုင်းတွင် ဗီယက်နမ်ဆန်ဈေးနှုန်းများသည် တစ်တန်လျှင် ၃ ဒေါ်လာမှ ၈ ဒေါ်လာအထိ အနည်းငယ် မြင့်တက်လာခဲ့သည်။ ဂျက်စမင် (Jasmine) ဆန်ဈေးနှုန်းသည် ၈ ဒေါ်လာ မြင့်တက်ပြီး တစ်တန် လျှင် ၅၂၀ ဒေါ်လာ ဖြစ်လာခဲ့ကာ ၅ မတ် ရနံ့မွှေးဆန်မှာမူ ၅ ဒေါ်လာ မြင့်တက်ကာ တစ်တန်လျှင် ၅၁၀ ဒေါ်လာသို့ ရောက်ရှိလာခဲ့သည်။

    အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံ အပါအဝင် အာရှဒေသတွင်း အဓိက ဆန်တင်ပို့သည့် အခြားနိုင်ငံများတွင်လည်း ဆန်ဈေးနှုန်းများသည် တစ်တန်လျှင် ၂ ဒေါ်လာမှ ၇ ဒေါ်လာအထိ မြင့်တက် ခဲ့သည်။ အယ်လ်နီညို (El Niño) ဖြစ်စဉ် ပိုမိုပြင်းထန်လာပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်များကို ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် ဆန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေဦးမည်ဟု MAE က ခန့်မှန်းထားသည်။

    ၂၀၂၆ ခုနှစ်၏ ပထမခြောက်လပတ်အတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၅.၂ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့သော်လည်း ပျမ်းမျှ ဆန် တင်ပို့မှုဈေးနှုန်းသည် ၁၁.၃ ရာခိုင်နှုန်း ကျဆင်းကာ တစ်တန်လျှင် ၄၅၉.၆ ဒေါ်လာသာ ရှိခဲ့ခြင်း ကြောင့် ပို့ကုန်ရရှိငွေမှာ ၂.၅ ရာခိုင်နှုန်း လျော့နည်းသွားပြီး ၂.၄ ဘီလီယံဒေါ်လာသာ ရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်၏ အဓိက ဆန်တင်ပို့ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး စုစုပေါင်း ဆန်တင်ပို့မှု၏ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

    အဓိက ဝယ်ယူသူနိုင်ငံများအကြားတွင် တရုတ်နိုင်ငံသည် တိုးတက်မှုအများဆုံးဖြစ်သည်။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၈၇ ရာခိုင်နှုန်း မြင့်တက် လာပြီး တန်ချိန် ၁ သန်းကျော်အထိ ရောက်ရှိခဲ့သည်။ ယင်းကြောင့် ဗီယက်နမ်၏ စုစုပေါင်း ဆန် တင်ပို့မှုတွင် တရုတ်နိုင်ငံ၏ ဝေစုမှာ ၁၉.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ယင်းသည် မကြာသေးမီ နှစ်များအတွင်း အမြင့်ဆုံး စံချိန်တင်ပမာဏ ဖြစ်သည်။

    တရုတ်နိုင်ငံသည် အစဉ်အလာအရ ဗီယက်နမ်၏ ရနံ့မွှေးဆန်အမျိုးအစားများဖြစ်သော အထူး သဖြင့် ST25 နှင့် ကောက်ညှင်းဆန်များကို အဓိကတင်ပို့ရရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းလာသည့်အခါ တရုတ်ဈေးကွက်သည် ဆန်တင်သွင်းမှုကို တိုးမြှင့် လေ့ရှိပြီး အဆိုပါအချက်သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဆန်ဝယ်ယူမှု သိသိသာသာ မြင့်တက် လာရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့သည်။

    အီရတ်နိုင်ငံသည်လည်း လျင်မြန်စွာ တိုးတက်လာသည့် ဈေးကွက်တစ်ခုအဖြစ် ပေါ်ထွက်လာ ပြီး ဗီယက်နမ်ဆန် တင်သွင်းမှုသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃၂.၄ ဆ အထိ မြင့်တက် လာခဲ့ပြီး ဗီယက်နမ်၏ အကြီးဆုံး ဆန်တင်ပို့ရာ ဈေးကွက် ၁၅ ခုစာရင်းတွင် ပါဝင်လာခဲ့သည်။

    MAE ၏ အဆိုအရ အရှေ့အလယ်ပိုင်းဒေသသည် အစဉ်အလာအားဖြင့် ထိုင်းဆန်အပေါ်တွင် သာ အဓိကမှီခိုအားထားခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိဖြစ်ပွားနေသော ဒေသတွင်း ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံ၏အရှေ့အလယ်ပိုင်းသို့ ဆန်တင်ပို့မှု လမ်းကြောင်းများ ပြတ်တောက် သွားခဲ့ရာ ယင်းအခြေအနေက ဗီယက်နမ်ဆန်တင်ပို့သူများအတွက် ၎င်းတို့၏ ဈေးကွက်ကို ချဲ့ထွင်ရန် အခွင့်အလမ်းများ ဖြစ်လာစေခဲ့သည်။

     အရှေ့အလယ်ပိုင်းဒေသသို့ ဆန်ပိုမိုတင်ပို့နိုင်ခြင်းသည် ဗီယက်နမ်၏ ပို့ကုန်ဈေးကွက်ကို စုံလင်ကွဲပြားစေရုံသာမက နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်ဆန်၏ ဂုဏ်သတင်းကိုလည်း ပိုမို မြင့်မားစေနိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: Vietnam Investment Review, 06 July 2026, (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှား၏ နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) က ဆန်သိုလှောင်မှုကို အရှိန်မြှင့်တင်

      နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog)၏ ဥက္ကဋ္ဌဖြစ်သူ Ahmad Rizal Ramdhani က Bulogသည် အင်ဒိုနီးရှားနိုင်ငံ၊ South Papua ပြည်နယ်တွင် ဆန်ဝယ်ယူသိုလှောင်မှုကို အရှိန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဆောင်ရွက်ချက်သည် အစိုးရ၏ စားနပ်ရိက္ခာဖူလုံရေး မဟာဗျူဟာ ကို အထောက်အကူပြုရန်၊ ဆန်ထောက်ပံ့မှုများကို တည်ငြိမ်စေရန်နှင့် ထုတ်လုပ်မှု တိုးချဲ့လာချိန် တွင် တောင်သူများ မျှတသော ဈေးနှုန်းရရှိစေရန် အာမခံချက်ပေးနိုင်‌ရေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

      ထုတ်လုပ်မှုမြင့်မားလာပါက တောင်သူများအတွက် စျေးကွက်ရရှိမှု သေချာစေရန်နှင့် မျှတသော ဈေးနှုန်းရရှိစေရန် ဆန်ဝယ်ယူသိုလှောင်မှုကိုလည်း အာမခံချက်ဖြင့် ဟန်ချက်ညီအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်သည် South Papua ပြည်နယ်၏ မြို့တော်ဖြစ်သော Merauke မြို့၌ တစ်ပြိုင်နက်တည်း ဆောင်ရွက်နေသော ဆန်စပါးစိုက်ပျိုးရေး လှုပ်ရှားမှုကို အထောက်အကူပြုပြီး နိုင်ငံတော်၏ဆန်ထွက်ရှိမှုကို မြှင့်တင်ရန်၊ ဆန်ထောက်ပံ့မှုများကို ကာကွယ် ရန်နှင့် ရေရှည်စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

   Bulog သည် နိုင်ငံတော်၏ ရေရှည်တည်တံ့သော စားနပ်ရိက္ခာထုတ်လုပ်မှုကို အာမခံချက်ပေး ခြင်းဖြင့် တောင်သူများအတွက် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အေဂျင်စီသည် ဆန်ဝယ်ယူသိုလှောင်မှု အမြင့်ဆုံးရရှိစေရန် စိုက်ပျိုးရေးဝန်ကြီး ဌာန၊ ဒေသဆိုင်ရာအစိုးရများ၊ အင်ဒိုနီးရှားစစ်တပ်၊ အမျိုးသားရဲတပ်ဖွဲ့နှင့် အခြားသော သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုကို အရှိန်မြှင့်သွားမည် ဖြစ်ကြောင်း၊ ၎င်း ကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အစိုးရ၏ဆန်သိုလှောင်မှုကို အားကောင်းစေပြီး စားနပ်ရိက္ခာကဏ္ဍ တွင် အဓိကပါဝင်သူများဖြစ်သည့် တောင်သူများ၏ လူမှုဖူလုံရေးကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ် ကြောင်းသိရှိရသည်။

    အစိုးရ၊ Bulogနှင့် တောင်သူများအကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုသည် South Papua ပြည်နယ်ကို အင်ဒိုနီးရှား စားနပ်ရိက္ခာရေရှည်ဖူလုံရေးဗျူဟာ၏ အခြေခံအုတ်မြစ် ဖြစ်စေရန် မျှော်လင့်ကြောင်း၊ ခေတ်မီနည်းပညာ၊ အခြေခံအဆောက်အဦ၊ ကုန်ထုတ်စွမ်းအား မြင့်မားမှုနှင့် အာမခံချက်ပေးထားသော ဆန်သိုလှောင်ဝယ်ယူမှုတို့ဖြင့် ပံ့ပိုးပေးထားသော Merauke မြို့သည် အင်ဒိုနီးရှား၏ အဓိကစားနပ်ရိက္ခာထုတ်လုပ်သည့် ဗဟိုဌာနများထဲမှ တစ်ခုအဖြစ် ပေါ်ထွက်လာရန် မျှော်လင့်ကြောင်း သိရှိရသည်။

    Papua ပြည်နယ်တစ်ခုလုံးတွင် အစိုးရသည် ဆန်စပါးစိုက်ခင်း ဟက်တာ ၈၃,၀၃၀ ကို ဖွံ့ဖြိုး တိုးတက်စေပြီး စိုက်ပျိုးမြေ ဟက်တာ ၅၄,၃၉၉ ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ခဲ့ကြောင်း၊ အဆိုပါပြည်နယ်သည် ဆန်စပါးစိုက်ခင်းဟက်တာ ၄၈,၉၃၄ နှင့် အကောင်းဆုံးဖြစ် အောင်ပြုလုပ် ထားသော ဟက်တာမြေ ၅၃,၄၉၉ ဖြင့် အကြီးဆုံးဝေစုကို ပိုင်ဆိုင်ထားကြောင်း၊ စားနပ်ရိက္ခာ ထုတ်လုပ် ရန်အတွက် သတ်မှတ်ထားသော မြေဧရိယာ ဟက်တာ ၁၀၀,၀၀၀ နီးပါး ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု ကို အရှိန်မြှင့်ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ် အစီအစဉ်အတွက် အင်ဒိုနီးရှား ငွေကြေး ရူပီယာ ၁.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၂.၈ သန်း ခန့်)ကို ခွဲဝေချထားပေးခဲ့သည်။

Source: Antara, 05 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ မိုးသီးနှံမျိုးစုံ စိုက်ပျိုးပြီးစီးမှု ၂၁ ရာခိုင်နှုန်းခန့် လျော့နည်းလျက်ရှိ

      အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုးရွာသွန်းမှု နှောင့်နှေးခြင်းနှင့် နိုင်ငံ၏ နေရာဒေသအများအပြား၌ မိုးရေချိန် လျော့နည်းရရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်မှုများကို အကန့်အသတ်ဖြစ်စေပြီး ယခုနှစ် မိုးရာသီကာလတွင် သီးနှံစိုက်ပျိုးပြီးစီးမှု ဧရိယာမှာ လျော့နည်းလျက်ရှိသည်။ စိုက်ပျိုးရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ဇူလိုင် ၃ ရက်နေ့အထိ မိုးသီးနှံများ စိုက်ပျိုးပြီးစီးမှု ဧရိယာ သည် ဟက်တာပေါင်း ၃၅.၀၉ သန်းရှိပြီး ယခင်နှစ် ကာလတူ၌ စိုက်ပျိုးခဲ့မှုအောက် ၂၁ ရာခိုင်နှုန်း လျော့နည်းနေကြောင်း၊ ၎င်းပမာဏသည် ငါးနှစ်တာကာလအတွက် ပျမ်းမျှပုံမှန်စိုက်ပျိုးပြီးစီးလေ့ ရှိသည့် ဟက်တာ ၃၇.၃၃ သန်းအောက် ဆက်လက်နိမ့်ကျနေဆဲဖြစ်ကြောင်း Informist သတင်း မီဒီယာက ဖော်ပြထားသည်။

      ယခုနှစ် စိုက်ပျိုးပြီးစီးမှုနည်းပါးသည့် မိုးသီးနှံများအနက် ပဲစင်းငုံသည် စိုက်ဧကအနည်းဆုံး ဖြစ်ပြီး ၎င်း၏နောက်တွင် ပဲပုပ်နှင့် မြေပဲတို့တည်ရှိနေသည်။ ဇူလိုင် ၃ ရက်နေ့အထိ ပဲစင်းငုံဧရိယာ ဟက်တာ ၁.၂၄ သန်း စိုက်ပျိုးပြီးဖြစ်ရာ ယခင်နှစ် ကာလတူ စိုက်ပျိုးနိုင်မှုအောက် ၄၁ ရာခိုင်နှုန်း အထိ လျော့ကျနေဆဲဖြစ်သည်။ အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံစိုက်ပျိုးသည့် ထိပ်တန်း ပြည်နယ်များ ဖြစ်သော မဟာရဋ္ဌနှင့် ကာနာတကာတို့တွင် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် များစွာနည်းပါးလျက်ရှိပြီး စိုက်ဧက တိုးတက်မှုကို နှေးကွေးစေလျက်ရှိသည်။ ၂၀၂၅ ခုနှစ်၌ သီးနှံစိုက်ပျိုးမှု ဆောလျင်စွာ စတင်ဆောင်ရွက်ခဲ့ခြင်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပဲစင်းငုံစိုက်ပျိုးပြီးစီးမှု နည်းပါး နေပြီး ကွာဟချက် ကြီးမားနေရသည့် အကြောင်းအရင်းတစ်ခု ဖြစ်ဖွယ်ရှိကြောင်း ပဲဈေးကွက်၌ ပါဝင်လုပ်ကိုင်နေကြသူများက ပြောဆိုကြသည်။ ယခင်နှစ်တွင် အနောက်တောင်မုတ်သုံလေသည် ပုံမှန်စော၍ အိန္ဒိယနိုင်ငံ၏ နေရာဒေသ အများအပြားသို့ ဝင်ရောက်ခဲ့ရာ မိုးသီးနှံများ စိုက်ပျိုးမှုကို စော၍ လုပ်ဆောင်နိုင်ခဲ့ပြီး စိုက်ဧကများ တိုးတက်စေခဲ့ခြင်းဖြစ်သည်။

       မတ်ပဲစိုက်ပျိုးပြီးစီးမှုသည်လည်း ယခင်နှစ်ကာလတူ၌ ဟက်တာ ၄၆၃၀၀၀ ရှိခဲ့ရာမှ ယခု နှစ်တွင် ဟက်တာ ၃၀၁၀၀၀ သို့ ကျဆင်းနေခဲ့သည်။ အလားတူ ပဲတီစိမ်းစိုက်ပျိုးထားရှိမှုမှာ ယခင် နှစ်၌ ဟက်တာ ၁.၇၂ သန်းရှိရာမှာ ယခုနှစ်တွင် ဇူလိုင် ၃ ရက်နေ့အထိ ဟက်တာ ၁.၆၈ သန်းသာ စိုက်ပျိုးပြီးစီးထားသည်။ ယခုနှစ် မိုးသီးနှံ ပဲမျိုးစုံ စုစုပေါင်း စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၃.၇၂ သန်း ရှိပြီး ယခင်နှစ် ကာလတူ၌ စိုက်ပျိုးနိုင်ခဲ့သည့် ဧရိယာအောက် ၂၂ ရာခိုင်နှုန်းခန့် လျော့နည်းလျက် ရှိသည်။

       ဆီထွက်သီးနှံများအနက် နေကြာစိုက်ပျိုးမှုမှာ ယခင်နှစ်ကထက် ၇၂ ရာခိုင်နှုန်း တိုးတက်ပြီး ဧရိယာ ဟက်တာ ၇၉၀၀၀ ရှိသော်လည်း ပဲပုပ်စိုက်ဧကသည် ၄၀ ရာခိုင်နှုန်း လျော့ကျလျက် ဟက်တာ ၄.၇၈ သန်းနှင့် မြေပဲစိုက်ဧကသည်လည်း ၄၀ ရာခိုင်နှုန်းလျော့ကျလျက် ဟက်တာ ၁.၆၉ သန်းသာ စိုက်ပျိုးပြီးစီးထားသည်။ ဆီထွက်သီးနှံ စုစုပေါင်းစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၆.၆၃ သန်း ရှိပြီး ယခင် နှစ်ကာလတူ၌ စိုက်ပျိုးနိုင်ခဲ့သည့် ဧရိယာအောက် ၃၉ ရာခိုင်နှုန်းကျော် လျော့ကျနေဆဲဖြစ်သည်။

       ထို့အတူ ဇူလိုင် ၃ ရက်အထိ စပါးစိုက်ပျိုးပြီးစီးမှုမှာ ဧရိယာဟက်တာ ၆.၀၂ သန်းဖြစ်ပြီး ယခင်နှစ် ကာလတူ၌ ဟက်တာ ၆.၉၃ သန်း စိုက်ပျိုးနိုင်ခဲ့မှု၏ အောက်၌သာရှိနေသည်။ အစိုးရက 'Shri Anna' ဟု အမည်ခေါ်ဆိုသည့် အခြားနှံစားသီးနှံများ စိုက်ပျိုးမှုမြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ သော်လည်း စုစုပေါင်း စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၆.၀၁ သန်းဖြင့် ယခင်နှစ် စိုက်ပျိုးနိုင်မှုအောက် ၁ ရာခိုင်နှုန်း လျော့နည်းနေဆဲဖြစ်သည်။ နှံစားသီးနှံများအနက် ပြောင်းသီးနှံ စိုက်ပျိုးမှုသည် ၂၀၂၅ ခုနှစ်တွင် ဟက်တာ ၃.၅၀ သန်းရှိခဲ့ရာမှ ယခုနှစ်၌ ဟက်တာ ၃.၂၉ သန်းသို့ လျော့ကျခဲ့သည်။

       စက်မှုကုန်ကြမ်း သီးနှံအုပ်စုတွင် ကြံစိုက်ပျိုးမှုသည် ယခင်နှစ်၌ ဟက်တာ ၅.၆၇ သန်းရှိရာမှ ယခုနှစ်တွင် ဟက်တာ ၅.၇၆ သန်းသို့လည်းကောင်း၊ ဂုံလျှော်စိုက်ပျိုးမှုသည် ယခင်နှစ်၌ ဟက်တာ ၆၁၆၀၀၀ ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၆၂၈၀၀၀ သို့လည်းကောင်း အသီးသီး တိုးတက်လာခဲ့သည်။

      အိန္ဒိယ မိုးလေဝသဌာန၏ အချက်အလက်များအရ ယခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရေချိန်ရရှိမှုသည် ၁၇၀.၇ မီလီမီတာရှိပြီး အဆိုပါ ကာလအတွက် ပုံမှန်ပမာဏဖြစ်သော ၂၁၃.၃ မီလီမီတာ၏အောက်သို့ ၂၀ ရာခိုင်နှုန်းခန့် လျော့နည်း ရရှိခဲ့ကြောင်း သိရသည်။

Source: Infomist Media, 07 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အမေရိကန် နာနတ်သီးစျေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်နိုင်တော့မည့် ဖိလစ်ပိုင်နိုင်ငံ

        ဖိလစ်ပိုင်နိုင်ငံ အပင်စိုက်ပျိုးထုတ်လုပ်ရေးဦးစီးဌာန (BPI) သည် ပြည်တွင်းဖြစ် လယ်ယာထွက်ကုန်များ၏ စျေးကွက်နယ်ပယ်ကိုချဲ့ထွင်ရန် ကြိုးပမ်းနေစဉ်၊ လတ်ဆတ်သော နာနတ်သီး တင်ပို့မှုအတွက် အမေရိကန်နိုင်ငံ နာနတ်သီးစျေးကွက်သို့ ဝင်ရောက်ခွင့် ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

         BPI ညွှန်ကြားရေးမှူး Gerald Glenn Panganiban က ယခုနှစ်အတွင်း အမေရိကန် ဆိပ်ကမ်းအားလုံးသို့ နာနတ်သီးတင်ပို့ခွင့်ပေးရန် မိမိတို့ဌာန၏ အယူခံဝင်မှုကို အမေရိကန် တိရစ္ဆာန်နှင့် အပင်ကျန်းမာရေး စစ်ဆေးရေးဦးစီးဌာန (APHIS) က အတည်ပြုပေးလိမ့်မည်ဟု "မျှော်လင့်ချက်ရှိကြောင်း" ပြောကြားခဲ့ကြောင်း သိရသည်။

         BPI သည် ယခင်က ဖိလစ်ပိုင် နာနတ်သီးများကို အမေရိကန် မြောက်အတ္တလန္တိတ်ဒေသရှိ ဆိပ်ကမ်းများအပြင် Guam နှင့် မြောက်ပိုင်းမာရီယာနာကျွန်းစု (Northern Mariana Islands) နယ်မြေများသို့သာ တင်ပို့ခွင့်ရရှိထားသည့် လက်ရှိအခြေအနေမှ၊ အမေရိကန် ဆိပ်ကမ်း အားလုံးမှတစ်ဆင့် တင်သွင်းခွင့်ပြုရန် APHIS ထံ အစောပိုင်းက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

       သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အမျိုးပေါင်း ၄၀၀ ကျော်ကို ဖျက်ဆီးနိုင်သည့် အရှေ့တိုင်းသစ်သီးယင်ကောင် (oriental fruit fly) အပါအဝင် ပိုးမွှားများ ဝင်ရောက်လာနိုင်ခြေကို ကာကွယ်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ တင်ပို့မှုများကို ယခင်က သတ်မှတ်ထားသော အမေရိကန်ဆိပ်ကမ်းအချို့တွင်သာ ကန့်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         အမေရိကန်သို့ တင်ပို့မည့် ကုန်ပစ္စည်းများသည် သစ်သီးယင်ကောင်ဒဏ်ခံနိုင်သော မျိုးစိတ်ဖြစ်ပါက သို့မဟုတ် ပိုးမွှားကင်းစင်ရေးဆိုင်ရာ သန့်စင်မှုလုပ်ငန်းစဉ် ပြုလုပ်ထားမည်ဆိုပါက ဖိလစ်ပိုင်နိုင်ငံအား စျေးကွက်ဝင်ရောက်ခွင့် ပိုမိုတိုးမြှင့်ပေးရန် APHIS ဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

       ဖိလစ်ပိုင်နိုင်ငံမှ တင်ပို့မည့် လတ်ဆတ်သော နာနတ်သီးများသည် အဆိုပါဖျက်ပိုး၏ လက်ခံပင် (host) ဟု မသတ်မှတ်ထားသော Smooth Cayenne နာနတ်သီးမျိုးနွယ် အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်ကြောင်း APHIS က ပြောကြားခဲ့ပါသည်။ အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော အခြားနာနတ်သီးမျိုးစိတ်များဖြစ်ပါက ဓာတ်ရောင်ခြည်ပေးခြင်း သို့မဟုတ် အငွေ့ပျံအပူပေးခြင်းစသည့် ပိုးမွှားကင်းစင်ရေး လုပ်ငန်းစဉ်များ လိုအပ်မည်ဖြစ်ကြောင်း သိရပါသည်။

         ဖိလစ်ပိုင်နိုင်ငံအတွက် အဆိုပြုထားသည့် အဆိုပါစျေးကွက်ချဲ့ထွင်မှုအပေါ် သက်ဆိုင်သူများ၏ အကြံပြုချက်များကို သြဂုတ်လ ၁၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း APHIS က ပြောကြားခဲ့ပါသည်။ အဆိုပါ အကြံပြုချက်များသည် ဖိလစ်ပိုင်နိုင်ငံ၏ လတ်ဆတ်သော နာနတ်သီးတင်ပို့မှုအပေါ် ဆိပ်ကမ်းကန့်သတ်ချက်များကို ပြင်ဆင်ခြင်း ရှိ/ မရှိ ဆုံးဖြတ်ရာတွင် အမေရိကန်အေဂျင်စီအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရပါသည်။

         နှစ်စဉ် တင်ပို့မှုပမာဏ မက်ထရစ်တန် (MT) ၆၀၀ ခန့်ရှိရာမှ၊ ယခုကဲ့သို့ စျေးကွက်ဝင်ရောက်ခွင့် ပိုမိုရရှိလာပါက ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်သို့ လတ်ဆတ်သော နာနတ်သီး မက်ထရစ်တန်ပေါင်း ၁၉,၂၀၀ ခန့် နှစ်စဉ် တင်ပို့နိုင်လိမ့်မည်ဖြစ်ကြောင်း BPI မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

         အထူးသဖြင့် အဆိုပါ ကုန်စည်ကို အရှေ့အလယ်ပိုင်းအပါအဝင် စျေးကွက်များစွာတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သောကြောင့် မကြာသေးမီလများအတွင်း ဖိလစ်ပိုင် နာနတ်သီးဝယ်လိုအားမှာ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန (DA) ၏ အစောပိုင်း ထုတ်ပြန်ချက်အရ ဇွန်လ ၂၈ ရက်နေ့တွင် MD2 နာနတ်သီးမျိုးစိတ် မက်ထရစ်တန် ၁၈ တန်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ရောက်ရှိခဲ့ပြီး၊ ယင်းက ထိုဒေသအတွင်း ဖိလစ်ပိုင်၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ခြေလှမ်းကို ပိုမိုကျယ်ပြန့်စေရန် အထောက်အကူပြုခဲ့ကြောင်း သိရပါသည်။

       ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအများဆုံး နာနတ်သီးတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး၊ တင်ပို့မှုပမာဏမှာ ၂၀၂၄ ခုနှစ်က တင်ပို့ခဲ့သည့် မက်ထရစ်တန် ၆၈၂,၃၈၃ ထက် ၁၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ကာ ခန့်မှန်းခြေ မက်ထရစ်တန် ၇၇၅,၀၂၈ အထိ ရှိခဲ့ကြောင်း သိရပါသည်။

     ထို့အပြင် ရှောက်ချိုသီး (pomelos) နှင့် ငှက်ပျောသီး အပါအဝင် ပြည်တွင်းသီးနှံများ၏ ဝယ်လိုအားကို ပံ့ပိုးပေးနိုင်ရန်အတွက် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ အခြားအလားအလာရှိသော စျေးကွက်များသို့ ပိုမိုဝင်ရောက်နိုင်ရေး BPI က တွန်းအားပေး ဆောင်ရွက်နေကြောင်း သိရပါသည်။

Source: Manila Bulletin                                                              

DOCA (ရန်ကုန်)

ပို့ကုန်လိုအပ်ချက်များ ပြည့်မီစေရန် MSME များအား ကူညီပံ့ပိုးပေးမည့် အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနသည် တင်ပို့မည့်နိုင်ငံများက သတ်မှတ်ထားသော တင်ပို့မှုဆိုင်ရာလိုအပ်ချက်များကို ပြည့်မီစေရန်ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အား ဆက်လက်ကူညီပံ့ပိုးလျက်ရှိကြောင်း သိရပါ သည်။ ဝန်ဆောင်မှုနှင့် ဖန်တီးမှုထုတ်ကုန်များ တင်ပို့ရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Ari Satria က အစားအသောက်၊ အဖျော်ယမကာ၊ အလှကုန်နှင့် ဆေးဝါးကဲ့သို့သော အခြေခံထုတ်ကုန်များ၏ တင်ပို့မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများမှာ လူ့ကျန်းမာရေးနှင့် တိုက်ရိုက် သက်ဆိုင်သဖြင့် အစားအသောက်မဟုတ်သောထုတ်ကုန်များထက် ပိုမိုတင်းကျပ်ကြောင်းနှင့် တင်ပို့မည့်နိုင်ငံများတွင် လူ့ကျန်းမာရေးနှင့်သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများက ပရိဘောဂ (သို့မဟုတ်) လက်မှုပစ္စည်းများ တင်ပို့ခြင်းထက် ပိုမိုရှုပ်ထွေးတင်းကျပ်သည်မှာ သဘာဝကျကြောင်း ဇူလိုင် ၅ ရက်တွင် ဂျကာတာမြို့၌ ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အစားအသောက်ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုလက်မှတ်နှင့် ဟာလာလ်အသိ အမှတ်ပြုလက်မှတ်အပါအဝင် တင်ပို့မည့်နိုင်ငံအသီးသီးက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် လိုအပ်ချက်များကို နားလည်ထားရန်လိုအပ်ကြောင်း သိရပါသည်။ ထို့ပြင် ဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းရှင်များအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် ကမ္ဘာ့ဈေးကွက်တွင် ပေါ်ပေါက်လာသော စည်းမျဉ်းအသစ်များ၊ အထူးသဖြင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ Satria က လက်ရှိတွင် ပို့ကုန်လုပ်ငန်းရှင်များအတွက် အရေးပါသောမူဝါဒများအဖြစ် စိုက်ခင်းထွက်ကုန်များကို ထိန်းကျောင်းသည့် ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်း (EUDR) နှင့် ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ Carbon Border Adjustment Mechanism (CBAM) တို့ကို ဥပမာပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ၎င်းက ပြည်ပက စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင်များကို ပိုမိုအသိပညာပေးရန်လိုအပ်ကြောင်းနှင့် MSME များ သာမက လုပ်ငန်းကြီးများပါ နောက်ထပ်နားလည်မှုများ လိုအပ်နေတတ်ကြောင်း ပြောကြားခဲ့ ပါသည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်ပကုန်သွယ်ရေးကိုယ်စားလှယ်များမှ တစ်ဆင့်လည်း အကူအညီများ ပံ့ပိုးပေးလျက်ရှိပြီး ဒေသထွက်ကုန်များကို နိုင်ငံခြားဈေးကွက်သို့ မိတ်မဆက်မီ လိုအပ်သည့် အသိအမှတ်ပြုလက်မှတ်များနှင့် အခြားလိုအပ်ချက်များကို အရေးပါသော အချက်အလက်များအဖြစ် ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါသည်။ ထိုဆောင်ရွက်မှုများသည် အင်ဒိုနီးရှား ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ရာတွင် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများ (သို့မဟုတ်) ငြင်းပယ်ခံရမှုများမကြုံတွေ့စေရန်နှင့် ပြည်တွင်းပို့ကုန် လုပ်ငန်းရှင်များ၏ အဆင်သင့်ဖြစ်မှုကို မြှင့်တင်ရန်ရည်ရွယ်သည့် အစိုးရ၏ကျယ်ပြန့်သော ကြိုးပမ်းဆောင်ရွက်မှုများ၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ Satria က ၎င်တို့၏ ကုန်သွယ်ရေးကိုယ်စားလှယ်များ၏ တာဝန်မှာ အရောင်းမြှင့်တင်ရေးသာမကဘဲ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း စုဆောင်းပေးရခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ဈေးကွက်အလားအလာ၊ စည်းမျဉ်းစည်းကမ်းများ၊ သွင်းကုန်အခွန်နှုန်းထားများ၊ ပြိုင်ဘက်အခြေအနေများနှင့် စားသုံးသူများ၏ အပြုအမူများကိုပါ နားလည်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 Antara News                                                                            

DOCA (ရန်ကုန်)

အရန်ဆန်ပမာဏ စံချိန်တင်မြင့်တက်လာသဖြင့် အင်ဒိုနီးရှားက ဆန်တန်ချိန် သိန်းနှင့်ချီ တင်ပို့ရန် အသင့်ပြင်ဆင်

ဇွန်လ ၂၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (National Logistics Agency) က မလေးရှား၊ စင်ကာပူနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အပါအဝင် နိုင်ငံတကာဈေးကွက်များသို့ အရည်အသွေးမြင့်ဆန် တန်ချိန် ၂ သိန်း တင်ပို့ရန် အသင့်ပြင်ဆင် ထားကြောင်း ကြေညာခဲ့သည်။

ဂျကာတာမြို့၌ သတင်းထောက်များအား ပြောကြားရာတွင် အင်ဒိုနီးရှား အမျိုးသား ထောက်ပံ့ ပို့ဆောင်ရေးအေဂျင်စီ ညွှန်ကြားရေးမှူး အာမက် ရီဇယ် ရမ်ဒါနီက လက်ရှိတွင် အေဂျင်စီ၌ ၅ ရာခိုင်နှုန်း ဆန်ကွဲပါဝင်သည့် အရည်အသွေးမြင့်ဆန် တန်ချိန် ၂ သိန်းကို အရန်သိုလှောင်ထားပြီး ဝယ်ယူလို သည့်နိုင်ငံများထံ ချက်ချင်းပို့ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

          တင်ပို့ရေးအစီအစဉ်အရ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁ သောင်းနှင့် UAE သို့ တစ်လလျှင် တန်ချိန် ၅ သောင်းစီ တင်ပို့သွားရန် ရည်ရွယ်ထားသည်။

         နိုင်ငံတကာဈေးကွက် ချဲ့ထွင်ရေးအစီအစဉ်သည် ဇွန်လ ၂၉ ရက်က အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး အန်ဒီ အမ်ရန် ဆူလိုင်မန်နှင့် စင်ကာပူနိုင်ငံ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဂရေ့စ် ဖူတို့၏ နှစ်နိုင်ငံဆွေးနွေးပွဲအပြီး ပိုမိုအရှိန်ရရှိခဲ့သည်။

        ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားဘက်က စင်ကာပူသို့ ဆန်တန်ချိန် ၁ သောင်း တင်ပို့ရန် တရားဝင်ကမ်းလှမ်းခဲ့ပြီး အင်ဒိုနီးရှားအစိုးရပိုင်လုပ်ငန်းများနှင့် စင်ကာပူပုဂ္ဂလိကကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်သစ်တစ်ရပ် တည်ဆောက်ရန်လည်း အဆိုပြုခဲ့သည်။ ထို့ပြင် ဆန်အပြင် ကြက်သား၊ ကြက်ဥ၊ စွန်ပလွံဆီနှင့် အုန်းသီးကဲ့သို့သော မဟာဗျူဟာမြောက် စိုက်ပျိုးရေး ထုတ်ကုန်များကိုလည်း စင်ကာပူဈေးကွက်သို့ တင်ပို့နိုင်ရေး အခွင့်အလမ်းများ ရှာဖွေနေကြောင်း သိရသည်။

       စိုက်ပျိုးရေးဝန်ကြီး အမ်ရန်က လက်ရှိ ဆန်ထုတ်လုပ်မှု အလွန်ကောင်းမွန်နေခြင်းကြောင့် ပို့ကုန်တိုးမြှင့်နိုင်မည့် အလားအလာရှိကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အစိုးရ၏ ဆန်အရန်လက်ကျန်ပမာဏမှာ စံချိန်တင် တန်ချိန် ၅ ဒသမ ၁ သန်းခန့်အထိ ရောက်ရှိနေသည်။

          သို့သော် အင်ဒိုနီးရှား အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ၏ ဂိုဒေါင်သိုလှောင်နိုင်မှုမှာ အများဆုံး တန်ချိန် ၃ သန်းခန့်သာ ရှိသဖြင့် ပိုလျှံနေသော ဆန်များကို သိုလှောင်ရန် ပြင်ပဂိုဒေါင်များကို ထပ်မံငှားရမ်းထားရကြောင်း သိရသည်။

         စင်ကာပူဘက်မှ ဝန်ကြီး ဂရေ့စ် ဖူကလည်း သုတေသန၊ နည်းပညာနှင့် စက်မှုလယ်ယာစနစ်များတွင် အင်အားကြီးမားစွာ ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် အင်ဒိုနီးရှား၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာမှုကို ချီးကျူးပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံသည် အစားအစာ အများစုကို ပြည်ပမှ တင်သွင်းနေရသောကြောင့် အင်ဒိုနီးရှားထံမှ အစားအစာ ထောက်ပံ့ရေး ကွင်းဆက်ကို တိုးချဲ့နိုင်ခြင်းသည် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးအတွက် အရေးပါသော အခွင့်အလမ်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

       ထို့အပြင် အင်ဒိုနီးရှား အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီသည် အရှေ့တီမောနှင့် ပါပူအာနယူးဂီနီကဲ့သို့သော အိမ်နီးချင်းနိုင်ငံများသို့လည်း ဆန်တင်ပို့ရေးဈေးကွက် တိုးချဲ့နိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ထိုင်းနိုင်ငံသို့ အေးခဲတူနာငါးသား ၁၁ မက်ထရစ်တန် ပထမဆုံးတင်ပို့ခဲ့သည့် အင်ဒိုနီးရှား

      အင်ဒိုနီးရှားနိုင်ငံသည် အင်ဒိုနီးရှားရူပီး ၁ ဘီလီယံကျော်တန်ဖိုးရှိသော အေးခဲတူနာငါးအသား (Frozen Tuna Loin)  ၁၁ မက်ထရစ်တန်ကို Maluku ဒေသမှတစ်ဆင့်ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါတင်ပို့မှုကို Maluku ပြည်နယ် Ambon မြို့ရှိ Yos Sudarso ဆိပ်ကမ်းမှ ဇူလိုင်လ ၂ ရက်နေ့တွင် စတင်တင်ပို့ခဲ့ခြင်းဖြစ်ပြီး မတင်ပို့မီ ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနကထုတ်ပေးသည့် ငါးလုပ်ငန်းထုတ်ကုန်အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးလက်မှတ် (SMKHP) ကို ရရှိခဲ့ကြောင်း သိရပါသည်။ ငါးလုပ်ငန်း ထုတ်ကုန် အရည်အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးအေဂျင်စီ၏ ယာယီအကြီးအကဲ Ishartini က ယခုတင်ပို့မှုသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာအစိုးရတို့ပူးပေါင်း၍ ပို့ကုန်ဈေးကွက်များ တိုးချဲ့ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ဆောင်ရွက်နေသည့် လက်တွေ့ကျသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အေးခဲတူနာငါးအသားသည် ပြည်ပသို့ ငါးလုပ်ငန်းထုတ်ကုန်တင်ပို့ရာတွင် မဖြစ်မနေလိုအပ်သည့် SMKHP လက်မှတ် ရရှိထားသဖြင့် နိုင်ငံတကာအစားအစာအရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီကြောင်း သိရပါသည်။ ထို့ပြင်အဆိုပါလက်မှတ်ကို နိုင်ငံတကာအစားအစာ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ဖြစ်သည့် Codex Alimentarius က အသိအမှတ်ပြုထားပြီး အင်ဒိုနီးရှားနိုင်ငံ၏ ငါးလုပ်ငန်းထုတ်ကုန်များသည် တင်သွင်းမည့်နိုင်ငံများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း အာမခံပေးနိုင်သည်ဟု သိရပါသည်။ ငါးလုပ်ငန်းထုတ်ကုန်များ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပြည်ပပို့ကုန်ဈေးကွက်များတွင် လက်ခံမှုရရှိရေးအတွက် အဓိကကျသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်းနှင့် အမျိုးသားအဆင့်အရည်အသွေးအာမခံစနစ်ကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်ခြင်းသည် အင်ဒိုနီးရှားပင်လယ်စာထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ပြည်ပဈေးကွက်များသို့ ဝင်ရောက်နိုင်မှုပိုမိုကျယ်ပြန့်လာစေရန် အစိုးရ၏မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သိဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

နယူးဇီလန်သို့ Palm Kernel Expeller (PKE) တန်ချိန် ၁၄,၀၀၀ တင်ပို့ခဲ့သည့်အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံ Lampung ဒေသ တိရစ္ဆာန်၊ ငါးနှင့် အပင် Quarantine Agency သည် Palm Kernel Expeller (PKE) တန်ချိန် ၁၄,၀၀၀ ကို နယူးဇီလန်နိုင်ငံသို့ ဇူလိုင် ၃ ရက်တွင် တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။အဆိုပါ PKE တင်ပို့မှုတန်ဖိုးမှာ အင်ဒိုနီးရှားရူပီး ၂၀ ဘီလီယံ ခန့်ရှိပြီး တင်ပို့မည့်နိုင်ငံကသတ်မှတ်ထားသည့် စံချိန်စံညွှန်းများအပါအဝင် ပို့ကုန်လိုအပ်ချက်များအားလုံးကို ပြည့်မီပြီးမှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း Lampung ဒေသ Quarantine Agency အကြီးအကဲ Donni Muksydayan က ပြောကြားခဲ့ပါသည်။ ၎င်းက ယခုတင်ပို့မှုသည် Lampung ဒေသမှထွက်ရှိသော ကုန်စည်များ၏ နိုင်ငံတကာဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ထင်ရှားစွာ ပြသ နိုင်ခဲ့သကဲ့သို့ ဒေသခံလုပ်ငန်းများ၏ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်မှုကိုလည်း ပိုမိုခိုင်မာစေပြီး အင်ဒိုနီးရှားစိုက်ပျိုးရေးထုတ်ကုန်များအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကိုလည်း တိုးမြှင့်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ PKE သည် စားအုန်းဆီထုတ်လုပ်ရေး လုပ်ငန်းမှထွက်ရှိသည့် တန်ဖိုးမြင့်ဘေးထွက်ထုတ်ကုန်တစ်မျိုးဖြစ်ပြီး အမျှင်ဓာတ်ကြွယ်ဝသည့်အတွက် တိရစ္ဆာန်အစာထုတ်လုပ်ရာတွင် အစားထိုးကုန်ကြမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြောင်း သိရပါသည်။ နယူးဇီလန်နိုင်ငံသည် ထိုကုန်ပစ္စည်းအတွက် အလားအလာကောင်းသည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း သိရပါသည်။ Lampung ဒေသ၏ PKE တင်ပို့မှုမှာ မကြာသေးမီနှစ်များအတွင်း ဆက်တိုက်တိုးတက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် တင်ပို့မှု ၁၇၂ ကြိမ်ဖြင့် စုစုပေါင်း တန်ချိန် ၅၆၉,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၅၈ ထရီလီယံခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် တင်ပို့မှု ၁၈၄ ကြိမ်ဖြင့် တန်ချိန် ၁ ဒသမ ၃၄ သန်းခန့်နှင့် တန်ဖိုး ရူပီး ၃ ဒသမ ၁၂ ထရီလီယံအထိ တိုးတက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း တင်ပို့မှု ၆၆ ကြိမ်ဖြင့် PKE တန်ချိန် ၅၁၃,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုး ရူပီး ၁ ဒသမ ၁၇ ထရီလီယံ ခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့်အမျှ PKE အပေါ် နိုင်ငံတကာဝယ်လိုအား ဆက်လက်မြင့်တက်နေပြီး ၎င်းအခြေအနေသည် အင်ဒိုနီးရှားနိုင်ငံ အထူးသဖြင့် Lampung ဒေသအတွက် ပို့ကုန်ဈေးကွက် ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ Muksydayan က ယခု တန်ချိန် ၁၄,၀၀၀ တင်ပို့မှုကို အသစ်ထူထောင်ထားသော ပို့ကုန်လုပ်ငန်းရှင်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Lampung ဒေသ၏ စိုက်ခင်းထွက်ကုန်များအတွက် ပြည်ပဈေးကွက် အခွင့်အလမ်းများ ပိုမိုတိုးပွားလာနေသည်ကိုလည်း ထင်ဟပ်စေကြောင်း ပြောကြားခဲ့ပါသည်။ တင်ပို့မှုလုပ်ငန်းစဉ် တစ်လျှောက် ဒေသဆိုင်ရာ Quarantine Agency က စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အပင် ကျန်းမာရေးဆိုင်ရာ လက်မှတ်ထုတ်ပေးခြင်းများကို ပြည့်စုံစွာဆောင်ရွက်ခဲ့ပြီး နယူးဇီလန်နိုင်ငံ၏ သွင်းကုန်သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း အတည်ပြုနိုင်ရန် Phytosanitary Certificate ကိုလည်း ထုတ်ပေးခဲ့ကြောင်း သိရပါသည်။ ၎င်းက အသစ်ဝင်ရောက်လာသည့် ပို့ကုန်လုပ်ငန်းရှင်များ၏ အောင်မြင်မှုသည် Quarantine စနစ်နှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှု လုပ်ငန်းစဉ်များက စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ရေရှည်တိုးချဲ့ဝင်ရောက်နိုင်ရန် ထိရောက်စွာ အထောက်အကူပြုနေကြောင်းကိုလည်း ဖော်ပြနေသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Syngenta Group China, McDonald’s China McCain China တို့သည် ရေရှည်တည်တံ့သော အာလူးကုန်စည်စီးဆင်းမှု ကွင်းဆက်ကို အားကောင်းစေရန် ပူးပေါင်းဆောင်ရွက်

          Syngenta Group China သည် တရုတ်နိုင်ငံ၏ အာလူးစိုက်ပျိုးထုတ်လုပ်မှုစနစ်ကို ရေရှည်တည်တံ့စေရန်နှင့် အားလူးကုန်စည်စီးဆင်းမှုကွင်းဆက်ကို ပိုမိုခိုင်မာအားကောင်းစေရန်အတွက် McDonald’s China, McCain China တို့နှင့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်ကို စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ ကုန်စည်ထောက်ပံ့မှုပြပွဲ (China International Supply Chain Expo)တွင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် McDonald’s ၏ အာလူးကြော် (French Fries) ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုသည့် အာလူးထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးများနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းဖြင့် အာလူးစိုက်ပျိုးခြင်း၊ ပံ့ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

       ထို့အပြင် Syngenta Group China သည် မြေဆီလွှာကျန်းမာရေး၊ မြေဩဇာနှင့် ရေပေး  ဝေမှုမှန်ကန်စေရေး၊ သီးနှံထိန်းသိမ်းစောင့်ရှောက်မှု၊ ပေါင်းစပ်ပိုးမွှားစီမံခန့်ခွဲမှုူ၊ စိုက်ခင်းများကို စောင့်ကြည့်လေ့လာမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးများအပေါ် အဓိကထားသည့် သိပ္ပံနည်းကျအာလူးစိုက်ပျိုးမှုများကို လေ့လာအကဲဖြတ်သွားမည်ဖြစ်ပြီး အဆိုပါအစီစဉ်တွင် ကုမ္ပဏီ၏စိုက်ပျိုးရေး ဆိုင်ရာဖြေရှင်းချက်များ၊ ဒစ်ဂျစ်တယ်စိုက်ပျိုးရေးပလပ်ဖောင်း (MAP) ဝန်ဆောင်မှု စင်တာများ၏ကွန်ရက်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှု သည် တောင်သူလယ်သမားများ၏ ကုန်ထုတ်စွမ်းအားနှင့် ဝင်ငွေကိုမြှင့်တင်ပေးရင်း စိုက်ပျိုးရေး ကဏ္ဍတွင် ခံနိုင်ရည်ရှိစေမှု၊ အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုခြင်းတို့ အပေါ်အာရုံစိုက်ရန် လိုအပ်ချက်များကို ထင်ဟပ်ဖော်ပြနေကြောင်းနှင့် ထိုအစပျိုးလုပ်ဆောင်မှုသည် အာလူးတန်ဖိုး ကွင်းဆက်ကို ခိုင်မာစေရန်အတွက် စိုက်ပျိုးရေးနည်းပညာများနှင့် စိုက်ပျိုးရေးဝန်ဆောင်မှုူများကို ပေါင်းစပ်ထားကြောင်း Syngenta Group China ၏ ဥက္ကဌ Su Fu ကပြောကြားခဲ့ကြောင်း သိရသည်။

        ထို့အပြင် McDonald’s China ၏ ကုန်စည်စီးဆင်းမှုဆိုင်ရာ အရာရှိချုပ် (Chief Supply Chain Officer) Jim Shiက ကုမ္ပဏီ၏ ထုတ်ကုန်အရည်အသွေးဆိုင်ရာများသည် စိုက်ပျိုးရေးအဆင့်မှစတင်ကြောင်းနှင့် ထိုပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့သော အာလူး ထုတ်လုပ်မှုကိုပံ့ပိုးပေးသည့်အပြင် တစ်သမတ်တည်းရှိသော ထောက်ပံ့မှုနှင့် အရည်အသွေးစံနှုန်းများကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်းပြောကြားပြီး McCain China ၏ မန်နေးဂျင်း ဒါရိုက်တာ Liu Linlin က ထိုပူးပေါင်း ဆောင်ရွက်မှုသည် McCain နှင့် McDonald’s တို့အကြား တရုတ်နိုင်ငံတွင် ရှိနှင့်ပြီးဖြစ်သောဆက်ဆံရေးကို အခြေခံထားပြီး၊ အာလူးစိုက်ပျိုးရေး ကဏ္ဍတစ်ခုတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များ၊ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခြေရာခံနိုင်မှုနှင့် အရည်အသွေးအာမခံချက်တို့ကို ပံ့ပိုးပေးရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source : Global Agriculture                                                                

DOCA (ရန်ကုန်)

လယ်ယာဝင်ငွေများ ဆယ်စုနှစ်အတွင်း တိုးတက်လာနိုင်သော်လည်း မတည်ငြိမ်မှုများကြောင့် အကျိုးအမြတ်များ စိုးရိမ်နေရ

             ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တို့၏ ထုတ်ပြန်သောအစီရင်ခံစာသစ်အရ ကမ္ဘာ့ပျမ်းမျှ လယ်ယာလုပ်သားတစ်ဦး၏ စုစုပေါင်းဝင်ငွေသည် ကုန်ထုတ်စွမ်းအားတိုးတက်မှုနှင့် စိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှုကြောင့် ၂၀၃၅ ခုနှစ်တွင် ၉ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

     သို့သော်လည်း ထိုမျှော်မှန်းချက်သည် အကျပ်အတည်းများနှင့် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ဈေးကွက်မတည်ငြိမ်မှုများ၏ အန္တရာယ်ကို ခံနေရဆဲဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါက ၂၀၃၅ ခုနှစ်တွင် လယ်ယာဝင်ငွေများသည် လက်ရှိအဆင့်ထက် လျော့နည်းသွားနိုင်သည့် ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း ရှိနေကြောင်း ခန့်မှန်းထားကြသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ကြုံတွေ့ခဲ့ရသည့် စွမ်းအင်ဈေးနှုန်း ၃၃ ရာခိုင်နှုန်း မြင့်တက်မှုမျိုး ဆက်လက်ဖြစ်ပေါ်ပါက ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ကောက်ပဲသီးနှံ ထုတ်လုပ်မှု ၀.၉ ရာခိုင် နှုန်းလျော့ကျသွားမည်ဖြစ်ပြီး ဝင်ငွေနည်းပါးသော နိုင်ငံများတွင်မူ ၁.၇ ရာခိုင်နှုန်းအထိ ပိုမိုပြင်းထန်စွာ ကျဆင်းနိုင်ကြောင်း သိရှိရသည်။

      ထို့အပြင် OECD အတွင်းရေးမှူးချုပ် Mathias Cormann က “ကျွန်ုပ်တို့၏ စားနပ်ရိက္ခာစနစ်များ ဖိအားပေးခံနေရပြီး တောင်သူလယ်သမားများသည် စွမ်းအင်နှင့် မြေဩဇာစရိတ်များ မြင့်တက်မှု၏ရှေ့တန်းတွင် ရှိနေကြသည်” ဟု ပြောကြားခဲ့ပြီး FAO ညွှန်ကြားရေးမှူးချုပ် QU Dongyu ကမူ “ခံနိုင်ရည်ရှိခြင်းသည် နောက်ဆုံးကြုံတွေ့ရသည့် အကျပ်အတည်းမှ လွတ်မြောက်ခြင်းမဟုတ်ပဲ နောက်လာမည့် အကျပ်အတည်းအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်” ဟု အလေးပေးပြောကြားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကို ခိုင်မာစေရန်အတွက် ဘက်စုံပူးပေါင်း ဆောင်ရွက်မှုနှင့် စည်းမျဉ်းများကိုအခြေခံသော နိုင်ငံတကာကုန်သွယ်မှုစနစ်များသည် မရှိမဖြစ် လိုအပ်နေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

Source : Global Agriculture                                                                

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ